← Chapters

အခန်း ၃၄

Vol. 4 Ch. 34

အခန်း ၃၄

Vol. 4 Ch. 34

အပိုင်း (၃၄) သခင်လေးကျင်းအန်းက ဘယ်ဆရာ့ဆီကနေ ပညာသင်ခဲ့တာလဲဆိုတာ မမေးရသေးဘူး

ကျန်းလင်ယွင်က ပြောလိုက်သည်။ “အဒေါ်လေး... တည်းခိုခန်းက အလုပ်သမားကို လွှတ်ပြီး ဒဏ်ရာရသူကို ကုသဖို့ ဆေးဆရာ သွားခေါ်ခိုင်းလိုက်ပါ။

သခင်လေးကျင်းအန်းက အားကို ထိန်းချုပ်ပြီး သုံးတတ်ပါတယ်။ အဲဒီဓားသမားက ပြင်းထန်တဲ့ ဒဏ်ရာရပြီး သတိလစ်နေပေမဲ့ ကံကောင်းစွာနဲ့ အသက်အန္တရာယ်တော့ မရှိပါဘူး။

ဒါပေမဲ့ ဒဏ်ရာရသူကို ရွှေ့ပြောင်းတဲ့အခါ ကျိုးနေတဲ့ အရွတ်နဲ့ အရိုးတွေကို ထိခိုက်မိပြီး ထပ်မံ ဒဏ်ရာရမှာကို ရှောင်ရှားနိုင်ဖို့ ယွင်အာ အကြံပြုချင်တာကတော့ ဆေးဆရာ မရောက်လာခင် အခြားသူတွေကို ဓားသမားအနား ကပ်ပြီး မကိုင်တွယ်ခိုင်းတာ အကောင်းဆုံးပါပဲ။”

ဤအချိန်တွင် သိုင်းလောကမှ သမီးမိန်းကလေး တစ်ဦး၏ အားသာချက်များ ပေါ်လွင်လာတော့၏။

ကျန်းလင်ယွင် သည် သိုင်းပညာ လေ့ကျင့်သူ တစ်ဦး ဖြစ်၏။ ထို့ကြောင့် ဒဏ်ရာများနှင့် ခန္ဓာကိုယ်အကြောင်း နားလည်မှုမှာ သာမန်လူများထက် အများကြီး သာလွန်သည်။

ပိုင်ရှင်ကျန်း ဟူသော ဆွဲဆောင်မှု ရှိလှသည့် အမျိုးသမီးကြီးသည် လူမသေသေးကြောင်း ကြားလိုက် ရချိန်မှာတော့ အချိန်တိုအတွင်းမှာပင် လျင်မြန်စွာ ပြန်လည် တည်ငြိမ်သွားပြီးနောက် ဆိုင်မှ အလုပ်သမားများကို ဆေးဆရာ သွားခေါ်ရန် အမိန့်ပေးလိုက်၏။

ယခုအချိန်သည် ညဉ့်နက်သန်းခေါင်ယံ ညမထွက်ရအချိန် ဖြစ်သော်လည်း အသုဘကိစ္စများ၊ ဖျားနာမှုများ ကဲ့သို့သော အထူးအခြေအနေများတွင် အစိုးရရုံးမှ လူသားချင်းစာနာမှုဖြင့် တရားဥပဒေကို ကျင့်သုံးမှာဖြစ်ပြီး အပြစ်ပေးမည် မဟုတ်ချေ။

“အဒေါ်လေး... တုံတုံလည်း ကြည့်ချင်တယ်။ အဒေါ်လေးနဲ့ အစ်မကြီးတို့ အရသာရှိတာတွေ ခိုးစားနေတာ သေချာတယ်။ တုံတုံ မကြည့်ရအောင် တုံတုံ့ မျက်လုံးတွေကို တမင် လာပိတ်ထားတာ မဟုတ်လား။”

ပိုင်ရှင်ကျန်း၏ ရင်ခွင်ထဲတွင် ပွေ့ချီထားခြင်း ခံရသော မိန်းကလေးငယ်သည် ခေါင်းကို ဟိုဒီရမ်းကာ ချစ်စရာကောင်းသော ခေါင်းလုံးလုံးလေးကို မော့ရန် အပြင်းအထန် ကြိုးစားနေ၏။ အရသာရှိသည့် အစားအစာများကို ရှာဖွေရန် အော်ဟစ်နေသည်။

