အခန်း ၂၇၉
Vol. 28 Ch. 279
Chapter 279
~
အခန်း ၂၇၉ : ဟွိုင်ဟွား
~
ချင်ဟွိုင်ရုကို မီးဖွားခန်းထဲသို့ ပို့လိုက်ပြီးနောက် ရှာကျူးနှင့် အခြားသူများလည်း သက်ပြင်းချနိုင်သွားကြသည် ။
သို့သော် ပြဿနာက ထပ်တက်လာပြန်၏ ။
သူနာပြုတစ်ယောက် သူတို့အနားသို့ လျှောက်လာပြီး...
" ချင်ဟွိုင်ရုရဲ့ မိသားစုဝင်တွေက ဘယ်သူလဲ.. ကျေးဇူးပြုပြီး ကုန်ကျစရိတ်လေး ရှင်းပေးပါ.. "
ထိုစကားကို ကြားသောအခါ လူတိုင်း တိတ်ဆိတ်သွားကြသည် ။
အားလုံးက ကျားကျန်းရှီကို ကြည့်လိုက်ကြ၏ ။
ကျားကျန်းရှီက ချင်ဟွိုင်ရု၏ မိသားစုဝင် မဟုတ်သယောင်ဖြင့် ခေါင်းကို တခြားဘက်သို့ လွှဲသွားသည် ။
ရှာကျူးက စိတ်မရှည်တော့ဘဲ...
" အဒေါ်ကြီးကျန်း.. ခင်ဗျား ဘာလုပ်နေတာလဲ.. ပိုက်ဆံသွားရှင်းလေ.. "
" ငါ့မှာ ပိုက်ဆံမရှိဘူး.. "
ကျားကျန်းရှီက ချက်ချင်းပင် ငြင်းလိုက်သည် ။ ပိုက်ဆံပေးရမည် စိုး၍ သူမက ပိုက်ဆံပင် ယူမလာ ။
သူမ၏ ပိုက်ဆံကို သုံးရခြင်းက သူမ၏ အသက်ကို တောင်းနေသည်နှင့် ဘာမှ မကွာခြားချေ ။
သူမ၏ အရှက်မရှိသော ပုံစံကို မြင်သောအခါ လူတိုင်းက အလွန်ပင် စိတ်ညစ်သွားကြသည် ။
ထို့ကြောင့် အားလုံးက တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်ကာ တိတ်ဆိတ်သွား၏ ။
သူနာပြုက မျက်မှောင်ကြုတ်ကာ...
" ရှင်တို့က ဘယ်လိုဖြစ်နေကြတာလဲ.. ပိုက်ဆံ မရှင်းလို့တော့ မရဘူးနော်.. "
ကျားကျန်းရှီက လျစ်လျူရှုထားဆဲပင် ။
ရှာကျူးသည်လည်း တခြားနည်းလမ်း မရှိတော့သဖြင့် ကျန်သည့်သူများကိုသာ လိုက်ကြည့်နေရတော့သည် ။
ဒုတိယအဒေါ်က ရှာကျူး သူမကို ကြည့်နေသည်ကို မြင်သောအခါ အမြန်ပင်...
" ငါလည်း အလောတကြီး ထွက်လာရတော့ ပိုက်ဆံ ပါမလာဘူး.. အခု ဆေးရုံရောက်နေပြီဆိုတော့ မနက်ဖြန် မနက် ငါတို့အိမ်က လောင်လျှိုအတွက် မနက်စာ လုပ်ပေးရဦးမှာမို့လို့ ငါအရင် ပြန်တော့မယ်.. "
ကျားကျန်းရှီက ရှာကျူးအား ချင်ဟွိုင်ရုကို အထိမခံ ဖြစ်နေခဲ့ရ၍ သူမ လိုက်လာခဲ့ရ၏ ။ ဤကိစ္စတွင် ဝင်မပါချင်ပေ ။
ယခု ကိစ္စပြီးသွားပြီဖြစ်၍ ဒုတိယအဒေါ်က လှည့်ပြန်သွားတော့သည် ။
ယီကျုံးဟိုင်က သက်ပြင်းချလိုက်ပြီး ...
