← Chapters

အခန်း ၃၁

Vol. 4 Ch. 31

အခန်း ၃၁

Vol. 4 Ch. 31

အပိုင်း (၃၁) ညဉ့်ဦးယံ ရောက်ရှိလာခြင်း

“ဒုက္ခပဲ။”

မူလက အရက်မူးနေကြပြီး ဦးနှောက်တုံ့ပြန်မှု နှေးကွေးနေသော လူခုနစ်ဦးမှာ ဤအချိန်တွင် ဦးနှောက် လုံးဝ ကြည်လင်သွားကြသည်။

ထို့နောက် ခါးမှ ဓားများကို ဆွဲထုတ်ကာ မျက်နှာစာ ခြံဝန်းသို့ အပြေးအလွှား သွားကြတော့၏။

အလောင်းခိုးမှု ဖြစ်ပွားပြီးတည်းက သူတို့ ညစောင့်သည့်အချိန်တွင် ကိုယ့်ကိုယ်ကိုယ် ကာကွယ်ရန် လက်နက်များကို အမြဲ ဆောင်ထားကြသည်။

လူခုနစ်ဦး မျက်နှာစာ ခြံဝန်းသို့ ရောက်ချိန်မှာတော့ မူလက အခေါင်းဘေးတွင် ချထားသော ကြေးဇလုံနှင့် နံ့သာတိုင်၊ ဖယောင်းတိုင်များ အားလုံး မှောက်ကျနေသည်ကို တွေ့လိုက်ရ၏။

သူတို့ကို ကျောပေးထားသော အမျိုးသားတစ်ဦးသည် အလောင်းခိုးရန်အတွက် အခေါင်းမျက်နှာပြင်ရှိ ဟင်္သာပြဒါး မျဉ်းချဆေးကြိုးများကို ဖျက်ဆီးရန် ပြင်ဆင်နေသည်ကို မြင်လိုက်ရသည်။

အရက်က သူရဲဘောကြောင်သူများကို သတ္တိရှိလာစေ၏။

လူခုနစ်ဦး၏ အရက်ရှိန်မှာ လုံးဝ မပြယ်သေးသောကြောင့် ဤအချိန်တွင် အခြားအရာများကို အများကြီး မစဉ်းစားတော့ဘဲ သွေးများ ဆူပွက်လာကာ တစ်ကိုယ်လုံး ပူနွေးလာပြီး ရဲရင့်စွာဖြင့် ကျယ်လောင်စွာ အော်ဟစ်လိုက်ကြ၏။ “ဟေ့... ဘယ်သူက အလောင်းလာခိုးတာလဲ။”

ထူးဆန်းသော ကိစ္စ ဖြစ်ပျက်သွားသည်။

မူလက သူတို့ ခုနစ်ဦးကို ကျောပေးကာ အဖြူရောင်အခေါင်းပေါ်ရှိ ဟင်္သာပြဒါး မျဉ်းချဆေးကြိုးများကို ဖျက်ဆီးနေသော အမျိုးသားမှာ သူတို့ ခုနစ်ဦး၏ အော်ဟစ်သံကြောင့် တစ်ခုခုနှင့် တိုက်မိသွားသကဲ့သို့ ဖြစ်သွားကာ ထိုနေရာတွင်ပင် ချော်လဲကျသွားတော့၏။

အမျိုးသားသည် ခေါင်းလှည့်ကာ လင်းဟယ်ရွှန့်တို့ ခုနစ်ဦးကို တစ်ချက် ကြည့်လိုက်၏။ ထို့နောက် ခြံတံတိုင်းကို ကျော်ကာ ထွက်ပြေးသွားတော့သည်။

......

