အခန်း ၃၂
Vol. 4 Ch. 32
အပိုင်း (၃၂) အပေါ်ယံသာ ပြုံးခြင်း
ညဉ့်နက်သန်းခေါင်ယံ အချိန်…
ကျင်းအန်းသည် လှုပ်ရှားသံ တစ်ခုခုကို ကြားလိုက်ရသကဲ့သို့ ဖြစ်သွားသည်။
သူ မျက်လုံးဖွင့်ကာ နိုးလာချိန်မှာတော့ ညအမှောင်ထုက နက်ရှိုင်းနေပြီး အခန်းထဲတွင် မှောင်မိုက်နေသည်။ ပြတင်းပေါက်မှ ဝင်ရောက်လာသော မှိန်ဖျော့ဖျော့ လရောင်သာလျှင် အခန်းထဲသို့ ထိုးကျနေ၏။
အခုမှ အိပ်ရာနိုးလာသောကြောင့် ဦးနှောက်က အနည်းငယ် မှုန်ဝါးနေပြီး လူမှာ လုံးဝ မနိုးသေးချေ။ အသက်ရှူကြိမ် အနည်းငယ် ကြာပြီးနောက် နှာခေါင်းနှင့် ရင်ဘတ်အတွင်းသို့ နွေဦးည၏ အေးစက်သော လေများ အပြည့် ဝင်ရောက်လာမှသာ လူမှာ လုံးဝ နိုးကြားလာခဲ့သည်။
ကျင်းအန်းသည် အဆုတ်နှစ်ဖက်အတွင်းမှ မသန့်ရှင်းသော လေများကို မှုတ်ထုတ်လိုက်၏။
သူသည် ယခု ပွင့်နေသော သစ်သားပြတင်းပေါက်ကို သံသယဖြင့် ကြည့်ကာ စဉ်းစားလိုက်သည်။ ‘ငါ မအိပ်ခင်က ပြတင်းပေါက်ကို ပိတ်ထားခဲ့တယ်လို့ မှတ်မိနေတာ။ ဒါမှမဟုတ် ငါ ပိတ်ဖို့ မေ့သွားတာများလား။’
ပြတင်းပေါက်ဘောင်ပေါ်သို့ လရောင် ထိုးကျနေ၏။
မှောင်မိုက်နေသော အခန်းကို မှုန်ဝါးဝါး ငွေရောင်အလင်းတန်းလေးဖြင့် ဖုံးလွှမ်းပေးထားပြီး ညမှာ ရေကဲ့သို့ အေးစက်နေသည်။
ကျင်းအန်း ထလာပြီး ပြတင်းပေါက်နားသို့ သွားရောက် စစ်ဆေးချိန်မှာတော့ ပထမဆုံး မြင်လိုက်ရသည်မှာ အိမ်ရာဝင်း၏ တံခါးမှာ ညဉ့်နက်သန်းခေါင်ယံ အချိန်တွင် ပွင့်နေခြင်းပင် ဖြစ်၏။
ကျင်းအန်း၏ မျက်နှာပေါ်တွင် အံ့အားသင့်မှုနှင့် စဉ်းစားခန်း ဝင်နေသည့် အမူအရာများ ပေါ်လွင်လာသည်။
“ကျွီ…”
သူ အခန်းတံခါးကို တွန်းဖွင့်ကာ ထွက်လာပြီး အိမ်ရာဝင်း တံခါးဝသို့ ရောက်ရှိကာ အပြင်ဘက်သို့ အကြိမ် အနည်းငယ် လှမ်းကြည့်လိုက်၏။
ညမှာ လုံးဝ တိတ်ဆိတ်ငြိမ်သက်နေပြီး တည်းခိုခန်းရှိ မီးများမှာ စောစောတည်းက ငြိမ်းသွားခဲ့ပြီဖြစ်သည်။ အမှောင်ထုထဲသို့ အလုံးစုံ ကျရောက်နေပြီး မည်သည့် ထူးခြားချက်မှ မတွေ့ရချေ။
သူ တံခါးမင်းတုံးကို စစ်ဆေးကြည့်လိုက်သည်။
တံခါးမင်းတုံးမှာလည်း ချောမွေ့သပ်ရပ်နေပြီး သူခိုးများက အပြင်ဘက်မှ ဖျက်ဆီးထားခြင်း သို့မဟုတ် ကလော်ဖွင့်ထားခြင်းမျိုး မရှိချေ။
ကျင်းအန်း၏ မျက်နှာပေါ်ရှိ စဉ်းစားခန်းဝင်နေသည့် အမူအရာမှာ ပိုမို နက်ရှိုင်းလာ၏။
“ဘုန်း…”
သူ အိမ်ရာဝင်း တံခါးကို ပြန်ပိတ်လိုက်ပြီးနောက် အိမ်ထဲသို့ လျှောက်သွားလိုက်သည်။
