အခန်း ၃၃
Vol. 4 Ch. 33
အပိုင်း (၃၃) သွေးနီရောင်စွမ်းအား
စက္ကူရုပ် စာပေသမား၏ အမြန်နှုန်းမှာ အလွန် လျင်မြန်လှ၏။
ကျင်းအန်း အခန်းတံခါးမှ ပြေးထွက်လာချိန်မှာတော့ အဖြူရောင် အရိပ်တစ်ခု ဖြတ်ပြေးသွားသည်ကိုသာ မြင်လိုက်ရသည်။
ထိုမကောင်းဆိုးဝါး စက္ကူရုပ် စာပေသမားသည် ဘေးအိမ်ရှိ တခြားအိမ်ရာဝင်း တစ်ခုအတွင်းသို့ ပျံသန်း ဝင်ရောက်သွားပြီ ဖြစ်၏။
ကျင်းအန်းသည် ဘာမှ ထပ်မစဉ်းစားတော့ဘဲ လက်ထဲတွင် ဓားရှည်ကို ကိုင်ဆောင်ကာ ခြေဖျားဖြင့် ခြံတံတိုင်းကို ကန်၍ အရှိန်ယူပြီးနောက် ဘေးအိမ်ရာဝင်းအတွင်းသို့ ခုန်ကျော်ဝင်ရောက်သွားသည်။
ကျင်းအန်း ဘေးအိမ်ရာဝင်းအတွင်းသို့ ခုန်ကျော်ဝင်ရောက်သွားချိန်တွင် အဖြူရောင် အရိပ်တစ်ခု ဖြတ်ပြေးသွားပြီး အိမ်ထဲရှိ လူများ ညအိပ်ရာဝင်ချိန်တွင် မပိတ်ထားသော ပြတင်းပေါက်မှတစ်ဆင့် အိမ်ထဲသို့ ဝင်ရောက် ပုန်းအောင်း သွားသည်ကို တွေ့လိုက်ရ၏။
ကျင်းအန်းသည် ဤအချိန်တွင် အများကြီး တွေးတောနေရန် အချိန်မရှိတော့ချေ။
“ဘုန်း…”
ဓားခုတ်ချက်က အခန်းတံခါးကို ထိုးခွဲလိုက်၏။ ခိုင်ခံ့သော သစ်သားတံခါးမှာ အမြောက်ဆန် ထိမှန်သွား သကဲ့သို့ အတွင်းဘက်သို့ ချက်ချင်း ပေါက်ကွဲထွက်သွားပြီး လေထဲတွင် အပိုင်းပိုင်းအစစ ပြန့်ကျဲ သွားတော့သည်။
ကျင်းအန်းသည် လက်ထဲတွင် ဓားရှည်ကို ကိုင်ဆောင်ကာ ကျား၊ ဝံပုလွေများကဲ့သို့ ရဲရင့်သော အရှိန်အဟုန်ဖြင့် အိမ်ထဲသို့ ပြေးဝင်သွားချိန်တွင် မျက်စိရှေ့၌ အေးစက်စူးရှသော အလင်းရောင်တစ်ခု ဖြတ်ပြေးသွား၏။
“ချွင်… ချွင်…”
ဓားနှင့် ဓားရှည်တို့သည် လေထဲတွင် ပြင်းထန်စွာ တိုက်မိသွားပြီး တစ်ခုနှင့်တစ်ခု အပြင်းအထန် ရိုက်ခတ် သွားကာ သတ္တုများ ပွတ်တိုက်မှုကြောင့် ပူပြင်းသော မီးပွားများ ထွက်ပေါ်လာသည်။
ယခုအခါ သွေးဓားကျမ်းကို ဆဋ္ဌမအဆင့်အထိ အပြည့်အဝ လေ့ကျင့်ထားပြီးဖြစ်သော ကျင်းအန်း၏ ငါးရာ၊ ခြောက်ရာပေါင်ခန့်ရှိသည့် ခွန်အားဖြင့် မျက်နှာချင်းဆိုင်ရှိ လူသည် သူနှင့် အင်အားချင်း မျှတစွာ တိုက်ခိုက်နိုင်ခဲ့၏။