နောက်တစ်နေ့…

စီနာရီ (နံနက် ၉ နာရီမှ ၁၁ နာရီ) အချိန်၊ တည်းခိုခန်း အိမ်ရာဝင်း…

ကျင်းအန်းသည် ဓားကို သိမ်းဆည်းလိုက်ပြီး အလွန် ဝမ်းသာသွား၏။

ပိုက်ဆံကို ဂရုမစိုက်ဘဲ နေ့စဉ် နှစ်ရာချီသက်တမ်းရှိ ဆေးရည်များကို သောက်သုံးပြီးနောက် သူသည် သွေးဓားကျမ်းကို ဆဋ္ဌမအဆင့်အထိ အပြည့်အဝ လေ့ကျင့်နိုင်ခဲ့ပြီ ဖြစ်သည်။

သူ သွေးဓားကျမ်းကို လေ့ကျင့်ခဲ့သည်မှာ ၁၁ ရက်၊ ၁၂ ရက်ခန့်သာ ရှိသေး၏။

သို့သော်ငြား ခန္ဓာကိုယ်တွင်းရှိ သွေးနီရောင်စွမ်းအား၏ ရဲရင့်ပြင်းထန်မှုနှင့် ကြီးမားသော အင်အားများကြောင့် တစ်ကိုယ်လုံးရှိ သွေးသားများ ပြည့်ဖြိုးသန်စွမ်းလာကာ ကျား၊ ဝံပုလွေများကဲ့သို့ ခွန်အားကြီးမားလာသည်။

သူ့လို မည်သူ လုပ်နိုင်မည်နည်းဟု မေးချင်လှ၏။

နေ့တိုင်း နှစ်ရာချီသက်တမ်းရှိ အဖိုးတန်ဆေးဝါးများဖြင့် အားဖြည့်ကာ သွေးသားများကို သန်စွမ်းစေသောကြောင့် နေ့တိုင်း ခန္ဓာကိုယ်တွင်းရှိ သွေးသားများက တောင်တန်းမြစ်ရေများကဲ့သို့ တဟုန်ထိုး စီးဆင်းနေသည်။

သွေးသားများ ပြည့်ဝပါက အရွတ်နှင့် အရိုးများ သန်စွမ်းလာပေလိမ့်မည်။ ဤသည်မှာ နှစ်မျိုးလုံး အကျိုးရှိခြင်း ဖြစ်၏။

သူ့လို နေ့တိုင်း ဤမျှ ဖြုန်းတီးကာ နှစ်ရာချီသက်တမ်းရှိ ဂျင်ဆင်း၊ တရုတ်နတ်ဆေးမြစ် စသည့် ဆေးဖက်ဝင် အပင်များကို ထမင်းစားသလို စားနိုင်သူ မည်သူ ရှိပါမည်နည်း။

ထိုအချိန်မှာပင် အိမ်ရာဝင်း အပြင်ဘက်မှ တစ်စုံတစ်ဦးက ကျင်းအန်း၏ နာမည်ကို အော်ခေါ်နေ၏။

“သခင်လေးကျင်းအန်း...”

“သခင်လေးကျင်းအန်း...”

အိမ်ရာဝင်း တံခါးကို အထဲမှ ဖွင့်လိုက်ချိန်မှာတော့ ကျင်းအန်းသည် သူ့ကို အော်ခေါ်နေသူမှာ ပြီးခဲ့သည့်အကြိမ်က ဉာဏ်ရည်ထက်မြက်သော တည်းခိုခန်း အလုပ်သမား ဖြစ်နေသည်ကို တွေ့လိုက်ရသည်။

ကျင်းအန်းက မေးလိုက်၏။ “ဘာကိစ္စလဲ။”

အလုပ်သမားက ကမန်းကတန်း ပြောလိုက်သည်။ “သခင်လေးကျင်းအန်း... ကျုပ် ခုနက ကြားလိုက်ရတာ လင်းလု အိမ်မှာ မနေ့ညက အလောင်းလာခိုးတဲ့သူ ထပ်ရောက်လာပြန်ပြီတဲ့။”

ထို့နောက် အလုပ်သမား၏ ရှင်းပြချက်ကြောင့် ကျင်းအန်းသည် မနေ့ညက ဖြစ်ပျက်ခဲ့သော ကိစ္စများကို သိရှိသွားခဲ့၏။

‘အလောင်းခိုးတဲ့ သူခိုး... ဒီတစ်ခါလည်း လူသေက အလောင်းလာခိုးတာများလား။’

