← Chapters

အခန်း ၄၃

Vol. 5 Ch. 43

အခန်း ၄၃

Vol. 5 Ch. 43

အပိုင်း (၄၃) တာအိုဘုန်းကြီး နှင့် ဆိတ်

ကျန်းလင်ယွင် နှင့် နောက်ဆုံး နှုတ်ဆက် စကား မပြောခဲ့ရသော်လည်း ကျင်းအန်း အများကြီး မတွေးခဲ့ချေ။ သူက ချန်ခရိုင်ကနေ ထွက်သွားခြင်း မဟုတ်သောကြောင့် နောက်ဆိုရင် အချိန်မရွေး တွေ့နိုင်၏။ ထို့အပြင် သူက ပိုင်ရှင်ကျန်း ဆီမှာ လိပ်စာအသစ် ထားခဲ့သေးသည်။

ကျင်းအန်း ရှာထားသော နေရာမှာ တာအိုဆရာအိုကြီးကို အကူအညီတောင်းပြီး ရှာထားခိုင်းခြင်း ဖြစ်၏။ နေရာက လူစည်ကားသော နေရာမဟုတ်သလို အရမ်းလည်း ချောင်မကျချေ။

သူ အေးအေးဆေးဆေး သိုင်းကျင့်ရန် သင့်တော်ပြီး ပတ်ဝန်းကျင်ရှိ လူများကိုလည်း အနှောင့်အယှက် မဖြစ်စေပေ။

အဓိကအချက်မှာ ခြံဝန်း အကြီး၊ အသေး နှစ်ခု ပါရှိပြီး အခန်းလွတ် သုံးခန်းလည်း ပါဝင်သည်။ နောက်ဖေး ခြံဝန်းက သူ့အတွက် သိုင်းကျင့်ရန် အလွန် သင့်တော်၏။

ဤအိမ်သည် ငှားထားခြင်းဖြစ်ပြီး ကျင်းအန်း ဝယ်ယူထားခြင်း မဟုတ်ပေ။ ကျင်းအန်း ကိုယ်တိုင်ပင်လျှင် နောင်တစ်ချိန်တွင် ချန်ခရိုင်၌ အမြဲတမ်း နေထိုင်ဖြစ်မည်လား ဆိုသည်ကို မသိသောကြောင့် အိမ်ခြံမြေ ဝယ်ယူထားရန် မလိုချေ။

ရှေးခေတ်တွင် အိမ်ဈေး သက်သာသည်။ ထို့အပြင် အိမ်ခြံမြေ ဈေးကစားသူ ဆိုသည်မှာလည်း မရှိချေ။ သူ အိမ်ခြံမြေ ဝယ်ယူထားပြီး ဈေးတက်လာမည့်အချိန်ကို စောင့်နေမည်ဆိုလျှင်တောင် ဈေးတက်လာမည် မဟုတ်ပေ။

ကျင်းအန်း တံခါးဝသို့ ရောက်ချိန်မှာတော့ ခြံတံခါး ဖွင့်ထားပြီး မျက်နှာစာ ခြံဝန်းထဲတွင် ဝါးကြိမ်ကုလားထိုင် တစ်လုံး ချထားကာ တာအိုဆရာအိုကြီးသည် ဝါးကြိမ်ကုလားထိုင်ပေါ်တွင် အေးအေးဆေးဆေး လှဲလျောင်းလျက် နေပူစာ လုံနေသည်ကို တွေ့လိုက်ရ၏။

ကျင်းအန်းက ပြောလိုက်သည်။ “လူလိမ်တာအိုဆရာ... ခင်ဗျားကတော့ အေးအေးဆေးဆေးပဲနော်။”

တာအိုဆရာအိုကြီးက ပြန်ပြောလိုက်၏။ “ကျုပ်က ယန်စွမ်းအင်တွေ အများကြီး စုပ်ယူနေတာ။ ဒါမှ လန့်သွားတဲ့ ဝိညာဉ်သုံးပါးနဲ့ စိတ်ဝိညာဉ်ခုနစ်ပါးက မြန်မြန် ပြန်လည် ကောင်းမွန်လာမှာလေ။”

ကျင်းအန်းက ပြန်မေးလိုက်သည်။ “ဒါဆို ခင်ဗျားက ဘာလို့ ၄၉ ရက်တိတိ နေပူစာလုံပြီး အရသာရှိရှိ ဖြစ်အောင် မလုပ်တာလဲ။”

“....”

