အခန်း ၅၂
Vol. 5 Ch. 52
အပိုင်း (၅၂) မကောင်းဆိုးဝါးများ သယ်ဆောင်ခြင်း
“တံခါးဖွင့်...”
“တံခါးဖွင့်...”
“အစိုးရရုံးက အမှုစစ်ဆေးနေတယ်၊ မြန်မြန် တံခါးဖွင့်စမ်း။”
“လူသတ်သမား တစ်ယောက် ချန်ခရိုင်ထဲကို ထွက်ပြေးလာတယ်။”
“အစိုးရရုံးက လူသတ်သမားကို မြို့လုံးကျွတ် ရှာဖွေနေတယ်။”
“အခေါင်းရောင်းတဲ့ ဆိုင်ရှင် မြန်မြန် တံခါးဖွင့်စမ်း။”
......
ညဉ့်နက်သန်းခေါင်ယံ အချိန် ချန်ခရိုင်တွင်...
အရေးကြီးသော တံခါးခေါက်သံများနှင့် လူအများအပြား၏ ဆူညံသံများကြောင့် နိုးလာကြ၏။
ချက်ချင်းပဲ မြို့တစ်ခုလုံး ဆူညံပွက်လောရိုက်သွားတော့သည်။
အသုဘပစ္စည်းများ ရောင်းသောဆိုင်၊ နံ့သာတိုင်ဆိုင် တစ်ဆိုင်ပြီး တစ်ဆိုင်ကို သတ်ဖြတ်ချင်စိတ် ပြင်းပြနေသော ရဲမက်များက ညဉ့်နက်သန်းခေါင်ယံတွင် တံခါးခေါက်ကာ အစိုးရရုံးမှ ရှာဖွေနေသော လူသတ်သမားကို မြို့လုံးကျွတ် လိုက်လံ ရှာဖွေနေကြ၏။
“အရာရှိမင်းတို့... ဒါက ဘာဖြစ်တာလဲ။”
အခေါင်းရောင်းသော ဆိုင်ရှင်၊ ဆိုင်စောင့်နေသော အဘိုးနှင့် မြေး နှစ်ဦးမှာ ရဲမက်များ၏ ညဉ့်နက် သန်းခေါင်ယံ အချိန်တွင် နှိုးခြင်းကို ခံလိုက်ရသည်။
အခြေအနေကို သေချာ မသိသေးသော အဘိုးနှင့် မြေး နှစ်ဦးသည် သတ်ဖြတ်ချင်စိတ် အပြည့်ဖြင့် ဆိုင်ထဲသို့ ဝင်ရောက်လာသော ရဲမက်များကို ကြောက်လန့်တကြား ကြည့်နေကြ၏။
ရဲမက်တစ်ဦးသည် ဝါးကျည်တောက် အရက်ဘူး တစ်ဘူးကို ထုတ်ယူကာ အရက်ဘူးဆို့ကို ဖွင့်လိုက်ရာ အရက်နံ့များ ချက်ချင်း ပျံ့လွင့်လာသည်။
ရဲမက်သည် သဘောထား တင်းမာစွာဖြင့် အဘိုးနှင့် မြေး နှစ်ဦးကို ဝါးကျည်တောက်ထဲရှိ အရက် တစ်ငုံစီ သောက်ရန် အတင်းအကျပ် ခိုင်းစေလိုက်၏။
“အဘိုး... စိုးရိမ်စရာ မလိုပါဘူး။ ဒါက ယန်စွမ်းအင်သုံးပါး အရက်ပါ။ ခန္ဓာကိုယ်ကို ကျန်းမာသန်စွမ်းစေသလို အမှုစစ်ဆေးရာမှာလည်း အသုံးဝင်ပါတယ်။ အဘိုးတို့အနေနဲ့ အစိုးရရုံးက အမှုထမ်းတွေကို အခက် မတွေ့စေပါနဲ့။ အားလုံးက ချန်ခရိုင် ပြည်သူတွေ အေးချမ်းသာယာဖို့အတွက် လုပ်နေတာပါ။” ကျင်းအန်းက ထိုရဲမက်ကို နောက်ဆုတ်ခိုင်းလိုက်ပြီး သူကိုယ်တိုင် ဝါးကျည်တောက်ကို ယူကာ အဘိုးအိုကို ယဉ်ကျေးစွာ ပြောလိုက်သည်။