" ရှာကျူး.. မင်းပဲ အရင် စိုက်ရှင်းလိုက်ကွာ... နောက်မှ ဟွိုင်ရုကို ပြန်ပေးခိုင်းလိုက်မယ်.. "
ထိုစကားကို ကြားသောအခါ ကျားကျန်းရှီ၏ မျက်လုံးများ အရောင်လက်သွားသည် ။
သူမ လိုချင်နေသည်မှာလည်း ဤရလဒ်မျိုးပင် ။
ရှာကျူးက ပိုက်ဆံရှင်းပေးလျှင် သူတို့မိသားစုက ပြန်ဆပ်မည် မဟုတ်ချေ ။
မည်သို့ပင် ဆိုစေကာမူ အများကြီး ချေးထားပြီးသားဖြစ်သဖြင့် ဤငွေကို ပြန်ဆပ် မဆပ်က အရေးမကြီး ။
ရှာကျူးက ထိုစကားကို ကြားသောအခါ ခါးသီးစွာ ပြုံးလိုက်ပြီး...
" ကျွန်တော် ရှင်းပေးချင်ပါတယ်.. ဒါပေမဲ့ အလောတကြီး ထွက်လာရတော့ ပိုက်ဆံ ယူလာဖို့ မေ့သွားတယ်.. "
သူက ယီကျုံးဟိုင်ကို ကြည့်ကာ...
" ဦးလေး.. ဦးလေးရော ပါလာလား.. ကျုပ်ကို အရင် ချေးပေးထားပါ.. နောက်မှ ခင်ဗျားကို ပြန်ဆပ်ပါ့မယ်.. "
ထိုသို့သာ လုပ်ရန် ရှိတော့သည် ။
ယီကျုံးဟိုင်က တိတ်တဆိတ် သက်ပြင်းချလိုက်ပြီး သူနာပြုအား မေးလိုက်၏ ။
" ရဲဘော် .. ဘယ်လောက် ရှင်းရမှာလဲ.. "
" အရင်ဆုံး ယွမ်နှစ်ဆယ် သွင်းထားပေးပါ.. လိုတာပိုတာ နောက်မှ ပြန်ရှင်းတာပေါ့.. "
ယီကျုံးဟိုင် ပိုက်ဆံရှင်းပြီးနောက် သူတို့အဖွဲ့ မီးဖွားခန်း အပြင်ဘက်တွင် စောင့်နေကြသည် ။
ရေမြွှာရည် ခမ်းသွားသောကြောင့် ဖြစ်မည် ။ ချင်ဟွိုင်ရုက အထဲတွင် အချိန်အတော်ကြာ အော်ဟစ်နေသော်လည်း ကလေးက ထွက်မလာသေးချေ ။
" အူဝဲ...... "
နှစ်နာရီကျော် ကြာပြီးနောက်မှသာ အထဲမှ ကလေးငိုသံ ထွက်ပေါ်လာတော့သည် ။
" အမလေး.. နောက်ဆုံးတော့ မွေးလာပြီ.. ဒီကလေးရဲ့ ငိုသံက အတော်ကျယ်တာပဲ.. ငါ့မြေးက ယောက်ျားလေး ဖြစ်ရမယ်.. "
ကျားကျန်းရှီ ချက်ချင်းပင် ပျော်ရွှင်သွားတော့သည် ။
ချင်ဟွိုင်ရု အကြောင်းကိုတော့ လုံးဝ ဂရုမစိုက် ။
သူမ၏ အမြင်တွင် မိန်းမတိုင်း ဤကဲ့သို့ ဖြတ်သန်းလာခဲ့ရသည်ဖြစ်၍ စိတ်ပူနေစရာ မလိုဟု သဘောထား၏ ။
ထို့အပြင် ပထမဆုံး ကိုယ်ဝန်လည်း မဟုတ်သဖြင့် စိုးရိမ်စရာ မရှိဟု ထင်နေသည် ။
မကြာမီတွင် မီးဖွားခန်း တံခါး ပွင့်လာခဲ့သည် ။
ကျားကျန်းရှီက အမြန် မေးလိုက်၏ ။
" ဆရာဝန်.. ကျွန်မရဲ့ မြေးယောက်ျားလေး ဘယ်လိုနေလဲ.. "
ဆရာဝန်က ထိုစကားကို ကြားသောအခါ ချက်ချင်းပင် မျက်မှောင်ကြုတ်သွားပြီး...
