အခန်း ၃၀
Vol. 3 Ch. 30
အပိုင်း (၃၀) ယန်စွမ်းအင်သုံးပါး အရက်
နှစ်ရက်အကြာ…
ညအချိန်…
လင်းလု၏အိမ်…
ထိုအဖြူရောင်အခေါင်းသည် ခြံဝန်းထဲရှိ သစ်သားခုံရှည်အချို့ပေါ်တွင် တင်ထားဆဲ ဖြစ်သည်။
အဖြူရောင်အခေါင်းကို ဟင်္သာပြဒါး မျဉ်းချဆေးကြိုးဖြင့် ပြန်လည် ချည်နှောင်ထားပြီး ပတ်ပတ်လည်တွင်လည်း အဖြူရောင် ထုံးမှုန့်များကို စက်ဝိုင်းပုံစံ ပြန်လည် ဖြူးထား၏။
အဖြူရောင်အခေါင်း၏ အပေါ်ဘက်တွင်လည်း ခြံဝန်းထဲရှိ အခေါင်းပေါ်သို့ လရောင်တိုက်ရိုက် ကျရောက်ခြင်းမှ ကာကွယ်ရန် အဝတ်ကြီးတစ်ခုကို ဆွဲဆန့်ကာ မိုးထားသည်။
အဖြူရောင်အခေါင်းဘေးတွင် ကြေးဇလုံတစ်ခုကို ချထားပြီး အနီးတွင် နံ့သာတိုင်နှင့် ဖယောင်းတိုင်များကို ထွန်းညှိထား၏။
ကြေးဇလုံထဲတွင် ပြာများ ကျန်ရှိနေပြီး ထိုပြာများမှာ အဖြူရောင်အခေါင်းထဲရှိ ပိုင်ရှင်အတွက် မီးရှို့ ပေးထားသော စက္ကူပိုက်ဆံနှင့် ရွှေတုံးများ ဖြစ်ကြသည်။
ညအချိန်သည် တိတ်ဆိတ်ငြိမ်သက်နေသည်။ ပတ်ဝန်းကျင်ရှိ လူများအားလုံး အိပ်ရာဝင်သွားကြပြီ ဖြစ်၏။
ချန်ခရိုင်မှာ မှောင်မိုက်နေပြီး အလွန် ခြောက်ကပ်နေ၏။ လူများအားလုံး အိပ်မောကျနေကြပြီး လုံးဝ တိတ်ဆိတ်နေသည်။
သို့ပေမည့် ယနေ့ည ခြံဝန်းထဲရှိ လေထုမှာ အနည်းငယ် ထူးဆန်းနေ၏။
နေ့ခင်းဘက်တွင် တာအိုဆရာကြီးတန်သည် လင်းမိသားစုမှ လူငယ်အချို့နှင့် သူ၏ ဘိုးဘေးများထံမှ ဆင်းသက်လာသော ယင်ယန်သံလိုက်အိမ်မြှောင်ကို ယူဆောင်ကာ ချန်ခရိုင် အနီးတဝိုက်ရှိ တောင်တန်းများနှင့် ရေပြင်များ၏ ဖုန်းရွှေကို တိုင်းတာရန် ထပ်မံ ထွက်သွားခဲ့သည်။
သို့ပေမည့် တာအိုဆရာကြီးတန်တို့သည် ယနေ့ မိုးမချုပ်မီ အချိန်မီ ပြန်မရောက်လာခဲ့ချေ။ ဤအချက်က အခေါင်းကို စောင့်ရသော လင်းဟယ်ရွှန့် အပါအဝင် လူခုနစ်ဦးကို အလွန်အမင်း ဒုက္ခရောက်သွားစေ၏။
သူတို့သည် ဤကဲ့သို့သော အခြေအနေမျိုးကို ကိုယ်တိုင် တစ်ခါမှ ရင်မဆိုင်ခဲ့ဖူးသောကြောင့် မည်သို့ လုပ်ရမည်ကို မသိအောင် ဖြစ်နေကြသည်။