ဘေးမှ ရဲမက်သည် အဘိုးနှင့် မြေး နှစ်ဦး တွန့်ဆုတ်နေပြီး ယန်စွမ်းအင်သုံးပါး အရက်ကို ချက်ချင်း မသောက်သည်ကို မြင်ချိန်မှာတော့ ချွင်ကနဲ ဓားကို တိုက်ရိုက် ဆွဲထုတ်လိုက်၏။
ကျင်းအန်း ဤတစ်ကြိမ်တွင် ရဲမက် ဓားဆွဲထုတ်သည်ကို မတားဆီးခဲ့ချေ။
အဘယ်ကြောင့်ဆိုသော် ယခုအချိန်သည် မြို့လုံးကျွတ် ရှာဖွေနေသော အရေးကြီးသည့်အချိန် ဖြစ်သောကြောင့် အချိန်နှင့် တစ်ပြေးညီ လှုပ်ရှားရမည် ဖြစ်သောကြောင့်ပင်။
“သောက်... သောက်ပါ့မယ်။ ကျုပ်တို့ ချက်ချင်း သောက်ပါ့မယ်။ အရာရှိမင်း... ကျေးဇူးပြုပြီး ဓားမထုတ်ပါနဲ့။ စကားကို ကောင်းကောင်း ပြောလို့ရပါတယ်။ ကျုပ်တို့ အဘိုးနဲ့ မြေး ချက်ချင်း အမိန့်နာခံပါ့မယ်။”
အသက်ကြီးသော အဘိုးအိုသည် ပညာတတ်များပင် ရဲမက်များနှင့် တွေ့ပါက ရှင်းပြ၍ မရနိုင်ကြောင်း သိထားသောကြောင့် အစိုးရရုံး၏ စကားကို မဆန့်ကျင်ရဲချေ။
“ဂလု... ဂလု...”
သူကိုယ်တိုင် ယန်စွမ်းအင်သုံးပါး အရက်ကို တစ်ငုံ သောက်လိုက်ပြီး မြေးဖြစ်သူကိုလည်း တစ်ငုံ တိုက်လိုက်၏။
“အဘိုးနဲ့ မြေး အပေါ်အင်္ကျီကို ချွတ်ပြီး လက်နှစ်ဖက်ကို မြှောက်ထားပေးပါ။ ကျုပ်တို့က ခင်ဗျားတို့ ကိုယ်ပေါ်မှာ ဓားဒဏ်ရာ ရှိမရှိ စစ်ဆေးချင်လို့ပါ။ အစိုးရရုံးက လိုက်ရှာနေတဲ့ လူသတ်သမားက မလွတ်မြောက်ခင် ဒဏ်ရာရသွားခဲ့လို့ပါ။” ကျင်းအန်းက အနည်းငယ် လိမ်ပြောလိုက်သည်။
တစ်ခါတစ်ရံတွင် ပြည်သူများက အစိုးရရုံးကို ပူးပေါင်းဆောင်ရွက်ရန် ရိုးရှင်းသော အကြောင်းပြချက် တစ်ခုသာ လိုအပ်ပြီး လူအများကို ကြီးမားစွာ ထိတ်လန့်သွားစေရန် မလိုအပ်ချေ။
“ရှပ်... ရှပ်...”
အဝတ်အစား ချွတ်သည့် အသံများ ထွက်ပေါ်လာ၏။
ချိုင်းနှစ်ဖက်နှင့် ရင်ဘတ်တွင် ဘာပြဿနာမှ မရှိသည်ကို စစ်ဆေးပြီးနောက်မှသာ ကျင်းအန်းသည် ဘေးရှိ ရဲမက်များကို ဆိုင်ထဲသို့ ဝင်ရောက်ကာ ဆိုင်ထဲတွင် အခြားသူများ ပုန်းအောင်းနေခြင်း ရှိ၊ မရှိ အသေးစိတ် ရှာဖွေခိုင်းလိုက်သည်။
ကျင်းအန်း၏ ယခု လက်ရှိ စွမ်းရည်ဖြင့် ကံကြမ္မာအငွေ့အသက်ကြည့်ရှုခြင်းပညာကို အသုံးပြုနိုင်သည့် အကြိမ်အရေအတွက်မှာ ကန့်သတ်ချက် ရှိ၏။ တစ်နေ့တည်းတွင် အကြိမ်ကြိမ် အသုံးပြုနိုင်ခြင်း မရှိသေးချေ။
.........