ပိုင်ရှင်ကျန်းက ဒေါသထွက်ကာ တုံတုံ့ တင်ပါးကို တစ်ချက် ရိုက်လိုက်၏။ “စားဖို့ပဲ သိတယ်... စားဖို့ပဲ သိတယ်။ အစားကြူးတဲ့ ကြောင်မလေး။”

ရင်ခွင်ထဲမှ မိန်းကလေးငယ် ငြိမ်ကျသွားပြီးနောက် အမျိုးသမီးကြီး ပိုင်ရှင်ကျန်း၏ မျက်လုံးများတွင် စိုးရိမ်မှုများ ပေါ်လာကာ မေးလိုက်သည်။ “ယွင်အာ... သခင်လေးကျင်းအန်းက ခဏနေ ထပ်ပြီး ရူးသွပ်လာရင်ရော သမီး သူ့ကို ထိန်းနိုင်ပါ့မလား။

အသက်အန္တရာယ်က အရေးကြီးဆုံးပဲ။ သမီး အဒေါ်လေးနဲ့အတူ ခပ်ဝေးဝေးကို အရင် ဆုတ်သွားတာ ပိုကောင်းမယ်။ သခင်လေးကျင်းအန်းက ရုတ်တရက် ထပြီး လူကို အန္တရာယ်ပြုမှာ စိုးရိမ်လို့ပါ။”

သို့ပေမည့် ဓားကိုင်ထားသော အေးတိအေးစက် ပုံစံဖြင့် ကျန်းလင်ယွင်က လှပသော ခေါင်းလေးကို ယမ်းကာ ပြောလိုက်၏။ “အဒေါ်လေး... ကိစ္စမရှိပါဘူး။ သခင်လေးကျင်းအန်းက အကြောင်းမဲ့သက်သက် လူသတ်တတ်တဲ့ လူဆိုးမျိုး မဟုတ်ဘူး ဆိုတာကို ကျွန်မတို့ ယုံကြည်သင့်တယ်။

ဒီမှာ ကိစ္စတွေ အများကြီး ဖြစ်ခဲ့တာဆိုတော့ ခဏနေ သခင်လေးကျင်းအန်းက အကြောင်းရင်းကို ကျွန်မတို့ကို ပွင့်ပွင့်လင်းလင်း ရှင်းပြပါလိမ့်မယ်။”

ကျင်းအန်းသည် ပိုင်ရှင်ကျန်း အတွက်တော့ အပြင်လူတစ်ယောက်သာ ဖြစ်၏။ ထို့ကြောင့် သတိထားသည့်စိတ်က သဘာဝကျကျ ကြီးမားလို့နေသည်။

ပိုင်ရှင်ကျန်းက ပြောလိုက်၏။ “အဲဒီလို ဖြစ်ပါစေလို့ပဲ ဆုတောင်းရမှာပေါ့။ တကယ်တော့ သခင်လေး ကျင်းအန်းက မကြာသေးခင်က ချန်ခရိုင်မှာ ပြုမူနေထိုင်ခဲ့တာတွေကို ကြည့်ရင် သခင်လေးကျင်းအန်းရဲ့ စရိုက်လက္ခဏာက လူဆိုးလူမိုက် လူသတ်သမားမျိုး မဟုတ်ဘူးဆိုတာကို အဒေါ်လေးလည်း ယုံကြည်ချင်ပါတယ်။”

.........