သူတို့နှစ်ဦးစလုံး ဓားနှင့် ဓားရှည်များ၏ ရိုက်ခတ်မှုကြောင့် ခြေနှစ်လှမ်းခန့် နောက်ဆုတ်သွားရသည်။
ကျင်းအန်း၏ လက်မနှင့် လက်ညှိုးကြား နေရာမှာ အနည်းငယ် တုန်ခါပြီး နာကျင်သွား၏။
ဤအချိန်ရောက်မှသာ မျက်နှာချင်းဆိုင်ရှိ လူမှာ အိပ်ရာဝင် ဝတ်စုံကိုသာ ဝတ်ဆင်ထားသော သိုင်းလောကမှ ဓားသမားတစ်ဦး ဖြစ်ကြောင်းကို ကျင်းအန်း သေချာ မြင်တွေ့လိုက်ရသည်။
သို့ပေမည့် ယခုအခါ ဤဓားသမား၏ တစ်ကိုယ်လုံးရှိ အရေပြားမှာ လူသားများတွင် မရှိသော စိမ်းဖျော့ဖျော့ အရောင်ပြောင်းနေပြီး လူသေများ၏ အလောင်းအငွေ့အသက်များ တစ်ကိုယ်လုံး လွှမ်းခြုံနေသကဲ့သို့ ဖြစ်နေ၏။
ဤသည်မှာ စက္ကူရုပ်၏ ပူးကပ်ခြင်းကို ခံလိုက်ရခြင်း ဖြစ်သည်။
အိမ်ထဲတွင် သွေးနံ့များ ပြန့်လွင့်နေပြီး ကုတင်ပေါ်တွင် သွေးအိုင်ထဲ၌ လဲကျနေသော အမျိုးသမီးငယ် တစ်ဦး ရှိနေ၏။
အသက် မရှိတော့ပေ။ အိပ်မောကျနေစဉ် ဓားသမား၏ လည်ပင်းလှီးဖြတ်ခြင်းကို ခံလိုက်ရခြင်း ဖြစ်ပေလိမ့်မည်။
စက္ကူရုပ်၏ ပူးကပ်ခြင်းကို ခံထားရသော ဓားသမားသည် နောက်တစ်ကြိမ် ထပ်မံ တိုက်ခိုက်လာပြန်၏။
“ချွင်… ချွင်…”
သူတို့နှစ်ဦးသည် ဓားနှင့် ဓားရှည်တို့ဖြင့် အပြန်အလှန် တိုက်ခိုက်နေကြပြီး လက်နက်များ ရိုက်ခတ်သံမှာ နားကွဲမတတ် ဆူညံနေသည်။
အချိန်တိုအတွင်းမှာပင် သိုင်းကွက် ဆယ်ကွက်ကျော်ခန့် အပြန်အလှန် တိုက်ခိုက်ခဲ့ကြပြီး ခွန်အားပိုင်းတွင် အင်အားချင်း မျှတနေသည်ကို တွေ့ရ၏။
သို့ပေမည့် ကျင်းအန်းသည် ကြောက်ရွံ့ခြင်း မရှိခဲ့ချေ။
မကောင်းဆိုးဝါးများနှင့် ပထမဆုံးအကြိမ် တိုက်ခိုက်ဖူးသော သူသည် တိုက်ခိုက်လေလေ အရှိန်အဟုန် ပိုမို ကောင်းလာလေလေ ဖြစ်လာ၏။
ဓားစိတ်ဓာတ်မှာ ရဲရင့်ပြင်းထန်ကာ ကြီးမားလှသော အရှိန်အဟုန်ကို စုစည်းလာနိုင်ခဲ့၏။ တိုက်ခိုက်လေလေ ပိုမို အဆင်ပြေလာလေလေ ဖြစ်သည်။
ရင်ထဲမှ ယုံကြည်မှုများကလည်း ပိုမို ပြင်းထန်လာခဲ့သည်။ ‘ခင်ဗျားလည်း ဒီလောက်ပါပဲ။’
စက္ကူရုပ် စာပေသမားသည် ဓားသမား၏ ခန္ဓာကိုယ်ကို ပူးကပ်ထားသော်လည်း ခွန်အားသက်သက်ကိုသာ အသုံးပြုနိုင်၏။