ဤတစ်ကြိမ် မြို့လုံးကျွတ် ရှာဖွေမှုသည် တစ်ညလုံး အုတ်အုတ်ကျက်ကျက် ဖြစ်သွားစေခဲ့သည်။ မိုးလင်းခါနီး အချိန်တွင်မှ ဤဆူညံသံများ တဖြည်းဖြည်း ငြိမ်သက်သွားတော့၏။
သို့ပေမည့် ဤတစ်ညလုံး မြို့လုံးကျွတ် ရှာဖွေမှုတွင် ကျင်းအန်း မည်သည့်အရာမှ မရရှိခဲ့ချေ။ ကျင်းအန်းသည် သူ၏ တွေးခေါ်ပုံများ မှားယွင်းနေသလားဟု သံသယ ဝင်လာတော့သည်။
‘တစ်ဖက်လူက အသုဘပစ္စည်းတွေ ရောင်းတဲ့ဆိုင်၊ နံ့သာတိုင်ဆိုင်တွေကို အသုံးပြုပြီး စက္ကူရုပ်တွေကို ဖုံးကွယ်ထားတာ မဟုတ်ဘူးလား။’
ကျင်းအန်းသည် မြို့တစ်ခုလုံးတွင် ရှာတွေ့သမျှ စက္ကူရုပ် အားလုံးကို မီးရှို့ပစ်လိုက်သော်လည်း မည်သည့် သဲလွန်စမှ မရရှိခဲ့ချေ။ သေချာသည်မှာ ဤစက္ကူရုပ်များကို ဝယ်ယူရန် ကုန်ကျစရိတ် အားလုံးကို အစိုးရရုံးမှ ကျခံပေးခြင်း ဖြစ်၏။
ကျင်းအန်း သေချာ စဉ်းစားပြီးနောက် အရာရှိဖုန်းကို ထပ်မံ သွားရှာခဲ့၏။ နေ့ခင်းဘက်တွင် မသန့်ရှင်းသော အရာများက ပုန်းအောင်းနေပြီး အပြင်မထွက်ရဲသောကြောင့် သာမန်လူများဖြစ်သော ရဲမက်များကို မြို့လုံးကျွတ် အိမ်တိုင်းစေ့ ရှာဖွေခိုင်းရန် ရည်ရွယ်ခဲ့သည်။
ကံကောင်းစွာဖြင့် ယခုအခါ တစ်နှစ်လျှင် တစ်ကြိမ် ကျင်းပသော ချန်ခရိုင်၏ အစည်ကားဆုံး ချင်းမင် ပွဲတော် နီးကပ်လာပြီဖြစ်ပြီး လုံခြုံရေး အခြေအနေ တင်းကျပ်နေသောကြောင့် တရားသူကြီးကျန်းက မြို့လုံးကျွတ် အကြီးအကျယ် ရှာဖွေမှုကို သဘောတူခဲ့၏။
သို့ပေမည့် နှစ်ရက်၊ သုံးရက်ကြာ ရှာဖွေခဲ့သော်လည်း မည်သည့်အရာမှ မရရှိခဲ့ချေ။
‘ဒီလိုနဲ့ပဲ ဒီကိစ္စက ပြီးဆုံးသွားပြီလား။’
ကျင်းအန်းသည် စက္ကူရုပ် အနည်းငယ်ကို ထပ်မံ ဖမ်းဆီးပြီး ကုသိုလ်ကံ အနည်းငယ် ထပ်မံ ရရှိရန် မျှော်လင့်နေခဲ့သေး၏။
ကုသိုလ်ကံ ရရှိမှုနှင့် ပတ်သက်၍ သူ၏ ရင်ထဲတွင် ခန့်မှန်းချက် အနည်းငယ် ရှိလာခဲ့ပြီ ဖြစ်သည်။
ဤကုသိုလ်ကံ ရရှိမှုသည် အခြားသူများ၏ ကံကြမ္မာကို ပြောင်းလဲပေးနိုင်ခြင်းနှင့် သက်ဆိုင်နေပုံရ၏။
သာမန် သူတောင်းစားများကို အစားအစာ ကျွေးမွေးခြင်း၊ ဆင်းရဲသားများကို ဆန်ပြုတ် တိုက်ကျွေးခြင်း စသည်တို့သည် လူတစ်ယောက်ကို သာမန် အဝစားစေရုံသာဖြစ်ပြီး လူတစ်ယောက်၏ ကံကြမ္မာကို ပြောင်းလဲပေးနိုင်သည့် အဆင့်အထိ မရောက်သေးချေ။
သို့ပေမည့် သူ အမှုနှစ်ခုကို ဖော်ထုတ်ခဲ့ခြင်းက သေဆုံးသူနှင့် မိသားစုအချို့၏ ကံကြမ္မာကို ပြောင်းလဲပေးခဲ့၏။