ကျန်းလင်ယွင် ပြောခဲ့သကဲ့သို့ပင် ကြီးမားသော တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့ပြီး ကျင်းအန်းက တည်းခိုခန်းမှ ဧည့်သည်ကို ပြင်းထန်စွာ ဒဏ်ရာရစေခဲ့သည့်အပြင် အခန်းထဲတွင် အလောင်းတစ်လောင်းပါ ရှိနေသောကြောင့် ကျင်းအန်းသည် ဤကိစ္စအတွက် သေချာပေါက် ရှင်းပြရမှာ ဖြစ်သည်။

ကျင်းအန်း၏ သီးသန့် အိမ်ရာဝင်းထဲရှိ အခန်းထဲတွင်…

အမျိုးသားတစ်ဦးနှင့် အမျိုးသမီးနှစ်ဦးတို့ သုံးဦးသား စက်ဝိုင်းပုံစံ ထိုင်ကာ ကျင်းအန်းက ဖယောင်းတိုင် မီးရောင်အောက်တွင် ညဉ့်နက်သည်အထိ အပြန်အလှန် စကားပြောဆိုမှုများကို စတင်လိုက်၏။

“ကျုပ်က ဘေးအိမ်ကနေ အော်သံကြားလို့ လူသွားကယ်ဖို့ ပြေးသွားတာ။ အဲဒီမှာ ဘေးအိမ်က ဓားသမားက မသန့်ရှင်းတဲ့အရာရဲ့ ပူးကပ်တာကို ခံရပြီး အိပ်ပျော်နေတုန်း သူ့ရဲ့ အမျိုးသမီး အဖော်ကို သတ်ပစ် လိုက်တာကို တွေ့လိုက်ရတယ်။ အဲဒီနောက်တော့ ကျုပ်တို့ကြားမှာ တိုက်ခိုက်တဲ့ မြင်ကွင်းတွေ ဖြစ်လာတာပဲ...”

ကျင်းအန်း၏ စကားကို ကြားပြီးနောက် အလွန်ကောင်းမွန်စွာ ထိန်းသိမ်းထားသော သိုးဆီမီးခွက်ကဲ့သို့ ချောမွေ့သည့် ပိုင်ရှင်ကျန်း၏ မျက်နှာမှာ ကြောက်လန့်မှုကြောင့် အနည်းငယ် ဖြူရော်သွားသည်။

သို့ပေမည့် ကျင်းအန်းသည် ကျန်းလင်ယွင်ကို ကြည့်လိုက်၏။ ယနေ့ည ကျန်းလင်ယွင်၏ အမူအရာမှာ အနည်းငယ် ပုံမှန်မဟုတ်ကြောင်း သူ ခံစားလိုက်ရသည်။ သူမထံတွင် ကြောက်ရွံ့မှုနှင့် ထိတ်လန့်မှုများကို လုံးဝ မတွေ့ရချေ။

အမြဲတမ်း အေးတိအေးစက် နေတတ်သော ကျန်းလင်ယွင် သည် ယနေ့ညတွင် သူမ၏ ကြည်လင်သော မျက်လုံးများမှာ အထူးတလည် တောက်ပနေပြီး သူ့ကို အမြဲတမ်း စိုက်ကြည့်နေ၏။ ထိုအကြည့်က သူ့ကို အနည်းငယ် ကြက်သီးမွေးညင်း ထသွားစေသည်။

စက္ကူရုပ် စာပေသမား၏ ဖြူရော်နေသော မျက်နှာပေါ်တွင် ရေးဆွဲထားသည့် အပေါ်ယံသာ ပြုံးနေသော အတုအယောင် အပြုံးထက်ပင် သူ့ကို ပို၍ မသက်မသာ ဖြစ်စေ၏။

‘သခင်မလေးလင်ယွင်ရဲ့ ဒီည အမူအရာက အရမ်းကို ပုံမှန် မဟုတ်ဘူး။ မသန့်ရှင်းတဲ့ အရာတွေရဲ့ ပူးကပ်တာကိုများ ခံလိုက်ရတာလား။ ဖြစ်နိုင်ချေ များတယ်။ စကားပုံတောင် ရှိတယ်မလား။ ရက်စက်တဲ့ ကျားက နောက်လှည့်ကြည့်ရင် ကျေးဇူးဆပ်ဖို့ မဟုတ်ရင် ရန်ငြိုးဖွဲ့ဖို့ပဲတဲ့။ သခင်မလေး လင်ယွင်ကို ဓားနဲ့ တစ်ချက်လောက် ခုတ်ကြည့်ရမလား။’

