← Chapters

အခန်း ၃၈

Vol. 4 Ch. 38

အခန်း ၃၈

Vol. 4 Ch. 38

အပိုင်း (၃၈) တမလွန်စစ်သည်တော်များ လမ်းဖြတ်လျှောက်ခြင်း

ကျင်းအန်း၏ ခန့်မှန်းချက်ကို ကြားချိန်မှာတော့ ...

အရာရှိဖုန်းသည် ပန်းချီဆွဲထားသော ကြွေအရက်ခွက်ကို ကိုင်ကာ နောက်တစ်ကြိမ် တိတ်ဆိတ်သွားပြန်၏။ သူ ငြင်းဆန်ခြင်း မရှိခဲ့ချေ။ သို့သော်ငြား ကျင်းအန်း၏ ခန့်မှန်းချက်ကို တိုက်ရိုက် ဝန်ခံခြင်းလည်း မရှိခဲ့ပေ။

ဤအချက်နှင့် ပတ်သက်၍ ကျင်းအန်းသည် မခံနိုင်တော့ဘဲ ဝေဖန်ချင်လာတော့သည်။ လူကြီးလူကောင်းများ အချင်းချင်း ပေါင်းသင်းဆက်ဆံရာတွင် ရိုးသားပွင့်လင်းသင့်သည် မဟုတ်ပါလား။

‘တစ်ဖက်က သူ့ကိုရော တာအိုဆရာအိုကြီးကိုပါ အမှုစုံစမ်းရာမှာ ပါဝင်စေချင်ပြီး တစ်ဖက်ကလည်း တွန့်ဆုတ်တွန့်ဆုတ်နဲ့ ဖုံးကွယ်ထားချင်သေးတယ်။ ဒါက လမ်းကို ကျဉ်းသွားအောင် လုပ်လိုက်တာပဲလေ။ လင်းထိန်နေတဲ့ လမ်းမကြီးကို မလျှောက်ဘဲ ကွေ့ကောက်နေတဲ့ လမ်းကျဉ်းလေး၊ ကြမ်းတမ်းတဲ့ တောင်လမ်း၊ သဘောထားသေးသိမ်တဲ့ လမ်းကို တမင် ရွေးလျှောက်နေတာပဲ။’

“အရာရှိဖုန်း ဘာတွေ စိုးရိမ်နေလို့လဲ။” တာအိုဆရာအိုကြီးသည် ကျုပ်က ခင်ဗျားရဲ့ စိတ်ကို သိနေတယ်၊ ကျုပ်က လောကီနဲ့ မသက်ဆိုင်တဲ့ ဆရာကြီးပဲ ဆိုသည့် လေသံနှင့် လျှို့ဝှက်ဆန်းကြယ်စွာ မေးလိုက်၏။

သို့သော်ငြား ပါးစပ်တစ်ဝိုက်တွင် ဆီများ ပေကျံနေပြီး တာအိုဝတ်ရုံတွင်လည်း ဆီကွက်များစွာ ပေကျံနေသော တာအိုဆရာအိုကြီးကို ကြည့်ရသည်မှာ လောကီနှင့် မသက်ဆိုင်သော ဆရာကြီး၊ နတ်များကဲ့သို့ ကျက်သရေ ရှိသော အသွင်အပြင်နှင့် လုံးဝ (လုံးဝ) မသက်ဆိုင်လှချေ။

“ကိစ္စကို သေချာ မစုံစမ်းရသေးခင်မှာ လုပ်ဖော်ကိုင်ဖက်တွေကြား အထင်အမြင်လွဲမှားမှု မဖြစ်အောင် ကျုပ်က အလောတကြီး ဆုံးဖြတ်ချက် မချချင်လို့ပါ။ မကြာခင် ချင်းမင်ပွဲတော် ရောက်တော့မယ်။ အဲအချိန်ရောက်ရင် ချန်ခရိုင် စာပေနှင့်သိုင်းပညာကျောင်းဆောင်မှာ မီးပုံးတွေ ကြိုတင် ပြင်ဆင်ပြီး အစိုးရရုံးက ညီအစ်ကိုတွေကို လုံခြုံရေး တာဝန်ယူဖို့ ကြိုတင် စီစဉ်ရလိမ့်မယ်။