ထိုအလောင်းခိုးသော သူခိုးသည် နောက်ဆုံးတွင် ညစောင့်နေသော လူခုနစ်ဦး၏ အော်ဟစ်သံကြောင့် လန့်ပြေးသွားခဲ့ကြောင်း ကြားရချိန်မှာတော့ ကျင်းအန်း၏ ရင်ထဲတွင် အစပိုင်းက အံ့အားသင့်သွားပြီးနောက် စကားလုံးတစ်ခွန်းကို တတွတ်တွတ် ရေရွတ်လိုက်သည်။ “ဘူးသီးညီအစ်ကို ခုနစ်ယောက်လား။”

သို့ပေမည့် နောက်ဆက်တွဲအနေဖြင့် ကျင်းအန်းသည် နောက်ထပ် မမျှော်လင့်ထားသော သတင်းတစ်ခုကို ထပ်မံ ကြားလိုက်ရ၏။

လူလိမ်တာအိုဆရာအိုသည် လူများကို ခေါ်ဆောင်ကာ တောင်တန်းများနှင့် ရေပြင်များ၏ ဖုန်းရွှေကို တိုင်းတာရန် ထွက်သွားပြီးနောက် ပျောက်ဆုံးသွားကာ တစ်ညလုံး ပြန်မလာခဲ့ကြောင်း ကြားလိုက် ရချိန်မှာတော့ ကျင်းအန်း၏ ရင်ထဲတွင် လေးလံသွားတော့သည်။

သူ အစိုးရိမ်ဆုံး ကိစ္စက နောက်ဆုံး၌ တကယ် ဖြစ်လာခဲ့ပြီလား။

......

တည်းခိုခန်း အလုပ်သမားသည် ကျင်းအန်းထံမှ ဆုကြေးငွေကို ဝမ်းသာအားရ ရယူလိုက်ပြီးနောက် မျက်နှာပေါ်တွင် ပျော်ရွှင်မှုများကို ဖုံးကွယ်မရဘဲ နှုတ်ဆက် ထွက်ခွာသွားတော့သည်။

သူ၏ ရင်ထဲတွင် ကျင်းအန်းအပေါ် ပိုမို ရိုသေလေးစားလာခဲ့၏။

သို့ပေမည့် အပြန်လမ်းတွင် လျှောက်လှမ်းနေစဉ် အလုပ်သမား၏ ရင်ထဲတွင် သံသယတစ်စွန်းတစ်စ ပေါ်လာခဲ့သည်။

‘ငါ အာရုံမှားတာလား၊ ဒါမှမဟုတ် သေချာ မမြင်ရတာလားတော့ မသိဘူး။ သခင်လေးကျင်းအန်း ခြံဝန်းထဲက ဝါးရုံပင်အောက်မှာ မွေးထားတဲ့ ဆိတ်က လွန်ခဲ့တဲ့ ရက်အနည်းငယ်က တွေ့ခဲ့ရတာထက် ပိုပြီး ဆူဖြိုးလာသလိုပဲ။ ဘာဖြစ်တာလဲ။’

......

အလုပ်သမားကို လွှတ်လိုက်ပြီးနောက်…

ဤတစ်ကြိမ်တွင်မူ ကျင်းအန်းသည် ယခင်အကြိမ်ကဲ့သို့ လင်းလု၏ အိမ်သို့ ချက်ချင်း ထွက်မသွားခဲ့ချေ။

အလောင်းလည်း မပျောက်သွားဘဲ လင်းမိသားစုမှ ဆွေမျိုးများစွာကလည်း ဆွေမျိုးမိတ်ဆွေများကို ခေါ်ဆောင်ကာ လူရှာရန် ကူညီနေကြပြီဖြစ်ရာ သူသည် ရလဒ်ကိုသာ အေးအေးဆေးဆေး စောင့်နေရန်သာ လိုအပ်သည်။

