အခန်း ၂၈၀
Vol. 28 Ch. 280
Chapter 280
~
အခန်း ၂၈၀ : အလုပ်ပြောင်းချင်နေသော ချင်ဟွိုင်ရု
~
" ချင်ဟွိုင်ရု.. ဟင်းမြန်မြန် သွားမချက်သေးဘူးလား.. ညည်းက ငါ့ကို ငတ်သေအောင်လုပ်ပြီး နောက်လင် မြန်မြန်လိုချင်နေတာလား...."
တံခါးဝမှ ကျားကျန်းရှီ၏ ကျိန်ဆဲသံ ထွက်ပေါ်လာ၏ ။ အခန်းထဲတွင် ကလေးနို့တိုက်နေသော ချင်ဟွိုင်ရုက စိတ်ပျက်စွာဖြင့် သက်ပြင်းချလိုက်သည် ။
သူမ ကလေးကို ချထားခဲ့ပြီး ထမင်းဟင်း ချက်ပြုတ်ရန် ပြင်ဆင်ရတော့သည် ။ ရှာကျူးက ပိုက်ဆံထုတ်ပေးခဲ့ခြင်းကြောင့် ချင်ဟွိုင်ရု ဆေးရုံတွင် နှစ်ရက်ခန့် နေပြီးမှ အိမ်သို့ ပြန်လာခဲ့သည် ။
သို့သော် အိမ်ပြန်ရောက်ပြီး ဒုတိယနေ့မှာပင် ကျားကျန်းရှီက သူမအား အိမ်မှုကိစ္စများ ခိုင်းစေတော့၏ ။ သူမ မီးတွင်းထဲ၌ပင် ကောင်းစွာ မနေလိုက်ရချေ ။ ထို့အပြင် သူမက သမီးမိန်းကလေး ထပ်မွေးခဲ့ခြင်းကြောင့် ကျားကျန်းရှီက သူမအပေါ် ဆက်ဆံရေး ပို၍ပင် ဆိုးရွားလာခဲ့သည် ။ သူမ၏ စိတ်ထဲတွင် အလွန်ပင် ခါးသီးနေမိ၏ ။
ကလေးများအတွက်သာ မဟုတ်လျှင် တစ်ခါတစ်ရံ၌ သူမ အရာအားလုံးကို ထားရစ်ကာ ထွက်သွားချင်မိသည် ။ သို့သော် သူမ ထွက်သွားလျှင်ရော ဘယ်ကို သွားနိုင်မည်နည်း ။
ကျားဒုံရွှီ ချန်ထားရစ်ခဲ့သော အလုပ်သာ မရှိလျှင် သူမသည် မိဘအိမ်သို့သာ ပြန်ရပေမည် ။ သို့ရာတွင် သူမ မိဘအိမ်၏ စားဝတ်နေရေးမှာလည်း ခက်ခဲနေ၏ ။ လူပိုများကို မည်သို့ ကျွေးမွေးနိုင်ပါမည်နည်း ။
နောက်အိမ်ထောင်ပြုမည်လော ။ ဤသည်က ဖြစ်နိုင်ခြေရှိသည် ။ ချင်ဟွိုင်ရုက ရုပ်ရည်သန့်ပြန့်သူဖြစ်ပြီး ကလေးလည်း ကောင်းကောင်း မွေးနိုင်သေး၏ ။
သို့ပေသိ တစ်ဖက်လူက သူမ၏ ကလေးများအပေါ် ကောင်းကောင်း မဆက်ဆံမည်ကို သူမ စိုးရိမ်မိသဖြင့် ထိုအတွေးကို စောစောစီးစီးပင် ဖျောက်ဖျက်ထားလိုက်သည် ။
ညစာ ချက်ပြုတ်ပြီးသွားသောအခါ...
ကျားကျန်းရှီက စားနေရင်း ရုတ်တရက် ပြောလိုက်သည် ။
" နင် မနက်ဖြန် သားဆက်ခြားကွင်း သွားထည့်ချေ .."
" ... သိပါပြီ .."