“ပဲ... ပဲ... ပဲ... ပဲ... ပဲ...”

“ဟင်..” မူလက ဝါးကြိမ်ကုလားထိုင်ပေါ်တွင် နွေးနွေးထွေးထွေး နေပူစာ လုံနေသော တာအိုဆရာအိုကြီးသည် ရုတ်တရက် လူးလဲထလာပြီး ကျင်းအန်း၏ နောက်တွင် ဆွဲလာသော ဆိတ်ကို အံ့သြတကြီးဖြင့် ကြည့်လိုက်၏။

သူက အံ့အားတသင့်ဖြင့် ပြောလိုက်သည်။ “ဒီဆိတ်က တော်တော် ဆူဖြိုးလာပါလား။ ကျုပ် မြင်ဖူးတဲ့ ဆိတ်တွေထက်တောင် နှစ်ဆလောက် ပိုကြီးနေတယ်။ ညီလေးက တကယ် ဂရုစိုက်တတ်တာပဲ။ အသက်ကြီးတဲ့လူတွေ ခန္ဓာကိုယ် အားနည်းတတ်တာကို သိတယ်။

ကျုပ် မကြာသေးခင်က ခန္ဓာကိုယ် အားနည်းနေတော့ သွေးနဲ့ ယန်စွမ်းအင်ကို အားဖြည့်ဖို့ ဆိတ်သား ဟော့ပေါ့ စားဖို့ လိုအပ်နေတာ။ အခုလို အဆစ်အမြစ် ကိုက်ခဲလွယ်တဲ့ စိုထိုင်းပြီး အေးစက်တဲ့ ရာသီဥတုမှာ ဆိတ်သား ဟော့ပေါ့ စားတာက အသင့်တော်ဆုံးပဲ။

ညီလေး ဝယ်လာတဲ့ ဒီလောက် ကြီးတဲ့ ဆိတ်တစ်ကောင်က ကျုပ်တို့ နှစ်ယောက် လဝက်လောက် ဆိတ်သား ဟော့ပေါ့ စားဖို့ လုံလောက်တယ်။”

တာအိုဆရာအိုကြီးသည် သွားရည်များပင် ကျလာပြီး လည်ပင်းများ လှုပ်ရှားနေတော့၏။

အထူးသဖြင့် သာမန်ဆိတ်များထက် နှစ်ဆလောက် ပိုကြီးနေသော ကြီးမားလှသည့် ဆိတ်ဂွေးဥ နှစ်လုံးကို မြင်လိုက်ရချိန်မှာတော့ တာအိုဆရာအိုကြီး၏ မျက်လုံးများမှာ အံ့သြတကြီးဖြင့် ဝိုင်းစက်သွားသည်။

‘လူလတ်ပိုင်း အရွယ်ရောက်လာရင် ခါးနာ၊ ခြေလက်ညောင်းညာပြီး ညဘက် ဆီးခဏခဏ သွားတတ်တယ်။ ဒါကြောင့် ယန်စွမ်းအင် အားဖြည့်ပေးမယ့် အစားအစာတွေ လိုအပ်တယ်။’

“ဟား... ဟား... ဟား…” သွားရည်များပင် ကျမတတ် ဖြစ်နေသော တာအိုဆရာအိုကြီးကို ကြည့်ရင်း ကျင်းအန်းသည် ရယ်မောလိုက်မိ၏။