လူတစ်ဦးက ပြောလိုက်၏။ “တကယ် စိတ်ပူစရာကောင်းတာပဲ။ တာအိုဆရာကြီးတန်က လင်းရှန်းတို့ကို ခေါ်ပြီး တောင်တန်းနဲ့ ရေပြင်တွေရဲ့ ဖုန်းရွှေကို ကြည့်ဖို့ ထွက်သွားတာ နေ့တစ်ဝက်တောင် ရှိနေပြီ။ အခု ညတောင်ရောက်နေပြီ ဘာလို့ ပြန်မလာသေးတာလဲ။”
နောက်တစ်ဦးက ပြန်ပြောသည်။ “အခု ပြန်ရောက်လာရင်ရော ဘာထူးမှာလဲ။ အခုက ညမထွက်ရအမိန့် ထုတ်ထားပြီဆိုတော့ မြို့တံခါးကနေ ဝင်လို့မရတော့ဘူး။ လမ်းပေါ်မှာလည်း သွားလာလို့ မရဘူးလေ။ တာအိုဆရာကြီးတန်တို့ ပြန်လာတာကို စောင့်နေမယ့်အစား ဒီညကို ဘယ်လို ဖြတ်ကျော်မလဲဆိုတာ စဉ်းစားတာက ပိုကောင်းလိမ့်မယ်။
ချီးတဲ့မှ... ခြံဝန်းထဲမှာ အခေါင်းတစ်ခု ချထားတာက အခေါင်းနဲ့ အတူအိပ်နေရတာနဲ့ ဘာကွာလို့လဲ။ ခြံဝန်းတစ်ခုလုံးမှာ ယင်လေတွေ တိုက်ခတ်နေသလို ခံစားရတယ်။”
အခြားတစ်ဦးကလည်း ဝင်ပြော၏။ “ညကြီးအချိန်မတော် ကြက်သီးထစရာ စကားတွေ မပြောပါနဲ့။ အခု ငါ့လက်မောင်းက ကြက်သီးတွေတောင် ထနေပြီ။”
လူခုနစ်ဦးသည် ခြံဝန်းထဲတွင် ထိုင်ကာ အရက်သောက်နေကြပြီး ဝက်ခေါင်းသား၊ ဝက်နားရွက်သုပ်၊ ဘဲကင် အစရှိသော အမြည်းများနှင့် တွဲစားနေကြသည်။
အရက်ပြင်းကို သောက်လိုက်သည်နှင့် ရင်ထဲတွင် ပူနွေးသွားကာ တစ်ကိုယ်လုံး နေလို့ကောင်းသွား၏။
သောက်လေလေ အရက်ရှိန် တက်လာလေလေဖြစ်ပြီး အရက်အရှိန်က တဖြည်းဖြည်း ခေါင်းထဲသို့ ရောက်လာ၏။ သို့ပေမည့် သောက်လေလေ ပို၍ စွဲလမ်းလာလေလေ ဖြစ်သည်။
ညစောင့်ရသည့်အချိန်တွင် အရက်အနည်းငယ် မသောက်ဘဲ နေပါက တစ်ညလုံး မအိပ်ဘဲနေရန် မည်သူမှ တောင့်ခံနိုင်မည် မဟုတ်ချေ။
လွန်ခဲ့သော ၅ ရက်က အလောင်းခိုးမှု ဖြစ်ပွားပြီးတည်းက လင်းမိသားစုသည် ဤကဲ့သို့သော ကိစ္စမျိုး ထပ်မံ မဖြစ်ပွားစေရန်အတွက် ညတိုင်း သွေးဆူနေသော လူငယ် ၅ ယောက် သို့မဟုတ် ၆ ယောက်ကို တာအိုဆရာကြီးတန်နှင့်အတူ အခေါင်းစောင့်ရန် အလှည့်ကျ စီစဉ်ပေးခဲ့၏။
“ညီအစ်ကိုတို့... တာအိုဆရာကြီးတန်က ငါတို့ ညစောင့်ဖို့ ပြင်ဆင်ပေးထားတဲ့ ယန်စွမ်းအင်သုံးပါး အရက်က တကယ်ပဲ အဲဒီလောက် အစွမ်းထက်တာလား။ တာအိုဆရာကြီးတန် ပြောတဲ့လေသံက ငါတို့ကို လိမ်နေပုံတော့ မရပါဘူး။ အရက်က တကယ်ပဲ မကောင်းဆိုးဝါးတွေကို နှင်ထုတ်ပေးနိုင်တာလား။”