" ယောကျ်ားလေးဖြစ်ဖြစ် မိန်းကလေးဖြစ်ဖြစ် ခင်ဗျားရဲ့ မြေးပဲ မဟုတ်ဘူးလား.. အဒေါ်ကြီး ခင်ဗျားရဲ့ အတွေးအခေါ်က အတော်ဆိုးတာပဲ.. "
ကျားကျန်းရှီက ကြောင်အသွားပြီးနောက် စိုးရိမ်တကြီးဖြင့်...
" ဆရာဝန်.. ရှင်ပြောတဲ့စကားက ဘာအဓိပ္ပာယ်လဲ.. "
ဆရာဝန်က မကျေမနပ် လေသံဖြင့်...
" ခင်ဗျားရဲ့ ချွေးမက မြေးမိန်းကလေး မွေးထားတယ်.. မြန်မြန် ဝင်ကြည့်လိုက်ဦး.. "
ပြောပြီးသည်နှင့် ဆရာဝန်က ဆက်မပြောချင်ဟန်ဖြင့် သူ့အလုပ် သူ ဆက်လုပ်ရန် ထွက်သွားတော့သည် ။
ယခုခေတ်ကာလတွင် ယောက်ျားလေးကို ဦးစားပေးပြီး မိန်းကလေးကို နှိမ့်ချဆက်ဆံတတ်သူများသာ ပေါများလွန်းနေ၍ သူ ရန်မဖြစ်ချင်တော့ပေ ။
" ဘာ.. ချင်ဟွိုင်ရုက အရှုံးပေါ်မယ့် ကောင်မလေးကို မွေးထားတယ်ပေါ့.. အား..တစ်ခါတည်း သေမသွားဘူး.. "
ကျားကျန်းရှီက ဤအဖြစ်မှန်ကို လက်မခံနိုင်ဘဲ ဆဲရေးတိုင်းထွာနေပြီး နောက်ဆုံးတွင် ဝင်ကြည့်ရန်ပင် မစဉ်းစားဘဲ လှည့်ပြန်သွားတော့သည် ။
ရှာကျူး၊ ယီကျုံးဟိုင်နှင့် ပထမအဒေါ်တို့ ဆွံ့အသွားကြ၏ ။
ဤကဲ့သို့သော လူမျိုးကို သူတို့ ပထမဆုံးအကြိမ် တွေ့ဖူးခြင်းပင် ။
အထူးသဖြင့် ယီကျုံးဟိုင် လင်မယားအတွက် ဖြစ်သည် ။
သူတို့သည် ကလေးတစ်ယောက်ရရန် အလွန်ခက်ခဲနေကြသူများ ဖြစ်ပြီး မိန်းကလေးဖြစ်နေလျှင်ပင် နောက်ပိုင်း အိမ်ပါသမက် ခေါ်ထားလိုက်လျှင် အဆင်ပြေမည်ဟု သဘောထားကာ မိမိသွေးသားဖြစ်ရန်သာ အလိုရှိကြသူများ ဖြစ်၏ ။
သို့သော် ကျားကျန်းရှီသည်တော့ မိန်းကလေးမှန်း သိသည်နှင့် လှည့် ထွက်သွားခဲ့သည် ။
ဤကဲ့သို့ ယောက္ခမမျိုး အဘယ်မှာ ရှိပါအံ့နည်း ။
ကျားကျန်းရှီ ဂရုမစိုက်သော်လည်း ရှာကျူးကတော့ ဂရုစိုက်သည် ။
သူက မီးဖွားခန်းထဲသို့ အရင် ဝင်သွားပြီး သွေးဆုတ်နေသော ချင်ဟွိုင်ရု၏ မျက်နှာကို မြင်သောအခါ ချက်ချင်းပင် ရင်ကွဲမတက် နာကျင်သွား၏ ။
အနားသို့ သွားကာ ဂရုတစိုက်ဖြင့်...