ချင်ဟွိုင်ရု၏ စိတ်ထဲတွင် ဝမ်းနည်းကြေကွဲသွားသည် ။ သူမ မီးတွင်းထဲမှပင် မထွက်ရသေး ။ ဤအဘွားကြီးက သူမ ဖောက်ပြန်မည်ကို စိုးရိမ်နေလေ၏ ။ သူမ.. ချင်ဟွိုင်ရုကို ဤမျှအထိ အောက်တန်းကျသည်ဟု ထင်နေသည်လော ။
သူမ၏ ရင်ထဲက အပူကို မျိုသိပ်ထားရုံသာ တက်နိုင်သည် ။ ကလေးများအတွက် အဘွားကြီး ခိုင်းသည့်အတိုင်း လုပ်ရုံမှတစ်ပါး အခြားမရှိတော့ပေ ။
ကျားကျန်းရှီက ဆက်၍ အမိန့်ပေးလိုက်သည် ။
" အခု ကလေးလည်း မွေးပြီးသွားပြီဆိုတော့.. နင် ခဏနေ ယီကျုံးဟိုင်ဆီ သွားမေးကြည့်.. နင့်အတွက် အလုပ်ဆက်ခံဖို့ ကိစ္စ စီစဉ်ပေးခိုင်းလိုက် .."
ချင်ဟွိုင်ရု၏ စိတ်ထဲတွင် ပို၍ပင် နာကျင်သွားသည် ။ သူမ မီးတွင်းမှ ထွက်သည် မထွက်သည်ကို အသာထား ။ သူမ မီးတွင်းထဲ၌ပင် အနားမယူလိုက်ရချေ ။ ယခုတော့ ဤအဘွားကြီးက သူမကို အလုပ်ဆင်းရန် မောင်းထုတ်နေလေပြီ ။
သူမ အိမ်ပြန်ရောက်လာသည်မှာ နှစ်ရက်ရှိပြီ ဖြစ်သော်လည်း ဤအဘွားကြီးက သူမအတွက် ထမင်းတစ်နပ်ပင် ချက်မကျွေးခဲ့သည့်အပြင် သူမကိုသာ ပြန်၍ ပြုစုခိုင်းနေသေးသည် ။
သူမ အရင်ဘဝက မည်သို့သော အကုသိုလ်မျိုးအား လုပ်ခဲ့မိပါနည်း ။ မည်သို့ကြောင့် ဤဘဝတွင် ဤသို့သော ယောက္ခမမျိုးနှင့် လာတွေ့နေရမှန်း သူမကိုယ်သူမပင် မသိတော့ချေ ။ သို့သော်လည်း အလုပ်သွားလုပ်ရသည်က တစ်ခု ပိုကောင်းသည် ။
အလုပ်တည်မြဲသွားသည့်အခါ မြို့ပေါ်သို့ အိမ်ထောင်စုစာရင်း ပြောင်းနိုင်လိမ့်မည် ။ ထိုအချိန်ရောက်လျှင်တော့ သူတို့၏ ဘဝလေး အနည်းငယ် ပို၍ စိုပြေလာနိုင်သည် ။
သို့သော်လည်း သူမ၏ စိတ်ထဲတွင် စိုးရိမ်ပူပန်မှု နှစ်ခု ရှိနေသေးသည် ။
ပထမတစ်ခုမှာ...
သူမက အခက်တွေ့နေဟန်ဖြင့်...
" သမီး အလုပ်သွားလုပ်ရင်.. ဟွိုင်ဟွားလေးကို ဘယ်လိုလုပ်မလဲ .."
ကျားကျန်းရှီက ကလေးထိန်းပေးချင်မည် မဟုတ်ကြောင်း သူမ ခန့်မှန်းမိသည် ။ ထို့ကြောင့် တစ်လပင် မပြည့်သေးသော သူမ၏ သမီးလေးကို မည်သို့ စိတ်ချစွာ ထားခဲ့နိုင်မည်နည်း ။
ကျားကျန်းရှီက ဂရုမစိုက်ဟန်ဖြင့် ...
" နင် မသွားခင် နို့ရည် နည်းနည်း ညှစ်ခဲ့ပေါ့.. ငတ်မသေနိုင်ပါဘူး .."
ထိုစကားကို ကြားသောအခါ ချင်ဟွိုင်ရု ပို၍ပင် စိုးရိမ်သွားသည် ။ ကျားကျန်းရှီကို အပ်ထားမည့်အစား ယီကတော်ကို ထိန်းခိုင်းသည်ကမှ ပိုကောင်းပေလိမ့်မည် ။
ဒုတိယတစ်ခုမှာ...
ချင်ဟွိုင်ရုက တည်တည်ကြည်ကြည်ဖြင့် မေးလိုက်သည် ။
" အမေ.. သမီး အလုပ်နေရာ ပြောင်းလို့ ရနိုင်မလား .."
" ဟမ် .."
