← Chapters

အခန်း ၄၆

Vol. 5 Ch. 46

အခန်း ၄၆

Vol. 5 Ch. 46

အပိုင်း (၄၆) နှုတ်ခမ်းနီ၊ သနပ်ခါး

ချန်ခရိုင်တွင် သာမန် အစိုးရ အမှုထမ်းများ၏ လစဉ် လစာမှာ ငွေ ၂ မူး ဖြစ်သည်။ ခေါင်းဆောင်ပိုင်း ဆိုလျှင်တော့ အနည်းငယ် ပိုကောင်းပြီး ငွေ ၃ မူး ရနိုင်၏။

အရာရှိကြီး သုံးယောက်၏ ရပိုင်ခွင့်နှင့် အကျိုးခံစားခွင့်များကတော့ အကောင်းဆုံးဖြစ်ပြီး လစဉ် လစာ ငွေ ၅ မူး ရနိုင်သည်။

အကယ်၍ စားသောက်စရိတ် ထောက်ပံ့ကြေးများပါ ပေါင်းထည့်လိုက်မည်ဆိုလျှင် လစဉ် လစာမှာ ငွေ ၆ မူး နီးပါးခန့် ရှိ၏။

စားသောက်စရိတ် ထောက်ပံ့ကြေး ဆိုသည်မှာ နေထိုင်စရိတ်၊ သွားလာစရိတ်များနှင့် ဆင်တူပြီး ဒေသခံ အစိုးရရုံးက ကိုယ်တိုင် ကျခံပေးခြင်း ဖြစ်ကာ နိုင်ငံတော်က ထောက်ပံ့ပေးခြင်း မဟုတ်ချေ။

သာမန် အစိုးရ အမှုထမ်းများ အောက်တွင် လစဉ် လစာ ပိုနည်းသော အဖြူရောင် အမှုထမ်းများလည်း ရှိသေးပြီး လစဉ် လစာ ငွေ ၁ မူး သာ ရရှိ၏။ အဖြူရောင် အမှုထမ်း ဆိုသည်မှာ အမြဲတမ်း ဝန်ထမ်း မဟုတ်သော ယာယီ ဝန်ထမ်းများ ဖြစ်သည်။

အမှားလုပ်လျှင် ယာယီ ဝန်ထမ်းက တာဝန်ယူရပြီး အောင်မြင်မှုရလျှင် အထက်လူကြီးက ယူသွားတတ်သည်မှာ ဤကဲ့သို့ အလကား ခိုင်းစား၍ရသော အဖြူရောင် အမှုထမ်းများကို ဆိုလိုခြင်း ဖြစ်၏။

ထို့ကြောင့် ကျန့်ယွမ်ဟူ နေထိုင်သော နေရာသည် ချောင်ကျသော နေရာ မဟုတ်ဘဲ မြင့်မားသော နံရံ၊ အုတ်ခေါင်မိုးများနှင့် ခြံဝန်းကျယ်ကြီး တစ်ခု ဖြစ်ကာ နေရာမှာလည်း အတော်လေး စည်ကားလို့နေသည်။

ကျန့်ယွမ်ဟူ သည် ချန်ခရိုင် အရာရှိကြီး သုံးယောက်ထဲမှ တစ်ယောက် ဖြစ်ပြီး ချန်ခရိုင်ရှိ ဆိပ်ကမ်းဂိုဏ်းများ၊ လူမိုက်ဂိုဏ်းများနှင့် အလင်း၊ အမှောင် လောကရှိ လူအမျိုးမျိုး အားလုံးသည် သိုင်းပညာ မြင့်မားသော အရာရှိကြီး သုံးယောက်၏ ခြိမ်းခြောက်မှုကို ကြောက်ရွံ့ကြရ၏။

ထို့ကြောင့် အရည်အချင်း ရှိသူများကို ထိန်းသိမ်းထားနိုင်ရန် အရာရှိကြီး သုံးယောက် ချန်ခရိုင်တွင် အိမ်ခြံမြေ ဝယ်ယူသည့်အခါ အစိုးရရုံးမှ အထူး ထောက်ပံ့ကြေးများ ပေးအပ်ကာ တစ်ဝက်ကို ရောင်းပြီး တစ်ဝက်ကို အလကား ပေးသကဲ့သို့ ဖြစ်နေသည်။

