← Chapters

အခန်း ၂၈၄

Vol. 28 Ch. 284

အခန်း ၂၈၄

Vol. 28 Ch. 284

Chapter 284

~

အခန်း ၂၈၄ : ကိစ္စအောင်မြင်ခြင်း

~

​" ကျီဝမ်.. ရှင် ဘာလို့ ကူညီပေးချင်တာလဲ.. "

​ယွီလီက သံသယဝင်ဟန်ဖြင့် မေးလိုက်သည် ။ ယွမ်တစ်ရာဆိုသည်က မနည်းလှသော်လည်း ကိုယ့်ယောကျ်ားအကြောင်း ကိုယ်သိသည့် သူမအဖို့ ဤငွေကို သိပ်ပြီး ဂရုစိုက်မည် မဟုတ်ကြောင်း သိထား၏ ။ အထူးသဖြင့် ဤကိစ္စက လူမှုရေးအရ မျက်နှာနာစရာ အကြွေးတစ်ခု တင်သွားမည် ဖြစ်သည် ။

​ယန်ကျီဝမ်က ပြုံး၍...

​" သူတို့မိသားစု သနားစရာကောင်းနေလို့ပါ.. တကယ်တော့ ဒီကိစ္စက စကားတစ်ခွန်း ပြောပေးလိုက်ရုံပဲလေ.. ပြီးတော့ ယွမ်တစ်ရာဆိုတာလည်း နည်းတဲ့ ပိုက်ဆံမှ မဟုတ်တာ.. "

​" မပြောချင်လည်း နေလေ.. "

​ယွီလီက သူ့ကို မျက်စောင်းတစ်ချက် ထိုးလိုက်၏ ။ သူမအား ငါးနှစ်သား ကလေး ထင်နေသည်လော ။ သို့သော် သူ မပြောချင်၍ သူမ ဆက်မမေးတော့ချေ ။

​ယန်ကျီဝမ်က ရယ်သာရယ်နေလိုက်သည် ။ ဤသို့သော ညစ်ညမ်းသည့် ကိစ္စများနှင့် သူ့မိန်းမအား အများကြီး မထိတွေ့စေချင်ပေ ။

​ယွီလီ၏ ရင်ခွင်ထဲတွင် ငိုက်နေပြီဖြစ်သော သားဖြစ်သူကို သူ တစ်ချက်ကြည့်လိုက်ပြီး လက်ကမ်းပေးကာ...

​" သားကို ပေးလေ.. သူတောင် ငါးမျှားနေပြီ.. "

​ကလေးများဆိုသည်က ဤသို့ပင် ။ စားလိုက် အိပ်လိုက် ။ အိပ်ရာကနိုးလျှင် စားလိုက်နှင့် ကစားလိုက်လုပ်ရင်း အပြစ်ကင်းစင်ကြသည် ။

​ယွီလီက ခေါင်းညိတ်လိုက်ပြီး ယန်ကျီဝမ်က သားဖြစ်သူကို ပွေ့ချီကာ အိမ်မကြီးဘက်သို့ ထွက်သွားလေ၏ ။ ရှောင်ရှီတိုးအား နို့ဖြတ်ပြီးကတည်းက အဘွားဖြစ်သူနှင့်သာ သိပ်ထားသည် ။

​...

​ချင်ဟွိုင်ရုက အလယ်ခြံဝင်းသို့ ပြန်ရောက်လာပြီးနောက် သူမ၏ အိမ်သို့ မပြန်ဘဲ ရှာကျူး၏ အိမ်သို့ တန်းတန်းမတ်မတ် သွားလိုက်သည် ။

​အကြောင်းမှာ သူမတွင် ပိုက်ဆံမရှိ၍ပင် ။ ကျားကျန်းရှီထံ သွားတောင်းလျှင်လည်း ရမည်မဟုတ် ။ ထို့ကြောင့် ရှာကျူးထံမှ ချေး ရန်သာ ရှိတော့သည် ။

​ယွမ်တစ်ရာဆိုသည်က အများကြီးဖြစ်သော်လည်း ရှာကျူးထံမှ ချေး မည်ဆိုလျှင်တော့ များသည်ဟု သူမ မခံစားရချေ ။