အဲဒီအချိန်ကျရင် ကျုပ်က အရာရှိကျန့် ရှောင်ထွက်သွားနိုင်အောင် အခွင့်အရေးရှာပြီး တရားသူကြီးကျန်းကို အရာရှိကျန့် အနေနဲ့ စာပေနှင့်သိုင်းပညာ ကျောင်းဆောင်ဘက်မှာ လုံခြုံရေး တာဝန်ယူဖို့ တာဝန်ပေးခိုင်း လိုက်မယ်။

အဲဒီအချိန်ကျရင် ခင်ဗျားတို့ နှစ်ယောက်ကို ကျုပ်နဲ့အတူ ခရိုင်ထောင်ကို သွားပြီး လီတာရှန်းရဲ့ တကယ့် သေဆုံးရတဲ့ အကြောင်းရင်းကို စုံစမ်းဖို့ အကူအညီ တောင်းချင်ပါတယ်။”

အရာရှိဖုန်းသည် အလွန် ရိုးသားစွာ ပြောကြားခဲ့၏။

ဤသည်မှာ နိုင်ငံသားကောင်း သုံးဦးက လူသတ်မှု ဖြစ်ပွားရာ နေရာသို့ ရဲတပ်ဖွဲ့နှင့်အတူ သက်သေ အထောက်အထားများ သွားရောက် ယူဆောင်ကာ အမှုကူညီစုံစမ်းပေးခြင်း ဖြစ်ပြီး မည်သည့်အန္တရာယ်မှ ရှိမည် မဟုတ်သောကြောင့် ကျင်းအန်းနှင့် တာအိုဆရာအိုကြီးတို့သည် နောက်ဆုံးတွင် သဘောတူလိုက် ကြသည်။

အရာရှိဖုန်းသည် အကြိမ်ကြိမ် ကျေးဇူးတင်စကား ပြောကြားခဲ့၏။

......

စားသောက်ပွဲ ပြီးဆုံးသွားချိန်မှာတော့ ကျင်းအန်းနှင့် တာအိုဆရာအိုကြီးတို့သည် အရင် ထွက်ခွာသွားကြပြီး အရာရှိဖုန်းသည် အခြားသူများ၏ အမြင်ကို ရှောင်ရှားရန် တမင်သက်သက် အချိန်အနည်းငယ် စောင့်ပြီးမှ ထွက်ခွာသွားခဲ့သည်။

သေချာသည်မှာ အရာရှိဖုန်းသည် ကျသင့်ငွေရှင်းရန် ကျန်နေခဲ့သောကြောင့် သူသည် နောက်ဆုံးမှ ထွက်သွားသူ ဖြစ်လာခဲ့ခြင်းပင်။

ဤညနေစာကို အချိန်အတော်ကြာ စားခဲ့ရသည်။ ကျင်းအန်းသည် စားသောက်ဆိုင်သို့ ရှန်နာရီ (ညနေ ၃ နာရီမှ ၅ နာရီ) တွင် ရောက်ရှိလာခဲ့၏။

ထမင်းတစ်နပ် စားရသည်မှာ တစ်နာရီခွဲခန့် ကြာမြင့်သွားပြီး ရွှီနာရီ (ည ၇ နာရီမှ ၉ နာရီ) နေဝင်ချိန်ကို ကျော်လွန်သွားခဲ့ပြီ ဖြစ်သည်။

ဤအချိန်တွင် အပြင်ဘက်ရှိ ကောင်းကင်မှာ မှောင်မိုက်နေပြီဖြစ်ပြီး ညမထွက်ရအချိန် မတိုင်မီ နာရီဝက်သာ လိုတော့၏။

လမ်းမကြီး တစ်လျှောက်တွင် တဖြည်းဖြည်း လင်းထိန်လာသော မီးပုံးများက ကျင်းအန်းနှင့် တာအိုဆရာအိုကြီး၏ ကျောဘက်ရှိ အရိပ်များကို ရှည်လျားစွာ ဆွဲဆန့်ပေးထားသည်။

