ခန္ဓာနဲ့စိတ်ဝိညာဉ်ကို ဝါးမြိုခြင်း၊ ကောင်းကင်ဘုံပျက်သုဉ်းခြင်းမန္တာန်…
Vol. 99 Ch. 1359
အသင်္ချေနတ်ဘုရားပြစ်ဒဏ် စလေပြီ။
နန်းတော်ကိုးခုသည် ဥက္ကာခဲကိုးခုအဖြစ် ပြောင်းလဲကာ ပုံစံကွက်တစ်ခုအသွင် ဖြစ်တည်၏။ ကားချပ်ရှစ်ခုသည် ယင်းအတွင်း၌ တလက်လက် လှည့်လည်သည်။ ကားချပ်ရှစ်ခုအတွင်းတွင်မူ ကြယ်ခုနစ်လုံးသည် တုန်လှုပ်ဖွယ်ဖိအားကို ထုတ်လွှတ်၏။
ကြယ်ခုနစ်လုံးအတွင်း၌ ဦးတည်ရာခြောက်ခုလိပ်ခွံများ ရှိသည်။ ယင်းအတွင်း၌ ဒြပ်စင်ငါးခုသည် စီးဆင်းလျက် ရှိသည်။
ဒြပ်စင်ငါးခုအတွင်းတွင်မူ နတ်လေးပါးသည် ဟိန်းအော်သံ ပေးလေ၏။
နတ်လေးပါးအတွင်းနက်ပိုင်းတွင်တော့ ကြောက်မက်ဖွယ် ပါရမီသုံးခု၏အလင်း တည်ရှိသည်။ ယင်းအလင်းသုံးခု အလယ်တွင်မူ သာသနာနှစ်ခု ဖြစ်ပေါ်သည်။
သာသနာနှစ်ခုသည် ယင်နှင့်ယန်ဖြစ်ကာ ကားချပ်တစ်ခုအသွင် ဖြည်းဖြည်းချင်း ပြောင်းလဲသည်။ ယင်းအပြစ်က အပြင်ဘက်အလွှာများကိုပါ လိုက်ပါလှည့်လည်စေသည်။ ယင်းတို့က ရှင်းရှင်းလင်းလင်း မြင်ရဖို့ မဖြစ်နိုင်သည့်အထိ လှည့်ပတ်၏။ ထူးခြားဆန်းကြယ်သည်မှာ နတ်ဘုရားပြစ်ဒဏ်၏ အလွှာရှစ်ခုသည် မတူညီသောအမြန်နှုန်းဖြင့် လှည့်ပတ်နေခြင်းတည်း။ သာသနာနှစ်ခုမှသည် နန်းတော်ကိုးခုထိ မတူညီသော နတ်ဘုရားပြစ်ဒဏ်ရှစ်မျိုးမှာ ဝဲကတော့အသွင် ဖြစ်တည်ကာ ကွဲပြားသောအမြန်နှုန်းဖြင့် လှည့်ပတ်ကာ အတူတကွ ပေါင်းစပ်ကြသည်။
ယင်နှင့်ယန်ကားချပ်အတွင်း တုန်ဟည်းသံများ မြည်ဟိန်းပဲ့တင်ထပ်လျက် အရောင်မဲ့အလင်းတစ်ခု ပေါက်ကွဲထွက်၏။ သို့သော် ယင်းအလင်းတွင် ဂျီခံစားမှု ပါဝင်နေသည်။
ဂျီနယ်ပယ်။
တစ်ချိန်တည်းမှာ ဝမ်လင်း၏ခန္ဓာကိုယ်မှာလည်း လှည့်ပတ်လျက်သာ။ သူ့ခန္ဓာကိုယ်အတွင်းရှိ နတ်ဘုရားပြစ်ဒဏ်အားလုံးသည် အပြင်ဘက်ကို ထင်ယောင်ဟပ်စေပြီး လှည့်လည်၏။ ယင်နှင့်ယန်ကားချပ် ဗဟိုတွင် ဂျီနယ်ပယ် မွေးဖွားလာခဲ့လေပြီ။
ဂျီနယ်ပယ် မွေးဖွားလာသည်နှင့် ဝမ်လင်း၏ခန္ဓာကိုယ်သည် ပြိုပျက်စီးနေရာကနေ ရပ်တန့်ကာ သူ့မူလစိတ်ဝိညာဉ် ပျောက်ကွယ်နေမှုပါ ရပ်တန့်သွားသည်။ အရာအားလုံး ရပ်တန့်သွားသည်။ ဝမ်လင်းသည် မျက်လုံးဖွင့်လာ၏။