ကျားကျန်းရှီ မျက်မှောင်ကြုတ်လိုက်သည် ။
ချင်ဟွိုင်ရုက အလျင်အမြန် ရှင်းပြလိုက်၏ ။
" သမီး ဆိုလိုတာက.. သမီးက စာလည်း မသင်ဖူးဘူး.. စာလုံးကြီးကြီး အနည်းအကျဉ်းလောက်ပဲ ဖတ်တတ်တာ.. အရင်က ဒုံရွှီ ပြောဖူးတာ ကြားတယ်.. ဖစ်တာအလုပ်သမားတွေက ပုံကြမ်းတွေကို ကြည့်တတ်ရမယ်ဆိုတော့.. သမီး မလုပ်နိုင်မှာ စိုးလို့ပါ .."
ထို့အပြင် ခွန်အားလည်း လိုအပ်ပေသည် ။ ယခုမှ ကလေးမွေးထားသော မိန်းမသားတစ်ဦးဖြစ်သည့် သူမအတွက် မည်သို့သော ခွန်အားမျိုး ရှိနိုင်မည်နည်း ။
ထိုစကားကို ကြားသောအခါ ကျားကျန်းရှီ၏ မျက်နှာအမူအရာ အနည်းငယ် ပြေလျော့သွားပြီး ခေါင်းညိတ်ကာ ...
" နင်ပြောတာလည်း ဟုတ်တော့ဟုတ်သား.. တစ်ခြံလုံးမှာ ဒုံရွှီ တစ်ယောက်ပဲ ဒီလို ပါရမီ ပါတာနေမှာ .."
ချင်ဟွိုင်ရု၏ နှုတ်ခမ်းထောင့်များ တဆက်ဆက်တုန်ရီသွားသည် ။ ဤအဘွားကြီး တကယ်ပင် မျက်နှာထူလှသည် ။ ယီကျုံးဟိုင်က အဆင့် ၈ ကျွမ်းကျင် အလုပ်သမား ဖြစ်နေသည်ကို အသာထား အရှေ့ဘက်ခြံမှ ယန်တတိယသားကိုပင် ကြည့်ပါလော့ ။
ယန်ကျီဖန့် စက်ရုံသို့ ဝင်သည်မှာ တစ်နှစ် မပြည့်သေးသော်လည်း အဆင့် ၁ အလုပ်သမား ဖြစ်နေလေပြီ ။ သို့သော် ကျားဒုံရွှီကရော ။ ထိုစဉ်က အလုပ်သင်အဖြစ် သုံးနှစ်တိတိ လုပ်ခဲ့ရသည် မဟုတ်ပါလော ။
သို့ရာတွင် ကျားဒုံရွှီနှင့် ယန်ကျီဖန့်တို့အား နှိုင်းယှဉ်၍မရချေ ။ လူတိုင်းတွင် အားကိုးစရာ အစ်ကိုကောင်းတစ်ယောက် ရှိနေသည် မဟုတ် ။
ချင်ဟွိုင်ရု စိုးရိမ်နေသော အဓိကအချက်မှာ ယီကျုံးဟိုင် ကြောင့်ပင် ။
သူမ စက်ရုံထဲသို့ ဝင်ရောက်သွားလျှင် ယီကျုံးဟိုင်ကိုသာ ဆရာ တင်ရပေမည် ။ သူ၏ လုပ်ဟန်အရ သူမကို ကျွမ်းကျင်မှု အစစ်အမှန်များ သင်ပေးရန် ရည်ရွယ်ထားမည် မဟုတ်ပေ ။ ဖစ်တာ အလုပ်သမားဆိုသည်မှာ မူလကတည်းက ခွန်အားသုံးရသော အလုပ်ဖြစ်၍ သူမအနေဖြင့် အမြဲတမ်း အလုပ်သင် သို့မဟုတ် အဆင့် ၁ အလုပ်သမားအဖြစ်သာ ဆက်ရှိနေမည်ဆိုလျှင် သူမ တတ်နိုင်သော တခြားအလုပ်တစ်ခုသို့ ပြောင်းလဲလိုက်သည်က ပိုကောင်းပေမည် ။ ဤသည်က ယီကျုံးဟိုင်၏ ချုပ်ကိုင်မှုအောက်တွင် ရှိနေသည်ထက်စာလျှင် ပို၍ အဆင်ပြေနိုင်သည် ။
" ဒါပေမဲ့... "
ကျားကျန်းရှီက စကားလမ်းကြောင်း လွှဲလိုက်သည် ။
" နင့်အလုပ်က ယီကျုံးဟိုင်ကို အကူအညီ တောင်းရဦးမှာ.. နင် အလုပ်ပြောင်းချင်နေတာကိုသာ သူသိသွားရင် သဘောကျမှာ မဟုတ်ဘူး .."