အဘယ်ကြောင့်ဆိုသော် ရှေးခေတ်မှ ယနေ့အထိ အရည်အချင်းရှိသူ ဆိုသည်မှာ အလွန် ရှားပါးလှပြီး အရည်အချင်းရှိသူများသည် မည်သည့် နေရာသို့ ရောက်ရောက် မျက်နှာပွင့်ကြသောကြောင့်ပင်။

အရာရှိဖုန်း သည် နံနက်စောစော လာရောက် တံခါးခေါက်ပြီး လေးနက်သော မျက်နှာထားဖြင့် ကျင်းအန်းနှင့် တာအိုဆရာအိုကြီးတို့ကို ခေါ်ဆောင်ကာ အရာရှိကျန့်၏ အိမ်သို့ တိုက်ရိုက် ဦးတည်သွားခဲ့သည်။

လမ်းတွင် အရာရှိဖုန်း သည် အရာရှိကျန့်၏ အခြေအနေ အနည်းငယ်ကို အကြမ်းဖျင်း မိတ်ဆက်ပေးခဲ့၏။

သို့သော်ငြား ဤခရီးစဉ် တစ်လျှောက်လုံး ကျင်းအန်းနှင့် တာအိုဆရာအိုကြီးတို့က အရာရှိဖုန်း မည်သည့်အရာကို တွေ့ရှိခဲ့သနည်း။ အဘယ့်ကြောင့် မျက်နှာထား ဤမျှ လေးနက်နေရသနည်းဟု မေးမြန်းခဲ့သည်။

သို့ပေမည့် အရာရှိဖုန်း သည် အမြဲတမ်း စိတ်လေးလံနေသည့် မျက်နှာထား လေးနက်မှုဖြင့်သာ ရှိနေပြီး ယခု အချိန်တိုအတွင်းမှာ ရှင်းပြ၍ မရနိုင်ကြောင်းနှင့် အရာရှိကျန့်၏ အိမ်သို့ ရောက်လျှင် မြင်တွေ့ရမည် ဖြစ်ကြောင်းသာ ပြန်ဖြေခဲ့၏။

သူတို့ သုံးဦးသည် ဈေးတန်း အနည်းငယ်ကို ဖြတ်ကျော်ပြီးနောက် နောက်ဆုံးတွင် ကျန့်ယွမ်ဟူ၏ အိမ်သို့ ရောက်ရှိသွားကြသည်။

အရာရှိဖုန်းက လက်ညှိုးဖြင့် တံခါးကို ခေါက်လိုက်၏။

“ဒေါက်... ဒေါက်... ဒေါက်... ဒေါက်...”

ဖြည်းဖြည်း သုံးချက်၊ မြန်မြန် တစ်ချက် အချိုးအစားဖြင့် တံခါးခေါက်လိုက်သည်။

တံခါးခေါက်သည့် လျှို့ဝှက်အချက်ပြသံကို ကြားပြီးနောက် တံခါးနောက်ကွယ်မှ ခြေသံများနှင့် တံခါးဖွင့်သံများ ချက်ချင်း ထွက်ပေါ်လာ၏။

“အရာရှိဖုန်း...”

တံခါးဖွင့်ပေးသူမှာ အစိုးရ အမှုထမ်း တစ်ဦး ဖြစ်နေသည်ကို ကျင်းအန်းနှင့် တာအိုဆရာအိုကြီးတို့ တွေ့လိုက်ရချိန်မှာတော့ အချင်းချင်း တစ်ချက် ကြည့်လိုက်ကြပြီး အံ့အားသင့်သွားကြသည်။

“အထဲကို အရင် ဝင်ကြပါအုံး။” အရာရှိဖုန်းက ရှေ့မှ ဝင်သွားပြီး အားလုံး ဝင်သွားပြီးနောက် နောက်ရှိ တံခါးမကြီးကို ပြန်လည် ပိတ်လိုက်၏။

ခြံဝန်းကို ဖြတ်ကျော်သွားချိန်မှာတော့ ဧည့်ခန်းမဆောင် အတွင်းတွင် အလွန် ရိုးရိုးယဉ်ယဉ် ဝတ်ဆင် ထားသော အဘိုးအို တစ်ဦးကို ဓားကိုင် အစိုးရ အမှုထမ်း နှစ်ဦးက ဖမ်းဆီးထားသည်ကို တွေ့လိုက်ရသည်။