စားပွဲအောက်တွင် ဖုံးကွယ်ထားသော ကျင်းအန်း၏ လက်ဝါးမှာ လှုပ်ရှားချင်နေပြီး ဘေးရှိ ဓားဆီသို့ အကြိမ် အနည်းငယ် တိတ်တဆိတ် လှမ်းသွားခဲ့သည်။

ကျင်းအန်းသည် အဒေါ်နှင့် တူမ နှစ်ဦးကို အပြန်အလှန် စကားပြောဆိုပြီးသွားချိန်မှာတွင် တည်းခိုခန်း အလုပ်သမား တစ်ဦးက အိမ်ရာဝင်း တံခါးအပြင်ဘက်မှနေ၍ သတင်းပို့လိုက်၏။ “ပိုင်ရှင်ကျန်း... အစိုးရရုံးက လူတွေ ရောက်လာပြီ။

ဒီည အစိုးရရုံးမှာ တာဝန်ကျတာက အစိုးရရုံးရဲ့ အရာရှိကြီး သုံးယောက်ထဲက တစ်ယောက်ဖြစ်တဲ့ အရာရှိဖုန်းပါ။ အရာရှိဖုန်းက အခု ဘေးအိမ်ရာဝင်းထဲမှာ အလောင်းကို စစ်ဆေးနေတယ်။ သခင်လေး ကျင်းအန်းကို မေးခွန်းတချို့ မေးချင်တယ်တဲ့။”

ပိုင်ရှင်ကျန်းက ပြန်ပြောလိုက်သည်။ “ကောင်းပြီ။ သခင်လေးကို ချက်ချင်း ခေါ်သွားလိုက်မယ်။”

“ပိုင်ရှင်ကျန်း... အရာရှိဖုန်းက ဆက်ဆံရ ခက်တဲ့လူလား။” ပိုင်ရှင်ကျန်း၏ မျက်နှာအမူအရာ တင်းမာ နေသည်ကို မြင်ချိန်မှာတော့ ကျင်းအန်းက မေးလိုက်၏။

“အရာရှိဖုန်းက ဆက်ဆံရခက်တဲ့လူတော့ မဟုတ်ပါဘူး။”

ပိုင်ရှင်ကျန်းက ရှင်းပြလိုက်သည်။ “ချန်ခရိုင်မှာ အရာရှိကြီး သုံးယောက် ရှိတယ်။ ဖုန်းရှိုး၊ ကျန့်ယွမ်ဟူ နဲ့ ကျောက်ရန်ဖျင် သုံးယောက်ပေါ့။ အဲဒီအထဲမှာ ဖုန်းရှိုးရဲ့ စွမ်းရည်က အမြင့်ဆုံးပဲ။ အရာရှိကြီး သုံးယောက်ထဲမှာ နံပါတ်တစ် သိုင်းသမားဖြစ်ပြီး ချန်ခရိုင်ရဲ့ အလင်းလောက၊ အမှောင်လောက နှစ်ခုလုံးမှာ နာမည်ကြီးတဲ့ သိုင်းသမားပဲ။

ဒီည တာဝန်ကျတဲ့ အရာရှိက အရာရှိဖုန်း ဖြစ်နေလိမ့်မယ်လို့ မထင်ထားဘူး။ ကျွန်မက ရှင် ဒီအရာရှိကြီး သုံးယောက်ထဲက နံပါတ်တစ် သိုင်းသမားရဲ့ လက်ထဲ ရောက်သွားရင် အနိုင်ကျင့်ခံရမှာကို စိုးရိမ်လို့ပါ။”

ဤနေရာသို့ ရောက်ချိန်မှာတော့ ပိုင်ရှင်ကျန်း၏ မျက်နှာအမူအရာမှာ အနည်းငယ် လျော့ကျသွား၏။ “ဒါပေမဲ့ ရှင် ဘာပြစ်မှုမှ မကျူးလွန်ထားဘူးဆိုရင်တော့ အရာရှိဖုန်းက ရှင့်ကို တမင်သက်သက် အခက်တွေ့အောင် လုပ်မှာကို စိုးရိမ်စရာ မလိုပါဘူး။ အရာရှိဖုန်းက ကျွန်မတို့ ချန်ခရိုင် ပြည်သူတွေကြားမှာတော့ ဖြောင့်မတ်တည်ကြည်ပြီး ရှားပါးတဲ့ အရာရှိကောင်း တစ်ယောက်ပါ။”