​မည်သို့ပင်ဆိုစေကာမူ ရှာကျူး၏ ပိုက်ဆံကို သူမ အဆင်ပြေသည့် အချိန်မှ ပြန်ဆပ်လို့ ရသည် ။ သူမ ပြန်မဆပ်လျှင်ပင် ရှာကျူးက သူမထံ လာတောင်းရဲမည် မဟုတ်ပေ ။ ဤမျှလောက်တော့ သူမတွင် ယုံကြည်မှု အပြည့်ရှိ၏ ။

​" ကျူးဇီ.. အိမ်မှာရှိလား.. "

​ချင်ဟွိုင်ရုက တံခါးပင် မခေါက်ဘဲ တံခါးကို တွန်းဖွင့်ကာ ဝင်သွားလိုက်သည် ။

​ရှာကျူးက ချင်ဟွိုင်ရု၏ ကိစ္စကို အဆင်ပြေအောင် မလုပ်ပေးနိုင်ခဲ့သဖြင့် စိတ်ဓာတ်ကျကာ တစ်ယောက်တည်း အရက်ထိုင်သောက်နေ၏ ။

​ညီမချင်က သူ့အပေါ် စိတ်ပျက်သွားလောက်ပြီဖြစ်၍ နောက်နောင် သူ့ထံ လာရှာတော့မည် မဟုတ်ဟု တွေးနေခဲ့သော်လည်း ယခု ချက်ချင်း ပြန်ရောက်လာခဲ့လေပြီ ။

​သူ ဝမ်းသာအားရဖြင့်...

​" ညီမချင်.. ဘယ်လိုလုပ် ရောက်လာတာလဲ.. ထမင်းစားပြီးပြီလား.. အတူတူ စားရအောင်လေ.. "

​ချင်ဟွိုင်ရုက စားပွဲပေါ်သို့ တစ်ချက် ကြည့်လိုက်သည် ။ စားပွဲပေါ်တွင် ရေလုံပြုတ် ဂေါ်ဖီထုပ်တစ်ပွဲ ။ ပြောင်းဖူးပေါင်း နှစ်ခုနှင့် အရက်တို့သာ ရှိသည် ။

​သူမ စားချင်စိတ် မရှိ ။ သူမက ခေါင်းခါလိုက်ပြီး...

​" အခုချိန်က အိမ်တိုင်း အခက်အခဲ ရှိကြတာဆိုတော့ မစားတော့ပါဘူး.. "

​ထိုစကားကို ကြားလျှင် ရှာကျူး အလွန်ပျော်ရွှင်သွားပြီး...

​" ညီမချင်ကမှ ငါ့ကို တကယ် သနားတာ.. "

ချင်ဟွိုင်ရုက ဤဟင်းများကို မစားချင်ခြင်းသာ ဖြစ်ကြောင်းကို သူ မသိရှာပေ ။

​သူမက နှုတ်မှတော့...

​" ဒါပေါ့.. ဒီခြံဝင်းထဲမှာ ငါကလွဲလို့ နင့်ကို ဘယ်သူက ဂရုစိုက်ဖူးလို့လဲ.. နင့် အိမ်က အဝတ်အစားတွေရော ငါပဲ လျှော်ပေးနေရတာ မဟုတ်ဘူးလား.. "

​" ဟုတ်တာပေါ့.. ဟုတ်တာပေါ့.. ဟီးဟီး... "

​ရှာကျူးက ချက်ချင်းပင် အူကြောင်ကြောင်ဖြင့် ရယ်မောလိုက်သည် ။

​အခြေအနေ ပေးလာသည်နှင့် ချင်ဟွိုင်ရုက မျက်နှာကို ညှိုးနွမ်းသွားဟန် ဖန်တီးလိုက်ပြီး သနားစရာကောင်းသည့် အမူအရာဖြင့်...

​" ကျူးဇီ.. တကယ်တော့ ခု ငါလာတာ နင့်ကို အကူအညီတစ်ခုလောက် တောင်းချင်လို့ပါ.. "

​" ဘာကိစ္စများလဲ.. ငါ လုပ်ပေးနိုင်တာဆိုရင် သေချာပေါက် ကူညီပေးမှာပေါ့.. "

​သူ အကူအညီ မပေးနိုင်ခဲ့သည့် ကိစ္စအတွက် စိတ်မကောင်း ဖြစ်နေချိန်တွင် ချင်ဟွိုင်ရုက အကူအညီ ထပ်တောင်းလာသဖြင့် ဤတစ်ကြိမ်တော့ စိတ်မပျက်စေရဟု တွေးလိုက်မိသည် ။

​" တကယ်တော့ သိပ်ကြီးကျယ်တဲ့ ကိစ္စတော့ မဟုတ်ပါဘူး.. "

​ချင်ဟွိုင်ရုက နှုတ်ခမ်းကိုကိုက်၍...