“သူက အရာရှိကျန့် ငှားထားတဲ့ တံခါးစောင့်ပါ။ အရာရှိကျန့်က ပုံမှန်ဆို အလုပ်များတော့ အိမ်က အမြဲ လွတ်နေတတ်တယ်။ ဒါကြောင့် အိမ်စောင့်ပေးဖို့ တံခါးစောင့် တစ်ယောက် ငှားထားတာပါ။”

အရာရှိဖုန်းက ရှင်းပြလိုက်သည်။ “ဒီတံခါးစောင့်ရဲ့ နောက်ခံနဲ့ ပတ်သက်ပြီးတော့ တာအိုဆရာကြီးတန်နဲ့ သခင်လေးကျင်းအန်းတို့ လုံးဝ စိုးရိမ်စရာ မလိုပါဘူး။ သူက ချန်ခရိုင် ဒေသခံဖြစ်ပြီး အမြဲတမ်း အလုပ်ကြမ်းတွေ လုပ်စားနေတာ။ ချန်ခရိုင် နယ်နိမိတ်ကနေ တစ်ခါမှ မထွက်ဖူးဘူး။

လွန်ခဲ့တဲ့ သုံးနှစ်ကမှ အရာရှိကျန့် အိမ်ကို လာပြီး တံခါးစောင့် လုပ်တာ။ သူ့ရဲ့ နောက်ခံက အရမ်း ရှင်းလင်းတယ်။ ပြီးတော့ သူ့ခန္ဓာကိုယ်ကိုလည်း ကျုပ် လူလွှတ်ပြီး စစ်ဆေးခိုင်းပြီးပြီ။ ချိုင်းနှစ်ဖက်နဲ့ ရင်ဘတ်မှာ အားလုံး ပုံမှန်ပဲ။ မကောင်းဆိုးဝါး ပူးကပ်ခံထားရတဲ့ လက္ခဏာ မရှိဘူး။”

ကျင်းအန်း မျက်စိရှေ့ရှိ အဖြစ်အပျက်များကို အံ့သြတကြီး ကြည့်နေမိ၏။

သူ အံ့သြနေသည်မှာ အရာရှိဖုန်းက အရာရှိကျန့်၏ နောက်ခံကို ဤမျှ မြန်မြန်ဆန်ဆန် စုံစမ်းနိုင်ခဲ့ခြင်းကို မဟုတ်ချေ။

အရာရှိဖုန်း၏ အလုပ်လုပ်ပုံက ဤမျှ သပ်ရပ်ပြတ်သားလှပြီး မနေ့ညကမှ လုပ်ဖော်ကိုင်ဖက်ကို စုံစမ်းရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်၏။ ထို့နောက် ဒုတိယနေ့ နံနက်စောစောမှာပင် အရာရှိကျန့် အိမ်မှ အလုပ်သမားကို ဖမ်းဆီးထိန်းချုပ်လိုက်ပြီး အရာရှိကျန့်အိမ်ကိုပါ ဝင်ရောက်သိမ်းယူလိုက်ခြင်းကို အံ့သြနေခြင်း ဖြစ်သည်။

အရာရှိဖုန်းက လမ်းတစ်လျှောက်လုံး စိတ်လေးလံနေပြီး မျက်နှာထား အလွန် လေးနက်နေသည့် အမူအရာကို ပြန်လည် စဉ်းစားကြည့်လိုက်မိ၏။

ကျင်းအန်းက အရာရှိဖုန်းသည် အရာရှိကျန့်၏ အိမ်တွင် မည်သည့်အရာကို တွေ့ရှိခဲ့၍ ဤမျှ သတိထားပြီး အရေးတကြီး လုပ်ဆောင်နေရသနည်း။ အရာရှိကျန့်၏ အလုပ်သမားကိုပင် ဖမ်းဆီးထိန်းချုပ်ထားရသည် အထိ ဖြစ်နေသနည်း ဟု မနေနိုင်ဘဲ သိချင်စိတ် ဖြစ်ပေါ်လာခဲ့သည်။

ကျင်းအန်း၏ ရင်ထဲမှ သံသယများမှာ မကြာမီ အဖြေပေါ်လာတော့၏။

အရာရှိဖုန်း သည် ကျင်းအန်းနှင့် တာအိုဆရာအိုကြီးကို ခေါ်ဆောင်ကာ ကျန့်ယွမ်ဟူ နေထိုင်သော အဓိက အခန်းဆီသို့ တိုက်ရိုက် သွားရောက်ခဲ့သည်။

