အခန်း ၂၈၅
Vol. 28 Ch. 285
Chapter 285
~
အခန်း ၂၈၅ : သြဇာအာဏာကို အသုံးချခြင်း
~
နောက်နေ့ မနက်ခင်းတွင်..
ချင်ဟွိုင်ရုက ပစ္စည်းများကို ပျော်ရွှင်စွာ သိမ်းဆည်းနေသည် ။ သူမက ပြဿနာ တစ်စုံတစ်ရာ မပေါ်လာစေရန် အလုပ်ကိစ္စကို စောစောစီးစီး ပြီးပြတ်အောင် ယနေ့ အလုပ်သွားဝင်ရန် ပြင်ဆင်နေလေ၏ ။
" ချင်ဟွိုင်ရု.. နင် သေသေချာချာ မှတ်ထား.. နင် အလုပ်ရုံကိုပဲသွားသွား ကန်တင်းကိုပဲသွားသွား ငါ့ရဲ့ ပင်စင်လစာက တစ်ပြားမှ လျော့လို့မရဘူး.. မဟုတ်ရင် ငါ အလုပ်ပြန်ယူမှာပဲ.. "
" ဒီအလုပ်က ငါတို့ ကျားမိသားစု အလုပ်ပဲ.. "
" သိပါပြီ.. "
" ပြီးတော့ ငါက လတိုင်း ဆေးသောက်ရသေးတယ်.. ဆေးဖိုးကိုလည်း နင့်လစာထဲကပဲ ဖြတ်ရမယ်.. ကြားလား.. "
" ဟုတ်ကဲ့ သိပါပြီ.. "
ကျားကျန်းရှီက ဘေးမှ ပွစိပွစိ ပြောနေသော်လည်း ချင်ဟွိုင်ရုက စိတ်ရှည်စွာ နာခံနေသည် ။
ယခုအချိန်တွင် သူမ လိုချင်သည်က အလုပ်ဝင်မည့် ကိစ္စ မြန်မြန် ပြီးပြတ်သွားရန်သာ ။
ကျားကျန်းရှီ ပြောနေသော ကိစ္စများမှာလည်း သူမ တွက်ချက်ထားပြီးသား အရာများပင် ။
ချွေးမကောင်း တစ်ယောက်၏ ပုံရိပ်ကို ထိန်းသိမ်းရန်အတွက် ဤကိစ္စများကို သူမ နာခံရမည်ဖြစ်သည် ။
မည်သို့ပင်ဆိုစေကာမူ ရလာမည့်လစာက စားစရာပင် လောက်ငှမည် မဟုတ်၍ နောက်ဆုံးတွင် ရှာကျူး၏ ထောက်ပံ့မှုကိုသာ အားကိုးရမည်ဖြစ်သဖြင့် အားလုံးက ဘာမှ မကွာခြားပေ ။
" ညီမချင်.. အဆင်သင့် ဖြစ်ပြီလား.. သွားကြရအောင်.. "
ရှာကျူး၏ အသံက အပြင်ဘက်မှ ထွက်ပေါ်လာ၏ ။
" လာပြီ.. "
ချင်ဟွိုင်ရုက ပြန်ထူးလိုက်ပြီး ကျားကျန်းရှီဘက် လှည့်ကာ..
" အမေ.. ဟွိုင်ဟွားကို သေချာ ကြည့်ထားပေးပါအုံး.. သမီး အလုပ်သွားတော့မယ်.. "
" သွားစရာရှိတာ သွားပါအေ..ညည်းနှယ်.. ငါ သူ့ကို ငတ်သေအောင် ထားမှာမို့လို့လား.. "
ကျားကျန်းရှီက စိတ်မရှည်ဟန်ဖြင့် လက်ခါပြပြီး နှင်လွှတ်လိုက်သည် ။
ချင်ဟွိုင်ရုက စိတ်မချသော်လည်း တခြား ရွေးချယ်စရာ မရှိပေ ။ ထို့နောက် ရှာကျူးနှင့် အတူ သံမဏိစက်ရုံသို့ ထွက်လာခဲ့လေသည် ။
ထိုမြင်ကွင်းကို နားမကြားသောအဘွားကြီးထံ မနက်စာ သွားပို့မည့် ပထမအဒေါ်ကြီးယီက မြင်တွေ့သွားခဲ့၏ ။
အိမ်ပြန်ရောက်သောအခါ သူမက ယီကျုံးဟိုင်အား..