ခြံဝန်းထောင့်ရှိ ဝါးရုံပင်ငယ်လေးကို ဖြတ်သွားစဉ် ခြံဝန်းထဲတွင် ချည်ထားသော ဆိတ်ကို အမှတ်တမဲ့ ကြည့်လိုက်၏။
ရောက်လာစက ပျင်းရိနေသော်လည်း ယခုအခါ လှုပ်ရှားတက်ကြွပြီး အစားမက်သော ဤဆိတ်မှာ အလွန် နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျနေသည်။
ကြည့်လိုက်သည်နှင့် နှလုံးသားမရှိ၊ ဦးနှောက်မရှိသည့် ဉာဏ်နည်းသော အမျိုးအစားဖြစ်ကြောင်း သိနိုင်၏။
ကျင်းအန်း အခန်းထဲသို့ ပြန်ဝင်သွားပြီး တံခါးနှင့် ပြတင်းပေါက်များကို သေချာ ပြန်ပိတ်လိုက်သည်။
ညမှာ နောက်တစ်ကြိမ် လုံးဝ တိတ်ဆိတ်ငြိမ်သက်သွားပြန်သည်။ တည်းခိုခန်းရှိ လူတိုင်းသည် စောစောတည်းက နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျနေကြပြီ ဖြစ်၏။
အချိန်များက တစ်စတစ်စ ကုန်လွန်သွားသည်။
တည်းခိုခန်း၊ အိမ်ရာဝင်း အားလုံး အထူး တိတ်ဆိတ်ငြိမ်သက်နေပြီး ကျင်းအန်း၏ အခန်းထဲမှ မည်သည့် လှုပ်ရှားသံမှ ထွက်ပေါ်မလာတော့ချေ။
ကျင်းအန်း အခန်းထဲသို့ ပြန်ဝင်သွားပြီးနောက် အိပ်ပျော်သွားပြီဟု ထင်ရသည်။ အခန်းထဲရှိ ဆီမီးခွက် တစ်ခွက်၏ မီးရောင်သာလျှင် မှောင်မိုက်နေသော အခန်းထဲတွင် မှိန်ဖျော့ဖျော့ လှုပ်ခါနေ၏။
ညအမှောင်ထု ပိုမို နက်ရှိုင်းလာသည်။
ရုတ်တရက် အခန်းတံခါး အပြင်ဘက်မှ လှုပ်ရှားသံများ ထွက်ပေါ်လာ၏။
“ကလစ်... ကလစ်... ကလစ်...”
အရိုးများ ဖိညှစ်ခံရသကဲ့သို့၊ လိမ်ကောက်ခံရသကဲ့သို့၊ ကျိုးပဲ့သွားသကဲ့သို့ အလွန်တိုးညင်းသော အသံများ ဖြစ်သည်။
သို့ပေမည့် လရောင်က ခြံဝန်းထဲသို့ ထိုးကျနေသော်လည်း တံခါးဝတွင် မည်သူမှ မရှိချေ။
သို့ပေမည့် ထိုအရိုးများ ဖိညှစ်ခံရသည့် တိုးညင်းသော အသံများမှာ ဆက်လက် ထွက်ပေါ်နေဆဲ ဖြစ်၏။
အလွန် ဖြူရော်နေသော လူ့ခြေထောက် တစ်ဖက်သည် တံခါးအက်ကွဲကြောင်းမှတစ်ဆင့် လူသားများ လုံးဝ မလုပ်နိုင်သော နည်းလမ်းဖြင့် အပြင်ဘက်မှ အတင်းအကျပ် တိုးဝင်လာခဲ့သည်။
“ဝှီး…”
အခန်းထဲရှိ လှုပ်ရှားနေသော ဆီမီးခွက် မီးရောင်မှာ လေတိုက်ခံလိုက်ရသကဲ့သို့ ရုတ်တရက် ယိမ်းယိုင်သွားပြီး ငြိမ်းသွားတော့မည့် အရိပ်အယောင်များ ပေါ်လာကာ တံခါးအက်ကွဲကြောင်း အပြင်ဘက်မှ ထူးဆန်းသော အသံများ ရပ်တန့်သွား၏။
ဆီမီးခွက် မီးရောင်၏ ပုံမှန် မဟုတ်သော အခြေအနေမှာ မျက်တောင်တစ်ခတ်အတွင်းသာ ဖြစ်ပွားခဲ့ပြီး ချက်ချင်းပဲ ပုံမှန် အခြေအနေသို့ ပြန်လည် ရောက်ရှိသွားသည်။
“ကလစ်... ကလစ်… ကလစ်...”