ရလဒ်အနေဖြင့် ကျန့်ယွမ်ဟူ၏ အခန်းရှေ့သို့ ရောက်ရောက်ချင်းမှာပင် ကျင်းအန်းသည် အလိုအလျောက် ခန္ဓာကိုယ်ကို ကိုင်းကာ လေထဲတွင် အနံ့အနည်းငယ် ရှူရှိုက်ကြည့်လိုက်၏။

လေထဲတွင် ပြောမပြတတ်သော အနံ့တစ်ခု ပျံ့နှံ့နေ၏။ ကျင်းအန်း ခဏတာ စဉ်းစားခန်း ဝင်ပြီးနောက် ထိုအနံ့မှာ မည်သည့်အနံ့ဖြစ်ကြောင်း ချက်ချင်း သိရှိသွား၏။ ထိုအနံ့မှာ အလွန် ပြင်းထန်သော အမျိုးသမီးများ သုံးသည့် နှုတ်ခမ်းနီ၊ သနပ်ခါး အနံ့ ဖြစ်သည်။

လူအများ ကျန့်ယွမ်ဟူ၏ အခန်းရှေ့သို့ ရောက်ချိန်မှာတော့ ထိုအမျိုးသမီး နှုတ်ခမ်းနီအနံ့မှာ ပိုမို ပြင်းထန်လာပြီး ကျန့်ယွမ်ဟူ၏ အခန်းထဲမှ ထွက်ပေါ်လာခြင်း ဖြစ်ကြောင်း သေချာသွားခဲ့၏။

ကျင်းအန်း၏ ရင်ထဲတွင် အံ့အားသင့်ကာ သံသယ ဝင်သွားသည်။ အဘယ်ကြောင့်ဆိုသော် အရာရှိဖုန်း၏ ပြောပြချက်အရ ကျန့်ယွမ်ဟူ၏ အိမ်တွင် တံခါးစောင့် အဘိုးအို တစ်ဦးသာ ရှိပြီး နှုတ်ခမ်းနီများ သုံးစွဲမည့် အမျိုးသမီး မိသားစုဝင်များ မရှိသောကြောင့်ပင်။

နှုတ်ခမ်းနီနှင့် ရေမွှေး ဆိုသည်မှာ အလွန်အမင်း ပြင်းထန်လာပါက အနံ့ဆိုးများသာ ကျန်ရှိတော့သည်။

‘ဟမ်.. မဟုတ်သေးဘူး။’

“ညီလေး... ဆက်ပြီး အနံ့ခံမနေနဲ့တော့။ ဒါက နှုတ်ခမ်းနီအနံ့ အရမ်း ပြင်းလို့ နံနေတာ မဟုတ်ဘူး။ အလောင်းအပုပ်နံ့ပဲ။ တစ်ယောက်ယောက်က အလောင်းအပုပ်နံ့ကို ဖုံးကွယ်ဖို့ နှုတ်ခမ်းနီကို သုံးနေတာပဲ။”

စကားပြောသူမှာ လေးနက်တည်ကြည်သော မျက်နှာထားဖြင့် တာအိုဆရာအိုကြီး ပင် ဖြစ်၏။

ဘေးမှ အရာရှိဖုန်းက ဤသည်မှာ တကယ်ပဲ အလောင်းအပုပ်နံ့ ဟုတ်မဟုတ် တာအိုဆရာအိုကြီးအား ယဉ်ကျေးစွာ အကြိမ်ကြိမ် အတည်ပြု မေးမြန်းလိုက်သည်။

တာအိုဆရာအိုကြီးက ပြောလိုက်၏။ “ကျုပ်က နေရာအနှံ့ လှည့်လည်သွားလာနေတာ။ သင်္ချိုင်း ပြောင်းတာတွေ၊ ကပ်ရောဂါတွေ၊ ရေကြီးလို့ အလောင်းတွေ ပြည့်နှက်နေတာတွေ အားလုံး မြင်ဖူးတယ်။ သင်္ချိုင်းအနံ့၊ အခေါင်းအနံ့၊ အလောင်းအပုပ်နံ့ တွေဆိုတာ ကျုပ်အတွက် နေ့စဉ်စားနေကျ ထမင်းလိုပဲ ရင်းနှီးနေတာ။ ကျုပ် ရဲရဲကြီး အာမခံရဲတယ်။ ဒါက သေချာပေါက် အလောင်းအပုပ်နံ့ပဲ။”