ဥပမာအားဖြင့် သူ သတ်ဖြတ်ခဲ့သော စက္ကူရုပ်များဆိုလျှင် ထိုစက္ကူရုပ်များသည် လူသတ်ဖူးသော မကောင်းဆိုးဝါးများ ဖြစ်ပြီး လူ့လောက၏ အစီအစဉ်များကို နှောင့်ယှက်နေကြသည်။
ဤအရာများ အားလုံးသည် အခြားသူများ၏ ကံကြမ္မာကို ပြောင်းလဲပေးခြင်းနှင့် ဆက်စပ်နေပြီး သေဆုံးသူများအတွက် နာကြည်းချက်များကို ဖြေရှင်းပေးကာ လူ့လောကတွင် လူအများအပြား ထပ်မံ သေဆုံးမည့် အန္တရာယ်ကို လျော့နည်းသွားစေခဲ့၏။
ယခုအချိန်တွင် သူ ကုသိုလ်ကံ အလွန် လိုအပ်နေသည်။
ထို့အပြင် ကုသိုလ်ကံဖြင့် အမိန့်ပေး ချီးမြှင့်ထားသော နှစ်ရာချီသက်တမ်းရှိ အားဖြည့် ဆေးရည်များ၊ နှစ်ရာချီသက်တမ်းရှိ ဆေးအရက်များဖြင့် လေ့ကျင့်မှုကို အလွန် မှီခိုနေရ၏။
ထိုနှစ်ရာချီသက်တမ်းရှိ အဖိုးတန် ဆေးဝါးများသာ မရှိပါက သူ မည်သို့လျှင် တိုးတက်မှု မြန်ဆန်နိုင်မည်နည်း။
နေ့တိုင်း ကံကောင်းနေသော ကျန်းဝူကျိ (သိုင်းလောက ဝတ္ထုဇာတ်ကောင်) လို ဖြစ်နေလိမ့်မည် မဟုတ်ချေ။
ယခုအခါ ကျင်းအန်းသည် စက္ကူရုပ် သုံးခုကို သတ်ဖြတ်ပြီးနောက် အသစ် အမိန့်ပေး ချီးမြှင့်ထားသော နှစ်ရာချီသက်တမ်းရှိ ဂျင်ဆင်းနှင့် တရုတ်နတ်ဆေးမြစ် အားဖြည့်ဆေးရည်၊ နှစ်ရာချီသက်တမ်းရှိ ကျား၊ ဝံပုလွေ ဆေးအရက်များကို ပြုလုပ်ပြီးနောက် သူ၏ လက်ရှိ ကုသိုလ်ကံ လက်ကျန်မှာ နှစ်ရာ့ငါးဆယ့်ရှစ် ဖြစ်၏။
ယနေ့သည် မြို့လုံးကျွတ် ရှာဖွေမှု ပြုလုပ်သည်မှာ နှစ်ရက်၊ သုံးရက် ရှိပြီဖြစ်သော်လည်း မည်သည့်အရာမှ မရရှိခဲ့ချေ။
ဤအတိုင်း ဆက်သွားလျှင် ပြည်သူများကို အနှောင့်အယှက် ဖြစ်စေမည်ကို စိုးရိမ်သောကြောင့် အစိုးရရုံးမှ အမိန့်ချမှတ်ကာ မြို့လုံးကျွတ် ရှာဖွေမှုကို ဤနေရာတွင် အဆုံးသတ်လိုက်သည်။
ဤကိစ္စ ပြီးဆုံးသွားချိန်မှာတော့ လူမှုဆက်ဆံရေးတွင် အလွန် ကျွမ်းကျင်သော အရာရှိဖုန်းသည် တယ်ရှန်း အရက်ဆိုင်တွင် ကျင်းအန်းနှင့် တာအိုဆရာအိုကြီးတို့ကို ထပ်မံ ဧည့်ခံကျွေးမွေးခဲ့၏။
တစ်ချက်က သူတို့နှစ်ဦး ကူညီပေးခဲ့သည်ကို ကျေးဇူးတင်ရန် ဖြစ်ပြီး နောက်တစ်ချက်ကတော့ တာအိုဆရာအိုကြီး၏ အသက်ကယ်တင်မှုကို ကျေးဇူးတင်ရန် ဖြစ်သည်။
အရာရှိဖုန်းသည် တယ်ရှန်း အရက်ဆိုင်တွင် ဧည့်ခံမည်ဟု ကြားလိုက်ရချိန်မှာတော့ ပြီးခဲ့သည့်အကြိမ်က ရတနာရှစ်ပါး ကြက်သားကို အမြဲတမ်း သတိရနေသော တာအိုဆရာအိုကြီးသည် သွားရည်များပင် ကျလာတော့၏။
......
