အခန်း ၂၈၂
Vol. 28 Ch. 282
Chapter 282
~
အခန်း ၂၈၂ : ယန်ကျီဝမ်.. " ခင်ဗျား.. တကယ် ငတ်နေတာပဲ.. "
~
" ဟားဟား.. ဘာမှ ဂုဏ်ပြုစရာ မလိုပါဘူး.. ငါတို့ မင်္ဂလာဆောင်တဲ့အခါကျရင် မင်းက ငါ့အတွက် ဟင်းလာချက်ပေးရမှာပဲလေ.. အဲ့ဒီအချိန်ကျမှ ဂုဏ်ပြုလည်း နောက်မကျသေးပါဘူး.. "
ရွှီတာမော့က လက်ခါပြလိုက်ပြီး ပြုံးဖြီးဖြီးဖြင့် ပြောလိုက်သည် ။
" ကျီဝမ်.. ငါ ဒီသတင်းကို ရှာကျူးကို သွားပြော ပြသင့်တယ်လို့ မင်းထင်လား.. "
" သူ့ကို ဘာသွားလုပ်ဖို့ သွားပြောမှာလဲ.. "
ယန်ကျီဝမ်၏ မျက်နှာတွင် စပ်စုလိုသော အရိပ်အယောင်များ ပေါ်လာသည် ။
ရှာကျူးက ချင်ဟွိုင်ရုကို တပ်မက်နေသော်လည်း ဒီနှစ်ပိုင်းတွေအတွင်း ထိခွင့်ရနိုင်မည် မဟုတ်ပေ ။ နောက်ပိုင်း သူနှင့် ချင်ဟွိုင်ရုတို့ လက်ထပ်စာချုပ် ချုပ်ပြီးချိန်ရောက်မှသာ ဖြစ်နိုင်ချေရှိသည် ။
ရွှီတာမော့၏ မျက်နှာအမူအရာက ရုတ်တရက် ပြီတီတီ ဖြစ်သွားပြီး ...
" ခြံဝင်းထဲမှာ ရှာကျူးက ချင်ဟွိုင်ရုအပေါ် စိတ်ကူးရှိနေတယ်ဆိုတာ ဘယ်သူကများ မသိဘဲ နေမှာလဲ.. ချင်ဟွိုင်ရု သားဆက်ခြား သွားလုပ်ထားတယ်ဆိုတာကိုသာ သူသိသွားရင် သူ့အပေါ် ဆက်ပြီး ကောင်းနိုင်ပါ့မလား.. "
" ကျားမိသားစုသာ ရှာကျူးရဲ့ ထောက်ပံ့မှု မရတော့ရင် သူတို့ဘဝက ဘယ်လိုလုပ် အဆင်ပြေနိုင်တော့မှာလဲ.. အဲ့ဒီအချိန်ကျရင် ငါ့အတွက် အခွင့်အရေး ရပြီပေါ့.. "
ရှာကျူး တစ်ယောက်တည်း မဟုတ်ဘဲ သူသည်လည်း ချင်ဟွိုင်ရုအပေါ် စိတ်ကူးရှိနေ၏ ။
သို့ပေသိ စိတ်ကူးရှိရုံ သက်သက်သာ ဖြစ်ပြီး ရှာကျူးလို ငတုံးတစ်ယောက်လိုမျိုး အချောင်ခိုင်းဖတ် အဖြစ်တော့ ခံမည် မဟုတ်ချေ ။
သူက ချင်ဟွိုင်ရုနှင့် နှစ်ဦးသဘောတူ အရောင်းအဝယ် အပေးအယူလေး လုပ်ချင်ရုံသာ ဖြစ်သည် ။
သို့သော် ရှာကျူးကသာ ကျားမိသားစုကို ဆက်လက် ထောက်ပံ့နေမည်ဆိုပါက သူ့အတွက် အခွင့်အရေး ရှိလာမည် မဟုတ်ပေ ။
ယန်ကျီဝမ်က ထိုစကားကို ကြားသောအခါ ရွံရှာသော မျက်နှာဖြင့် ...
" ဟေ့လူ ရွှီတာမော့.. ယုန်တောင်မှ ကိုယ့်အသိုက်နားက မြက်ကို မစားဘူးလို့ ဆိုရိုးစကား ရှိတယ်လေ.. ခင်ဗျားကတော့... "
" အဲ့ဒါ ယုန်က သိပ်မဆာသေးလို့ ဖြစ်မှာပါ.. မစားတာမှ မဟုတ်တာ.. "
ရွှီတာမော့က သူ့ကိုယ်သူ မှန်သည်ဟု ထင်ကာ ပြန်ပြောသည် ။
ယန်ကျီဝမ် ဆွံ့အသွား၏ ။
စက္ကန့်အနည်းငယ်ခန့် တိတ်ဆိတ်သွားပြီးနောက် ယန်ကျီဝမ်က .....