ဓားသိုင်းကွက်များသည် မူလက ပေါ့ပါးသွက်လက်ပြီး ရွှေ့ပြောင်း လှုပ်ရှားမှုများကို အလေးထား၏။ သို့သော်လည်း ယခုအခါ ပေါ့ပါးသွက်လက်မှုနှင့် အတွင်းအားကို စွန့်လွှတ်လိုက်ပြီး မိမိ၏ အားနည်းချက်ကို အသုံးပြုကာ အနီးကပ် တိုက်ခိုက်ရာတွင် အကောင်းဆုံးဖြစ်သည့် ဓားရှည်နှင့် အကြမ်းပတမ်း တိုက်ခိုက်နေခြင်း ဖြစ်သည်။
ကျင်းအန်းသည် ဓားသမား၏ တိုက်ခိုက်မှု ပုံစံများကို တဖြည်းဖြည်း နားလည်လာချိန်မှာတော့ နောက်ဆုံးတွင် သူသည် လက်တွန့်နေခြင်း မရှိတော့ချေ။
“သွေးနီရောင်စွမ်းအား…”
ခန္ဓာကိုယ်တွင်းရှိ သွေးနီရောင်စွမ်းအားမှာ ပူပြင်းလောင်ကျွမ်းနေပြီး ဓားပေါ်သို့ ကူးစက်သွားကာ စူးရှသော လေတိုက်သံများနှင့်အတူ ဓားရှည်က လေထုကို ခွဲကာ ပြင်းထန်စွာ ခုတ်ပိုင်းလိုက်၏။
ဆဋ္ဌမအဆင့် သွေးနီရောင်စွမ်းအား ပေါက်ကွဲ ထွက်ပေါ်လာသည့် အခိုက်အတန့်တွင် လည်ပင်းနှင့် လက်မောင်းများရှိ သွေးကြောများနှင့် အကြောများမှာ ကြောက်မက်ဖွယ်ကောင်းအောင် ထောင်ထလာသည်။
ထို့နောက် ကျင်းအန်း၏ အမြန်နှုန်းမှာ နောက်တစ်ကြိမ် ထပ်မံ မြင့်တက်သွားကာ သိသိသာသာ တိုးလာခဲ့သည်။ သွေးနီရောင်စွမ်းအားသည် မူလက ပေါက်ကွဲအားကို အလေးထားခြင်း ဖြစ်၏။
“ဘုန်း… ဘုန်း… ဘုန်း…”
ဓားနှင့် ဓားရှည်တို့သည် ပြင်းထန်စွာ ရိုက်ခတ်သွားပြီး မီးပွားများ လွင့်စင်သွားသည်။
ဓားသမား၏ လက်မနှင့် လက်ညှိုးကြား နေရာမှာ ကွဲအက်သွားသော်လည်း သွေးတစ်စက်မျှပင် ထွက်မလာခဲ့ချေ။ ဓားကိုင်ထားသော ညာဘက်လက်ရှိ အသားများမှာ တဖြည်းဖြည်း မည်းနက်လာပြီး မီးလောင်ကျွမ်းသွားသကဲ့သို့ ဖြစ်နေ၏။
အမှန်တကယ်ပင် ရဲရင့်ပြင်းထန်သော သွေးနီရောင်စွမ်းအား ဟူသောအမည်နှင့် ထိုက်တန်ပေသည်။ ရန်သူနှင့် တိုက်ခိုက်ရာတွင် မည်သူကမှ ဤပူပြင်းလောင်ကျွမ်းနေသော စွမ်းအင်များ ခန္ဓာကိုယ်တွင်းသို့ ဝင်ရောက် လာမှုကို မတားဆီးနိုင်ချေ။
အထူးသဖြင့် မကောင်းဆိုးဝါးများနှင့် မသန့်ရှင်းသော အရာများကိုပင် ဖိနှိပ်နိုင်စွမ်း ရှိသောကြောင့် သတ်ဖြတ်နိုင်စွမ်းမှာ ပိုမို ပြင်းထန်လာခဲ့သည်။