အရက်နှင့် ထမင်းကို ဝအောင် စားပြီးနောက်...
လူသုံးဦး၏ စကားဝိုင်းသည် ကျန့်ယွမ်ဟူ နှင့် စက္ကူရုပ်များဆီသို့ အလိုအလျောက် ပြောင်းလဲသွားသည်။
အရာရှိဖုန်းက ပြောလိုက်၏။ “ဒီရက်ပိုင်းအတွင်း ကျုပ်တို့ ညီအစ်ကို အချို့ကို ရှန်ဖန်းရွာဆီ လွှတ်ပြီး ယမ်းမှုန့်အမှုကို ပြန်လည် စုံစမ်းခိုင်းခဲ့တယ်။ ရလဒ်အနေနဲ့ မမျှော်လင့်တဲ့ သတင်းတစ်ခု ရလာတယ်။ လီဆိုက်လျန်ရဲ့ အလောင်း ပျောက်သွားတယ်တဲ့။”
“ပျောက်သွားတယ် ဟုတ်လား။”
“တကယ်တော့ ပျောက်သွားတာပါ။ လူခိုးသွားတာ မဟုတ်ဘူး။” အရာရှိဖုန်း သည် သွေးထွက်လွန်ထား သောကြောင့် မျက်နှာတွင် သွေးရောင် အနည်းငယ် ဖြူရော်နေဆဲ ဖြစ်၏။
ထို့အပြင် အရွတ်နှင့် အရိုးများ ထိခိုက်မိပါက ရက်တစ်ရာ ကြာတတ်သည် ဆိုသော်လည်း သိုင်းသမားများ၏ ခန္ဓာကိုယ်သည် သာမန်လူများထက် သန်စွမ်း၏။ ပြန်လည် ကောင်းမွန်သည့် အချိန် ပိုမြန်သော်လည်း အရာရှိဖုန်း၏ ရင်ဘတ်ရှိ ဓားဒဏ်ရာမှာ လုံးဝ မပျောက်ကင်းသေးချေ။
ထို့ကြောင့် အရာရှိဖုန်း သည် ဤတစ်ကြိမ် ဧည့်ခံပွဲတွင် အရက် လုံးဝ မသောက်ဘဲ တစ်ချိန်လုံး လက်ထဲတွင် ကြွေလက်ဖက်ရည်ခွက်လေးကို ကိုင်ကာ လက်ဖက်ရည်ကို အရက်အစား သောက်သုံးနေခဲ့သည်။
အရာရှိဖုန်းက ဆက်ပြောလိုက်၏။ “ဒါပေမဲ့ ချင်းမင် ပွဲတော်က နီးကပ်လာပြီဆိုတော့ လီဆိုက်လျန် အလောင်းပျောက်တဲ့ အမှုကို ယာယီ ရပ်ဆိုင်းထားရတယ်။ အခု အစိုးရရုံးရဲ့ အဓိက အာရုံစိုက်မှုက ချင်းမင် ပွဲတော်ကို အန္တရာယ်ကင်းကင်း ကျင်းပနိုင်ဖို့ ကာကွယ်ပေးရေးပဲ။ မြို့ထဲကို အခြားနယ်က ဧည့်သည်တွေ အများကြီး ဝင်လာတော့ မြို့လုံးကျွတ် လုံခြုံရေးကို ထိန်းသိမ်းဖို့က အခုလောလောဆယ် အရေးကြီးဆုံး ကိစ္စလေ။”