ယန်စွမ်းအင်သုံးပါး အရက်ကို သောက်နေရင်း လူတစ်ယောက်က စိုးရိမ်တကြီးဖြင့် အနီးတွင် ချထားသော အဖြူရောင်အခေါင်းကို တစ်ချက်ကြည့်လိုက်ကာ မယုံတစ်ဝက် ယုံတစ်ဝက်ဖြင့် စိုးရိမ်စွာ ပြောလိုက်၏။
အပေါင်းအပါ၏ စကားကို ကြားချိန်မှာတော့ ကျန်လူများကလည်း တစ်ယောက်တစ်ပေါက် ဝင်ပြောကြသည်။
“တာအိုဆရာကြီးတန်ရဲ့ စွမ်းဆောင်ရည်ကို အားလုံး အသိပဲ။ အားလုံးက တာအိုဆရာကြီးတန်ကို အရမ်း လေးစားကြတယ်။ ဒါကြောင့် တာအိုဆရာကြီးတန် အနေနဲ့ ငါတို့ကို လိမ်ဖို့ အကြောင်းမရှိဘူး ထင်တယ်။”
“ဒီအရက်က မကောင်းဆိုးဝါးတွေကို နှင်ထုတ်နိုင်သလား မနှင်ထုတ်နိုင်ဘူးလားဆိုတာတော့ မသိဘူး။ ညဘက် မအိပ်ဘဲ စောင့်နေရတဲ့အချိန် အရက်မသောက်ဘဲ စိတ်ကို လန်းဆန်းအောင် မလုပ်ရင် တစ်ညလုံး မအိပ်ဘဲ သေချာပေါက် တောင့်ခံနိုင်မှာ မဟုတ်ဘူးဆိုတာတော့ ငါ သိတယ်။”
“ဟုတ်တယ် ဟုတ်တယ်… ပြောတာ အရမ်းမှန်တယ်။”
အစပိုင်းက စကားပြောခဲ့သူ၏ မျက်နှာပေါ်တွင် စိုးရိမ်နေဆဲ အမူအရာ ရှိနေပြီး ဆက်ပြောလိုက်၏။ “ငါက တာအိုဆရာကြီးတန်ရဲ့ စကားကို သံသယဖြစ်တာ မဟုတ်ပါဘူး။ အဓိကက ဘေးနားက အခေါင်းထဲမှာ လူသေတစ်ယောက် အိပ်နေတယ်ဆိုတော့ နည်းနည်း ကြက်သီးထစရာ ကောင်းနေလို့ပါ။”
ထိုအချိန်တွင် လင်းဟယ်ရွှန့်က ဝင်ပြောလိုက်သည်။ “တာအိုဆရာကြီးတန် ပြောတာကတော့ လူသေပြီးနောက် ကျန်ရစ်ခဲ့တဲ့ မကောင်းဆိုးဝါးအငွေ့အသက်၊ မကျေနပ်ချက်တွေဆိုတာ လူရဲ့ အငွေ့အသက်တွေပဲတဲ့။
အရက်က အငွေ့အသက်တွေကို ပြန့်ကျဲစေနိုင်တယ်။ ဒါကြောင့် ဆေးဆရာတွေက သွေးလည်ပတ်စေဖို့၊ ချွေးထွက်စေဖို့၊ စိတ်ကျဉ်းကျပ်တာကို ဖြေရှင်းဖို့၊ အအေးပတ်တာကို ဖယ်ရှားဖို့ ဆေးတွေ သုံးတဲ့အခါ အရက်နဲ့ တွဲသုံးကြတာလေ။
တကယ်လို့ မသန့်ရှင်းတဲ့ အရာတွေ ထပ်ရောက်လာရင်တောင် ငါတို့က ယန်စွမ်းအင်သုံးပါး အရက် အိုးအတော်များများ သောက်ထားပြီးပြီဆိုတော့ တစ်ကိုယ်လုံးမှာ ယန်စွမ်းအင်တွေ ပြည့်နေပြီး ယင်စွမ်းအင်ကို နောက်ဆုတ်သွားစေလိမ့်မယ်။ သေချာပေါက် ငါတို့ကိုယ်ပေါ်ကို ပူးကပ်နိုင်မှာ မဟုတ်ဘူး။”