သူက ဆိတ်ဆွဲထားသော ကြိုးကို တာအိုဆရာအိုကြီး၏ လက်ထဲသို့ ကမ်းပေးလိုက်ပြီး ပြောလိုက်သည်။ “လူလိမ်တာအိုဆရာ... ခင်ဗျားသာ ဒီဆိတ်ကို သတ်ပြီး ဆိတ်သား ဟော့ပေါ့ လုပ်စားနိုင်မယ်ဆိုရင် ကျုပ်က ဒီဆိတ်ကို ပေးရုံသာမက ခင်ဗျား မျက်နှာပြောင်တိုက်ပြီး နေနေတဲ့ အိမ်လခကိုပါ လွတ်ငြိမ်းခွင့် ပေးမယ်။ ပြီးတော့ နောက်ထပ် ခြောက်လစာ ဆိတ်သား ဟော့ပေါ့ ကိုပါ ကျွေးပြီး အီသွားတဲ့အထိ ကျွေးမယ်။”

တာအိုဆရာအိုကြီးသည် နေရာအနှံ့ လှည့်လည်သွားလာနေသော လူတစ်ဦး ဖြစ်၏။ နေစရာ အတည်တကျ မရှိချေ။

ကမ္ဘာကြီးက သူ၏ အိမ်ဖြစ်ပြီး မည်သည့်နေရာရောက်ရောက် ထိုနေရာက သူ့အိမ်ဖြစ်သည်။

ဤတစ်ကြိမ်တွင် ဝိညာဉ်ကို မတော်တဆ ထိခိုက်မိသောကြောင့် ခန္ဓာကိုယ်၏ ယင်ယန်နှင့် ဝိညာဉ်အင်္ဂါငါးပါး အသက်စွမ်းအင်များ အကြီးအကျယ် ထိခိုက်သွားသည်။ ထို့ကြောင့် သူသည် ချန်ခရိုင်တွင် ယာယီ ဆက်နေရပြီး ဒဏ်ရာသက်သာမှသာ ဆက်လက် ခရီးထွက်နိုင်မှာဖြစ်၏။

တာအိုဆရာအိုကြီးသည် ကျင်းအန်းက ဤရက်ပိုင်းအတွင်း နေစရာအသစ် ရှာနေကြောင်း ကြားလိုက်ရ ချိန်မှာတော့ နေစရာအသစ် ရှာပေးမည့် တာဝန်ကို ကိုယ်တိုင် တာဝန်ယူလိုက်သည်။

ထို့ကြောင့် ကိုယ်ကျိုးအတွက် အများပိုင်ကိစ္စကို အသုံးပြုကာ နေစရာအသစ်ကို ရှာဖွေပေးခဲ့ခြင်း ဖြစ်သည်။ ထို့အပြင် တာအိုဆရာအိုကြီးသည် မျက်နှာပြောင်တိုက်ကာ ဆက်နေပြီး အခမဲ့ အိမ်လခကို ခံစားနေခြင်း ဖြစ်၏။

အဖြူရောင်အခေါင်းကို အောင်မြင်စွာ မြှုပ်နှံပြီး လင်းမိသားစု၏ ကိစ္စ ပြီးဆုံးသွားပြီးတည်းက တာအိုဆရာအိုကြီးသည် လင်းမိသားစုမှ ထွက်ခွာလာခဲ့၏။ ကာယကံရှင်၏ ကိစ္စ ပြီးဆုံးသွားပြီ ဖြစ်သောကြောင့် အမြဲတမ်း ဆက်နေရန် မဖြစ်နိုင်ပေ။

တာအိုဆရာအိုကြီးသည် ကျင်းအန်း၏ စကားကို ကြားပြီးနောက် ချက်ချင်းဆိုသလို မျက်လုံးများ တောက်ပသွားပြီး ကြိုးကို ဆွဲကာ ယနေ့ ဆိတ်သား ဟော့ပေါ့ အတွက် မည်သည့် အစိတ်အပိုင်းကို စားရမည်ကို စဉ်းစားနေတော့၏။