ကျင်းအန်းသည် တာအိုဆရာအိုကြီး တစ်ယောက်တည်း ညဉ့်နက်မှ ပြန်ရမည်ကို စိတ်မချသောကြောင့် လူလိမ်တာအိုဆရာကို လိုက်ပို့ပေးရန် အဖော်လုပ်ပေးခဲ့၏။

ညမထွက်ရအချိန် နီးကပ်လာပြီဖြစ်သောကြောင့် ကျယ်ဝန်းလှသော ချန်ခရိုင် လမ်းမကြီးပေါ်၌ လူသူ နည်းပါးနေပြီ ဖြစ်သည်။

လမ်းမပေါ်တွင် လူအသွားအလာ နည်းပါးပြီး တိတ်ဆိတ်ခြောက်ကပ်နေကာ ညအမှောင်ထုအောက်ရှိ အဆောက်အအုံများ၏ အကြမ်းဖျင်း ပုံစံများမှာ ညဉ့်နက်လာသည်နှင့်အမျှ ပိုမို မှုန်ဝါးလာ၏။

.......

ကျင်းအန်းက မေးလိုက်သည်။ “လူလိမ်တာအိုဆရာ ... ကျုပ် အမြဲတမ်း မေးချင်နေတဲ့ ကိစ္စတစ်ခု ရှိတယ်။”

တာအိုဆရာကြီးတန်က ပြန်မေးလိုက်၏။ “ဘာလဲ။”

မည်သို့ပင်ဆိုစေကာမူ ငြင်းဆန်၍ မရနိုင်သောကြောင့် အကြိမ်ရေများလာချိန်မှာတော့ တာအိုဆရာအိုကြီး သည် ကျင့်သားရသွားပြီး ကျင်းအန်း၏ စကားလုံးများကို ပြင်ဆင်ပေးရန် ပျင်းရိသွားကာ ကျင်းအန်း သဘောကျသလို လူလိမ်တာအိုဆရာဟု ခေါ်ခွင့်ပေးလိုက်တော့၏။

“လင်းလု အိမ်က အဖြူရောင်အခေါင်းက ပူးကပ်ခံထားရတဲ့ ချန်ဖီရဲ့ အလောင်းဖျက်ဆီးတာကို ခံခဲ့ရပြီး အခေါင်းဖုံး တစ်ဝက်လောက် တွန်းဖွင့်ခံခဲ့ရတယ်။ လူလိမ်တာအိုဆရာ... ခင်ဗျား အဖြူရောင်အခေါင်းထဲမှာ မြှုပ်ထားတဲ့ လူသေကို မြင်ခဲ့ရမှာပေါ့။ အဖြူရောင်အခေါင်းထဲမှာ ဘယ်သူ့ကို မြှုပ်ထားတာလဲ။” ကျင်းအန်းသည် ရင်ထဲတွင် ကြာရှည်စွာ သိမ်းဆည်းထားသော သိချင်စိတ်ကို ထုတ်ဖော်မေးမြန်းလိုက်သည်။

တာအိုဆရာအိုကြီးသည် ဖုံးကွယ်မထားဘဲ ကျင်းအန်း၏ မေးခွန်းကို ပြန်ဖြေလိုက်၏။ “အနီရောင် ဝတ်စုံ ဝတ်ထားတဲ့ မိန်းကလေး တစ်ယောက်ပဲ။”

စကားပြောပြီးနောက် တာအိုဆရာအိုကြီးသည် ပါးစပ်ကို အကြိမ်အနည်းငယ် သပ်လိုက်ပြီး စောစောက စားခဲ့သော ရတနာရှစ်ပါး ကြက်သား၏ မွှေးကြိုင်သော အရသာကို အားပါးတရ ပြန်လည် မြည်းစမ်းနေဆဲ ဖြစ်သည်။

ရတနာရှစ်ပါး ကြက်သား ဆိုသည်မှာ အရင်ဆုံး ကြက်ကို သတ်၊ ဆေးကြောပြီး ကြက်ခြေထောက်များကို ခုတ်ဖြတ်ကာ ကြက်တစ်ကောင်လုံး၏ အရိုးများကို ထုတ်ရသည်။ ထို့နောက် ကောက်ညှင်း၊ မျှစ်ခြောက်、 ခရုခြောက်、 ပုစွန်ခြောက်၊ ကြာစေ့ စသည့် ရတနာရှစ်ပါးကို ကြက်ရင်အုံထဲသို့ ထည့်ကာ နောက်ဆုံးတွင် ကြက်လည်ပင်းကို အထုံးချည်ပြီး အရသာကို ပိတ်လှောင်ထားရ၏။