ထိုအရိုးများ ဖိညှစ်ခံရသည့် အသံများ ထပ်မံ ထွက်ပေါ်လာပြန်၏။ အလွန် ဖြူရော်နေသော လူ့လက်တစ်ဖက်သည် လူသားများ လုံးဝ မလုပ်နိုင်သော ပြားချပ်နေသည့် ဖိညှစ်ခံထားရသော အခြေအနေဖြင့် တံခါးအပြင်ဘက်မှ တံခါးအက်ကွဲကြောင်းအတိုင်း အခန်းထဲသို့ အတင်းအကျပ် တိုးဝင်လာခဲ့သည်။
ထို့နောက် ချက်ချင်းဆိုသလို အလွန် ဖြူရော်နေသော နောက်ထပ် လက်ဝါးတစ်ဖက် ထပ်မံ၍ အတင်းအကျပ် တိုးဝင်လာပြန်၏။
ထိုအချိန်တွင် အခန်းတွင်းရှိ အပူချိန်မှာ ရုတ်တရက် ထိုးကျသွားပြီး အေးစက်လာတော့သည်။
ထို့နောက် လက်နှစ်ဖက်က ဘယ်ညာ တံခါးဘောင်ကို ကိုင်ကာ စာပေသမားတစ်ဦး၏ ခန္ဓာကိုယ် တစ်ဝက်မှာ ကလစ်ခနဲ အသံမည်ကာ မယုံနိုင်လောက်အောင် ထူးဆန်းသော လိမ်ကောက်နေသည့် ကိုယ်နေဟန်ထားဖြင့် ကျဉ်းမြောင်းသော တံခါးအက်ကွဲကြောင်း အပြင်ဘက်မှ အထက်ပိုင်း ခန္ဓာကိုယ်ကို အတင်းအကျပ် တိုးဝင်လာခဲ့၏။
စာပေသမား၏ မျက်နှာမှာ အဖြူရောင် စက္ကူတစ်ရွက်ကဲ့သို့ ဖြူရော်နေပြီး ထူးဆန်းကာ ကြောက်မက်ဖွယ် ကောင်းသော မကောင်းဆိုးဝါး အငွေ့အသက်များ ထွက်ပေါ်နေသည်။
မျက်နှာပေါ်တွင် အမြဲတမ်း ပြောင်းလဲခြင်း မရှိသော အပေါ်ယံသာ ပြုံးနေသည့် အတုအယောင် အပြုံးကို ချိတ်ဆွဲထားပြီး မင်ရည်ဖြင့် အတင်းအကျပ် ရေးဆွဲထားသကဲ့သို့ ဖြစ်နေ၏။
ရေထဲတွင် စိမ်ထားသကဲ့သို့ ဖြူရော်လွန်းနေသော မျက်နှာနှင့် ပေါင်းစပ်လိုက်ချိန်မှာတော့ ဤအပေါ်ယံသာ ပြုံးနေသည့် အတုအယောင် အပြုံးက လူတို့၏ ကျောရိုးအထိ အေးစက်သွားစေသည်။
ဤသည်မှာ အသုဘပစ္စည်းများ ရောင်းသောဆိုင်တွင် အမြဲတမ်း ရောင်းလေ့ရှိသည့် စက္ကူရုပ် စာပေသမား ဖြစ်လို့နေ၏။
သို့ပေမည့် မျက်နှာ ဖြူရော်နေသော စက္ကူရုပ် စာပေသမားသည် တံခါးအပြင်ဘက်မှနေ၍ ခန္ဓာကိုယ် တစ်ဝက်ကို အတင်းအကျပ် တိုးဝင်လာပြီးနောက် အခန်းထဲတွင် အမျိုးသားတစ်ဦး ထိုင်နေသည်ကို တွေ့လိုက်ရသည်။
ထိုအမျိုးသားသည် အစွပ်ပါသော ဓားရှည်တစ်လက်ကို ထောက်ကာ ကုတင်စွန်းတွင် တည်ငြိမ်စွာ ထိုင်နေပြီး တံခါးပေါက်ဆီသို့ စူးရှသော အကြည့်ဖြင့် ကြည့်နေ၏။