" ခင်ဗျားကတော့ တကယ် ငတ်နေတာပဲ.. ကျွန်တော့် မိန်းမကို သွားပြောပြလိုက်မှာကိုသာ သတိထားနေတော့.. "
ယွီလီနှင့် လိုရှောင်အဲတို့က သူငယ်ချင်းများ ဖြစ်ကြပြီး ဆက်ဆံရေးလည်း ကောင်းမွန်ကြသည် ။ သူမသာ ဤကိစ္စကို သိသွားပါက လိုရှောင်အဲကို သေချာပေါက် သွားပြောပြပေလိမ့်မည် ။
ရွှီတာမော့ မျက်နှာပျက်သွားပြီး အလျင်စလို လက်ခါပြကာ ...
" ကျီဝမ်...မင်းကလည်း.. ငါက တမင် စတာပါဟ.. ကလေး သုံးယောက် အမေကြီးကို ငါ ဘာလို့ စိတ်ကူးထဲ ထည့်ရမှာလဲ ..... အပျိုလေးတွေက ပိုမမွှေးဘူးလား.. ငါ ရှာကျူးမှ မဟုတ်တာ.. "
" အဲ့တာ အကောင်းဆုံးပဲ.. "
ယန်ကျီဝမ်က မျက်လုံးလှန်ပြလိုက်သည် ။
...
အခြားတစ်ဖက်တွင်လည်း...
ရှာကျူးက သံမဏိစက်ရုံသို့ ရောက်ပြီးနောက် စက်ရုံမှူးယန်၏ ရုံးခန်းသို့ သွားလိုက်သည် ။
ချင်ဟွိုင်ရု၏ ကိစ္စများနှင့် ပတ်သက်လာလျှင် သူ အမြဲတမ်း အလေးအနက် ထား၏ ။
သူက စက်ရုံမှူးယန်၏ ရုံးခန်းပေါက်ဝသို့ ရောက်သောအခါ တံခါးဝရှိ အတွင်းရေးမှူးကို မေးလိုက်သည် ။
" အတွင်းရေးမှူးချောင်း.. စက်ရုံမှူးယန် ရှိလားဗျ.. "
" သြော်.. ဆရာဟဲပါလား.. ရှိပါတယ်.. ကိစ္စရှိလို့လား.. "
အတွင်းရေးမှူးချောင်းဆိုသည်က ယန်ကျန့်ယဲ့ ပြီးနောက် တာဝန်ယူရသော စက်ရုံမှူးယန်၏ အတွင်းရေးမှူး ဖြစ်သည် ။
" ကိစ္စလေး နည်းနည်း ရှိလို့ပါ.. "
ရှာကျူးက ခေါင်းညိတ်လိုက်သည် ။
ထို့နောက် အတွင်းရေးမှူးချောင်းက တံခါးကို ခေါက်လိုက်ပြီး အတွင်းဘက်သို့ လှမ်းပြောလိုက်သည် ။
" စက်ရုံမှူး.. ကန်တင်းက ဆရာဟဲ ရောက်နေပါတယ်.. "
" ဝင်ခဲ့လေ.. "
စက်ရုံမှူး၏ ခွင့်ပြုချက်ကို ကြားပြီးမှသာ အတွင်းရေးမှူးချောင်းက ရှာကျူးကို ခေါင်းညိတ်ပြလိုက်သည် ။
ရှာကျူး ဝင်သွားပြီးနောက် စက်ရုံမှူးယန်က သူလုပ်နေသော အလုပ်များကို ရပ်လိုက်ပြီး မော့ကြည့်ကာ မေးလိုက်သည် ။
" ဆရာဟဲ.. ဘာကိစ္စရှိလို့လဲ.. "
ရှာကျူးက ခေါင်းကို ကုတ်လိုက်ပြီး အနေခက်စွာဖြင့် ...
" စက်ရုံမှူး.. ကျားဒုံရွှီကို မှတ်မိသေးလားဗျ... "
စက်ရုံမှူးယန် အံ့သြသွားပြီးနောက် ချက်ချင်းပင် သတိရသွားကာ..