စက္ကူရုပ်၏ ပူးကပ်ခြင်းကို ခံထားရသော ဓားသမားသည် နောက်ဆုံးတွင် ရဲရင့်ပြင်းထန်သော သွေးနီရောင် စွမ်းအားကို မခံနိုင်တော့ချေ။
ထိုလူမှာ ကျင်းအန်း၏ လက်ထဲရှိ ဓားရှည်ဖြင့် ပြင်းထန်စွာ ခုတ်ပိုင်းခံရပြီး လွင့်စင်သွားတော့၏။
“ဘုန်း…”
ဓားသမား၏ ခန္ဓာကိုယ်မှာ ကြိတ်ဆုံကျောက် တစ်လုံး ပေါက်ကွဲထွက်သွားသကဲ့သို့ လွင့်စင်သွားပြီး နောက်ကျောဖြင့် နံရံကို ပြင်းထန်စွာ ဝင်တိုက်မိသွားသည်။
“ဖူး…”
လက်ထဲရှိ သံဓားမှာလည်း တုန်ခါလွင့်စင်သွားပြီး လူမှာ သွေးများ ဆက်တိုက် အန်ချလိုက်ရ၏။ သို့ပေမည့် ပူးကပ်ခံထားရသော ဓားသမားမှာ နာကျင်မှုကို လုံးဝ မခံစားရချေ။
ဤမျှလောက် ပြင်းထန်သော တုန်ခါမှုဒဏ်ကို ခံရသော်လည်း သူသည် လူးလဲထကာ လှည့်ပြီး အိမ်ထဲမှ ထွက်ပြေးသွားခဲ့သည်။ သူ ကြောက်သွားပြီ ဖြစ်၏။
ထိုအချိန်မှာပဲ တည်းခိုခန်းတွင် မီးများ လင်းထိန်လာပြီး မီးအိမ်များကို ကိုင်ဆောင်ထားသော လူအများအပြား အပြေးအလွှား ရောက်ရှိလာကြသည်။
ဤနေရာမှ တိုက်ခိုက်သံများကြောင့် တည်းခိုခန်းရှိ လူတိုင်း နိုးလာခဲ့ကြခြင်း ဖြစ်၏။
အိမ်ရာဝင်း တံခါးကို ဖွင့်လိုက်သည့် အခိုက်အတန့်တွင် လူတိုင်း၏ မျက်နှာမှာ ဖြူရော်သွားပြီး မျက်စိရှေ့ရှိ မြင်ကွင်းကို ကြည့်ကာ တစ်ကိုယ်လုံး ကြက်သီးမွေးညင်းများ ထသွားကြသည်။
အိပ်ရာဝင်ဝတ်စုံကို ဝတ်ဆင်ထားပြီး ရင်ဘတ်တွင် သွေးများ ပေကျံနေသော ဓားသမားတစ်ဦးသည် အခန်းတံခါး ခုတ်ပိုင်းခံထားရသော အိမ်ထဲမှ ကမန်းကတန်း ထွက်ပြေးရန် ကြိုးစားနေ၏။
ရလဒ်အနေဖြင့် ဓားသမားသည် တံခါးခုံကို ခြေတစ်ဖက်ချလိုက်ရုံသာ ရှိသေးချိန်တွင် အနောက်မှ တစ်ခုခုက လိုက်ဖမ်းနေသကဲ့သို့ အားပြင်းသော ဆွဲအားဖြင့် အိမ်ထဲသို့ ပြန်လည် ဆွဲသွင်းခံလိုက်ရသည်။
ဓားသမားသည် လက်နှစ်ဖက်ဖြင့် တံခါးဘောင်ကို ကိုင်ထားသော်လည်း အသက်ရှူကြိမ် နှစ်ကြိမ်ပင် မခုခံနိုင်ဘဲ အိမ်ထဲသို့ ပြန်လည် ဆွဲသွင်းခံလိုက်ရ၏။
“ဘုန်း... ဘုန်း... ဘုန်း...”