သူ မျက်လုံးဖွင့်လာချိန်တွင် အနီရောင်လျှပ်စီးသည် သူ့မျက်လုံးထဲတွင် တလက်လက် တောက်ပသည်။ ထိုအလင်းက ဝမ်လင်းထံတွင် နှစ်ပေါင်းတစ်ထောင်ကျော် မပေါ်လာခဲ့သော ဂျီနယ်ပယ်ပင်။
သူ့ဆံပင်ဖြူများက လေမတိုက်ပါဘဲ လွင့်ဝဲလျက် ရှိနေ၏။ သူ့ဆံပင်အရင်းမှ အနီရောင်အလင်းတစ်ခု ထွက်ပေါ်လာသည်။ ချက်ခြင်းပင် ဝမ်လင်း၏ဆံဖြူများသည် မထင်မှတ်စွာ အနီရောင်သို့ ပြောင်းလဲသွားလေ၏။ ယင်းအနီမှာ သွေးနီရောင်တည်း။
သူ့မျက်လုံးထဲရှိ အနီရောင်အလင်းသည် ပိုမိုအားကောင်းလာသည်။ ကြောက်မက်ဖွယ် သတ်ဖြတ်လိုစိတ် ပျံ့နှံ့လာ၏။ ဂျီနယ်ပယ် ဆင်းသက်လာခဲ့လေပြီ။
ကြီးမားသော စတေးမှု၊ သေပင်သေပါစေ ပြတ်သားမှုတို့ဖြင့် သူသည် ဤနတ်ဘုရားပြစ်ဒဏ်ကို ရင်ဆိုင်ခဲ့ပေ၏။သူ့ခန္ဓာကိုယ်က နတ်ဘုရားပြစ်ဒဏ်အားလုံးကို စုပ်ယူပြီးသည်နောက်တွင်တော့ ဂျီနယ်ပယ်အမျှင်တန်းတစ်ခု မွေးဖွားလာခဲ့လေပြီ။ ဝမ်လင်းသည် သူ နှစ်ပေါင်းများစွာ ဆုံးရှုံးခဲ့ရသော ဂျီနယ်ပယ်ကို နောက်ဆုံးတွင် ပြန်လည် ရရှိလာခဲ့သည်။
ဤတွင် နန်းတော်ကိုးခုမှသည် သာသာနနှစ်ခုထိ နတ်ဘုရားပြစ်ဒဏ်များကနေ ဖြစ်ပေါ်လာသော ဂျီနယ်ပယ်သည် အနီရောင်လျှပ်စီးတန်းအဖြစ် ပြောင်းကာ ဝမ်လင်းထံ တန်းတန်းမတ်မတ် တိုးဝင်လာသည်။
ယင်းအလင်း ရောက်ရှိလာသည်နှင့် ဝမ်လင်းက ရယ်မော၏။ သူ့မျက်လုံးထံမှ အနီရောင်လျှပ်စီး ထိုးထွက်ကာ သူ့ညာလက်ပေါ်သို့ ကျရောက်သည်။ ထို့နောက် သူ့ညာလက်ဖြင့် နတ်ဘုရားပြစ်ဒဏ်မှ ဂျီနယ်ပယ်ကို ဖမ်းဆုပ်လိုက်၏။
အဖျက်အစီးအော်ရာတစ်ခု ဝမ်လင်း၏ခန္ဓာကိုယ်ထဲ ဝင်ရောက်လာသည်နှင့် သူက ချိပ်ပိတ်နယ်မြေအစီအရင်ပေါ်သို့ မှီလိုက်၏။ သူက သူနှင့်အလွန်ရင်းနှီးသော ဂျီနယ်ပယ်ကို သူ့ခန္ဓာကိုယ်ကို ကြားခံတစ်ခုအဖြစ် သုံးကာ ယင်းဂျီနယ်ပယ်၏စွမ်းအားကို ချိပ်ပိတ်နယ်မြေအစီအရင်ပေါ်သို့ ကူးပြောင်းပေးလိုက်သည်။