​" အလုပ်ပြောင်းမယ့် ကိစ္စပါပဲ.. ငါ ခုနက ယန်လောင်အာ ဆီ သွားခဲ့တယ်.. "

​ရှာကျူး၏ မျက်နှာက တင်းမာသွားပြီး မကျေမနပ်ဖြင့်...

​" သူ ကူညီပေးချင်မှာ မဟုတ်ဘူးလို့ ထင်သားပဲ.. "

​" မဟုတ်ဘူး.. သူ သဘောတူလိုက်တယ်.. "

​" ဘာ.. "

​ရှာကျူးက အံ့အားသင့်သည့် မျက်နှာဖြင့်...

​" ယန်လောင်အာက ဘယ်တုန်းက အဲ့လောက် သဘောကောင်းသွားတာလဲ.. "

​ချင်ဟွိုင်ရုက ရှင်းပြလိုက်သည် ။

​" သူက အခကြေးငွေ ယွမ်တစ်ရာ့ငါးဆယ် တောင်းတယ်လေ.. "

​ဤမိန်းမက တကယ့်ကို ပါးနပ်လှသည် ။ ယွမ်တစ်ရာဟု ပြောလိုက်သော်လည်း ယခုတော့ တစ်ရာ့ငါးဆယ် ဖြစ်သွားခဲ့လေပြီ ။

​သူမတွင်လည်း အခြားနည်းလမ်း မရှိချေ ။ အိမ်ရှိ ပိုက်ဆံအားလုံးက ကျားကျန်းရှီ၏ လက်ထဲတွင် ရှိနေသည် မဟုတ်ပါလော ။ အပိုငွေကြေး လက်ထဲတွင် ရှိထားသင့်သည် ။

​" ဘာ.. အဲ့ခွေးမသားက အဲ့လောက်တောင် လောဘကြီးတာလား.. "

​ရှာကျူးက မျက်လုံးပြူးသွားပြီး...

​" ခြံဝင်းတစ်ခုတည်း အတူနေတဲ့ အိမ်နီးချင်းတွေကို အဲ့ကောင်က ပိုက်ဆံတောင်းရက်တယ်ပေါ့လေ.. "

​ချင်ဟွိုင်ရုက နစ်နာသလိုဟန်ဖြင့်...

​" အစက ယွမ်နှစ်ရာတောင် တောင်းတာ.. ငါက အကျိုးအကြောင်းပြောပြီး အသနားခံလိုက်လို့ နောက်ဆုံးတော့ ယွမ်ငါးဆယ် လျှော့ပေးလိုက်တာ.. "

​ရှာကျူးက ယန်ကျီဝမ်ထံ သွားမေးမည်မဟုတ်ကြောင်း သူမ အသေအချာ တွက်ဆထားသည် ။ ရှာကျူး သွားမေးလျှင်ပင် ယန်ကျီဝမ်၏ စရိုက်အရ မည်သည့်အရာကိုမျှ ရှင်းပြနေမည် မဟုတ်ပေ ။ သူမက လူ့စိတ်ကို အသေအချာ နားလည်ထားသူ ဖြစ်၏ ။

​" မရဘူး.. ငါ သူ့ကို သွားပြောမှဖြစ်မယ်.. ညီမချင်တို့ အိမ်က ဒီလောက် အခက်အခဲ ဖြစ်နေတာကို သူက ဘယ်လိုလုပ်ပြီး ဒီလောက်တောင် မျက်နှာပြောင်တိုက် တောင်းရဲရတာလဲ ဆိုတာကို သေချာ မေးကြည့်ရမယ်.. "

​ပြောပြီးသည်နှင့် ရှာကျူးက ယန်ကျီဝမ်အား သွားရှာရန် မတ်တပ်ထရပ်လိုက်သည် ။

​ချင်ဟွိုင်ရုက သူ့ကို ဆွဲထားလိုက်ပြီး...