ကြက်သားမှာ လတ်ဆတ်ပြီး မွှေးကြိုင်ကာ ကြွပ်ရွနေပြီး အသက်ရှူလမ်းကြောင်းကို ကောင်းမွန်စေကာ ခွန်အားဖြည့်ပေးပြီး အစာအိမ်နှင့် သရက်ရွက်ကို နွေးထွေးစေသည့် အကျိုးကျေးဇူးများ ရှိသည်။

နွေဦးရာသီ ကူးပြောင်းချိန်တွင် လူများ အစာအိမ်နှင့် သရက်ရွက် အေးစက်အားနည်းတတ်သည့် ရာသီ၌ ခန္ဓာကိုယ်ကို အားဖြည့်ရန် အသင့်တော်ဆုံး ဖြစ်၏။

ဤသည်မှာ အခြားပြည်နယ်များမှ ဝင်ရောက်လာသော ဟင်းလျာအမျိုးအစားဖြစ်ပြီး ဒေသခံ ဟင်းလျာ မဟုတ်ပေ။ ချန်ခရိုင်တွင် တစ်နပ်စားရန် ဈေးနှုန်းမှာ မသက်သာလှချေ။

ထို့ကြောင့် တာအိုဆရာအိုကြီးက လမ်းတစ်လျှောက်လုံး ဆက်တိုက် ပြန်လည် မြည်းစမ်းနေခြင်းမှာ အံ့သြစရာ မဟုတ်တော့ပေ။

တာအိုဆရာအိုကြီးသည် ရတနာရှစ်ပါး ကြက်သား၏ လတ်ဆတ်မွှေးကြိုင်ပြီး ကြွပ်ရွသော အရသာကို ပြန်လည် မြည်းစမ်းရင်း ဆက်ပြောနေ၏။ “အဲဒီ မိန်းကလေးက တော်တော် လှတယ်။ အသက်က ၁၆ နှစ်ဝန်းကျင်လောက်ပဲ ရှိအုံးမယ် ထင်တယ်။ နှမြောစရာပဲ... ရှေးခေတ်တည်းက လှပတဲ့ မိန်းကလေးတွေက အသက်တိုတတ်ကြတယ်လေ။ ဟူး…”

ထိုစကားကို ကြားချိန်မှာတော့ ကျင်းအန်းသည် ကြောင်အသွားပြီး အံ့အားသင့်သည့် အကြည့်ဖြင့် မေးလိုက်၏။ “အလောင်းကောင် မထလာဘူးလား။ အမွေးတွေ၊ လက်သည်းတွေ၊ အစွယ်တွေ ဘာတွေ မပေါက်လာဘူးလား။ အလောင်း မပုပ်သိုးဘဲ သေနေတဲ့ ငါးတွေ၊ ပင်လယ်စာတွေလို အပုပ်နံ့ မထွက်ဘူးလား။ ဒီလောက် ရက်အကြာကြီး ထားထားတော့ အထဲက အလောင်းက ဖောင်းပွနေတဲ့ အလောင်းကြီး ဖြစ်နေပြီလို့ ကျုပ် ထင်နေတာ ... “

ရလဒ်အနေဖြင့် တာအိုဆရာအိုကြီးက ပြန်ဖြေသည်မှာ အဖြူရောင်အခေါင်းထဲရှိ အမျိုးသမီး အလောင်းသည် မပုပ်သိုးရုံသာမက သိပ်မပြင်းထန်သော ကတိုးနံ့ သင်းသင်းလေးပင် ရနေသည်ဟု ဆို၏။ အချုပ်အားဖြင့် ပြောရလျှင် လူသေနှင့် မတူဘဲ အခေါင်းထဲတွင် အိပ်ပျော်နေသော သက်ရှိလူသားနှင့် ပိုတူနေသည် ဟုဆိုသည်။