တကယ်တော့ ကျင်းအန်းသည် ဤကိစ္စမှ သူ့ကိုယ်သူ လုံးဝ ဖယ်ထုတ်ချင်နေခဲ့၏။

သို့ပေမည့် တချို့ကိစ္စများက ရှောင်ချင်တိုင်း ရှောင်၍ မရနိုင်ချေ။

တည်းခိုခန်း အပြင်ဘက်တွင် ရုတ်တရက် ဆူဆူညံညံ အသံများ ထွက်ပေါ်လာ၏။

ကျင်းအန်းသည် စပ်စုချင်စိတ်ဖြင့် အိမ်ရာဝင်းမှ ထွက်လာချိန်မှာတော့ လင်းမိသားစုမှ လူတစ်စုက လမ်းပေါ်ရှိ အိမ်တစ်အိမ်ထဲသို့ ပြေးဝင်သွားကြသည်ကို တွေ့လိုက်ရသည်။

မကြာမီ လင်းမိသားစုမှ လူအုပ်ကြီး ပြန်ထွက်လာကြ၏။

ရလဒ်အနေဖြင့် လူအုပ်ထဲမှ လူတစ်ယောက်က အော်ဟစ်လိုက်သည်။ “လူသေပြီဟေ့... လူသေပြီဟေ့...”

လင်းမိသားစုဝင်များသည် ထိုအိမ်ထဲမှ အမျိုးသား အလောင်းတစ်လောင်းကို ယူဆောင်လာခဲ့ကြ၏။

ပတ်ဝန်းကျင်ရှိ အိမ်နီးချင်းများ၏ ပြောစကားအရ သေဆုံးသွားသူမှာ ရွှမ်ကျီ ဟုခေါ်ကြောင်း သိရ၏။ ပုံမှန်အားဖြင့် အလုပ်အကိုင် မရှိဘဲ အလကားနေတတ်သော်လည်း နေ့တိုင်း ငွေကို ရေလို သုံးစွဲတတ်သူ ဖြစ်သည်။ ဤသူ၏ အကျင့်က မကောင်းသောကြောင့် အိမ်နီးချင်းများနှင့်လည်း ဆက်ဆံရေး မကောင်းချေ။

သို့ပေမည့် ရွှမ်ကျီ သည် မည်သူမှ မသိလိုက်ဘဲ မိမိအိမ်တွင် သေဆုံးနေလိမ့်မည်ဟု မည်သူက ထင်ထားမည်နည်း။

ချန်ခရိုင်အတွင်း လူသေဆုံးမှု ဖြစ်ပွားသောကြောင့် ဤကိစ္စက သေချာပေါက် အစိုးရရုံးကို အကြောင်း ကြားရမှာ ဖြစ်သည်။

ထို့နောက် လင်းမိသားစုဝင်များနှင့် အလောင်းကို အစိုးရရုံးမှ ခေါ်ဆောင်သွားခဲ့သည်။ သို့ပေမည့် ဤတစ်ကြိမ်တွင် ယခင်အကြိမ်နှင့် မတူသည်မှာ တာအိုဆရာအိုကြီး၏ အရိပ်အယောင်ကို မတွေ့ရခြင်းပင်။

တကယ်တော့ ပွဲကြည့်နေသော လူအုပ်ထဲတွင် ရပ်နေသည့် ကျင်းအန်းသည် ထိုအလောင်းက မည်သို့ ဖြစ်လာသည်ကို ခန့်မှန်းမိပြီး ဖြစ်၏။ ထိုသူမှာ မနေ့ညက အလောင်းခိုးသူ ဖြစ်ပေလိမ့်မည်။

မနေ့ညက ညစောင့်နေသူများသည် သေဆုံးသွားသူ နောက်လှည့်ကြည့်သည့် အချိန်တွင် မျက်နှာကို အတိအကျ မြင်လိုက်ရကြောင်း ကျင်းအန်းသည် တည်းခိုခန်း အလုပ်သမား ပြောပြသောကြောင့် သိထားပြီး ဖြစ်သည်။

ထို့ကြောင့် လူကို မှတ်မိသွားပြီး လင်းမိသားစုက လူများကို ခေါ်ဆောင်ကာ အိမ်တိုင်ရာရောက် လာရှာရန်မှာ မခက်ခဲလှချေ။

......