အရာရှိဖုန်းသည် တွေးတောသွားသော်လည်း ဘာမှ မပြောခဲ့ချေ။ မျက်ရိပ် ပြလိုက်သည်နှင့် ချက်ချင်းပင် အစိုးရ အမှုထမ်း တစ်ဦးက ရှေ့ထွက်ကာ ကျန့်ယွမ်ဟူ၏ အခန်းတံခါးကို တွန်းဖွင့်လိုက်သည်။

ရုတ်တရက် အသက်ရှူကြပ်လောက်အောင် ပြင်းထန်သော နှုတ်ခမ်းနီ အပုပ်နံ့များ လွင့်ပျံ့လာတော့၏။

လေဝင်လေထွက် ကောင်းသွားပြီး အနံ့အနည်းငယ် ပျောက်ကွယ်သွားချိန်မှာတော့ အရာရှိဖုန်း၏ ဦးဆောင်မှုဖြင့် ကျင်းအန်းနှင့် တာအိုဆရာအိုကြီးတို့လည်း အခန်းထဲသို့ ဝင်သွားကြသည်။

အခန်းတွင်း အပြင်အဆင်မှာ မရှုပ်ထွေးလှချေ။ ကုတင်၊ ပိတ်ကား၊ လက်ဖက်ရည်ကရား၊ စားပွဲ၊ ကုလားထိုင် စသည်ဖြင့် ရိုးရိုးရှင်းရှင်း ဖြစ်၏။

စားပွဲတစ်လုံး ရှိပြီး စားပွဲပေါ်တွင် ကြေးမုံမှန် တစ်ချပ် ရှိ၏။ ကြေးမုံမှန်ရှေ့တွင် နှုတ်ခမ်းနီ၊ သနပ်ခါး ဘူးအမျိုးမျိုး အများအပြား ပုံထားသည်။

နှုတ်ခမ်းနီ တံဆိပ်များမှာ ရှုပ်ထွေးလှပြီး မူးယစ်ပန်းပွင့် တံဆိပ်၊ လမင်းပီကင်းပန်း တံဆိပ်၊ ယန်ကျီ တံဆိပ်၊ အနီရောင် မင်ကြက်ရုံး တံဆိပ်တို့အပြင် သနပ်ခါး တံဆိပ်များလည်း အများအပြား ရှိလို့နေ၏။

ကျင်းအန်းသည် အမျိုးသမီးသုံး နှုတ်ခမ်းနီ၊ သနပ်ခါးများကို အဘယ်ကြောင့် အကုန် သိနေသနည်းဟု မမေးပါနှင့်။ အဘယ်ကြောင့်ဆိုသော် သူသည် လွန်ခဲ့သော ရက်အနည်းငယ်ကမှ ကျန်းလင်ယွင် နှင့်အတူ အနီရောင်လ နှုတ်ခမ်းနီ တစ်ဘူး သွားဝယ်ခဲ့သောကြောင့် ဖြစ်သည်။

ထိုအချိန်က ဆိုင်ရှင်က သူ့ကို အတင်းအကျပ် ရောင်းချခဲ့သောကြောင့် ကျင်းအန်းသည် နောက်ဆုံးတွင် မြောက်ပိုင်း မြို့တော်မှ သူဌေးကတော်များ၊ အထက်တန်းလွှာ မိန်းကလေးများကြားတွင် အကျော်ကြားဆုံးဖြစ်သော အနီရောင်လ နှုတ်ခမ်းနီကို ဝယ်ယူခဲ့ရသည်။ သေချာသည်မှာ ဈေးနှုန်းကလည်း အကြီးဆုံးပင် ဖြစ်၏။

တစ်ခါတစ်ရံတွင် အမျိုးသားများသည် အမျိုးသမီးများရှေ့တွင် မျက်နှာပွင့်ချင်ကြ၏။ စီးပွားရေးလုပ်သော ဆိုင်ရှင်များကလည်း ဤကဲ့သို့ အမျိုးသားနှင့် အမျိုးသမီး အတူတကွ လာရောက်သူများကို အနှစ်သက်ဆုံး ဖြစ်၏။