“ဘုန်း... ဘုန်း... ဘုန်း... ဘုန်း...”
ဘာမှမမြင်ရအောင် မှောင်မိုက်နေသည့် အိမ်ထဲတွင် တိုက်ခိုက်မှုများ ဆက်လက် ဖြစ်ပွားနေဆဲဖြစ်ပြီး အသံမှာ နားကွဲမတတ် ဆူညံနေသည်။
“ဝုန်း…”
အဖြူရောင် အရိပ်တစ်ခုသည် လေထဲတွင် သွေးများ အန်ချကာ ကြီးမားသော အရှိန်ဖြင့် အပြင်သို့ လွင့်စင် ထွက်လာ၏။
ထို့နောက် ချက်ချင်းပဲ အေးစက်စူးရှသော ဓားရှည်ကို ကိုင်ဆောင်ထားသည့် ကျင်းအန်းသည် အိမ်ထဲမှ ခြေလှမ်းကျဲကြီးဖြင့် လိုက်ထွက်လာသည်။
“ဘယ်သူမှ အနားမလာကြနဲ့။ ဒီဓားသမားက လူမဟုတ်တော့ဘူး။” ကျင်းအန်းက ကျယ်လောင်စွာ အော်ဟစ်လိုက်၏။
ထို့နောက် ချက်ချင်း လူးလဲထလာပြီး ရောက်ရှိလာသော လူအုပ်ထဲသို့ ဝင်ရောက်ရန် ကြိုးစားနေသည့် ဓားသမားထက် အရင်ဦးအောင် ပူပြင်းလောင်ကျွမ်းနေသော သွေးနီရောင်စွမ်းအားများ ပါဝင်သည့် လက်သီးတစ်ချက်ဖြင့် ဓားသမား၏ ကိုယ်ပေါ်သို့ ထိုးချလိုက်၏။
ရင်အုပ်ရိုးများမှာ သာမန်မျက်စိဖြင့်ပင် မြင်နိုင်လောက်အောင် ချိုင့်ဝင်သွား၏။ ဓားသမား၏ ခန္ဓာကိုယ်မှာ နောက်ဆုံးတွင် ပျော့ခွေပြီး မြေပေါ်သို့ လဲကျသွားတော့သည်။
ဓားသမား၏ ခန္ဓာကိုယ်တွင် အမြဲတမ်း ပူးကပ်နေသော စက္ကူရုပ် စာပေသမားသည် နောက်ဆုံးတွင် ပူပြင်း လောင်ကျွမ်းနေသော သွေးနီရောင်စွမ်းအား၏ ပြင်းထန်သော ဒဏ်ရာကို မခံနိုင်တော့ဘဲ သွေးနီရောင် စွမ်းအားများ ပါဝင်သော လက်သီးချက်ကြောင့် လူ၏ ခန္ဓာကိုယ်တွင်းမှ အရှိန်ဖြင့် လွင့်စင်ထွက်လာခဲ့၏။
“အား...”