လင်းဟယ်ရွှန့်၏ စကားကို ကြားပြီးနောက် အခြားလူတစ်ယောက်က အရက်ချဉ်တက်ကာ အရက်ရှိန်ဖြင့် တတွတ်တွတ် ပြောလိုက်၏။ “ဒါက တာအိုဆရာကြီးတန် တမင်သက်သက် ပြောတာလို့ ငါ ထင်တယ်။ ငါတို့ကို အရက်သောက်ပြီး သတ္တိရှိလာအောင် လုပ်ပေးချင်လို့နေမှာပါ။”
ထို့နောက် လူအများသည် အရက်သောက်ရင်း၊ အမြည်းစားရင်း စကားပြောနေကြ၏။ မည်သည့်အိမ်မှ အမျိုးသမီးက တင်ပါးကြီးပြီး ရင်သားကြီးကြောင်း၊ မည်သည့် ပြည့်တန်ဆာတန်းမှ မိန်းမက လှပပြီး ဈေးပေါကြောင်း စသည်တို့ကို ပြောဆိုကာ မိမိကိုယ်မိမိ မေ့လျော့သွားစေရန်နှင့် အခေါင်းအကြောင်း မစဉ်းစားမိစေရန် လုပ်ဆောင်နေကြသည်။
ညဉ့်နက်လာပြီး တဖြည်းဖြည်းနှင့် သန်းခေါင်ကျော်အချိန်သို့ ရောက်ရှိလာ၏။
ခေါင်းပေါ်ရှိ လရောင်မှာ ပိုမို မှိန်ဖျော့လာပြီး မိုးတိမ်မည်းတစ်ခုက လရောင်ကို ဖုံးကွယ်လိုက်သောကြောင့် မှုန်ဝါးဝါးဖြစ်သွားကာ ဇာအမည်းရောင် ကာထားသော လမင်းကဲ့သို့ ဖြစ်နေသည်။
ယနေ့ညမှာ ပိုမို မှောင်မိုက်လာသည်။ လင်းဟယ်ရွှန့်တို့ ခုနစ်ဦးမှာ အရက်မူးနေကြပြီဖြစ်ပြီး အာလေးလျှာလေး ဖြစ်နေကြသည်။ စားပွဲဘေးတွင် အရက်အိုးခွံ အတော်များများ လဲကျနေ၏။
လင်းဟယ်ရွှန့်သည် သူ၏ ဆီးအိမ်မှာ ပိုမို တင်းမာလာကြောင်း ခံစားလိုက်ရသည်။
‘မရတော့ဘူး။’
သူ တဖြည်းဖြည်း ပိုများလာသော ဆီးကို မအောင့်ထားနိုင်တော့ချေ။
သူ၏ ညီငယ်လေးပင် ဗိုက်ထဲ ပြန်ဝင်သွားပြီဟု ခံစားနေရ၏။ နောက်မှ ဘောင်းဘီကြိုးဖြည်ပြီး ဆီးသွားလျှင် သူ၏ ညီငယ်လေးကိုပင် ပြန်ရှာတွေ့နိုင်ပါဦးမည်လား။
အစစ်အမှန်မှာ လူသေအခေါင်းကို စောင့်နေရသောကြောင့် လင်းဟယ်ရွှန့်၏ ရင်ထဲတွင် အမြဲတမ်း ကြောက်ရွံ့နေခဲ့ခြင်း ဖြစ်သည်။
သူ စောစောတည်းက ဆီးသွားချင်နေခဲ့၏။ သို့ပေမည့် ယောကျ်ားတစ်ယောက်အနေဖြင့် မျက်နှာပျက်ခံကာ မိမိကိုယ်မိမိ သူရဲဘောကြောင်သည်ဟု အရင် ဝန်မခံရဲချေ။ အိမ်သာသို့ တစ်ယောက်တည်း သွားရန် ကြောက်သောကြောင့် မသွားရဲဟု မပြောရဲပေ။