အစီအရင်သည် တုန်ဟည်းသွား၏။ အစီအရင်၏ ရတနာစိတ်ဝိညာဉ်များသည် တန်ပြန်တိုက်ခိုက်ရန် ပေါ်ထွက်လာကြသည်။ ထိုအခိုက်တွင် အစိမ်းရောင်အမျှင်တန်းများစွာ ပေါ်လာပြီး ယင်းရတနာစိတ်ဝိညာဉ်များ ထွက်ပေါ်လာမည်ကို ဟန့်တားပေးသည်။
နတ်ဘုရားပြစ်ဒဏ်မှ ဂျီနယ်ပယ်သည် ဝမ်လင်း၏ခန္ဓာကိုယ်ကို ဖြတ်ကာ အစီအရင်ထံ အရူးအမူး ဝင်ရောက်လေသည်။ ဝမ်လင်း၏ခန္ဓာကိုယ် နောက်ပြန်လွင့်စင်သွားရင်း အစီအရင်သည် ပိုက်ကွန်တစ်ခုနှင့် အလားသဏ္ဌာန်တူလာသည်။
ဝမ်လင်း၏မျက်လုံးထံမှ အနီရောင်လျှပ်စီးကို ထုတ်လွှတ်သည်။ ထို့နောက် သူ့ညာလက်ဖြင့် ချိပ်ပိတ်နယ်မြေအစီအရင်ပေါ်သို့ ရိုက်ချသည်။ သူ့ခန္ဓာကိုယ်အတွင်း မွေးဖွားခဲ့သော ဂျီနယ်ပယ်မှာ အစီအရင်ထံ တဟုန်ထိုး ဝင်ရောက်သွားသည်။
သည်တိုက်ခိုက်မှုတွင် ဂျီနယ်ပယ်နှစ်ခု ပါဝင်၏။ နတ်ဘုရားပြစ်ဒဏ်၏ ဂျီနယ်ပယ်နှင့် ဝမ်လင်း၏ဂျီနယ်ပယ်တို့မှာ ပူးပေါင်းကာ အံ့မခန်းဖိသိပ်အားတစ်ခုကို ဖြစ်ပေါ်စေသည်။
ထိုအခိုက်အတန့်တွင် ချိပ်ပိတ်နယ်မြေအစီအရင်အတွင်းရှိ အစိမ်းရောင်အမျှင်တန်းပမာဏသည် တိုးပွားလာသည်။ ယင်းတို့သည် လှိုင်းဂယက်များကဲ့သို့ ပျံ့နှံ့ကာ ချိပ်ပိတ်နယ်မြေအစီအရင်ကို ပျက်စီးမှု ပိုများစေသည်။
မိုးကြိုးတုန်ဟည်းသံများ ဆက်တိုက် ပဲ့တင်ထပ်သည်။ ချက်ခြင်းလိုလိုပင် ပိုက်ကွန်ကဲ့သို့ အစီအရင်မှာ ပျက်စီးပြိုပျက်မည့် အရိပ်လက္ခဏာ ပြသလာပြီး သေးငယ်သောအဟတစ်ခုကို ဖန်တီး ဖြစ်ပေါ်သည်။
ထိုအဟ ဖြစ်ပေါ်သည်နှင့် အစီအရင်ထံမှ အော်ဟစ်သံများ ထွက်ပေါ်လာသည်။ ထာဆန် သူ့ဘိုးဘေးများ ပိုင်ဆိုင်သည့် လက်နက်ဟု သိခဲ့သော ကောင်းကင်ခုတ်ပိုင်းခြင်းပုဆိန် ထွက်ပေါ်လာခဲ့ပြီ။
၎င်းပုဆိန်ပေါ်လာသည်နှင့် အစီအရင်ပေါ်ရှိ အစိမ်းရောင်အမျှင်တန်းများသည် ရုတ်တရက် ပြိုပျက်ကာ ပုဆိန်ကို စတင် ခုခံသည်။
“မင်း ဘာလို့ ထွက်မသွားသေးတာလဲ။ ဘာကို စောင့်နေတာလဲ…”
ချိပ်ပိတ်နယ်မြေအရှင်သခင်၏ ရှေးဟောင်းအသံသည် အစီအရင်ထံမှ ထွက်ပေါ်လာ၏။ သူ့အသံ ထွက်ပေါ်လာသည့်အခါတွင် အစီအရင်ပေါ်ရှိ အဟသည် ပို ပွင့်လာကာ လူတစ်ကိုယ်စာ ဝင်နိုင်သည့်ထိ ဖြစ်ပေါ်လာသည်။