စက္ကူရုပ် စာပေသမားသည် နာကျင်စွာ အော်ဟစ်လိုက်၏။ အသံမှာ စူးရှပြီး အက်ကွဲနေကာ စုတ်ပြဲနေသော အဝတ်စများ ပွတ်တိုက်သံနှင့် တူနေသည်။
သူ ထွက်ပြေးချင်နေသည်။ သူ လူအုပ်ထဲသို့ ထွက်ပြေးပြီး နောက်ထပ် ပူးကပ်ချင်နေ၏။
သို့ပေမည့် ကျင်းအန်းသည် ဤအဆင့်ကို စောစောတည်းက ကြိုတင် တွက်ဆထားပြီး ဖြစ်သည်။
စက္ကူရုပ် စာပေသမားသည် သွေးနီရောင်စွမ်းအားများ ပါဝင်နေသော ဖြူဖွေးသည့် ဓားသွားဖြင့် အနီးကပ် ပြင်းထန်စွာ ခုတ်ပိုင်းခံလိုက်ရပြီး ကျင်းအန်း၏ လက်မောင်းမှ ပေါက်ကွဲအားကြောင့် ပြင်းထန်စွာ လွင့်စင်သွားတော့၏။
ရင်ဘတ်တွင် ဓားဖြင့် ခုတ်ပိုင်းခံလိုက်ရသော နေရာ၌ ရှည်လျားပြီး မီးလောင်ကျွမ်းကာ မည်းနက်နေသော ဒဏ်ရာကြီး ကျန်ရစ်ခဲ့ပြီး ကလေးလက်မောင်း အရွယ်ခန့်ရှိသော အက်ကွဲကြောင်းကြီးတစ်ခု ဖြစ်ပေါ်လာသည်။
ဒဏ်ရာအတွင်းပိုင်းတွင် ခန္ဓာကိုယ်မှာ အခေါင်းပေါက် ဖြစ်နေပြီး လူသားများကဲ့သို့ ကလီစာများ မရှိချေ။
“ရွှစ်… ရွှစ်… ရွှစ်…”
စက္ကူရုပ် စာပေသမားသည် လူအုပ်ထဲသို့ ဝင်ရောက် ပူးကပ်ရန် အကြိမ်ကြိမ် ကြိုးစား၏။ သို့သော်လည်း အကြိမ်တိုင်းတွင် ကျင်းအန်း၏ လက်ထဲရှိ အေးစက်စူးရှသော ဓားရှည်ဖြင့် ပြင်းထန်စွာ ခုတ်ပိုင်းခံရပြီး လွှင့်စင်သွားရသည်။
ကိုယ်ပေါ်ရှိ မည်းနက်ပြီး မီးလောင်ကျွမ်းနေသော ဒဏ်ရာအက်ကွဲကြောင်းများမှာ ပိုမို များပြားလာသည်။ ဒဏ်ရာမှာလည်း ပိုမို ဆိုးရွားလာ၏။
လူအုပ်ကြီးထဲရှိ လူတိုင်းသည် ကျောချမ်းသွားပြီး ဦးရေပြားများ အေးစက်လာကာ ကြောက်လန့်တကြားဖြင့် မျက်နှာများ ဖြူရော်နေကြသည်။
အဘယ်ကြောင့်ဆိုသော် သူတို့ မြင်တွေ့လိုက်ရသည်မှာ ကျင်းအန်းသည် လက်နက်ကို ကိုင်ဆောင်ကာ ဓားသမားကို ပြင်းထန်စွာ ဒဏ်ရာရစေပြီးနောက် လေဟာနယ်ကို ပြင်းထန်စွာ ခုတ်ပိုင်းနေခြင်းကြောင့်ပင်။
ထိုနေရာတွင် ဟာလာဟင်းလင်းဖြစ်နေပြီး ဘာမှ မရှိသော်လည်း ကျင်းအန်းသည် ရန်သူကြီးနှင့် ရင်ဆိုင်နေရ သကဲ့သို့ ဘာမှမရှိသော လေဟာနယ်ကို တိုက်ခိုက်နေခြင်း ဖြစ်သည်။