‘ချီးတဲ့မှ... အလောင်းက မနံတဲ့အပြင် တော်တော်လေး မွှေးနေတယ်ဆိုတော့…’

ကျင်းအန်းသည် တာအိုဆရာအိုကြီးကို ထူးဆန်းစွာ ကြည့်ကာ မေးလိုက်မိ၏။ “လူလိမ်တာအိုဆရာ... ခင်ဗျားဆီမှာ ထူးဆန်းတဲ့ အကျင့်လေးတွေများ ရှိနေတာလား။ ဥပမာ - ထူးဆန်းတဲ့ အရာတွေကို နှစ်သက်တာ ဒါမှမဟုတ် အလောင်းတွေကို နှစ်သက်တာမျိုးပေါ့။”

တာအိုဆရာအိုကြီးသည် ထိုစကားကို ကြားချိန်မှာတော့ ဒေါသထွက်ပြီး ခြေထောက်ကို မြှောက်လိုက်သော်လည်း ကျင်းအန်းက မြန်မြန် ရှောင်ရှားနိုင်ခဲ့သည်။

“ဒီကိစ္စကို ကျုပ် တစ်ယောက်တည်း အနံ့ရခဲ့တာ မဟုတ်ဘူး။ အဲဒီအချိန်က အဲဒီမှာ ရှိနေတဲ့ လင်းမိသားစုဝင်တွေ အားလုံး အနံ့ရခဲ့ကြတယ်။ ညီလေး မယုံရင် လင်းမိသားစုဝင်တွေကို မေးကြည့်လို့ ရပါတယ်။ ဒါပေမဲ့...”

တာအိုဆရာအိုကြီးက မျက်မှောင်ကြုတ်ကာ စဉ်းစားခန်း ဝင်သွား၏။ “အဲဒီ အမျိုးသမီး အလောင်းရဲ့ ခေါင်းက နည်းနည်း ထူးဆန်းတယ်။ သူမရဲ့ ခေါင်းက နောက်မှ ပြန်ချုပ်ထားသလိုပဲ။ မသေချာမရေရာဘဲ သေဆုံးသွားတာနဲ့ တူတယ်။

အမျိုးသမီး အလောင်းရဲ့ လည်ပင်းပေါ်က ချုပ်ရိုးတစ်ကြောင်းကို တွေ့လိုက်ရတဲ့အချိန်မှာ အဖြူရောင် အခေါင်း အပြင်ဘက်မှာ အရင်က ဘာလို့ ဗုဒ္ဓဘာသာ ဆရာတော်ကြီး တစ်ပါးက ရဟန်းမြတ်ရဲ့ ရွှေရောင် ခန္ဓာကိုယ်က ရွှေရောင်ဆေးတွေနဲ့ မျဉ်းချဆေးကြိုး ချည်နှောင်ထားခဲ့ရလဲ ဆိုတာကို ကျုပ် ချက်ချင်း နားလည်သွားတယ်။

ဒီ အမျိုးသမီး အလောင်းက မကောင်းဆိုးဝါး အငွေ့အသက်တွေ ဝင်နေပြီမို့လို့ သေပေမဲ့ မပုပ်သိုးတာပဲ။ ဒါက အလွန် ကြီးမားတဲ့ ဘေးအန္တရာယ်ရဲ့ နိမိတ်လက္ခဏာပဲ။

ဒါပေမဲ့ ကံကောင်းတာက အဲဒီညက ဘာကိစ္စမှ မဖြစ်ခဲ့ဘူး။ မဟုတ်ရင် မသေခင်က ပိုပြီး ဆိုးဆိုးရွားရွား သေဆုံးခဲ့ရလေလေ၊ သေပြီးရင် ပိုပြီး သောင်းကျန်းလေလေဖြစ်ပြီး လင်းလု မိသားစု တစ်စုလုံး နောက်တစ်နေ့အထိ အသက်ရှင်နိုင်မှာ မဟုတ်ဘူး။”