" မနှစ်က စက်ရုံမှာ မတော်တဆဖြစ်သွားတဲ့ တစ်ယောက်ကို ပြောတာလား.. "
" ဟုတ်ပါတယ်.. သူက ကျွန်တော့် အိမ်နီးချင်းပါ.. "
ရှာကျူးက ရှင်းပြလိုက်သည် ။
" စက်ရုံက သူ့မိန်းမကို သူ့နေရာမှာ ဝင်လုပ်ဖို့ ကတိပေးထားတယ်လေ.. အလုပ်ရုံထဲမှာက ခွန်အားသုံးရတဲ့ အလုပ်တွေချည်းပဲမို့ သူက မိန်းမသားတစ်ယောက် အနေနဲ့ သေချာ မလုပ်နိုင်မှာကို စိုးရိမ်နေတာ.. အဲ့ဒါကြောင့် သူ့ကို နေရာလေး ဘာလေး ပြောင်းပေးလို့ ရမလားဆိုပြီး စက်ရုံမှူးကို အကူအညီတောင်းပေးဖို့ ကျွန်တော့်ဆီ လာပြောနေလို့ပါ.. "
စက်ရုံမှူးယန်က နားထောင်ပြီးနောက် ခဏစဥ်းစားလိုက်ပြီး...
" ဒီတောင်းဆိုမှုက အရမ်းကြီး လွန်ကဲနေတာတော့ မဟုတ်ပါဘူး.. ဒါပေမဲ့ ဝန်ထမ်းရေးရာ ကိစ္စတွေကို ဒုစက်ရုံမှူးလီ က အမြဲတမ်း တာဝန်ယူ ဖြေရှင်းနေတာဆိုတော့ ငါ့ဘက်က ဝင်ပါဖို့ အဆင်မပြေဘူးကွ.. "
" ဗျာ.. "
ရှာကျူး၏ မျက်နှာက ရှုံ့မဲ့သွားသည် ။ သူနှင့် လီဟွိုက်တဲ တို့ကြားတွင် မည်သည့် ခင်မင်မှုမှ မရှိချေ ။
ဤမျှမကသေး ။ သူ လီဟွိုက်တဲကို ဆဲခဲ့ဖူး၏ ။
ရှာကျူး၏ ပါးစပ်က သာမန် ဆိုးရွားခြင်းမျိုး မဟုတ်ပေ ။ စက်ရုံမှူးယန်မှလွဲ၍ မည်သူ့ကိုမှ မျက်နှာသာ မပေးတတ်ချေ ။
လီဟွိုက်တဲ သည်လည်း သူ့ဆဲသည်ကို အကြိမ်အနည်းငယ် ခံခဲ့ရဖူးသည် ။
ယခုခေတ်တွင် အလုပ်သမားများက အလွန် မာနကြီးကြပြီး စက်ရုံမှူး ဖြစ်နေလျှင်ပင် ဂရုမစိုက်ကြပေ ။
ရှာကျူးက သူ၏ ဟင်းချက်လက်ရာကို အားကိုးပြီး လီဟွိုက်တဲကို မျက်နှာပျက်အောင် ခဏခဏ လုပ်ခဲ့ဖူးသည် ။
သို့သော် ထိုသို့ လုပ်ခဲ့ခြင်းကြောင့်ပင် လူများစွာကို စော်ကားမိသလို ဖြစ်ခဲ့သည် ။
အထူးသဖြင့် ယခု လီဟွိုက်တဲက သူ့ကို သီးသန့် ဟင်းချက်ပေးရန် မျှော်လင့်မထားတော့သဖြင့် သူ့ကို မျက်နှာသာ ပေးမည် မဟုတ် ။ ထို့ကြောင့် ရှာကျူး စိတ်အိုက်သွား၏ ။
ချင်ဟွိုင်ရုကို စိတ်မပျက်စေချင်သောကြောင့် ရှာကျူးက တောင်းပန်လိုက်သည် ။
" စက်ရုံမှူး.. တကယ်ပဲ ဘာနည်းလမ်းမှ မရှိတော့ဘူးလား .. "
စက်ရုံမှူးယန်က ခေါင်းခါပြလိုက်သည် ။
သူ လီဟွိုက်တဲထံ သွား၍ ဆွေးနွေးနိုင်သည် ။ တန်ကြေးတစ်ခုခု ပေးလိုက်ရုံဖြင့် လီဟွိုက်တဲက သေချာပေါက် သဘောတူမည်သာ ။
သို့သော် မည့်သည့်အတွက် သူ လုပ်ရမည်နည်း ။ စာဖိုမှူး တစ်ယောက်အတွက် မတန်ပေ ။
ရှာကျူးက သူ့အတွက် သီးသန့် ဟင်းချက်ပေးနေခြင်းနှင့် ပတ်သက်၍မူ သူက ဖြစ်သင့်သည်ဟုသာ ခံစားထားသည် ။
" ဟုတ်ကဲ့ပါ.. "
ရှာကျူးက ထိုအခြေအနေကို မြင်သောအခါ စိတ်ပျက်လက်ပျက်ဖြင့် ထွက်သွားတော့သည် ။
အိမ်ပြန်ရောက်လျှင် သူ၏ ညီမချင်ကို သွားပြောပြရန်ပင် သူ အားနာနေမိသည် ။
ညနေ အလုပ်ဆင်းပြီးနောက်..