ထို့ကြောင့် ဤသို့ ဆီးအောင့်ထားခဲ့သည်မှာ နာရီဝက်ခန့်ပင် ရှိနေပြီ ဖြစ်သည်။
လင်းဟယ်ရွှန့်သည် တကယ်ကို မအောင့်ထားနိုင်တော့ကြောင်း ခံစားလိုက်ရ၏။ အခေါင်းကို ကြောက်လေလေ ဆီးသွားချင်စိတ်က ပိုမို ပြင်းထန်လာလေလေပင်။
လင်းဟယ်ရွှန့်က မေးလိုက်သည်။ “ညီအစ်ကိုတို့... မင်းတို့ထဲက ဘယ်သူ… ဘယ်သူ အိမ်သာ အတူတူ သွားမလဲ။ ငါ အိမ်သာ သွားချင်လို့။”
ဆီးအောင့်ထားရသည်မှာ ကြာပြီဖြစ်သောကြောင့် လင်းဟယ်ရွှန့်သည် ချမ်းစိမ့်စိမ့်ဖြစ်ကာ တုန်ယင်နေပြီး စကားသံမှာလည်း အနည်းငယ် တုန်ယင်နေ၏။
မူလက အရက်ကို အဝသောက်ကာ အသားကို အားပါးတရ စားနေကြသော လူများမှာ ရုတ်တရက် တညီတညာတည်း တိတ်ဆိတ်သွားကြပြီး အချင်းချင်း နားလည်မှုရှိရှိ တစ်ချက် ကြည့်လိုက်ကြသည်။
ထိုလူခြောက်ဦးမှာ အားလုံး တပြိုင်နက် မတ်တတ်ရပ်လိုက်ကြ၏။
တကယ်တော့ လူခုနစ်ဦးစလုံးမှာ စောစောတည်းက ဆီးအောင့်ထားခဲ့ကြပြီး မည်သူက အရင်ဆုံး မအောင့်နိုင်ဘဲ စကားစမည်ကိုသာ စောင့်နေခဲ့ကြခြင်း ဖြစ်သည်။
ယောကျ်ားတစ်ယောက်၏ သိက္ခာတရားသည် ဆီးတစ်ကြိမ်သွားချင်စိတ်ကြောင့် လုံးဝ ကျိုးပဲ့ ပျက်စီးသွားခဲ့ရ၏။
“ဒါပေမဲ့ ငါတို့ ၇ ယောက်လုံး သွားရင် ဘယ်သူက အခေါင်းကို စောင့်မလဲ။ လင်းချီ၊ အာယန်၊ အာဖုန်း... မင်းတို့ သုံးယောက် အရင်နေခဲ့။ ငါတို့ ၄ ယောက် အိမ်သာသွားပြီးရင် ပြန်လာပြီး မင်းတို့ကို အလှည့်ပေးမယ်။”
ထိုသုံးယောက်မှာ အလွန် လည်ဝယ်ကြ၏။ စကားပြောပြီးသည်နှင့် ချက်ချင်း ထွက်သွားကြရာ လင်းချီတို့ သုံးယောက်သာ ထိုနေရာတွင် ကျန်ရစ်ခဲ့ပြီး ဒေါသတကြီးဖြင့် ဆဲဆိုနေကြတော့သည်။
လူသုံးယောက်မှာ လင်းဟယ်ရွှန့်တို့ လေးယောက် ပြန်လာမည့်အချိန်ကို စောင့်ရင်း အမြည်းများကို ပျင်းရိစွာ စားနေရုံမှလွဲ၍ အခြား ရွေးချယ်စရာ မရှိတော့ချေ။
သို့ပေမည့် သုံးယောက်သား ဘယ်လောက်စောင့်စောင့် လင်းဟယ်ရွှန့်တို့ လေးယောက် ပြန်မလာကြချေ။ ပြဿနာတစ်ခုခု ဖြစ်မည်ကို စိုးရိမ်သောကြောင့် လူသုံးယောက်သည် သွားရှာရန် ဆုံးဖြတ်လိုက်ကြ၏။