​" ကျူးဇီ.. မသွားပါနဲ့.. ဒါက ငါတို့ဘက်က သူ့ကို အကူအညီ သွားတောင်းတာလေ.. သူက ကူညီပေးဖို့ သဘောတူတာပဲ တော်လှပြီ.. ပြီးတော့ ငါက နင်နဲ့အတူ ကန်တင်းမှာ တကယ် အလုပ်လုပ်ချင်လို့ပါ.. "

​ရှာကျူးက ထိုစကားကို ကြားလျှင် မျက်နှာထား ပြေလျော့သွား၏ ။ အထူးသဖြင့် သူနှင့်အတူ အလုပ်လုပ်ချင်သည်ဟု ပြောလာသောအခါ ရင်ထဲတွင် ပြောမပြတတ်အောင် ကြည်နူးသွားလေသည် ။

​သူက သဘောထားကြီးဟန်ဖြင့်....

​" ညီမချင်က ဒီလိုပြောနေမှတော့ ငါ သူ့ကို သွားမပြောတော့ပါဘူး.. "

​ဤနေရာသို့ ရောက်သောအခါ သူက တစ်စုံတစ်ခုကို ရုတ်တရက် သတိရသွားပြီး...

​" ဒါနဲ့ ညီမချင်.... ပိုက်ဆံရှိလို့လား.. မရှိဘူးဆိုရင်လည်း ငါ့ဆီမှာ နည်းနည်း ရှိသေးတယ်.... "

​' အောင်မြင်ပြီ.. '

​ချင်ဟွိုင်ရု လိုချင်နေသည်ကလည်း ဤရလဒ်ပင် ။

​သူမက ခေါင်းခါ၍ ခါးသီးစွာဖြင့်...

​" ငါတို့ အိမ်အခြေအနေကို နင်လည်း သိတာပဲလေ.. တကယ်တော့ ငါ ခုလာတာက နင့်ဆီကနေ ချေးမလို့ပါ.. နောက် လစာရတဲ့ အခါကျမှ ဖြည်းဖြည်းချင်း ပြန်ဆပ်မယ်နော်.. "

​" ဟားဟား... ဒါက ကိစ္စသေးသေးလေးပါ.. အဆင်ပြေတဲ့ အချိန်မှသာ ပြန်ဆပ်.. အခု ငါ သွားယူပေးမယ်.. "

​ပြောပြီးသည်နှင့် ရှာကျူးက ပိုက်ဆံယူရန် အခန်းထဲသို့ ဝင်သွားသည် ။ သိပ်မကြာမီပင် ရှာကျူးက အမည်းရောင် ဆယ်ယွမ်တန် တစ်ထပ်ကို ကိုင်၍ ထွက်လာခဲ့၏ ။

​ချင်ဟွိုင်ရုက ကျေးဇူးတင်သော မျက်နှာဖြင့် ပိုက်ဆံကို လှမ်းယူလိုက်ပြီး မျက်တောင်လေး ပုတ်ခတ်ပုတ်ခတ်ဖြင်...

​" ကျူးဇီ.. ကျေးဇူးတင်ပါတယ်.. နင်က တကယ့် လူကောင်းပဲ.. "

​" ဟီးဟီး.. ဟုတ်တာပေါ့.. ဟုတ်တာပေါ့... "

​ရှာကျူး ချက်ချင်းပင် ကြည်နူးသွား၏ ။

​ချင်ဟွိုင်ရုက ပိုက်ဆံရသည်နှင့် ဝမ်းသာပျော်ရွှင်စွာဖြင့် ထွက်သွားလေတော့သည် ။ ထို့နောက် ချင်ဟွိုင်ရုက ရှေ့ခြံဝင်းသို့ သွားကာ ယွမ်တစ်ရာကို ယန်ကျီဝမ်အား ပေးလိုက်သည် ။

​ဤကိစ္စကို ရှာကျူးလည်း သိထားသဖြင့် ယန်ကျီဝမ်က ပိုက်ဆံသာယူပြီး အကူအညီမပေးမည်ကို သူမ မစိုးရိမ်ချေ ။ ယန်ကျီဝမ် ပိုက်ဆံယူလိုက်သည်ကို မြင်လျှင် ချင်ဟွိုင်ရုက...

​" ကျီဝမ်.. ဒီကိစ္စက အဆင်ပြေဖို့ အချိန် ဘယ်လောက်လောက် ကြာမလဲ.. "

​ယန်ကျီဝမ် အထင်လွဲမည်စိုး၍ သူမက ထပ်ရှင်းပြလိုက်သည် ။

​" နင် အထင်မလွဲနဲ့နော်.. ငါ နင့်ကို လောနေတာ မဟုတ်ပါဘူး.. ယောက္ခမက အလုပ်သွားလုပ်ဖို့ လောနေလို့ ငါလည်း ဘာမှ မလုပ်တတ်တော့လို့ပါ.. "

​' ဒါက လောနေတာ မဟုတ်လို့ ဘာလဲ.. '

​ယန်ကျီဝမ်က ခပ်အေးအေးပင်...