" လောင်ယီ.. ခုနလေးတင် ဟွိုင်ရုနဲ့ ကျူးဇီတို့ အတူတူ ထွက်သွားတာ တွေ့လိုက်တယ်.. ကြည့်ရတာ စက်ရုံကို သွားမယ့်ပုံပဲ.. "
' ဟမ်.. '
ယီကျုံးဟိုင် ထိုစကားကို ကြားလျှင် မျက်မှောင်ကြုတ်သွားလေသည် ။
ချင်ဟွိုင်ရုက အလုပ်ဆက်ခံရန် သွားမည်ဆိုလျှင် ရှာကျူးကို မဟုတ်ဘဲ သူ့ကိုသာ လာရှာသင့်သည် ။
သူ ရှုပ်ထွေးသွား၏ ။
သူက စက်ရုံ၏ အဆင့် ရှစ် အလုပ်သမား တစ်ယောက် ဖြစ်သည် ။ ထို့အပြင် ချင်ဟွိုင်ရုက အမျိုးသမီး တစ်ယောက် ဖြစ်နေ၍ သူသာ အကာအကွယ် မပေးလျှင် အလုပ်ရုံထဲရှိ ယောကျ်ားများ၏ အနိုင်ကျင့်မှုကို သေချာပေါက် ခံရမည်ပင် ။
ယီကျုံးဟိုင် စကားမပြောသည်ကို မြင်လျှင် အဒေါ်ကြီးယီက သက်ပြင်းချလိုက်ပြီး..
" ကျားကျန်းရှီကလည်း တကယ့်ကို လွန်လွန်းပါတယ်.. ဟွိုင်ရုက မီးတွင်းထဲကတောင် မထွက်ရသေးဘူး အလုပ်ဆင်းခိုင်းနေပြီ.. ဘယ်ယောက္ခမကများ ဒီလို လုပ်ရက်မှာလဲ.. "
" ဈေးသွားဝယ်တာလည်း ဖြစ်နိုင်တာပဲလေ.. "
ယီကျုံးဟိုင်က သိပ်ဂရုမစိုက်ဟန်ဖြင့် ပေါ့ပေါ့ဆဆ ပြန်ဖြေလိုက်သည် ။
သူက ကောတာဖျဲ့ဇီနှင့် ကြိုတင် ပြောဆိုထားပြီး ဖြစ်၍ ချင်ဟွိုင်ရု စက်ရုံသို့ အလုပ်လာဆင်းသည်နှင့် သူမကို တပည့်အဖြစ် လက်ခံမည် ဖြစ်သည် ။
ချင်ဟွိုင်ရုသာ သူ့တပည့် ဖြစ်လာခဲ့လျှင် သူမကို ထိန်းချုပ်နိုင်မည်ဟု သူက အပြည့်အဝ ယုံကြည်ထား၏ ။
ထို့ကြောင့် သူက သိပ်ပြီး အလျင်မလို ။
အဒေါ်ကြီးယီက ထိုစကားကြောင့် ဆွံ့အသွားလေသည် ။
မီးတွင်းထဲက မိန်းမတစ်ယောက်ကို ဈေးဝယ်ထွက်ခိုင်းသည်က မှန်ကန်ပါ၏လော ။
သို့သော်လည်း ဤသည်က သူများ မိသားစု ကိစ္စဖြစ်၍ သူမ ဆက်မပြောလိုတော့ချေ ။
...
အခြားတစ်ဖက်တွင်တော့...