“ဟမ်…” ကျင်းအန်း အံ့အားသင့်သွားသည်။

ထို့နောက် သူ သဘောပေါက်သွားသည်။ ဤသည်မှာ ခေါင်းကို ပြန်ချုပ်ထားသော အလောင်း ဖြစ်၏။ လည်ပင်းတွင် အမာရွတ်ရှိသော အမျိုးသမီး မဟုတ်သလို ရွှံ့ဖြင့် ပြုလုပ်ထားသော အမျိုးသမီး ဦးခေါင်းလည်း မဟုတ်ပေ။

လမ်းလျှောက်ရင်း စကားပြောနေစဉ် သူတို့နှစ်ဦးသည် လင်းလု၏ အိမ်သို့ ရောက်ရှိလာခဲ့ပြီး ကောင်းကင်မှာ လုံးဝ မှောင်မိုက်နေပြီ ဖြစ်၏။

တာအိုဆရာတန်က ဖိတ်ခေါ်လိုက်သည်။ “ညီလေး… အထဲဝင်ပြီး ရေနွေးကြမ်း တစ်ခွက်လောက် သောက်ရင်း အမောဖြေသွားပါအုံးလား။”

ကျင်းအန်းက ငြင်းဆိုလိုက်၏။ “မသောက်တော့ပါဘူး။ ညမထွက်ရအချိန် ရောက်တော့မယ်ဆိုတော့ ကျုပ် တည်းခိုခန်းကို အမြန်ပြန်ရအုံးမယ်။”

ကျင်းအန်းသည် တာအိုဆရာအိုကြီး၏ စေတနာကို ကျေးဇူးတင်စကား ပြောကြားခဲ့ပြီး ထွက်ခွာရန် ပြင်ဆင်နေချိန်တွင် လူလိမ်တာအိုဆရာက ကျင်းအန်းကို လှမ်းခေါ်လိုက်၏။

“ညီလေး ... ကျုပ် ချန်ခရိုင်ကို ပြန်ရောက်ရောက်ချင်း လင်းလုဆီက သတင်းတချို့ ကြားခဲ့ရတယ်။ လွန်ခဲ့တဲ့ ရက်အနည်းငယ်က ချန်ခရိုင်ရဲ့ ညဘက် လမ်းမတွေပေါ်မှာ လူတွေ အများကြီး လမ်းလျှောက်နေတဲ့ ခြေသံတွေကို ကြားရတယ်တဲ့။

ဒါပေမဲ့ ညကင်းလှည့်နေတဲ့ ရွာစောင့်တွေနဲ့ အစိုးရရုံး အလုပ်သမားတွေကတော့ ညဘက်မှာ အားလုံး ပုံမှန်ပဲ၊ ဘာထူးခြားချက်မှ မတွေ့ရသလို ဘာအသံမှလည်း မကြားရဘူးလို့ ပြောကြတယ်။ အဲဒီ ခြေသံတွေကို အိပ်ပျော်နေတဲ့ လူတွေကပဲ ကြားရတာနဲ့ တူတယ်။ နိုးနေပြီး မအိပ်သေးတဲ့ လူတွေကတော့ ဘာမှ မကြားရဘူးတဲ့။”

တာအိုဆရာအိုကြီးက ဆက်ပြောသည်။ “ညဘက် ခြေသံတွေနဲ့ ပတ်သက်ပြီး လူတွေရဲ့ ဖော်ပြချက်ကို နားထောင်ရတာ စစ်တပ်က စစ်ချီနေတဲ့ ညီညာတဲ့ ခြေသံတွေနဲ့ တူတယ်။ ချန်ခရိုင်မှာ တမလွန်စစ်သည်တော်များ လမ်းဖြတ်လျှောက်ခြင်း ရှိနေတယ်လို့ ကျုပ် သံသယဖြစ်နေတယ်။

ညဉ့်နက်လာတဲ့အခါ လူတွေက နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျသွားပြီး ခန္ဓာကိုယ်ရဲ့ ယန်စွမ်းအင်က တစ်နေ့တာလုံးမှာ အားအနည်းဆုံး အချိန်ကို ရောက်သွားတယ်။ အဲဒါကြောင့်ပဲ နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျနေတဲ့ လူတွေကသာ တမလွန်စစ်သည်တော်များ လမ်းဖြတ်လျှောက်ခြင်းရဲ့ ခြေသံတွေကို ကြားနိုင်ပြီး နိုးနေတဲ့ လူတွေကတော့ မကြားရတာ ဖြစ်မယ်လို့ ခန့်မှန်းရတယ်။”