ကျင်းအန်းသည် မျက်နှာပေါ်တွင် အပေါ်ယံသာ ပြုံးနေသည့် မျက်နှာအင်္ဂါရပ်များ ချိတ်ဆွဲထားသော စက္ကူရုပ် စာပေသမားကို ကြည့်နေသည်။
မှောင်မိုက်နေသော အမြင်အာရုံအောက်တွင် စက္ကူရုပ်၏ မျက်နှာပေါ်၌ အမူအရာ ပြောင်းလဲမှု ရှိ၊ မရှိ ဆိုသည်ကို သူ မမြင်နိုင်ချေ။
သို့သော်လည်း ထိုဖြူရော်လွန်းသော မျက်နှာသည် ညအမှောင်ထုထဲတွင် လူတို့၏ စိတ်အာရုံကို အလွန်အမင်း ထိခိုက်စေပြီး အလွန်အမင်း ထူးဆန်းကာ မကောင်းဆိုးဝါးဆန်လှသည်။ လူကို ကြက်သီးမွေးညင်း ထသွားစေနိုင်၏။
ကျင်းအန်းက မေးလိုက်သည်။ “ခင်ဗျား နောက်ဆုံးတော့ ထွက်လာပြီပဲ။ ဒီရက်ပိုင်း ဖြစ်ပျက်နေတာတွေ အားလုံးက ခင်ဗျား လက်ချက်ပဲ မဟုတ်လား။”
အမှောင်ထဲတွင် ခဏတာ တိတ်ဆိတ်သွားပြီးနောက် ကုတင်စွန်းတွင် ဓားထောက်ကာ ထိုင်နေသော ကျင်းအန်းက အရင်ဆုံး စကားစပြောလိုက်ခြင်းပင်။
“ကလစ်…”
စက္ကူရုပ် စာပေသမား၏ အောက်ပိုင်း ခန္ဓာကိုယ်သည်လည်း နောက်ဆုံးတွင် တံခါးအက်ကွဲကြောင်းမှ အပြည့်အဝ တိုးဝင်လာပြီး အခန်းထဲသို့ ရောက်ရှိလာ၏။
“ဝှီး…”
စက္ကူရုပ် စာပေသမားသည် ချက်ချင်း လှုပ်ရှားလိုက်ပြီး ကျင်းအန်းဆီသို့ လျင်လျင်မြန်မြန် ခုန်အုပ်လိုက်သည်။
“သွေးပင်လယ် သဲစစ်ခြင်း…”
ကျင်းအန်းသည် ယခုအချိန်မှာ အသက်နှင့် သေခြင်းကြားရှိ အချိန်ဖြစ်ကြောင်း သိထားသောကြောင့် လုံးဝ ဖုံးကွယ် မထားတော့ဘဲ လက်ထဲရှိ ဓားရှည်ကို လက်မောင်းကြွက်သားများ၏ ပေါက်ကွဲအားနှင့်အတူ ရှေ့ရှိ ဘယ်၊ အလယ်၊ ညာ သုံးဖက်သို့ လျင်မြန်ပြီး ရဲရင့်ပြင်းထန်စွာ ဆက်တိုက် ခုတ်ပိုင်းလိုက်၏။
“ရွှစ်… ရွှစ်… ရွှစ်…”
ကျင်းအန်း၏ ပေါက်ကွဲအားမှာ အလွန် အံ့မခန်းဖြစ်ပြီး လေထုကိုပင် ရေလှိုင်းသုံးခု ဖြစ်ပေါ်လာအောင် ခုတ်ပိုင်းနိုင်ခဲ့သည်။
ဤသည်မှာ အမြန်နှုန်း အမြင့်ဆုံးသို့ ရောက်ရှိသွားပြီး အသံလှိုင်း ပေါက်ကွဲမှု ဖြစ်ပေါ်တော့မည့် လက္ခဏာပင် ဖြစ်၏။