ရှာကျူး၏ ဦးဆောင်မှုဖြင့် ချင်ဟွိုင်ရု အလုပ်ဝင်ခွင့် စာရင်းသွင်းခြင်းကို အောင်မြင်စွာ ပြီးမြောက်သွားခဲ့သည် ။
အစပိုင်းတွင် လစာ နည်းပါးမည် ဖြစ်သော်လည်း ချင်ဟွိုင်ရု၏ ရင်ထဲမှ အလုံးကြီးတော့ ကျသွားလေပြီ ။
သူမက ရှာကျူးအား နောက်ပြောင်လိုက်သည် ။
" ကျူးဇီ.. အခုတော့ ငါလည်း ကန်တင်းက လူဖြစ်သွားပြီဆိုတော့.. နောက်ပိုင်း ငါ့ကို ကာကွယ်ပေးရမယ်နော်.. "
" ဒါပေါ့.. ညီမချင် စိတ်ချနေလိုက်.. ကန်တင်း တစ်ဝိုက်မှာတော့ ငါ ပြောတာပဲ အတည်ဖြစ်ရမယ်.. ဘယ်သူမှ ဒုက္ခမပေးရဲစေရဘူး.. "
ရှာကျူးက ရင်ဘတ်ကိုပုတ်ကာ ကြုံးဝါးလိုက်သည် ။
" ကျူးဇီက တကယ် တော်တာပဲ.. ကျေးဇူးတင်ပါတယ်နော်.. "
ချင်ဟွိုင်ရုက ချီးကျူးလိုက်၏ ။
ရှာကျူး သည် မြှောက်လုံးများကြောင့် လေပေါ် မြှောက်တက်သွားပြီး ပြုံးဖြီးဖြီးဖြင့်..
" ညီမချင်.. လာ.. ငါ အခုပဲ ကန်တင်းကို ခေါ်သွားပေးမယ်.. "
ချင်ဟွိုင်ရုက ခေါင်းညိတ်လိုက်ပြီး သူ့နောက်မှ လိုက်ကာ ကန်တင်းသို့ သွားခဲ့သည် ။
မီးဖိုချောင်ထဲသို့ ရောက်သောအခါ..
" အားလုံးပဲ ခဏလောက် ရပ်လိုက်ကြအုံး.. ငါ စကားနည်းနည်း ပြောစရာရှိတယ်.. "
ရှာကျူးက လက်ခုပ်တီးကာ အားလုံး၏ အာရုံကို ယူလိုက်ပြီး ချင်ဟွိုင်ရုကို လက်ညှိုးထိုးပြကာ..
" သူက ချင်ဟွိုင်ရု တဲ့.. ဒီနေ့ကစပြီး ငါတို့ ကန်တင်းက လူဖြစ်သွားပြီ.. အားလုံးပဲ လက်ခုပ်တီးပြီး ကြိုဆိုလိုက်ကြပါအုံး.. "
"......." ( လေပြေလေညင်းလေး ဖြတ်တိုက်သွားသည် ။)
အားလုံးက တိတ်ဆိတ်နေကြ၏ ။
ရှာကျူးက မျက်နှာပူလွန်း၍ မြေကြီးထဲ တိုးဝင်ချင်စိတ် ပေါက်သွားသည် ။
သူ့စိတ်ထဲတွင် ကျိန်ဆဲလိုက်၏ ။
' ဒီခွေးကောင်တွေ ငါ့မျက်နှာကို နည်းနည်းလေးမှ မထောက်ကြဘူး.. ညီမချင် ရှေ့မှာ ငါ့ကို အရှက်ခွဲတယ်.. နောက်ကြုံရင် ဒီကောင်တွေကို သေချာပေါက် ပညာပေးရမယ်.. '
ချင်ဟွိုင်ရုက ယဉ်ကျေးစွာဖြင့်..
" အားလုံးပဲ မင်္ဂလာပါ.. ကျွန်မ နာမည်က ချင်ဟွိုင်ရု ပါ.. နောက်နောင်လည်း အားလုံးက ကူညီဖေးမပေးကြပါအုံးရှင်.. "
အခြားသူများက ဘာမှ ဝင်မပြောကြ ။ ရှာကျူး ခေါ်လာသူ ဖြစ်သောကြောင့် အဖက်မလုပ်လိုကြပေ ။ သူတို့က ရှာကျူးကို မနှစ်မြို့သော်လည်း ရှာကျူးက ခေါင်းဆောင်စားဖိုမှူး ဖြစ်နေ၍ သူတို့လို အကူ စားဖိုမှူးများက ပြဿနာ မရှာရဲကြခြင်း ဖြစ်သည် ။
သို့သော် လျိုလန်သည်တော့ ရှာကျူးကို မျက်နှာသာ မပေး ။
သူမက သရော်သည့် လေသံဖြင့်..