“တမလွန်စစ်သည်တော်များ လမ်းဖြတ်လျှောက်ခြင်း ဟုတ်လား။” ကျင်းအန်း အံ့အားသင့်သွား၏။

သူသည် ဤကိစ္စနှင့် ပတ်သက်၍ မစိမ်းလှချေ။ အဘယ်ကြောင့်ဆိုသော် ပြည်သူများကြားတွင် ဆက်စပ်နေသော ကောလာဟလများစွာ ရှိသောကြောင့် ဖြစ်သည်။

သူသည်လည်း ဤကိစ္စနှင့် ပတ်သက်၍ လေ့လာဖူးခဲ့၏။

တမလွန်စစ်သည်တော်များ လမ်းဖြတ်လျှောက်ခြင်း ဆိုသည်မှာ နာမည်အတိုင်းပင် ညဉ့်နက်သန်းခေါင်ယံ ယင်စွမ်းအင် အများဆုံး အချိန်တွင် သရဲတစ္ဆေ ရာပေါင်းများစွာ၊ ထောင်ပေါင်းများစွာ ညဘက် သွားလာခြင်း ဖြစ်သည်။

သက်ရှိလူသားများ အနေဖြင့် ကံမကောင်းစွာဖြင့် တမလွန်စစ်သည်တော်များ လမ်းဖြတ်လျှောက်ခြင်းကို တွေ့ဆုံမိပါက ထိုသူသည် တမလွန်ဝိညာဉ် ဖမ်းဆီးခြင်းကို တိုက်ရိုက် ခံရပေလိမ့်မည်။

ဤသည်မှာ တမလွန်စစ်သည်တော် တစ်ဦးတည်း မဟုတ်ချေ။ သရဲတစ္ဆေ ရာပေါင်းများစွာ၊ ထောင်ပေါင်းများစွာ ညဘက် သွားလာခြင်း ဖြစ်၏။

ထို့ကြောင့် တမလွန်စစ်သည်တော်များ လမ်းဖြတ်လျှောက်ခြင်းနှင့် တွေ့ဆုံရသည်မှာ အလွန် အန္တရာယ် များသောကြောင့် တတ်နိုင်သမျှ ရှောင်ရှားသင့်သည်။

သို့သော် ပုံမှန်အားဖြင့် တမလွန်စစ်သည်တော်များ လမ်းဖြတ်လျှောက်ခြင်းသည် လူထောင်ပေါင်းများစွာ သေဆုံးခဲ့သော နေရာများ၊ လူသောင်းပေါင်းများစွာ သေဆုံးခဲ့သော နေရာများ၊ လူအများအပြား သေဆုံးခဲ့သော စစ်မြေပြင်များတွင်သာ ဖြစ်ပွားလေ့ ရှိသည် မဟုတ်ပါလား။

အဘယ်ကြောင့်ဆိုသော် လူအများအပြား သေဆုံးခဲ့သော နေရာများတွင် ယင်စွမ်းအင်များပြားသောကြောင့် ထူးဆန်းသော ကိစ္စများ အလွယ်တကူ ဖြစ်ပွားလေ့ ရှိသောကြောင့်ပင်။

သို့သော် ခန်းတင့်နိုင်ငံ၏ ပထမဆုံးသော မင်းမြတ်က နိုင်ငံကို တည်ထောင်ပြီး ခန်းတင့်နိုင်ငံ ဟူသော အမည်ကို သတ်မှတ်ခဲ့သည်မှာ ယခုအခါ နှစ်ပေါင်း လေး၊ ငါးရာခန့် ရှိပြီဖြစ်သည်။

ဤနှစ်ပေါင်း လေး၊ ငါးရာအတွင်း ချန်ခရိုင်သည် စစ်မက်ဖြစ်ပွားခြင်း မရှိခဲ့ဘဲ အဘယ်ကြောင့် ရုတ်တရက် တမလွန်စစ်သည်တော်များ လမ်းဖြတ်လျှောက်ခြင်း ပေါ်ပေါက်လာရသနည်း။

……………..

All Chapters