" ဒါပေမဲ့ သမီးသာ အလုပ်ရုံထဲကို ရောက်သွားရင်.. သူ ဒုံရွှီကို အရင်က ဆက်ဆံသလိုမျိုး သမီးကိုရော ဆက်ဆံလာမှာလား .."
ချင်ဟွိုင်ရုက သူမ၏ စိုးရိမ်မှုများကို ထုတ်ပြောလိုက်သည် ။
" ဒါ... တကယ့် ပြဿနာပဲ .."
ကျားကျန်းရှီ မျက်မှောင်ကြုတ်သွားသည် ။ သူမသည်လည်း ချင်ဟွိုင်ရုကို လစာပိုရစေချင်၏ ။ ထိုအခါမှသာ သူမလည်း ပိုက်ဆံပို၍ ယူနိုင်မည် ဖြစ်သည် ။
ချင်ဟွိုင်ရု ခဏစဉ်းစားပြီးနောက် ပြောလိုက်သည် ။
" အမေ.. ရှာကျူးက စက်ရုံမှူးယန်ကို သိတယ်လေ.. သူ့ကို အကူအညီ တောင်းခိုင်းလိုက်ရင်ရော မရနိုင်ဘူးလား .."
" ရနိုင်လောက်တယ် .."
ကျားကျန်းရှီက ဆက်မေးသည် ။
" ဒါဆို နင်က ဘယ်အလုပ်နေရာကို ပြောင်းချင်လို့လဲ .."
ချင်ဟွိုင်ရုက စဉ်းစားထားပြီးဖြစ်၍ ချက်ချင်းပင် ပြောလိုက်သည် ။
" ကန်တင်းကို သွားရင်ရော ဘယ်လိုနေမလဲ .."
" ကန်တင်းကို သွားမယ်ဆိုရင်တော့ ရှာကျူးက ခေါင်းဆောင်စားဖိုမှူးဆိုတော့ သူ့အစောင့်အရှောက်နဲ့ဆို အလုပ်ရုံထက် ပိုကောင်းနိုင်တယ် .."
ထို့အပြင် အလုပ်ကလည်း အလုပ်ရုံထက် ပို၍ ပေါ့ပါးသည် ။ သို့သော်လည်း ဤစကားကိုတော့ သူမ အပြင်ထုတ် မပြောရဲချေ ။ မဟုတ်လျှင် ကျားကျန်းရှီ၏ ကျိန်ဆဲမှုကို ခံရပေလိမ့်မည် ။
ကျားကျန်းရှီ အနည်းငယ် စိတ်ဝင်စားသွားသည် ။
" ဒါပေမဲ့ ကန်တင်းက အကူတွေရဲ့ တစ်လ လစာက ယွမ်နှစ်ဆယ်ကျော်လောက်ပဲ ရှိတာလေ .."
သူမအတွက် တစ်လလျှင် ပင်စင်လစာ ငါးယွမ် ယူရမည့်အပြင် ဆေးဖိုးဝါးခများလည်း ရှိသေးသည် ။ ထိုသို့ တွက်ကြည့်လိုက်လျှင် တစ်လစာအတွက် ငွေများများစားစား ကျန်တော့မည် မဟုတ်ချေ ။ ဆိုလိုသည်မှာ ကောင်းကောင်းမွန်မွန် အမြဲစားနိုင်မည် မဟုတ် ။ ဤသည်ကသာ သူမ ဂရုစိုက်သော ပြဿနာ ဖြစ်သည် ။ အကယ်၍ အလုပ်ရုံသို့ သွားမည်ဆိုလျှင် အဆင့် ၁ အလုပ်သမား ဖြစ်လျှင် ၃၃ ယွမ် ရနိုင်သည် ။ ကန်တင်းထက်တော့ ပိုများ၏ ။
ချင်ဟွိုင်ရုက ဖျောင်းဖျလိုက်သည် ။
" အမေ.. အမေ တွေးတာ နည်းနည်း လွဲနေပြီ.. အမေ စဉ်းစားကြည့်လေ.. သမီးသာ ကန်တင်းကို သွားရရင် နေ့တိုင်း စားကြွင်းစားကျန် ဟင်းတွေ ပြန်ယူလာလို့ ရတယ်.. အဲ့ဒါဆို တစ်နပ်စာ သက်သာသွားပြီ မဟုတ်ဘူးလား .."