" အို.. ရှာကျူး.. ဒီမိန်းမက နင့်ရည်းစားတော့ မဟုတ်ပါဘူးနော်.. "
ထိုစကားကို ကြားသောအခါ အားလုံး၏ မျက်နှာထားများက တစ်မျိုးဖြစ်သွားကြ၏ ။
အထူးသဖြင့် ရှာကျူး၏ မျက်နှာချိုသွေးနေသော ပုံစံကို မြင်ထားကြသဖြင့် ပို၍ပင် ယုံကြည်သွားကြလေသည် ။
ရှာကျူးက ထိုစကားကို ကြားလျှင် ရင်ထဲတွင် ပျော်ရွှင်သွားသော်လည်း အပြင်ပန်းတွင်မူ ဒေါသထွက်ဟန်ဆောင်ကာ..
" လျိုလန်.. နင် လျှောက်မပြောနဲ့.. ညီမချင်က ငါ့အိမ်နီးချင်းပဲ.. သူ့ယောက်ျား နာမည်က ကျားဒုံရွှီ.. နင် သူများ နာမည် မဖျက်နဲ့.. "
' ကျားဒုံရွှီ.. '
လျိုလန်က ခဏကြောင်သွားပြီးနောက် ချက်ချင်း သတိရသွားကာ..
" မနှစ်က အလုပ်ရုံမှာ မတော်တဆဖြစ်သွားတဲ့ တစ်ယောက်လား.. ဒါပေမဲ့ အလုပ်ဆက်ခံမယ့်သူဆိုရင် အလုပ်ရုံကို သွားရမှာ မဟုတ်ဘူးလား.. "
ရှာကျူး စကားပြောရန် ပြင်လိုက်သော်လည်း ချင်ဟွိုင်ရုက ဖြတ်ပြောလိုက်သည် ။
ချင်ဟွိုင်ရုက ပြုံး၍..
" ကျွန်မတို့ ခြံထဲက ရဲဘော် ယန်ကျီဝမ် က ကျွန်မတို့ သားအမိတွေကို သနားလို့လေ.. ပြီးတော့ ကျွန်မက မိန်းမသားဆိုတော့ အလုပ်ရုံက အလုပ်ကြမ်းတွေကို မလုပ်နိုင်လောက်ဘူးဆိုပြီး လူကြီးတွေကို မီးဖိုချောင်ကို ပြောင်းပေးဖို့ သွားတောင်းဆိုပေးတာပါ.. "
သူမက တမင်သက်သက် ဤသို့ ပြောလိုက်ခြင်း ဖြစ်သည် ။
စက်ရုံထဲတွင် ယန်ကျီဝမ်က ခေါင်းဆောင် အတော်များများနှင့် အဆက်အသွယ် ရှိသည်ကို သူမ သိထားသည် ။
ကန်တင်းတာဝန်ခံဝမ် ဆိုလျှင်လည်း ယန်ကျီဝမ်နှင့် ညီအစ်ကိုလို ရင်းနှီးနေကြသည် မဟုတ်ပါလော ။
ဤအကြောင်းများကို ရှာကျူး၏ ညည်းတွားသံများမှ တစ်ဆင့် သူမ ကြားသိခဲ့ရ၏ ။
ယခုလို ပြောလိုက်ခြင်းကလည်း ယန်ကျီဝမ်၏ သြဇာအာဏာကို အသုံးချချင်၍ပင် ။
သူမ ထင်သည့်အတိုင်းပင် ထိုသို့ ပြောလိုက်သည်နှင့် အားလုံးက ချက်ချင်း ဖော်ရွေသွားကြလေသည် ။
" သြော်.. ဆရာယန် ရဲ့ အိမ်နီးချင်းကိုး.. ဘာလို့ စောစောက မပြောရတာလဲ.. နောက်ပိုင်း အကူအညီလိုရင် ကျွန်တော့်ကိုသာ လာရှာ.. သေချာပေါက် ကူညီပေးပါ့မယ်.. "