သို့ပေမည့် စက္ကူရုပ် စာပေသမား၏ အမြန်နှုန်းမှာ အလွန် လျင်မြန်လွန်းလှ၏။ မျက်စိရှေ့တွင် အဖြူရောင် အရိပ်တစ်ခု ဖြတ်ပြေးသွားပြီး ကျင်းအန်း၏ တိုက်ခိုက်မှုနှင့် ကာကွယ်မှု နှစ်မျိုးလုံး ပါဝင်သော ဓားချက် သုံးချက်မှာ သက်ရှိလူသား မဟုတ်သော စက္ကူရုပ် စာပေသမားကို မခုတ်မိခဲ့ချေ။
လက်ထဲရှိ ဓားရှည်မှာ လေထဲသို့သာ ခုတ်ပိုင်းလိုက်ရပြီး ရှေ့တွင် ဟာလာဟင်းလင်း ဖြစ်နေကာ စက္ကူရုပ် စာပေသမား ဆိုသည်မှာ အရိပ်အယောင်ပင် မတွေ့ရတော့ပေ။
ဤကဲ့သို့သော လူသား မဟုတ်သည့် အရာမျိုးကို သာမန်လူများ၏ စွမ်းရည်ဖြင့် ခန့်မှန်း၍ မရနိုင်ဘဲ မျက်စိရှေ့တွင် ချက်ချင်း ပျောက်ကွယ်သွားသကဲ့သို့ ဖြစ်နေ၏။
ကျင်းအန်းက အံ့သြတကြီး တွေးလိုက်မိသည်။ ‘မြန်လိုက်တဲ့ အမြန်နှုန်း။’
သို့ပေမည့် သူ ဓားကို ရုပ်သိမ်းကာ ခုခံရန် မပြင်ဆင်ရသေးမီ ဦးခေါင်းနောက်ဘက်တွင် ရုတ်တရက် အေးစက်သွားကြောင်း ခံစားလိုက်ရ၏။
မျက်လုံးထောင့်မှ အနောက်ဘက်သို့ တစ်ချက် ကြည့်လိုက်ချိန်မှာတော့ မျက်နှာပေါ်တွင် အပေါ်ယံသာ ပြုံးနေသည့် အတုအယောင် အပြုံးကို အမြဲတမ်း ချိတ်ဆွဲထားပြီး အတုအယောင် အပြုံးမှလွဲ၍ အခြား မည်သည့် အမူအရာမှ ရှိတော့မည် မဟုတ်သကဲ့သို့ ဖြစ်နေသော ဖြူရော်နေသည့် လူ့မျက်နှာမှာ သူ၏ အနောက်တွင် ကပ်လျက် ရပ်နေသည်ကို တွေ့လိုက်ရသည်။
ကျင်းအန်း၏ တစ်ကိုယ်လုံးတွင် ကြက်သီးမွေးညင်းများ ထသွားတော့၏။
ကျင်းအန်း ဤတစ်ကြိမ်တွင် နောက်မဆုတ်တော့ဘဲ မျက်နှာပေါ်တွင် အသေခံ တိုက်ခိုက်မည့် ရဲရင့်သော အမူအရာ ပေါ်လာကာ နောက်လှည့်၍ သူ၏ အနောက်ရှိ ဖြူရော်နေပြီး အတုအယောင် အပြုံးဖြင့် ပြုံးနေသော စက္ကူရုပ် စာပေသမားကို ပြင်းထန်စွာ ခုတ်ပိုင်းလိုက်သည်။
သို့ပေမည့် စက္ကူရုပ် စာပေသမား စောင့်နေသည်မှာ ဤအချိန်ကိုပင် ဖြစ်၏။
ကျင်းအန်း၏ ခြေလှမ်းများ ပြောင်းလဲသွားပြီး နောက်လှည့်ကာ လက်ထဲရှိ ဓားရှည်ကို လျင်မြန်စွာ ခုတ်ပိုင်းလိုက်ချိန်တွင် စက္ကူရုပ် စာပေသမားသည် အရိုးတွင် ကပ်နေသော အနာကဲ့သို့ ကျင်းအန်း၏ အနောက်တွင် ကပ်လျက် ရှိနေပြီး ခြေဖျားနှစ်ဖက်ကို အခွင့်ကောင်းယူကာ ကျင်းအန်း ကြွလိုက်သော ခြေဖနောင့်အောက်သို့ ထိုးသွင်းလိုက်သည်။
“ပူးကပ်ခြင်း...”