“ဒီ နှုတ်ခမ်းနီ၊ သနပ်ခါးတွေ အကုန်လုံး ကုန်သွားပြီပဲ။ ဒီလောက် ဗူးခွံတွေ အများကြီးကို သာမန် အမျိုးသမီးတွေ နေ့တိုင်း မျက်နှာပေါ် ဂျုံမှုန့် လိမ်းသလို လိမ်းရင်တောင် တစ်နှစ်လောက် လိမ်းလို့ ကုန်နိုင်ပါ့မလား။” တာအိုဆရာအိုကြီးက ပါးစပ်သပ်ကာ အံ့သြတကြီး ပြောလိုက်သည်။

“ဒီ နှုတ်ခမ်းနီ၊ သနပ်ခါးတွေက အမျိုးသမီးတွေ သုံးဖို့ မဟုတ်လောက်ဘူးလို့ ကျုပ် ထင်တယ်။” ကျင်းအန်းသည် ခန္ဓာကိုယ်ကို တစ်ဝက် ကိုင်းကာ ကြေးမုံမှန်ရှေ့တွင် တစ်ခုခုကို အတုခိုးနေသကဲ့သို့ ကြေးမုံမှန်ထဲရှိ သူ့ကိုယ်သူ ဟိုဟိုဒီဒီ ကြည့်နေ၏။

ထို့နောက် နှုတ်ခမ်းနီ၊ သနပ်ခါး ဗူးခွံများကို တစ်ခုချင်းစီ အသေးစိတ် ကြည့်ရှုကာ ဆက်ပြောသည်။ “ဘာလို့လဲဆိုတော့ အမျိုးသမီးတွေက နှုတ်ခမ်းနီ၊ သနပ်ခါးတွေအပေါ် အရမ်းကို ခံစားလွယ်ကြတယ်။ နှုတ်ခမ်းနီအနံ့တွေက မတူကြဘူး။

တချို့က သင်းသင်းလေးနဲ့ ယဉ်ကျေးတယ်၊ တချို့က ကြည်လင်ပြီး မွှေးကြိုင်တယ်၊ တချို့က ပြင်းပေမဲ့ မအီဘူး စသောကြောင့် အသေးစိတ် ခွဲခြားလိုက်ရင် မျက်စိလည်သွားနိုင်တယ်။ ဒါကြောင့်လည်း အမျိုးသမီးတွေက တံဆိပ်တစ်ခုတည်းရှိတဲ့ နှုတ်ခမ်းနီ ဒါမှမဟုတ် သနပ်ခါးကို အရမ်း သဘောကျတတ်ကြပြီး တစ်ခါ ရွေးပြီးသွားရင် သူတို့ရဲ့ စိတ်ကို ပြောင်းလဲဖို့ အရမ်း ခက်ခဲတယ်။

ဒါကြောင့် ဒီမှာလို ဘယ်တံဆိပ် နှုတ်ခမ်းနီ၊ သနပ်ခါးတွေပဲဖြစ်ဖြစ် အကုန်ဝယ်ပြီး ပရမ်းပတာ သုံးတာမျိုး လုံးဝ မလုပ်နိုင်ဘူး။ ဒါက တစ်ဖက်လူဟာ ဘာမှ နားမလည်တဲ့သူ ဖြစ်နေပြီး အမျိုးသမီးတွေရဲ့ စိတ်နေစိတ်ထား အသေးစိတ်ကို နားမလည်ဘူးဆိုတာ ပြနေတယ်။ ပုံမှန်အားဖြင့် အမျိုးသားတွေပဲ အမျိုးသမီးတွေရဲ့ နှုတ်ခမ်းနီ၊ သနပ်ခါး ကိစ္စတွေကို စိတ်မဝင်စားကြဘဲ သေချာ မလေ့လာကြတာ။”

“...”

ကျင်းအန်း စကားပြောရင်း ဤနေရာသို့ ရောက်ချိန်မှာတော့ ရုတ်တရက် ရပ်တန့်သွားသည်။ ကျောချမ်းဖွယ်ရာ အေးစက်မှု တစ်ခုက နောက်ကျောမှနေ၍ ခေါင်းနောက်ဘက်သို့ တက်လာ၏။

ကျင်းအန်းက မေးလိုက်သည်။ “အရာရှိဖုန်းက အရာရှိကျန့် အစောကြီးတည်းက သေဆုံးသွားပြီး သရဲဝင်ပူးခံရတယ်။ သရဲက အရာရှိကျန့် ဟန်ဆောင်ပြီး အစိုးရရုံးထဲကို ဝင်ရောက်နေတာလို့ သံသယ ဝင်နေတာလား။”

.......

All Chapters