ရှာကျူးက အိမ်ပြန်ရာလမ်းတွင် တိတ်ဆိတ်စွာ လျှောက်လာခဲ့သည် ။
ကိစ္စက မအောင်မြင်ခဲ့သဖြင့် သူ ချင်ဟွိုင်ရုကို ရင်ဆိုင်ရန် မျက်နှာပူနေ၏ ။
" ကျူးဇီ.. ပြန်လာပြီလား.. ကိစ္စရော အဆင်ပြေခဲ့ရဲ့လား.. "
ခြံဝင်းထဲသို့ ပြန်ရောက်ရောက်ချင်းပင် ချင်ဟွိုင်ရုက တံခါးဝတွင် စောင့်နေပြီး ရှာကျူး ပြန်လာသည်ကို မြင်သည်နှင့် မစောင့်နိုင်တော့ဘဲ ရှေ့တိုးလာကာ မေးလိုက်သည် ။
" ညီမချင်.. ဒီကို ဘယ်လိုရောက်နေတာလဲ.. "
ရှာကျူး လန့်သွားပြီးနောက် ခါးသက်သက် ပြုံးကာ ခေါင်းခါပြလိုက်သည် ။
" တောင်းပန်ပါတယ် ညီမချင်.. ဒီကိစ္စကို ဒုစက်ရုံမှူးလီ က တာဝန်ယူထားတာမို့ သူ့အနေနဲ့ ဘာမှ လုပ်ပေးလို့ မရဘူးလို့ စက်ရုံမှူးယန်က ပြောလိုက်တယ်.. "
ချင်ဟွိုင်ရုက စိတ်ပျက်လက်ပျက်ဖြင့်...
" နင်က စက်ရုံက ခေါင်းဆောင် အများကြီးကို သိတယ်ဆို.. ဒုစက်ရုံမှူးလီကို နင် မသိဘူးလား.. "
သိတော့ သိသည် ။ သိရုံတင်မက သူကိုယ်တိုင်ပင် လီဟွိုက်တဲအား ဆဲခဲ့ဖူး၏ ။
သို့သော် ထိုစကားကို အပြင်ထုတ်ပြောရန် သူ ရှက်ရွံ့နေမိသည် ။
သူက ...
" ငါက စက်ရုံမှူးယန်ဆီမှာပဲ အမြဲ တာဝန်ယူရတာ.. ဒုစက်ရုံမှူးလီ ဆီမှာက ယန်လောင်အာနဲ့ သူ့တပည့်က အမြဲ တာဝန်ယူနေတာလေ.. "
" ဆိုလိုတာက ယန်လောင်အာက ဒုစက်ရုံမှူးလီကို သိတယ်ပေါ့.. "
" သိရုံတင် ဘယ်ကမလဲ.. တတိယသားရဲ့ အလုပ်ကိုတောင် ယန်လောင်အာ လီဟွိုက်တဲဆီက တောင်းထားတာ.. "
ရှာကျူးက မထီမဲ့မြင်ဟန်ဖြင့် ပြောလိုက်သည် ။
ယန်ကျီဝမ်က ဖားတတ်သောသူ တစ်ယောက်ဖြစ်ပြီး သူက လီဟွိုက်တဲကို ဖားခဲ့သောကြောင့်သာ လီဟွိုက်တဲက အလုပ်နေရာ ပေးရန် သဘောတူခဲ့ခြင်း ဖြစ်မည်ဟု သူ ထင်နေသည် ။
အမှန်တော့ သူ့စိတ်ထဲတွင် အလွန် မနာလို ဖြစ်နေခြင်းပင် ။
သူကိုယ်တိုင်လည်း စက်ရုံမှူးယန်အတွက် သီးသန့် ဟင်းချက်ပေးခဲ့သည်မှာ ကြာပေပြီ ။ သို့သော် စက်ရုံမှူးယန်သည်တော့ ကိစ္စသေးသေးလေး တစ်ခု သွားတောင်းဆိုသည်ကိုပင် မကူညီခဲ့ပေ ။
ဤ ကွာဟချက်က တကယ်ကို ကြီးမားလွန်းလှသည် ။
စက်ရုံမှူးယန်က သူ့ကို ကာကွယ်ပေးထား၍သာ သည်းခံခဲ့ခြင်း ဖြစ်သည် ။ မဟုတ်လျှင် ဆဲမိပေမည် ။
တခြား ရွေးချယ်စရာ မရှိချေ ။ သူက လူများစွာကို စော်ကားထားခဲ့သည် ။ စက်ရုံမှူးယန်၏ အကာအကွယ်သာ မရှိတော့ပါက သူ အိမ်သာ ဆေးရမည့်ဘဝသို့ ထပ်ရောက်သွားနိုင်သည် ။
ချင်ဟွိုင်ရု၏ မျက်လုံးများက အရောင်လက်လာပြီး..