ဝမ်လင်းသည် တွေဝေမနေဘဲ သူ့ရှေးဟောင်းနတ်ဘုရားခန္ဓာကိုယ် အရွယ်အစားကနေ သာမန်လူအရွယ်အစားထံ ပြန်ကြုံ့လိုက်၏။ သူ့ညာလက်ဖြင့် လီချန်မေကို ပွေ့ယူလိုက်ပြီးနောက် သူသည် အဟကြားသို့ တိုးဝင်သွားတော့သည်။
သူ့ရှေ့တွင် ပေါ်လာသည်က တစိမ်းတပြင်ဟင်းလင်းပြင်တစ်ခု၊ ရှေးဟောင်းကြယ်အဖွဲ့အစည်းတည်း။ သူ့ကို ကြောင်ရီစွာ ကြည့်နေကြသော ထူးဆန်းသောဝတ်စုံများဖြင့် ပြင်ပကျင့်ကြံသူ ရာချီလည်း ရှိနေသည်။
ထိုကျင့်ကြံသူများသည် ရှေးဟောင်းကောင်းကင်ဘုံနယ်မြေမှ လူများပင်။
သို့ရာတွင် သူ ထိုးထွက်လာသည်နှင့် ဧရာမရှေးဟောင်းနတ်ဘုရားပုဆိန် (ဝါ) ကောင်းကင်ဘုံပိုင်းဖြတ်ခြင်းပုဆိန်သည် ထွေးလိမ်ထားသော အစိမ်းရောင်အမျှင်တန်းများကို ချိုးဖျက်လာ၏။ ၎င်းက ဝမ်လင်းထံ ကြမ်းတမ်းစွာ ခုတ်ပိုင်းချလာသည်။
ထိုခုတ်ပိုင်းချက်ကြောင့် ကောင်းကင်ဘုံကို ဖြတ်ပိုင်းပစ်မည့် ပုဆိန်စွမ်းအင်အလင်းတန်းသည် ဝမ်လင်းထံ ချက်ခြင်းလိုလို ရောက်ရှိလာတော့သည်။
ဝမ်လင်း၏အမူအရာသည် ကြမ်းကြုတ်နေ၏။ သူက ထိုပုဆိန်အလင်းတန်းထံ လှမ်းအော်ဟစ်လိုက်သည်။ “မင်းက ရှေးဟောင်းနတ်ဘုရားတွေရဲ့ လက်နက်ပဲ။ ဒါတောင် မင်းက မင်းရဲ့ သခင်ကို တိုက်ခိုက်ဝံ့တယ်လား…”
ထိုပုဆိန်စွမ်းအင် နီးကပ်လာစဉ် ၎င်းသည် တုန်ယင်ကာ ရုန်းကန်၏။ သို့ပေမည့် အဆုံးသပ်တွင် ၎င်းသည် ဖျပ်ခနဲပင် ဝမ်လင်း၏ရင်ဘက်ကို ထွင်းဖောက်သွားလေသည်။
သွေးများ နေရာအနှံ့ ပန်းထွက်၏။ ဝမ်လင်း၏ရင်ဘက်မှာ ဟပြဲစုတ်သွားသည်။ သူ့မျက်နှာသည် ဖြူရောကာ ချက်ခြင်း သွေးအန်ထုတ်လိုက်ရသည်။ သူသည် နတ်ဘုရားပြစ်ဒဏ်ကြောင့် ဒဏ်ရာအပြင်းအထန် ရထားခဲ့ပြီးပင်။ ခုချိန်၌ သူသည် ပုဆိန်ရိုက်ချက်ကိုပါ ထိမှန်ခံလိုက်ရခြင်းက သူ့ဒဏ်ရာများကို ပိုဆိုးဝါးသွားစေသည်။ သူ့မူလစိတ်ဝိညာဉ်သည် ပျက်စီးကာ သူ့ခန္ဓာကိုယ်ပင် ပုဆိန်အတွင်းရှိ ရှေးဟောင်းနတ်ဘုရားအော်ရာကြောင့် ပြန်ကောင်းမွန်နှုန်း မဲ့သွားရ၏။
သွေးများ ဆက်တိုက် ပျံသန်းထွက်သည်။ ဝမ်လင်း၏ အင်္ဂါအစိတ်အပိုင်းများသည် သွေးအလိမ်းလိမ်း ဖြစ်ရ၏။ သူ့အမြင်သည် ဝေဝါးသွားသည်။ သို့သော် သူက ချိပ်ပိတ်နယ်မြေအစီအရင်ကို စူးစိုက်ကြည့်လေ၏။