အစိုးရရုံးမှ လူများ ရောက်လာပြီး လူများကို ခေါ်ဆောင်သွားချိန်မှာ မွန်းတည့်ချိန်သို့ နီးကပ်နေပြီ ဖြစ်၏။

သို့ပေမည့် ဤကိစ္စကြောင့် ဖြစ်ပေါ်လာသော လှုပ်လှုပ်ရှားရှား အခြေအနေမှာ ညအချိန်ရောက်သည်အထိ လုံးဝ မပျောက်ကွယ်သွားသေးပေ။

တစ်ချိန်တည်းမှာပင် အနီးအနားရှိ လမ်းပေါ်မှ လူများမှာလည်း စိုးရိမ်ထိတ်လန့်နေကြပြီး ကိစ္စ၏ အမှန်တရား မပေါ်ပေါက်မီ အားလုံးက စောစောစီးစီး တံခါးများ၊ ပြတင်းပေါက်များကို ပိတ်ကာ အနားယူကြတော့သည်။

ချန်ခရိုင်အတွင်းသို့ လှည့်လည်သွားလာနေသော ဓားပြများ၊ တောင်ပေါ်ဓားပြများ ဝင်ရောက်လာပြီး လူပြန်ပေးဆွဲကာ သတ်ဖြတ်မည်ကို စိုးရိမ်နေကြ၏။

အသိသာဆုံး ခံစားရမှုမှာ တည်းခိုခန်း၏ စီးပွားရေးကိုပင် ထိခိုက်စေခဲ့ခြင်းပင်။ နေ့လယ်ပိုင်း တစ်ပိုင်းလုံး လမ်းပေါ်ရှိ တည်းခိုခန်းသို့ လာရောက် တည်းခိုသူ ဧည့်သည် အနည်းငယ်သာ ရှိတော့သည်။

ထို့ကြောင့် ပိုင်ရှင်ကျန်း က ယနေ့ စောစော ဆိုင်ပိတ်ရန် အမိန့်ပေးလိုက်၏။

အစိုးရရုံးမှ အမှုကို မဖော်ထုတ်နိုင်မီ၊ လူသတ်သမားကို မဖမ်းမိမီ ကာလအတွင်း လူနည်းသော နေရာများသို့ သွားလာခြင်းကို တတ်နိုင်သမျှ လျှော့ချရန်နှင့် အန္တရာယ်ကြုံတွေ့ရမည်ကို ကာကွယ်ရန် အားလုံးကို အထူးတလည် သတိပေးခဲ့သည်။

နေဝင်ပြီး လထွက်လာသည်။ ညအမှောင်ထုသည် ချန်ခရိုင်အပေါ်သို့ ကျရောက်လာ၏။

ညအမှောင်ထု ပိုမို နက်ရှိုင်းလာပြီး တဖြည်းဖြည်းနှင့် သန်းခေါင်ယံအချိန် ဟိုင်နာရီ (ည ၉ နာရီမှ ၁၁ နာရီ) သို့ ရောက်ရှိလာခဲ့သည်။

ဤအချိန်တွင် ညအမှောင်ထုမှာ နက်ရှိုင်းနေပြီဖြစ်ပြီး ချန်ခရိုင်ရှိ ပြည်သူများ အားလုံး အိပ်မောကျနေကြပြီ ဖြစ်၏။

ဤအချိန်တွင် ကောင်းကင်နှင့် မြေကြီးသည် မှောင်မိုက်နေပြီး မှိုင်းညို့နေသည်။

အာရုံမှားခြင်းလားတော့ မသိပေ။ ယနေ့ည မှိုင်းပျပျ လရောင်အောက်ရှိ ချန်ခရိုင်မှာ အထူးတလည် တိတ်ဆိတ်ငြိမ်သက်နေ၏။

ညဉ့်နက်သန်းခေါင်ယံ ခွေးဟောင်သံများပင် အတော်လေး လျော့နည်းသွားခဲ့သည်။

………………

ရွှမ်ကျီ သည် လူပျိုကြီးဖြစ်ပြီး အိမ်ထောင်မရှိသလို သားသမီးလည်း မရှိချေ။

ထို့ကြောင့် နေ့ခင်းပိုင်းက သူ့အိမ်တွင် သေဆုံးနေသည်ကို လူများ တွေ့ရှိပြီးတည်းက ကြီးမားသော အိမ်ကြီးမှာ တိတ်ဆိတ်ငြိမ်သက်သွားခဲ့၏။