ရလဒ်အနေဖြင့် ဆိတ်၏ ခွန်အားက ကြီးမားလွန်းသောကြောင့် တာအိုဆရာအိုကြီး၏ လက်မောင်းနှင့် ခြေထောက်လေးများဖြင့် လုံးဝ ဆွဲမထားနိုင်တော့ချေ။ ချက်ချင်းဆိုသလို ဆိတ်၏ ခေါင်းဖြင့် ဝှေ့ခံရကာ မြေပေါ်သို့ လဲကျသွားပြီး ခြေလက်လေးဖက် ပက်လက်လန်လျက် လဲကျသွားတော့သည်။

ကျင်းအန်းသည် ခြံဝန်းထဲတွင် တစ်ယောက်တစ်ပေါက် အစွမ်းပြနေကြသော တာအိုဆရာအိုကြီးနှင့် အစားမက်သည့် ဆိတ်တို့ကို ဂရုမစိုက်တော့ဘဲ ပစ္စည်းများ သွားထားရန် အခန်းထဲသို့ ဝင်သွားလိုက်၏။

အစားမက်သည့် ဆိတ်သည် နေ့တိုင်း သူ့ဆီမှာ နှစ်ရာချီသက်တမ်းရှိ ဆေးရည်များနှင့် ဆေးအရက်များကို မျက်နှာပြောင်တိုက်ပြီး အချောင်စားနေသူဖြစ်သည်။

ထို့ကြောင့် နေ့တိုင်း အခြေခံအရွတ်များကို ဆေးကြောသန့်စင်နေရသကဲ့သို့ ဖြစ်နေကာ ခွန်အားမှာ နွားပေါက်လေးထက်ပင် ကြီးမားနေပြီး သန်မာသော အမျိုးသား အချို့ပင် ဆွဲမထားနိုင်ချေ။

တာအိုဆရာအိုကြီး တစ်ယောက်တည်းဆိုလျှင် ပြောစရာပင် မလိုတော့ချေ။

ကျင်းအန်း ပစ္စည်းများ ထားပြီးနောက် အခန်းထဲမှ ထွက်လာချိန်မှာတော့ ခြံဝန်းထဲရှိ လူတစ်ယောက်နှင့် ဆိတ်တစ်ကောင်သည် မျက်စိစူးစိုက်ကြည့်ကာ မင်း ဘာကြည့်နေတာလဲ၊ ငါ ကြည့်တော့ ဘာဖြစ်လဲ၊ မင်း ထပ်ကြည့်ရဲရင် ကြည့်ကြည့်လေ၊ ကြည့်ကြည့်မယ်လေ၊ သေချင်သေပါစေ ဟု အချင်းချင်း စိန်ခေါ် နေကြသည်ကို တွေ့လိုက်ရ၏၊

ကျင်းအန်းက ကြောင်အမ်းအမ်း မျက်နှာဖြင့် တာအိုဆရာအိုကြီးကို မေးလိုက်သည်။ “ဘာကြည့်နေတာလဲ။ ဆိတ်တစ်ကောင်က ခင်ဗျားကို ပန်းပွင့်လေးတွေ တွေ့အောင် လုပ်ပေးနိုင်လို့လား။”

ရလဒ်အနေဖြင့် တာအိုဆရာအိုကြီးက ကျင်းအန်းကို လေးနက်သော မျက်နှာထားဖြင့် ကြည့်ကာ ပြောလိုက်၏။ “ညီလေး... မင်း ဒီဆိတ်ကို ဘယ်က ရလာတာလဲ။ ကျုပ် အထင်တော့ ဒီအကောင်က နတ်ဝင်ပူးနေပြီ ထင်တယ်။”