ထိုအခိုက်အတန့်တွင် ဝမ်လင်း ထိုးထွက်လာခဲ့သော အဟမှာ မြန်ဆန်စွာ ပြန်ကောင်းမွန်သွားပြီး အပြစ်အနာဆာ မရှိတော့ပေ။ သို့ရာတွင် အစိမ်းရောင်အမျှင်တန်းများမှာ အဟကြားကနေ အမူးအမူး ထိုးထွက်ကာ အမြစ်တွယ်ကုပ်လိုဟန် ရ၏။
ပုဆိန်ကမူ အစီအရင်အတွင်း၌ လွင့်ဝဲလျက် ဝမ်လင်းထံ ဦးတည်လျက် ရှိသည်။ အချိန်အတန်ကြာပြီးနောက်မှ ဧရာမပုဆိန်မှာ တဖြည်းဖြည်းချင်း အစီအရင်ထဲ ပြန်လည် ပျောက်ကွယ်သွားလေ၏။
ထိုစဉ် တုန်လှုပ်နေရာကနေ ရှေးဟောင်းကြယ်အဖွဲ့အစည်းမှ ကျင့်ကြံသူများသည် သတိပြန်ဝင်လာကြ၏။သူတို့သည် ဝမ်လင်းကို သတ်ဖြတ်လိုစိတ်အပြည့်ဖြင့် ကြည့်လာကြသည်။
ပြင်ပနယ်မြေနှင့်အတွင်းနယ်မြေကြားရှိ သတ်ဖြတ်မှုမှာ အကြောင်းပြချက်ဟူ၍ မရှိပေ။
မတူညီသော မျိုးနွယ်စုများကြားရှိ ရှင်သန်နိုင်ဖို့အတွက် သတ်ဖြတ်ရသည်ဟု ဆိုနိုင်သည်။
“သူ့ကို သတ်လိုက်…။ သူက အတွင်းဘက်နယ်မြေကနေ ထိုးထွက်လာခဲ့ပြီး ဒဏ်ရာအပြင်းအထန် ရထားတယ်…”
“ဒီလူ့ကို သတ်ပြီး ကလန်ကို ပို့ပေးလိုက်ရင် ကျိန်းသေပေါက် ဆုလဒ်ရမှာ သေချာတယ်…”
“အစီအရင်စိတ်ဝိညာဉ်ကြောင့် သူ ဒဏ်ရာရထားပြီး သေခါနီး ဖြစ်နေပြီ။ သူ့ကိုသတ်…”
ရှေးဟောင်းကြယ်အဖွဲ့အစည်းမှ လူများထံတွင် ကြောက်မက်ဖွယ်သတ်ဖြတ်လိုစိတ်ဖြင့် ပြည့်နှက်နေ၏။ သူတို့မျက်လုံးများသည် ရက်စက်ကြမ်းကြုတ်နေကာ ဝမ်လင်းထံ တိုးဝင်လာကြသည်။
ပြင်ပနယ်မြေမှ ကျင့်ကြံသူအားလုံးမှာ ကျင့်ကြံမှုအဆင့်အမျိုးမျိုး ရှိကြ၏။ အနိမ့်ဆုံးကျင့်ကြံခြင်းအဆင့်သည် နိဗ္ဗာနသန့်စင်ခြင်း၊ အမြင့်ဆုံးမှာ နိဗ္ဗာနဖြိုခွဲခြင်းအထွတ်အထိပ်အဆင့်ပင်။
ကျင့်ကြံသူရာချီ တိုးဝင်လာကြ၏။
“မင်းတို့က သေချင်နေတာပဲ…” ဝမ်လင်းသည် အလွန်အားနည်းနေကာ ဒဏ်ရာအပြင်းအထန် ရထား၏။ သို့သော် သူ့မျက်လုံးမှာ အေးစက်နေသည်။ ဤနေရာသည် ပြင်ပနယ်မြေ ဖြစ်ကာ သူ အရင်က လုံးဝ မရောက်ခဲ့ဖူးပေ။ ဤနေရာသည် သူ့ချိပ်ပိတ်နယ်မြေ၏ဘိုးဘေးများ ဝင်ရောက်လိုခဲ့ကြသည်ကို ခုနစ်ရောင်စုံနယ်မြေထဲမှာတုန်းက ဝမ်လင်း တွေ့မြင်ခဲ့သော နေရာပင်။