' ဒါတွေ အားလုံးက ပိုက်ဆံတွေချည်းပဲလေ.. '
ထို့အပြင် ရှာကျူး ရှိနေသရွေ့ သူမ ဟင်းကျန်များ ယူမလာနိုင်စရာ အကြောင်းမရှိ ။ သူမသည် ရှာကျူးကိုသာ အားကိုးချင်နေဆဲ ဖြစ်သည် ။ အနည်းဆုံးတော့ ရှာကျူးက ယီကျုံးဟိုင်လိုမျိုး သူမကို ချုပ်ကိုင်ထားမည် မဟုတ်ပေ ။ ထို့ပြင် သူတို့၏ နေ့စဉ်ဘဝများလည်း ပို၍ အဆင်ပြေလာနိုင်သည် ။ တကယ်၍ မရခဲ့လျှင်ပင် ထိုအချိန်ကျမှ ရှာကျူး၏ လစာအားလုံးကို ချေးယူလိုက်လျှင်လည်း အတူတူပင် ဖြစ်သည် ။
ကျားကျန်းရှီ သေချာ စဉ်းစားကြည့်လိုက်ပြီး အဓိပ္ပာယ်ရှိသည်ဟု ထင်သွားသည် ။ သူမက ခေါင်းညိတ်ကာ ...
" နင် ပြောင်းချင်ရင်လည်း ပြောင်းပေါ့.. ဒါပေမဲ့ ငါ ကြိုပြောထားမယ်.. လစဉ် ငါ့ကို ပေးရမယ့် ပင်စင်လစာနဲ့ ဆေးဖိုးတွေကတော့ လျော့သွားလို့ မရဘူးနော် .."
" အမေ့သဘောပါပဲ .."
ချင်ဟွိုင်ရုသည် ယခုအချိန်တွင် အလုပ်အကိုင် အဆင်ပြေရေးကိုသာ အာရုံစိုက်ထားပြီး ထိုကိစ္စများကို မငြင်းချင်တော့ချေ ။ ထို့အပြင် သူမသာ ကျားကျန်းရှီကို ပိုက်ဆံမပေးလျှင် ကျားကျန်းရှီ မည်မျှအထိ ပြဿနာရှာမည်ကို တွေးကြည့်ရုံနှင့်ပင် ကြက်သီးထလာသည် ။
ကျားကျန်းရှီကို ဖျောင်းဖျပြီးနောက် ချင်ဟွိုင်ရုသည် ရှာကျူး၏ အိမ်သို့ သွားခဲ့သည် ။ သူမသည် လက်ထဲတွင် ရေတွက်၍ရသော မြေပဲကြော် ပန်းကန်ငယ်လေးကို ကိုင်ကာ ရှာကျူး၏ အခန်းထဲသို့ ဝင်သွားပြီး ပြုံးရွှင်စွာဖြင့် နှုတ်ဆက်လိုက်သည် ။
" အို.. ရှာကျူး... သောက်နေတာလား .."
" ညီမချင်.. ဘယ်လိုလုပ် ရောက်လာတာလဲ .."
ချင်ဟွိုင်ရုကို မြင်သောအခါ ရှာကျူး ချက်ချင်းပင် ဝမ်းသာသွားသည် ။ လက်ပင် မကိုင်ရ သော်လည်း နေ့စဉ်နေ့တိုင်း မြင်တွေ့နေရခြင်းကလည်း ကောင်းပေသည် ။
ချင်ဟွိုင်ရုက ရယ်ကာ ...
" ဟီးဟီး...နင့်အတွက် မြည်းစရာလေး လာပို့ပေးတာလေ .."
ရှာကျူးက ပန်းကန်ကို ကြည့်လိုက်ပြီး နောက်ပြောင်လိုက်၏ ။
" ဟားဟား.. ညီမချင်က ရက်ရောလိုက်တာ.."
တစ်ချက်ကြည့်လိုက်ရုံဖြင့် အစေ့မည်မျှရှိသည်ကိုပင် ရေတွက်နိုင်လောက်သည် ။ ထို့အပြင် ပန်းကန်ထဲမှ မြေပဲများကို မြင်ဖူးနေသလို သူ ခံစားနေရသည် ။
ဤမြေပဲများသည် ပန့်ကန့်က သူ၏ အခန်းထဲမှ ခိုးယူသွားခဲ့ခြင်း ဖြစ်သည်ကို သူ မသိခဲ့ပေ ။ နောက်ပိုင်းတွင် ချင်ဟွိုင်ရုက အချို့ကို ဖွက်ထားခဲ့ပြီး ယခု ထိုအရာများကို သူ့ထံ လာပေးနေခြင်းပင် ။
သို့သော် ချင်ဟွိုင်ရု ပေးသော အရာဖြစ်၍ အရေအတွက်က အရေးမကြီး ။ ရှာကျူးအတွက် ဤမျှဆိုလျှင် လုံလောက်ချေပြီ ။