ကျင်းအန်းသည် ထိုစကားကို ကြားချိန်မှာတော့ အလွန်အမင်း အံ့အားသင့်သွားသည်။ ‘သူ အမြင် မှားသွားတာများလား။ တာအိုဘုန်းကြီး ဝူကျန့်ရဲ့ အနားမှာ မွေးထားတဲ့ ဆိတ်က တာအိုဘာသာရဲ့ အမွေအနှစ်ကို ဆက်ခံထားပြီး နတ်ဝင်ပူးနေပြီလား။ လူလိမ်တာအိုဆရာကလည်း တာအိုဘာသာဝင် တစ်ယောက်ဖြစ်တော့ ဒါကို ရိပ်မိသွားတာများလား။’

ကျင်းအန်း ဤသို့ တွေးမိချိန်မှာတော့ တာအိုဆရာအိုကြီးကို မေးလိုက်၏။ “ဒီ အစားမက်တဲ့ ဆိတ်က လူစကား ပြောလိုက်လို့လား။”

တာအိုဆရာအိုကြီးက ခေါင်းယမ်းကာ ဒေါသတကြီးဖြင့် ပြောလိုက်သည်။ “အဲဒါတော့ မဟုတ်ပါဘူး။ အဓိကက ဒီဆိတ်က ကျုပ်ကို မျက်စောင်းထိုး ကြည့်နေတာ။ ကျုပ်ကို လူအ ထင်ပြီး လှောင်ပြောင်နေ သလိုပဲ။”

တိရစ္ဆာန် တစ်ကောင်နှင့် စိတ်ကောက်နေသော ကလေးဆန်သည့် တာအိုဆရာအိုကြီးကို ကြည့်ရင်း ကျင်းအန်းသည် ခေါင်းယမ်းကာ ပြောလိုက်၏။ “ဝက်နဲ့ ခွေးတွေက သားသတ်သမားကို အဝေးက မြင်တာနဲ့ အမြီးကုပ်ပြီး ထွက်ပြေးဖို့ သိကြတယ်။ တာအိုဘုန်းကြီးက သူ့ကို သတ်ပြီး အသားစားချင်နေတာကို သူက ဘယ်လိုလုပ် မသိဘဲ နေပါ့မလဲ။

အိမ်မွေးကြောင်၊ ခွေး၊ ကြွက်တွေက လူတွေနဲ့ အတူနေတာ ကြာလာရင် အမြင်အကြားတွေကနေတစ်ဆင့် လူတွေရဲ့ အပြောအဆိုနဲ့ အပြုအမူတွေကို တဖြည်းဖြည်း နားလည်လာကြတယ်။ တစ်ခါတလေ လူတွေရဲ့ အပြောအဆိုနဲ့ အပြုအမူတွေကိုတောင် အတုခိုးတတ်ကြတယ်။ တဖြည်းဖြည်းနဲ့ လူတွေလို နားလည် လာတာတွေက အရမ်းကို ပုံမှန်ပါပဲ။

ကဲပါ လူလိမ်တာအိုဆရာရယ်။ သူ့ကို စားဖို့ချည်းပဲ မတွေးပါနဲ့တော့။ ဒီ အစားမက်တဲ့ ဆိတ်က ကျုပ် အသားစားဖို့ ဈေးကနေ ဝယ်လာတာ မဟုတ်ဘူး။ ကျုပ်ရဲ့ အသက်ကို ကယ်ခဲ့ဖူးတဲ့ ကျေးဇူးရှင် တစ်ယောက်ကို သတိရလွမ်းဆွတ်တဲ့ အနေနဲ့ ထားထားတာပါ။ နောက်ဆိုရင် သူလည်း ဒီအိမ်ရဲ့ မိသားစုဝင် တစ်ယောက်ပါပဲ။”