“တနေ့ကျရင် ဒီချိပ်ပိတ်နယ်မြေအစီအရင်ကို ချိုးဖျက်နိုင်တဲ့ အနာဂတ်ကျင့်ကြံသူမျိုးဆက် ရှိလာဦးမှာပါ။ မင်းတို့ပြင်ပလူတွေကို မျိုးသုန်းပစ်မဲ့နေ၊ မင်းတို့ရဲ့ ပြင်ပနယ်မြေကို သွေးတွေမြစ်လို စီးဆင်းစေမယ့်နေ့ ရောက်လာဦးမှာပါ…”
အတိတ်တုန်းက ကောင်းကင်ဘုံသားတစ်ယောက် ဟစ်ကြွေးခဲ့သော ထိုစကားကို ဝမ်လင်းနားထဲတွင် ပြန်ကြားယောင်နေမိ၏။ သူက သူ့ရှေ့ရှိ တစိမ်းကြယ်အဖွဲ့အစည်းကို ကြည့်သည်။ သူ့နောက်ရှိ မှိန်ဖျော့ဖျော့ ချိပ်ပိတ်နယ်မြေအစီအရင်ကိုလည်း ပြန်လှည့်ကြည့်လိုက်၏။
ပြင်ပနယ်မြေမှ ကျင့်ကြံသူများသည် ချက်ခြင်း အနားရောက်လာကြပေပြီ။ သူတို့၏ကြမ်းကြုတ်သည့်အမူအရာများ၊သတ်ဖြတ်လိုစိတ်အပြည့်ဖြင့် ရှိနေကြပုံသည် ဝမ်လင်း၏အမြင်ထဲသို့ ရှင်းရှင်းလင်းလင်း ဝင်လာ၏။
ဝမ်လင်း၏မျက်လုံးသည် လင်းလက်သွား၏။ သူ့ဘယ်လက်ဖြင့် ချိပ်ဟန်တစ်ခု ဖြစ်စေကာ သူ့ရင်ဘက်ပေါ်သို့ အကြိမ်များစွာ လက်ညွှန်လိုက်သည်။ သူက တည်ငြိမ်စွာ ပြော၏။ “ကောင်းကင်ဘုံနယ်မြေ…ခန္ဓာကိုယ်နဲ့စိတ်ဝိညာဉ် ဝါးမြိုခြင်း၊ ကောင်းကင်ဘုံပျက်သုဉ်းခြင်းမန္တာန်…”
အတိတ်တုန်းက မိုးကြိုးကောင်းကင်ဘုံနယ်မြေတွင် ချင်းရွှေပေါ်လာခဲ့ချိန်က သူသည် ရူးသွပ်ဖွယ်သတ်ဖြတ်မှုတစ်ခုကို ပြုလုပ်ခဲ့ပေ၏။ ကျင့်ကြံသူများ၏ မူလစိတ်ဝိညာဉ်များသည် ဝါးမြိုခြင်း ခံခဲ့ရကာ အသွေးအသားတို့မှာလည်း ချင်းရွှေပြန်ကောင်းမွန်လာဖို့အတွက် အားဖြစ်ခဲ့ရဖူးသည်။
ထိုရက်စက်လှသောမန္တာန်မှာ ကြောက်မက်ဖွယ်ကောင်းလွန်းပြီး ချင်းရွှေ ဖန်တီးခဲ့ခြင်းပင်။ သူ့တဘဝလုံးတွင် သူက ဝမ်လင်းတစ်ယောက်ကိုသာ ထိုမန္တာန်ကို သင်ပေးခဲ့ခြင်း ဖြစ်သည်။ သည်လောကတွင် ချိပ်ပိတ်နယ်မြေဖြစ်စေ၊ ပြင်ပနယ်မြေဖြစ်စေ ဝမ်လင်းနှင့်ချင်းရွှေတို့သာ ဤကောင်းကင်ဘုံမန္တာန်ကို သိရှိထားပေသည်။
ယင်းက မည်သို့သော ကောင်းကင်ဘုံမန္တာန်မျိုးနည်း။ ယင်းသည် အလွန်အမင်းနတ်ဆိုးဆန်သော မန္တာန်ဖြစ်၏။