" ကျွန်တော့်ကို လာရှာလို့လည်း ရတယ်.. ကျွန်တော်က အားကောင်းတယ်ဗျ.. "
" ကျွန်တော်လည်း ရှိသေးတယ်နော်.. နားမလည်တာရှိရင် ဘာမဆို လာမေးလို့ရတယ်.. သိသလောက် အကုန်ပြောပြမယ်.. "
တက်ကြွစွာ ပြောဆိုနေကြသော သူများကို ကြည့်ပြီး ချင်ဟွိုင်ရု နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ခု ပေါ်လာသည် ။
ဤသည်က သူမ လိုချင်ခဲ့သည့် ရလဒ်ပင် ။
ရှာကျူး စိတ်ထဲတွင် အလွန် မကျေမနပ် ဖြစ်သွားသော်လည်း ဘာမှ မပြောနိုင်ခဲ့ချေ ။
ချင်ဟွိုင်ရု ပြောသည်ကလည်း အမှန်ပင် ဖြစ်နေသည် ။
ချင်ဟွိုင်ရု စားသောက်ဆောင်သို့ ပြောင်းရွှေ့နိုင်ခဲ့ခြင်းမှာ သူ၏ အကူအညီကြောင့်သာ ။
လျိုလန်က မယုံကြည်နိုင်သေးပေ ။
သူမက မာဟွာကို တံတောင်နှင့် တွတ်ကာ တိုးတိုးလေး မေးလိုက်သည် ။
" ဆရာမာ.. သူပြောတာ တကယ်ပဲလား.. တကယ်ကြီး ရှင်တို့ဆရာက ပြောင်းပေးဖို့ ကူညီပေးခဲ့တာလား.. "
ယခုအချိန်တွင် မာဟွာသည် စားဖိုမှူး ဖြစ်နေပြီဖြစ်ကာ ပုံမှန်အားဖြင့် စကားပြောရ ဆိုရ လွယ်ကူသူ တစ်ယောက် ဖြစ်သည် ။
ထို့ကြောင့် အားလုံးက သူ့ကို ဆရာမာ ဟု လေးလေးစားစား ခေါ်ကြ၏ ။
ရှာကျူးကိုတော့ လူတော်တော်များများက ကွယ်ရာတွင် ရှာကျူး ဟုသာ ခေါ်ကြလေသည် ။
လျိုလန် ဆိုလျှင် မျက်နှာချင်းဆိုင်ပင် ခေါ်ဝေါ်လေ၏ ။
မာဟွာက ခေါင်းခါလိုက်ပြီး..
" ကျွန်တော့်ဆရာ ကူညီပေးတာ ဟုတ်မဟုတ်တော့ မသိဘူး.. ဒါပေမဲ့ ချင်ဟွိုင်ရုက ကျွန်တော့်ဆရာနဲ့ ခြံဝင်း တစ်ခုတည်းမှာ နေတဲ့ အိမ်နီးချင်းဆိုတာတော့ အမှန်ပဲ.. "
ခြံဝင်းထဲက ကိစ္စများကို ယန်ကျီဝမ်က မာဟွာအား ပြောပြမည် မဟုတ်၍ မာဟွာ ကိုယ်တိုင်လည်း သေချာ မသိပေ ။
လျိုလန်က ထိုစကားကို ကြားသောအခါ ရင်ထဲတွင် မနာလို ဖြစ်သွားသည် ။
' ဘာလို့ ငါ့ကျတော့ ဒီလို ကံကောင်းတာမျိုး မကြုံရတာလဲ.. '
' ယန်ကျီဝမ်သာ ငါ့ကို တပည့်အဖြစ် လက်ခံပြီး ပညာသင်ပေးခဲ့ရင်.. လီဟွိုက်တဲနဲ့ အရောင်းအဝယ် လုပ်စရာတောင် လိုမှာ မဟုတ်ဘူး.. '
' တကယ်ပါပဲ.. လူချင်း ယှဉ်ကြည့်လိုက်ရင် ဒေါသထွက်လွန်းလို့ သေတောင် သေချင်စိတ် ပေါက်တယ်.. '