တာအိုဆရာအိုကြီးသည် ကျင်းအန်း၏ စကားကို ကြားပြီး စိတ်လှုပ်ရှားသွားခါစ ရှိသေးချိန်တွင် ကျင်းအန်းက စကားလမ်းကြောင်း လွှဲလိုက်သည်။ “လူလိမ်တာအိုဆရာ... ခင်ဗျား အဝတ်အစားပေါ်က ဖုန်တွေကို ခါလိုက်အုံး။ ညကျရင် ကျုပ်တို့ ဆိတ်သား ဟော့ပေါ့ သွားစားကြမယ်။ ကျုပ် ဒကာခံမယ်။”

“အား... ကျုပ်ရဲ့ခါး နာသွားပြီ။ ညီလေး... ကျုပ်ကို မြန်မြန် တွဲပေးပါအုံး။” တာအိုဆရာအိုကြီးသည် ခါးကို ကိုင်ကာ နာကျင်စွာ အော်ဟစ်နေ၏။

ဆိတ်သား ဟော့ပေါ့ကို စိတ်ဝင်စားနေသောကြောင့် တာအိုဆရာအိုကြီးသည် ကိုယ်ပေါ်ရှိ ဖုန်များကို အမြန် ခါချလိုက်သည်။

ဆိတ်ကို ခြံဝန်းထဲရှိ သစ်တော်ပင်အိုကြီး တစ်ပင်အောက်တွင် ချည်ထားခဲ့ပြီး မုန်လာဥနီ အလုံအလောက် ထားခဲ့ပြီးနောက် ကျင်းအန်းနှင့် တာအိုဆရာအိုကြီးတို့သည် တံခါးပိတ်ကာ ထွက်သွားကြတော့၏။

......

ချန်ခရိုင် လမ်းမများပေါ်တွင် လမ်းလျှောက်လာကြပြီးနောက် လမ်းမကြီး နှစ်ဖက်စလုံးတွင် စည်ကားသော မီးပုံးများကို တဖြည်းဖြည်း တွေ့မြင်လာရသည်။

ဆိပ်ကမ်းတွင် လူနေထူထပ်ပြီး လှေငယ်၊ လှေကြီး အစင်း ၂၀ ကျော် ရပ်နားထားသည်။ အခြားနယ်မှ သခင်လေး၊ သခင်မလေးများ၊ ဆွေကြီးမျိုးကြီး မိသားစုများ အားလုံး သင်္ဘောပေါ်မှ ဆင်းလာကြ၏။

ဆိပ်ကမ်းတွင် အလုပ်ကြမ်းလုပ်သော အလုပ်သမားများ၊ ခရီးဆောင်အိတ်များ သယ်ယူပေးသော မြင်းလှည်း၊ မြည်းလှည်း၊ နွားလှည်း၊ လက်တွန်းလှည်းများ စသည့် လူအမျိုးမျိုးက ဆိပ်ကမ်းတွင် ပြည့်နှက်နေပြီး ဧည့်သည်များကို ဆွဲဆောင်နေကြကာ ဆူညံသံများဖြင့် အလွန် စည်ကားလှပေသည်။

လမ်းမကြီးပေါ်ရှိ ခရီးသွားများမှာလည်း ပခုံးချင်းတိုက်မိမတတ် ပြည့်နှက်နေပြီး မပြတ်တမ်း သွားလာနေကြ၏။

အခြားနယ်မှ မျက်နှာစိမ်း လူများစွာ ပိုမို ရောက်ရှိလာကြသည်။

လမ်းမကြီး နှစ်ဖက်စလုံးရှိ လက်ဖက်ရည်ဆိုင်များ၊ အရက်ဆိုင်များ၏ စီးပွားရေးမှာ ပိုမို ကောင်းမွန်နေ၏။

ချန်ခရိုင်၏ တစ်နှစ်လျှင် တစ်ကြိမ် ကျင်းပသော အစည်ကားဆုံး ပွဲတော်သည် တဖြည်းဖြည်း နီးကပ်လာသည်နှင့်အမျှ ချန်ခရိုင်မှာလည်း စတင် စည်ကားလာတော့သည်။