ထိုအခိုက်အတန့်တွင် ကျင်းအန်းသည် တစ်ကိုယ်လုံးရှိ အသက်ငွေ့များ အေးခဲသွားပြီး ခန္ဓာကိုယ်မှာ ရေခဲတိုက်ထဲ ကျသွားသကဲ့သို့ အေးစက်သွားကြောင်း ခံစားလိုက်ရ၏။
လူတွင် ယန်မီးတောက် သုံးခုရှိပြီး ပခုံးနှစ်ဖက်နှင့် ခေါင်းထိပ်တွင် အသီးသီး ရှိသည်ဟု ဆိုကြသည်။
အကယ်၍ လူ၏ ခြေဖနောင့်သည် မြေကြီးနှင့် ကွာသွားပါက မြေကြောနှင့် အဆက်အသွယ် ပြတ်တောက် သွားသကဲ့သို့ ဖြစ်၏။
ထိုအချိန်သည် ယန်စွမ်းအင် အားအနည်းဆုံး အချိန်ဖြစ်ကာ မသန့်ရှင်းသော အရာများ၏ ပူးကပ်ခြင်းကို ခံရရန် အလွယ်ကူဆုံးဖြစ်ပြီး လူ၏ ယန်မီးတောက် သုံးခုကို အခွင့်ကောင်းယူ၍ မှုတ်သတ်ပစ်တတ်ကြသည်။
သို့ပေမည့် နောက်တစ်စက္ကန့်တွင် ကျင်းအန်း၏ ခန္ဓာကိုယ်တွင်းရှိ အမြဲတမ်း ငြိမ်သက်နေသော ဝိညာဉ်အင်္ဂါငါးပါး လျှို့ဝှက်ကျမ်းမှ အားကောင်းသော အသက်စွမ်းအင်များ ရုတ်တရက် ပေါက်ကွဲ ထွက်ပေါ်လာ၏။
ထို့နောက် ခန္ဓာကိုယ်တွင်းသို့ ဝင်ရောက်လာသော မကောင်းဆိုးဝါး အငွေ့အသက်များကို နှင်ထုတ်ပစ် လိုက်သည်။
ချက်ချင်းပဲ သစ်သားက မီးကို ဖြစ်စေ၏။ မီးက မြေကို ဖြစ်စေ၏။ မြေက ရွှေကို ဖြစ်စေ၏။ ရွှေက ရေကို ဖြစ်စေ၏။ ရေက သစ်သားကို ဖြစ်စေ၏။
ဝိညာဉ်အင်္ဂါငါးပါး၏ အသက်စွမ်းအင်များ လည်ပတ်လာ၏။ မူလက ငြိမ်းသတ်ခံလိုက်ရသော သွေးနီရောင် စွမ်းအားမှာ ပြန်လည် လောင်ကျွမ်းလာတော့သည်။
“ဝုန်း…”
သွေးသားများ တုန်ခါသွား၏။
ကျင်းအန်း၏ ခန္ဓာကိုယ်တွင်းမှ အဖြူရောင် အရိပ်တစ်ခု တုန်ခါကာ လွင့်ထွက်သွား၏။ ထိုအရာမှာ သူ့ကို ပူးကပ်ခဲ့သော မသန့်ရှင်းသည့် အရာဖြစ်သည့် စက္ကူရုပ် စာပေသမားပင် ဖြစ်သည်။
“အား….”
စက္ကူရုပ် စာပေသမားသည် နာကျင်စွာ အော်ဟစ်လိုက်ပြီး မျက်နှာပေါ်တွင် အပေါ်ယံသာ ပြုံးနေသည့် အတုအယောင် အပြုံးကို ချိတ်ဆွဲထားဆဲဖြင့် ဝှီးခနဲ အခန်းတံခါးကို ဝင်တိုက်ကာ ထွက်ပြေးသွားတော့၏။
မူလက ရေခဲတိုက်ထဲ ကျသွားသကဲ့သို့ ခြေလက်များ အေးစက်နေသော ကျင်းအန်းမှာ သွေးနီရောင် စွမ်းအား၏ လှည့်ပတ်မှုအောက်တွင် တစ်ကိုယ်လုံး နွေးထွေးလာခဲ့သည်။
ကျင်းအန်းသည် သွေးနီရောင်စွမ်းအားက မကောင်းဆိုးဝါးများနှင့် မသန့်ရှင်းသော အရာများကို ဖိနှိပ်နိုင်ကြောင်း သိလိုက်ရသောကြောင့် မမျှော်လင့်ဘဲ အံ့အားသင့် ဝမ်းသာသွားသည်။
ကျင်းအန်းသည် မည်သည့်အရာကိုမှ မစဉ်းစားတော့ဘဲ ဓားကိုကိုင်ကာ အပြင်သို့ ပြေးထွက်၍ လိုက်လံ တိုက်ခိုက်တော့သည်။