လရောင်အောက်တွင် လူသေဖူးသော အိမ်အလွတ်ကြီးမှာ တိတ်ဆိတ်ငြိမ်သက်နေပြီး ညအမှောင်ထုအောက်ရှိ တောင်နက်ကြီးအတွင်း တိတ်ဆိတ်နေသကဲ့သို့ ဖြစ်နေသည်။

ညအမှောင်ထု ပိုမို နက်ရှိုင်းလာသည်။ အိမ်မှာ တိတ်ဆိတ်ငြိမ်သက်နေ၏။ တောင်နက်ကြီး အတွင်းရှိ အေးစက်သော ရေအိုင်ဟောင်းကြီးကဲ့သို့ လှိုင်းဂယက် အနည်းငယ်မျှပင် မရှိချေ။

ရုတ်တရက် လူသူကင်းမဲ့နေသော အိမ်ထဲမှ လှုပ်ရှားသံ အနည်းငယ် ထွက်ပေါ်လာ၏။ ထိုအသံမှာ အလွန် သေးငယ်ပြီး ရှိသလိုလို မရှိသလိုလို ဖြစ်နေသည်။

“ကျွီ...”

မှောင်မိုက်ပြီး လူမရှိသော အိမ်တံခါးမှာ လေတိုက်ခံလိုက်ရသကဲ့သို့ လှုပ်ရှားသွား၏။

နှစ်ကာလ ကြာရှည်စွာ မပြင်ဆင်ရသောကြောင့် ဟောင်းနွမ်းနေသော သစ်သားတံခါးမှာ နာမကျန်း ဖြစ်နေသော အဘိုးအိုတစ်ဦး နာကျင်စွာ ညည်းတွားနေသကဲ့သို့ သစ်သားပွတ်တိုက်သံဖြင့် ပွင့်လာခဲ့သည်။

အိမ်ထဲ၌ အလွန် မှောင်မိုက်နေပြီး လက်ဆန့်တန်းလျှင်ပင် လက်ချောင်းများကို မမြင်ရလောက်အောင် မှောင်မိုက်နေသော တံခါးနောက်ကွယ်ရှိ ကမ္ဘာကို ဖော်ပြနေ၏။

တံခါးနောက်တွင် လူမရှိချေ။ တံခါးကို သေချာ မပိတ်ထားသောကြောင့် ညဘက် အေးစက်သော လေတိုက်ခတ်မှုကြောင့် ပွင့်သွားခြင်းသာ ဖြစ်ပုံရသည်။

တံခါးနောက်တွင် မှောင်မိုက်နေ၏။

တိတ်ဆိတ်နေသည်။

ငြိမ်သက်နေ၏။

အိမ်တစ်ခုလုံးမှာ သေလွန်သူများကဲ့သို့ တိတ်ဆိတ်နေသည်။

နေ့ခင်းကမှ လူသေဖူးသော မှောင်မိုက်နေသည့် အိမ်မှာ လရောင်အောက်တွင် ပိုမို အေးစက်လာပြီး လူကို ကြက်သီးမွေးညင်း ထစေသော တိတ်ဆိတ်မှုများကို ပေါင်းထည့်ပေးနေ၏။

“ကျွီ…”

တည်းခိုခန်းရှိ ကျင်းအန်း နေထိုင်သော အိမ်ရာဝင်း တံခါးမှာ မင်းတုံး သေချာ မထိုးထားသကဲ့သို့ ရှိနေသည်။

ထိုအခြေအနေမျိုး၌ ရှိနေစဉ် ညလေတိုက်မှုကြောင့် အနည်းငယ် ပွင့်သွားကာ အက်ကွဲကြောင်းတစ်ခု ဖြစ်ပေါ်လာပြီး တံခါးနောက်ကွယ်ရှိ လူသူကင်းမဲ့သော တိတ်ဆိတ်သည့် အမှောင်ထုကို ဖော်ပြနေ၏။

…………..

All Chapters