“ရူးနေတဲ့လူ… ရူးနေတဲ့လူပဲ။”
“ဒီလူက သေချာပေါက် ရူးသွပ်ပြီး လူသတ်နေတာပဲ။ ပြေးကြ... အစိုးရရုံးကို မြန်မြန် သွားတိုင်ကြစမ်း။”
လူများမှာ ကြောက်လန့်တကြား အော်ဟစ်ကာ အရပ်လေးမျက်နှာသို့ ထွက်ပြေးသွားကြ၏။
နောက်ထပ် ဓားစာခံဖြစ်သွားပြီး မသေချာမရေရာဘဲ သေဆုံးသွားမည်ကို စိုးရိမ်နေကြသည်။
လူအုပ်ထဲတွင် မျက်နှာအမူအရာ အရှုပ်ထွေးဆုံး လူကို ပြောရမည်ဆိုလျှင် ကျန်းလင်ယွင်ပင် ဖြစ်၏။
ထိုအမူအရာမှာ ဝမ်းသာပျော်ရွှင်မှု တစ်ခု ဖြစ်သည်။
ကျယ်ဝန်းလှသော လောကကြီးထဲတွင် နောက်ဆုံး၌ သူမနှင့် တူညီသော လူတစ်ယောက်ကို ရှာတွေ့သွားပြီ ဖြစ်၏။
ဤအချိန်တွင် ကျန်းလင်ယွင်သည် ပုံမှန်အချိန်များကဲ့သို့ တည်ငြိမ်ပြီး အေးတိအေးစက် နေနိုင်စွမ်း မရှိတော့ချေ။ ထိုအစား မျက်လုံးများက ပိုမို တောက်ပလာခဲ့သည်။
ကျန်းလင်ယွင်၏ အမြင်တွင် ပြင်းထန်စွာ ဒဏ်ရာရနေသော စက္ကူရုပ် စာပေသမားသည် လှုပ်ရှားမှုများ ပိုမို နှေးကွေးလာပြီး နောက်ဆုံးတွင် ကျင်းအန်းက အားနည်းချက်ကို ရှာတွေ့သွားကာ ခြေထောက်တစ်ဖက်ကို ဓားဖြင့် ခုတ်ဖြတ်လိုက်၏။
စက္ကူရုပ် စာပေသမား၏ ခန္ဓာကိုယ်မှာ ချက်ချင်း ဟန်ချက်ပျက်ကာ မြေပေါ်သို့ လဲကျသွားသည်။
ထို့နောက် ကျင်းအန်း၏ လက်ထဲရှိ ဓားရှည်ဖြင့် မြေကြီးပေါ်တွင် တင်းကျပ်စွာ စိုက်ထားခြင်း ခံလိုက်ရပြီး စက္ကူရုပ် ခန္ဓာကိုယ်မှာ ရုတ်တရက် မီးမပါဘဲ အလိုအလျောက် လောင်ကျွမ်းလာတော့၏။
“အား... အား... အား... အား... အား...”
“ဝုန်း…”
စက္ကူရုပ် စာပေသမားမှာ ပြာကျသွားပြီး ပြာများ မြေပေါ်သို့ ကျသွားသည်။
“ဘုတ်…”
ကျင်းအန်းသည် ဓားကို ထောက်ကာ ဒူးတစ်ဖက် ထောက်လျက် အသက်ကို ပြင်းပြင်းရှူနေရပြီး အသက်နှင့် သေခြင်း တိုက်ပွဲအပြီးတွင် ခန္ဓာကိုယ်မှာ ကြောက်လန့်မှုကြောင့် တုန်ယင်နေ၏။
သို့ပေမည့် နောက်တစ်စက္ကန့်တွင် တာအိုလမ်းစဉ်၏ အာရုံခံစားမှုမျိုးက ရင်ထဲတွင် နောက်တစ်ကြိမ် ပြန်လည် ပေါ်ပေါက်လာပြန်သည်။
ကုသိုလ်ကံ ကျရောက်လာခြင်းပင်။
………..