ဤနေရာမှာ မျက်နှာစာ ခြံဝန်းဖြစ်ပြီး အိမ်သာမှာ အညစ်အကြေးများသော နေရာဖြစ်သောကြောင့် မျက်နှာစာ ခြံဝန်းတွင် သေချာပေါက် မရှိနိုင်ပေ။
ပုံမှန်အားဖြင့် အိမ်သို့ ဆွေမျိုးမိတ်ဆွေ ဧည့်သည်များ လာရောက်သည့်အခါ နွေရာသီတွင် ထိုအနံ့အသက်များကြောင့် လူများကို လန့်ပြေးသွားစေနိုင်သည် မဟုတ်ပါလား။
အိမ်ကို ကျော်သွားပြီးနောက် အလွန်သေးငယ်သော နောက်ဖေး ခြံဝန်းတစ်ခုဆီသို့ ရောက်သွား၏။
ထိုနေရာမှာ ထမင်းချက်ရန် ထင်းများ၊ စိုက်ပျိုးရေးသုံး ပစ္စည်းများနှင့် အခြားပစ္စည်းများကို သိမ်းဆည်း ထားသော နေရာဖြစ်သည်။ သဘာဝကျကျပင် အိမ်သာကိုလည်း ထိုချောင်ကျသော နေရာတွင် ဆောက်ထားသည်။
လင်းချီတို့ သုံးယောက် အိမ်ကို ဖြတ်ကျော်ကာ နောက်ဖေးခြံဝန်းသို့ ရောက်ရှိလာချိန်မှာတော့ လင်းဟယ်ရွှန့်တို့ လေးယောက်မှာ အကောင်းအတိုင်း ရှိနေပြီး မည်သည့်ပြဿနာမှ မဖြစ်သည်ကို တွေ့လိုက်ရ၏။
သို့ပေမည့် လူလေးယောက် ထလာပြီး လမ်းလျှောက်လိုက်ချိန်မှာတော့ ညလေတိုက်ခံလိုက်ရသောကြောင့် အရက်ရှိန် တက်လာတော့၏။ ထို့ကြောင့် လူလေးယောက်မှာ ခါးကိုင်း၍ စားထားသော အစားအစာ အကြွင်းအကျန်များကို ကြမ်းပြင်လုံးပေါ်သို့ အန်ချနေကြသည်။
နောက်ဖေး ခြံဝန်းထဲရှိ အိမ်သာ၏ အနံ့အသက်ဆိုးများနှင့် အစာမကြေသေးသော အချဉ်နံ့များ ရောနှောသွားသောကြောင့် တကယ်ကို အနံ့အသက် ဆိုးရွားလို့နေ၏။
လင်းချီတို့ သုံးယောက်မှာ ချက်ချင်းပင် ရယ်မောလိုက်ကြပြီး လင်းဟယ်ရွှန့်တို့ လူစု၏ အရက်သောက်နိုင်စွမ်း ညံ့ဖျင်းမှုကို လှောင်ပြောင်လိုက်ကြသည်။
သို့ပေမည့် ထိုအချိန်မှာပဲ
“ခွပ်…”
မူလက တိတ်ဆိတ်ငြိမ်သက်နေသော ညအချိန်တွင် ရုတ်တရက် တစ်စုံတစ်ခု မြေပြင်ပေါ်သို့ ပြုတ်ကျသွားသည့် အသံ ထွက်ပေါ်လာသည်။ ထိုအသံမှာ အလွန် စူးရှလို့နေ၏
“ဘာအသံလဲ။”
“အခေါင်းထားတဲ့ မျက်နှာစာ ခြံဝန်းကနေ ထွက်လာတဲ့ အသံနဲ့ တူတယ်နော်။”
“ဒုက္ခပဲ။”
……………………