“သခင်လေးကျင်းအန်း စိတ်ချပါ။ ကျွန်မ အဖေက တရားသူကြီးကျန်းပါ။” အမြဲတမ်း စကားမပြောဘဲနေသော ကျန်းလင်ယွင်က ရုတ်တရက် ဝင်ရောက်လာပြီး ကျင်းအန်းကို နှစ်သိမ့်စကား ပြောလိုက်သည်။

သို့ပေမည့် အဒေါ်ဖြစ်သော ပိုင်ရှင်ကျန်း ကမူ သူမ၏ နောက်ရှိ လူငယ်နှစ်ဦးကို မမြင်ချင်ယောင် ဆောင်နေခဲ့၏။

ထို့နောက် ပိုင်ရှင်ကျန်း၏ လမ်းပြမှုဖြင့် ကျင်းအန်းသည် ချန်ခရိုင် အရာရှိကြီး သုံးယောက်ထဲတွင် နံပါတ်တစ် သိုင်းသမားဖြစ်သော အရာရှိဖုန်းနှင့် တွေ့ဆုံခဲ့သည်။

အရာရှိဖုန်းသည် သာမန်ရုပ်ရည်ရှိသော လူလတ်ပိုင်း အမျိုးသား တစ်ဦးဖြစ်ပြီး မျက်နှာမှာ အနည်းငယ် ဝကစ်ကစ် ဖြစ်နေသည်။ သူ၏ မျက်နှာပေါ်တွင် အမြဲတမ်း အပြုံးတစ်ခု ချိတ်ဆွဲထား၏။

အရာရှိဖုန်းသည် ရောက်ရောက်ချင်း အမှုကိစ္စကို ချက်ချင်း မမေးမြန်းသေးဘဲ အရင်ဆုံး ကျင်းအန်းကို လက်ယှက်ကာ အရိုအသေပေးလိုက်ပြီး ပြုံးရွှင်စွာဖြင့် ပြောလိုက်သည်။ “သခင်လေးကျင်းအန်းရဲ့ နာမည်က မကြာသေးခင် ရက်ပိုင်းအတွင်းမှာ အရမ်း နာမည်ကြီးနေတာ ကြားဖူးပေမဲ့ တစ်ခါမှ မဆုံဖူးဘူး။ ဒီနေ့ တွေ့လိုက်ရတော့ သခင်လေးကျင်းအန်းက ဓားသမား တစ်ယောက် ဖြစ်နေတာကိုး။

သခင်လေးကျင်းအန်းက တကယ်ကို အရည်အချင်းတွေကို ဖုံးကွယ်ထားတာပဲ။ ကျုပ်ကို အံ့အားသင့် သွားစေတယ်။”

ကျင်းအန်းသည် မျက်စိရှေ့ရှိ အရာရှိဖုန်း၏ အပြောအဆိုများကို ခဏတာမျှ နားမလည်နိုင်အောင် ဖြစ်သွား၏။

ထို့ကြောင့် ကျင်းအန်းက စဉ်းစားလိုက်ပြီး အရာရှိဖုန်းကို သေချာ ကြည့်ကာ မေးလိုက်သည်။ “အရာရှိဖုန်းရဲ့ အံ့အားသင့်မှုက ဘယ်လောက်တောင် ကြီးမားလို့လဲ။”

အရာရှိဖုန်း မှာ ဆွံ့အသွားတော့၏။ “...”

“ဟား ဟား... သခင်လေးကျင်းအန်းက တကယ်ကို စိတ်ဝင်စားစရာကောင်းတဲ့ လူပဲ။ ဟား... ဟား... ဟား...” အရာရှိဖုန်းမှာ စကားဆက်ပြောရန် အခက်တွေ့သွားပြီး အရှက်ပြေ သုံးကြိမ်မျှ ရယ်မောလိုက်၏။

‘သရဲတစ္ဆေကို တွေ့လိုက်ရလို့ အံ့အားသင့်သွားတာ ဘယ်လောက် ကြီးမားလဲတဲ့။ ဒါက အကြီးအသေး ပြဿနာလား။’