ကျင်းအန်းက မေးလိုက်၏။ “လူလိမ်တာအိုဆရာ... ခင်ဗျား အရင်က ချန်ခရိုင်ရဲ့ ပွဲတော် အခြေအနေကို ကြုံဖူးလား။”

တာအိုဆရာအိုကြီးက ဖြေသည်။ “ကျုပ်က နေရာအနှံ့ လှည့်လည်သွားလာနေတဲ့ တာအိုဆရာပါ။ ချန်ခရိုင်ကို ပထမဆုံးအကြိမ် ရောက်ဖူးတာဆိုတော့ ချန်ခရိုင်ရဲ့ တစ်နှစ်တစ်ခါ ကျင်းပတဲ့ ပွဲတော် အခြေအနေကို သဘာဝကျကျ မတွေ့ဖူးပါဘူး။

ဒါပေမဲ့ ကျုပ် လင်းမိသားစု အိမ်မှာ နေတုန်းက လင်းမိသားစုဝင်တွေ ပြောတာ ကြားဖူးတယ်။ ချန်ခရိုင် ပွဲတော်က ဒီလောက် စည်ကားပြီး သူဌေးတွေ၊ သခင်လေး၊ သခင်မလေးတွေ အများကြီးကို ဆွဲဆောင်နိုင်တာက ချန်ခရိုင်မှာ ကြေးပြားသီးတွေ သီးတဲ့ နှစ်တစ်ထောင် သက်တမ်းရှိ နတ်သစ်ပင်ကြီး တစ်ပင် ရှိလို့တဲ့။

စဉ်းစားကြည့်တာနဲ့တင် ကျုပ်တောင် စိတ်လှုပ်ရှားသွားတယ်။ ချန်ခရိုင် ဒေသခံတွေ နတ်သစ်ပင်လို့ ကိုးကွယ်ကြတဲ့ ချင်းချန်လျို နတ်ပင်ကြီးက ဘယ်လိုပုံစံ ရှိမလဲဆိုတာကို သိချင်လာပြီ။”

“ပွဲတော် ကိစ္စနဲ့ ပတ်သက်ပြီး အရာရှိဖုန်း ဘက်က ဘယ်လို စီစဉ်ထားလဲ မသိဘူးနော်။” ကျင်းအန်းက အရာရှိဖုန်း အကြောင်း ပြောလိုက်မိ၏။

သူတို့နှစ်ဦး ဆိတ်သားစားပြီး နေစရာအသစ်သို့ ပြန်ရောက်ချိန်မှာတော့ အဝေးမှနေ၍ ခြံတံခါး အပြင်ဘက်တွင် အစိုးရရုံး ဝတ်စုံ ဝတ်ဆင်ထားသော ဓားကိုင် အရာရှိ တစ်ဦး စောင့်နေသည်ကို တွေ့လိုက်ရသည်။

အနီးကပ် သွားကြည့်ချိန်မှာတော့ အရာရှိဖုန်း ဖြစ်လို့နေသည်။

“ကံကောင်းလို့ သခင်လေးကျင်းအန်းက ပိုင်ရှင်ကျန်း ဆီမှာ လိပ်စာအသစ် ထားခဲ့လို့ပေါ့။ မဟုတ်ရင် ကျုပ်က တော်တော်လေး လိုက်ရှာရတော့မှာ။ သခင်လေးကျင်းအန်း၊ တာအိုဆရာကြီးတန်... ဒီည အားကြလား။ ဒီည ကျုပ်တို့ ခရိုင်ထောင်ကို သွားပြီး လီတာရှန်းရဲ့ တကယ့် သေဆုံးရတဲ့ အကြောင်းရင်းကို စုံစမ်းကြမယ်။” အရာရှိဖုန်းက ပွင့်ပွင့်လင်းလင်းပင် ပြောလိုက်၏။

..................

All Chapters