အခုက သည်မန္တာန်ကို ဝမ်လင်း ပထမဆုံးအကြိမ် အသုံးပြုလိုက်ခြင်း ဖြစ်၏။ သူ့ခန္ဓာကိုယ်သည် အရိုးစု ဖြစ်သည့်အထိ သွေ့ခြောက်သွားသည်။ သူ့ထံမှ သွေးရူးသွေးတန်းအော်ရာတစ်ခု ထွက်ပေါ်လာ၏။ သူ့ရင်ဘက်ပေါ်ရှိ ဒဏ်ရာသည်ပင် မထင်မှတ်စွာဖြင့် ရွှေ့လျားသွားကာ သွေးများထပ်မံ မထွက်လာတော့ချေ။
ပြင်ပနယ်မြေမှ ကျင့်ကြံသူများ ရောက်ရှိလာသည်နှင့် မကောင်းဆိုးဝါးဆန်သော ရယ်သံတစ်သံ ပဲ့တင်ထပ်၏။ ဝမ်လင်းက ရှေ့သို့ ခြေလှမ်းကာ ပြင်ပနယ်မြေရှိ ကျင့်ကြံသူများထံ အနက်ရောင်မြူအဖြစ် ပြောင်းလဲပြီး တိုးဝင်သွားသည်။ ဖော်ပြရန်ပင်ခက်ခဲသော ကြောက်ရွှံ့မှုနှင့် ပြည့်နှက်နေသော အော်သံ ထွက်ပေါ်လာ၏။
ထိုအော်သံကို ကြားလိုက်ရသည့်အခါ ပတ်ဝန်းကျင်ရှိ ကျင့်ကြံသူအားလုံး၏ အမူအရာသည် ပြောင်းလဲသွားကြသည်။
အနက်ရောင်အခိုးအငွေ့များသည် လောကနှင့် တစ်သားတည်းဖြစ်ကာ ပျောက်ကွယ်ပြီး နောက်ဘက်တွင် ထိုအခိုးအငွေ့နှင့် ထိမိသော ကျင့်ကြံသူကို ချန်ရစ်ထားခဲ့သည်။ ယင်းကျင့်ကြံသူမှာ အရိုးစုသာ ကျန်ခဲ့လေသည်။ သူ့မျက်နှာထက်တွင် အလွန်အမင်းကြောက်လန့်မှု ရှိနေဆဲ ဖြစ်ကာ သူ့တစ်ကိုယ်လုံးသည် လုံးဝ သွေ့ခြောက်သွားသည်။ ထို့နောက် သူ့ခန္ဓာကိုယ်သည် ပျက်စီး ပျောက်ကွယ်သွားတော့၏။
ချိပ်ပိတ်နယ်မြေအစီအရင်ကို စောင့်ကြပ်နေသော ပြင်ပနယ်မြေမှ ကျင့်ကြံသူများအဖို့ အိပ်မက်ဆိုးသည် အခု စတင်လေပြီ။
အခု ပြင်ပနယ်မြေကို ဝင်ရောက်လာပြီး ဝမ်လင်းသည် ဟင်းလင်းပြင်ကွေးညွတ်ခြင်းနှင့် သည်ကောင်းကင်ဘုံဝါးမြိုခြင်းမန္တာန်ကို အသုံးပြုလာခဲ့ခြင်းက သူတို့အတွက် အိပ်မက်ဆိုးကြီး ဖြစ်လာတော့သည်။
ရုတ်တရက် ပြင်ပနယ်မြေမှ နိဗ္ဗာနသန့်စင်ခြင်းကျင့်ကြံသူတစ်ယောက်နောက်တွင် အနက်ရောင်အခိုးငွေ့ ပေါ်လာ၏။ သူက နောက်လှည့်ရန်ပင် အချိန်မရလိုက်ဘဲ သူ့နောက်ကျောဘက်မှ နာကျင်မှုကို ခံစားလိုက်ရသည်။ အနက်ရောင်မြူသည် သူ့ခန္ဓာကိုယ်ထဲ တိုးဝင်ကာ သူ့ခန္ဓာကိုယ်မှာ အရူးအမူး ချဲ့ကား ထွက်လာပြီးနောက် ချက်ခြင်းလိုလို ပေါက်ကွဲထွက်သွားလေ၏။
သွေးများ နေရာအနှံ့ ပြန့်ကြဲကုန်သည်။ အိပ်မက်ဆိုး စတင်လေပြီ။
***