“သခင်လေးကျင်းအန်း ရောက်မလာခင်မှာ ကျုပ်က ဒီအိမ်ရာဝင်းထဲက တိုက်ခိုက်ထားတဲ့ အရာတွေနဲ့ အဲဒီဓားသမား ကိုယ်ပေါ်က ဒဏ်ရာတွေကို စစ်ဆေးကြည့်ပြီးပြီ။ သခင်လေးကျင်းအန်းရဲ့ ဓားပညာက အမြင့်ဆုံး အဆင့်ကို ရောက်နေပြီလို့ ပြောလို့ရတယ်။ ကျုပ်တောင်မှ မမီဘူးလို့ ဝန်ခံရပါမယ်။”

အရာရှိဖုန်းက ပြောလိုက်သည်။ “သခင်လေးကျင်းအန်းက တကယ်ကို လူငယ်သူရဲကောင်းပဲ။ ဒီလောက် ငယ်ငယ်ရွယ်ရွယ်နဲ့ ဓားပညာကို ဒီလောက် အဆင့်မြင့်တဲ့အထိ လေ့ကျင့်ထားနိုင်တာ၊ ဒီအချက်ကတော့ ကျုပ်တို့ အရာရှိကြီး သုံးယောက်ထဲက အရာရှိ ကျန့်ယွမ်ဟူနဲ့ တော်တော် တူတယ်။

အရာရှိကျန့်က ဓားသုံးတာကို ကျွမ်းကျင်ပြီး ဓားကို ရူးသွပ်တဲ့သူလေ။ ကျုပ်အထင်တော့ သခင်လေး ကျင်းအန်းနဲ့ အရာရှိကျန့်တို့ ဓားပညာနဲ့ ပတ်သက်ပြီး ဆွေးနွေးကြရင် သေချာပေါက် ချက်ချင်း ရင်းနှီးသွားကြလိမ့်မယ်။

ဟား ဟား ဟား... ပြောနေရင်းနဲ့ ကျုပ်တောင်မှ သခင်လေးကျင်းအန်းနဲ့ အရာရှိကျန့်တို့ နှစ်ယောက်ထဲက ဘယ်သူက ချန်ခရိုင်ရဲ့ နံပါတ်တစ် ဓားပညာရှင် ဖြစ်မလဲဆိုတာကို သိချင်စိတ် ပေါ်နေပြီ။ ဒါနဲ့ သခင်လေး ကျင်းအန်းက ဘယ်ဆရာ့ဆီကနေ ပညာသင်ခဲ့တာလဲ။ ဘယ်သိုင်းလောက ဆရာကြီးရဲ့ နာမည်ကြီး ဓားသိုင်းကို လေ့ကျင့်ထားတာလဲ ဆိုတာ မမေးရသေးဘူး။”

အရာရှိဖုန်း က ကျင်းအန်းကို စမ်းသပ် မေးမြန်းလိုက်၏။

ကျင်းအန်းက မဖုံးကွယ်ထားပေ။ “သွေးဓားကျမ်း…”

အရာရှိဖုန်း၏ မျက်မှောင်များ ကြုတ်သွား၏။ “သခင်လေးကျင်းအန်းရဲ့ သွေးဓားကျမ်းက သိုင်းလောကမှာ ငွေပန်းပွင့် သခင်လေးလို့ နာမည်ကြီးတဲ့ မိန်းမဖျက်သားကောင် ငွေပန်းပွင့် သခင်လေးရဲ့ နာမည်ကြီး သိုင်းပညာ သွေးဓားကျမ်းလား။”

ကျင်းအန်းမှာ ဆွံ့အသွားတော့သည်။ “...”

ထို့နောက် ဖြေလိုက်၏။ “ဟုတ်ပါတယ်။”

အရာရှိဖုန်း မှာ အံ့အားသင့်သွား၏။ “…”

အရာရှိဖုန်း၏ မျက်နှာမှာ လေးနက်သွားသည်။ “သခင်လေးကျင်းအန်းနဲ့ ငွေပန်းပွင့် သခင်လေးက ဘာပတ်သက်မှု ရှိလို့လဲ။ ညီအစ်ကိုတွေလား။”

…………….

All Chapters