" ဆိုလိုတာက.. ယန်လောင်အာကသာ ကူညီပေးမယ်ဆိုရင် ကိစ္စက အဆင်ပြေနိုင်တယ်ပေါ့.. "
" ဖြစ်နိုင်ပါတယ်.. ဒါပေမဲ့ သူ ကူညီမှာ မဟုတ်ဘူး.. "
ရှာကျူးက ပခုံးတွန့်ကာ ပြောလိုက်သည် ။
ချင်ဟွိုင်ရုကလည်း ထိုအချက်ကို စဥ်းစားမိပြီး မှန်သည်ဟု ထင်လိုက်သည် ။ သို့သော်......
ညစာ စားပြီးနောက်..
ချင်ဟွိုင်ရုက ရှေ့ခြံဝင်းဘက်သို့ ဦးတည်လာ၏ ။
ရှာကျူးကို အားကိုးထားခဲ့သော်လည်း သူ ဤမျှ အသုံးမကျဖြစ်နေမည်ဟု ထင်မထားခဲ့ပေ ။
သို့သော် သူမက ယီကျုံးဟိုင်၏ ချုပ်ကိုင်မှုအောက်သို့ မရောက်ချင်သဖြင့် ယန်ကျီဝမ်ထံ အကူအညီ လာတောင်းရန်သာ ရှိတော့သည် ။
ယွီလီက သူမ၏ အိမ်ပေါက်ဝတွင် သားဖြစ်သူနှင့် ကစားနေ၏ ။
ချင်ဟွိုင်ရုက ရှေ့တိုးလာပြီး မေးလိုက်သည် ။
" ယွီလီ.. ကျီဝမ် အိမ်မှာ ရှိလား.. "
ယွီလီက သံသယဖြင့် မေးလိုက်သည် ။
" သူ့ကို ရှာတာ ကိစ္စရှိလို့လား.. "
မိသားစု နှစ်စု၏ ဆက်ဆံရေးကလည်း မကောင်းပါသော်လည်း သူမ၏ ယောက်ျားကို မည်သည့်အတွက် လာရှာပါသနည်း ။
" အကူအညီ တောင်းစရာ ကိစ္စလေး နည်းနည်း ရှိလို့ပါ.. "
ချင်ဟွိုင်ရုက ပွင့်ပွင့်လင်းလင်းပင် ပြောလိုက်သည် ။
ယွီလီက မျက်မှောင်ကြုတ်လိုက်သည် ။ သူမ ယောက်ျားက သေချာပေါက် သဘောတူမည် မဟုတ်ကြောင်း သူမ ခံစားမိသည် ။
သို့သော် ချင်ဟွိုင်ရု၏ အမူအရာကို ကြည့်ရသည်မှာ လူကို မတွေ့ရမချင်း ပြန်သွားချင်ပုံ မပေါ်ချေ ။
ထို့ကြောင့် သူမက ဤကဲ့သို့သော ပြဿနာများကို ယောက်ျားကိုသာ လွှဲပေးထားလိုက်ရန် တွေးလိုက်သည် ။ သူမကိုယ်တိုင် ခေါင်းမစားချင်ပေ ။
သူမက အိမ်ထဲသို့ လှည့်ကာ လှမ်းအော်လိုက်သည် ။
" ကျီဝမ်.. ရှင့်ကို လာရှာတဲ့သူ ရှိတယ်.. "