ထိုစကားကို ကြားချိန်မှာတော့ ကျင်းအန်းက စပ်စုချင်စိတ်ဖြင့် မေးလိုက်၏။ “အရာရှိကျန့်က ရှန်ဖန်းရွာမှာ အမှုစစ်ဆေးရင်းနဲ့ ဝင်ပူးခံရတဲ့ အလောင်းကောင် ဖြစ်သွားတာဆိုတော့ ရှန်ဖန်းရွာမှာ တခြား သံသယဖြစ်စရာတွေ မရှိဘူးလား။”
အရာရှိဖုန်း သည် လေးနက်သော မျက်နှာထားဖြင့် ခေါင်းယမ်းလိုက်သည်။ “လောလောဆယ် ဘာမှ မတွေ့သေးဘူး။”
ကျင်းအန်း စဉ်းစားပြီး မေးလိုက်၏။ “ဒါဆို အရာရှိကျန့် အမှုပိတ်သိမ်းခဲ့တဲ့ ပြည်သူတွေ တရားမဝင် ယမ်းမှုန့် သိမ်းဆည်းတဲ့ အမှုကိုရော ပြန်စစ်ဆေးမှာလား။”
အရာရှိဖုန်းက လေးနက်စွာ ပြောလိုက်သည်။ “သခင်လေးကျင်းအန်းနဲ့ တာအိုဆရာကြီးတန်တို့... နောက်ဆက်တွဲ ပြောမယ့် စကားတွေကို လျှို့ဝှက်ထားပေးဖို့ တောင်းဆိုချင်ပါတယ်။ ပွင့်ပွင့်လင်းလင်း ပြောရရင် အခု အစိုးရရုံးက လူတွေ အားလုံးက ဒီတစ်ကြိမ် ပြည်သူတွေ တရားမဝင် ယမ်းမှုန့် သိမ်းဆည်းတဲ့ အမှုရဲ့ အချိန်နဲ့ နေရာက အရမ်းကို အကဲဆတ်တယ်လို့ ထင်နေကြတယ်။ မကြာခင် ကျင်းပတော့မယ့် ချင်းမင် ပွဲတော်ကို ရည်ရွယ်ပြီး လုပ်တာ ဖြစ်နိုင်ချေ အရမ်းများတယ်။”
ဒါပေမဲ့ အခု လူအင်အားက အရမ်း လိုအပ်နေတယ်။ တခြားနေရာတွေကို ဂရုစိုက်ဖို့ အချိန်မရှိတော့ဘူး။ ချန်ခရိုင်ကို သေချာ ကာကွယ်ဖို့ပဲ အစွမ်းကုန် ကြိုးစားရတော့မယ်။ လူအင်အား အားလုံးကို ချန်ခရိုင် လုံခြုံရေးနဲ့ ချင်းမင် ပွဲတော် လုံခြုံရေးကို တင်းတင်းကျပ်ကျပ် ကာကွယ်ဖို့အတွက်ပဲ အသုံးပြုရတော့မယ်။
ခရိုင်မှာ လူအင်အား မလုံလောက်လို့ တရားသူကြီးကျန်းက ဒီကိစ္စကို ခရိုင်မြို့တော်ကို သတင်းပို့ထားပြီးပြီ။ အခု ခရိုင်မြို့တော်က သတင်းကို အေးအေးဆေးဆေး စောင့်နေရုံပဲ ရှိတော့တယ်။”
ဤနေရာသို့ ရောက်ချိန်မှာတော့ အရာရှိဖုန်းက အခြား ကိစ္စတစ်ခုကို ထပ်မံ ပြောပြလာခဲ့၏။ “ခင်ဗျားတို့ နှစ်ယောက် ပြည်သူတွေရဲ့ မကောင်းဆိုးဝါးများ သယ်ဆောင်ခြင်း ဆိုတာကို ကြားဖူးလား မသိဘူး။”
......................