" ညီမချင်.. အဆင်ပြေရဲ့လား.. "
ချင်ဟွိုင်ရုက ခေါင်းခါပြလိုက်ပြီး သူမ ဘာမှမဖြစ်ကြောင်းနှင့် အားနည်းနေရုံသာဖြစ်ကြောင်း ပြောလိုက်သည် ။
သူမက ရှာကျူး၏ အနောက်ဘက်သို့ လှမ်းကြည့်လိုက်သော်လည်း ယီကျုံးဟိုင် လင်မယားကိုသာ တွေ့လိုက်ရ၏ ။
သူမက သံသယဖြင့်...
" ရှာကျူး. ငါ့ယောက္ခမရော.. "
ရှာကျူးက မကျေမနပ်ဖြင့်...
" ဟမ့်.. အဲ့အဘွားကြီးက သမီးလေးမွေးတယ်ဆိုတာ ကြားတာနဲ့ ပြန်သွားပြီ.. ချီးပဲ.. ဘယ်လိုလူမှန်းကို မသိဘူး.. "
ယီကျုံးဟိုင်က ဆူလိုက်သည် ။
" ရှာကျူး...လူကြီးတွေကို အဲဒီလို မပြောရဘူးလေ.. အရင်က ငါ မင်းကို ဘယ်လို သင်ပေးထားလဲ.. "
ရှာကျူးက နှုတ်ခမ်းဆူကာ စိတ်ထဲတွင် အထင်သေးသွားသော်လည်း ဘာမှ ထပ်မပြောတော့ချေ ။
ချင်ဟွိုင်ရုက အားတင်း၍ ပြုံးလိုက်ပြီး...
" ရှာကျူး ...ရပါတယ်.. ငါ့ယောက္ခမက ငါ့ကိစ္စအတွက် တစ်ညလုံး အလုပ်ရှုပ်ထားရတာဆိုတော့ ပြန်နားသင့်ပါတယ်.. "
သူမ၏ စိတ်ထဲတွင် မသက်မသာ ဖြစ်နေသော်လည်း ပုံရိပ်ကိုတော့ ထိန်းသိမ်းထားရဦးမည် ။
ယီကျုံးဟိုင်က သူမ၏ သဘောထားကို အလွန်သဘောကျသွား၏ ။ စိတ်ထဲတွင် တွေးလိုက်သည် ။
' ဟွိုင်ရုက တကယ်ကောင်းတဲ့သူပဲ.. သူ ငါ့ကို ပြုစုစောင့်ရှောက်ပေးမယ်ဆိုရင် ငါ စိတ်အေးရပြီ.. '
သေချာသည်ကတော့ အိုမင်းမစွမ်းချိန်တွင် ပြုစုစောင့်ရှောက်ရန် ရှာကျူးကိုသာ အားကိုးရမည် ဖြစ်သည် ။
သို့သော် ရှာကျူး၏ ဒေါသက အလွန် ကြီးသဖြင့် သူ့ကို ထိန်းကျောင်းပေးမည့်သူ လိုအပ်သည် ။
အချိန်မရွေး ပြဿနာရှာနေမည်ဆိုလျှင် မည်သို့ အဆင်ပြေနိုင်ပါမည်နည်း ။
ရှာကျူး ထိုစကားကို ကြားသောအခါ မျက်လုံးများ ပြူးကျယ်သွား၏ ။
'ကျားကျန်းရှီက အလုပ်ရှုပ်တယ် ..'
'ဘာကို အလုပ်ရှုပ်ရမှာလဲ ..'
'တစ်ချိန်လုံး ဘာမှ မလုပ်ဘဲ အပျင်းထူနေတာလေ ..'
ချင်ဟွိုင်ရု ကို ဒုတိယအဒေါ်နှင့် ပထမအဒေါ်တို့က စက်ဘီးပေါ် တင်ပေးခဲ့ရပြီး သူကိုယ်တိုင်ပင် တွန်းလာခဲ့ရသည် ။
ကျားကျန်းရှီက ဘေးမှသာ စောင့်ကြည့်နေခဲ့ပြီး သူမနှင့် လုံးဝ မဆိုင်သလိုပင် ။
ထို့အပြင် ပိုက်ဆံ မရှင်းပေးချေ ။ တကယ်ပင် ထူးဆန်းလွန်းလှသည် ။
ပထမအဒေါ်က လေထုကို ပြေလျော့စေရန်အတွက် စကားစလိုက်သည် ။
" ဟွိုင်ရု.. ကလေး နာမည်ပေးပြီးပြီလား.. "
ချင်ဟွိုင်ရုက ခေါင်းခါပြလိုက်ပြီး...