​" စောင့်သာနေလိုက်ပါ.. "

​ချင်ဟွိုင်ရုက ကျေနပ်ဖွယ်ရာ အဖြေတစ်ခု မရခဲ့သော်လည်း ယခုအချိန်တွင် ယန်ကျီဝမ်အား အားကိုးရန်သာ ရှိတော့သဖြင့် သတင်းစောင့်ရန် ပြန်လာခဲ့ရသည် ။

​နောက်တစ်နေ့ ညနေခင်း...

​ချင်ဟွိုင်ရုက ရှေ့ခြံဝင်းနှင့် အလယ်ခြံဝင်းကြားရှိ လမ်းကြားတွင် ရပ်စောင့်နေပြီး ခြံတံခါးဝသို့ ခဏခဏ လှမ်းကြည့်နေ၏ ။

​ဘယ်နှစ်ခေါက်လောက် ကြည့်မိမှန်း မသိတော့သည့် အချိန်တွင် ယန်ကျီဝမ်နှင့် ယွီလီ လင်မယားနှစ်ယောက် ပြန်လာသည်ကို မြင်တွေ့လိုက်ရသည် ။

​သူမက လမ်းကြုံ၍ ဖြတ်သွားသည့်ဟန် ဖန်တီးလိုက်ပြီး ရှေ့သို့ တိုးသွားကာ ပြုံး၍...

​" အို.. ကျီဝမ်တို့ ပြန်လာကြပြီလား.. "

​ယန်ကျီဝမ်က တိတ်တဆိတ် မျက်ဖြူလှန်လိုက်သည် ။ ဤမိန်းမက သူ့ကို တမင်စောင့်နေပြီး တိုက်ဆိုင်စွာ တွေ့လိုက်ရသည့်ဟန် ဟန်ဆောင်နေမှန်း သူ တစ်ချက်ကြည့်ရုံဖြင့် သိလိုက်၏ ။

​ယန်ကျီဝမ်ကလည်း ဘာမှ ပိုမပြောချင်တော့ဘဲ အိတ်ထဲမှ စာရွက်တစ်ရွက်ကို ထုတ်ပေးလိုက်ပြီး...

​" ကိစ္စကတော့ ပြီးသွားပြီ.. သုံးရက်အတွင်း သတင်းသွားပို့လိုက်ရင် ရပြီ.. "

​" အို.. ကျေးဇူးတင်ပါတယ် ကျီဝမ်.. နင်က တကယ့် လူကောင်းပဲ.. "

​ချင်ဟွိုင်ရုက စာရွက်ကို လှမ်းယူလိုက်ပြီး ရင်ထဲတွင် သက်ပြင်းချနိုင်သွားကာ အထပ်ထပ် ကျေးဇူးတင်နေလေသည် ။

​" ရပါတယ်.. ကိုယ်လိုချင်တာ ကိုယ်ယူကြရုံပါပဲ.. "

​ထို့နောက် ယန်ကျီဝမ်နှင့် ယွီလီတို့ အိမ်သို့ ပြန်သွားကြသည် ။ ချင်ဟွိုင်ရုက လက်ထဲရှိ စာရွက်ကို သတိထားကာ သေသေချာချာ သိမ်းဆည်းလိုက်ပြီး ပျော်ရွှင်စွာဖြင့် အိမ်သို့ ပြန်သွားလေ၏ ။

​နောက်ဆုံးတော့ ကိစ္စ အောင်မြင်သွားခဲ့လေပြီ ။ သူမ နည်းနည်းလေး ကြိုးစားလိုက်ပြီး အလုပ်တည်မြဲသွားသည်နှင့် သူမတို့ မိသားစု၏ ဘဝလေး အဆင်ပြေသွားတော့မည် ။

​အရေးအကြီးဆုံး ကိစ္စမှာ သူမတို့ မိသားစုက ယီကျုံးဟိုင်၏ မျက်နှာကို ကြည့်စရာ မလိုတော့ခြင်းပင် ။ ထိုသို့ တွေးမိလိုက်သောအခါ သူမ တစ်ကိုယ်လုံး သိသိသာသာ ပေါ့ပါးလန်းဆန်းသွားလေတော့သည် ။

All Chapters