" ဒုံရွှီက စောစောစီးစီး ထွက်သွားရတော့ ကလေးကို နာမည်ပေးဖို့ အချိန်မရလိုက်ဘူး.. "
သူမက ယီကျုံးဟိုင်ကို ကြည့်ကာ...
" ပထမဦးလေး.. ဦးလေးက ဒုံရွှီရဲ့ ဆရာဆိုတော့ ကလေးကို နာမည်လေး ပေးပါလား.. "
ယီကျုံးဟိုင်က ခဏစဉ်းစားပြီးနောက် ခေါင်းခါကာ...
" ငါလည်း ချက်ချင်းတော့ မစဉ်းစားတတ်သေးဘူး.. မင်းပဲ ပေးလိုက်ပါ.. "
ချင်ဟွိုင်ရုက ရှာကျူးကို ကြည့်လိုက်ရာ ရှာကျူးက တက်ကြွသည့် ကြက်ဖအသွင် ဖြစ်သွား၏ ။
သို့သော် ချင်ဟွိုင်ရုက ချက်ချင်း မျက်လုံးလွှဲသွားသဖြင့် ရှာကျူး အလွန် စိတ်ပျက်သွားသည် ။
သူ ဤတာဝန်ကို ယူချင်ပေသည် ။
ကလေးအများစုကို ဖခင်ဖြစ်သူက နာမည်ပေးလေ့ရှိ၏ ။ အကယ်၍ ဤကလေး၏ နာမည်ကို သူ့အား ပေးခိုင်းပါက... ဟီးဟီးဟီးဟီးးးးးး...
ချင်ဟွိုင်ရုက ပြတင်းပေါက် အပြင်ဘက်သို့ လှမ်းကြည့်လိုက်ချိန်တွင် ဟွိုင်သစ်ပင်တစ်ပင်ကို မြင်လိုက်ရသည် ။
သူမ၏ စိတ်ထဲတွင် အတွေးတစ်ခု ဝင်လာပြီး...
" သူ့ကို ဟွိုင်ဟွား လို့ပဲ နာမည်ပေးလိုက်မယ်.. "
" ဟွိုင်ဟွား.. ကျားဟွိုင်ဟွား.. နာမည်ကောင်းလေးပဲ.. "
ရှာကျူးက အမြဲတမ်း မြှောက်ထိုးပင့်ကော် လုပ်တတ်သူဖြစ်ရာ ချက်ချင်းပင် လက်ခုပ်တီးကာ အားပေးလိုက်သည် ။
ချင်ဟွိုင်ရုသည် စာမတက်သဖြင့် နာမည်ကောင်းတစ်ခု ပေးနိုင်ရန် အလွန်ခက်ခဲလှသည် ။
ယီကျုံးဟိုင် လင်မယားကလည်း ဘာမှ ကန့်ကွက်စရာ မရှိချေ ။
ထို့ကြောင့် ကလေး၏ နာမည်ကို အတည်ပြုလိုက်ကြသည် ။
မူရင်းဇာတ်လမ်းထဲကအတိုင်းပင် ဟွိုင်ဟွားဟု နာမည်ပေးဖြစ်သွားသည် ။
သို့သော် ကျားဒုံရွှီ ဟူသော ဖခင်ဖြစ်သူက မရှိတော့သလို အဘွားဖြစ်သူကပင် တစ်ချက်လေးမျှ လှည့်မကြည့်ဘဲ ထွက်သွားခဲ့လေပြီ ။
ချင်ဟွိုင်ရုက ရင်ခွင်ထဲရှိ ဟွိုင်ဟွား၏ မျက်နှာလေးကို ကြင်နာစွာ ဖွဖွလေး ပွတ်သပ်လိုက်၏ ။ သူမ၏ မျက်နှာပေါ်တွင် ဝမ်းနည်းမှု အရိပ်အယောင်များ အနည်းငယ် ပေါ်လွင်နေသည် ။
' သမီးလေး.. မေမေ့သမီးလေး ဒုက္ခရောက်ရတော့မှာပဲကွယ်.. '