အခန်း ၂၈၇
Vol. 28 Ch. 287
Chapter 287
~
အခန်း ၂၈၇ : ဒီကောင်ပဲ ထပ်ဖြစ်ပြန်ပြီလား...
~
ယီကျုံးဟိုင်က လငပုတ်ဖမ်းနေသော မျက်နှာဖြင့် အိမ်ပြန်လာပြီး ခုံပေါ်တွင်ထိုင်ကာ ဆေးလိပ်ကို ဖျင်မီးခိုးထွက်အောင် သောက်နေသည် ။
အဒေါ်ကြီးယီက ထမင်းစားရန် ခေါ်သည်ကိုပင် သူ မကြား ။ သူ၏ ခေါင်းထဲတွင်တော့ ချင်ဟွိုင်ရုကို အလုပ်ရုံဆီသို့ မည်သို့ ပြန်ခေါ်ရမည်နည်း ဆိုသည်ကိုသာ စဉ်းစားနေမိသည် ။
ကိစ္စများက ဆုံးဖြတ်ပြီးသွားပြီ ဖြစ်၍ ကာယကံရှင်ကိုယ်တိုင်က သဘောမတူလျှင် စက်ရုံထဲ၌ သူ ဩဇာညောင်းသည် ဆိုဦးတော့ ဤကိစ္စက လုပ်ရကိုင်ရ ခက်ပေလိမ့်မည် ။
သို့မဟုတ်လျှင် ချင်ဟွိုင်ရုကို ဖျောင်းဖျရန် သူ တွေးနေမည် မဟုတ်ချေ ။ ချင်ဟွိုင်ရုသာ သဘောတူမည်ဆိုလျှင် ချင်ဟွိုင်ရု အရင်က လုပ်ခဲ့သည်မှာ စိတ်လိုက်မာန်ပါ လုပ်ခဲ့ခြင်းသာဖြစ်ကြောင်း ခေါင်းဆောင်များကို သူ သွားပြောလို့ ရသည် ။
သူက ဝင်ပြောပေးပြီး စိတ်လှုပ်ရှားဖွယ် အကြောင်းပြချက်လေးပါ ပေးလိုက်လျှင် ခေါင်းဆောင်များက သူ့လို အဆင့် ၈ အလုပ်သမားတစ်ယောက်၏ မျက်နှာကို ထောက်ထားပေးမည်မှာ သေချာသည် ။
ပြဿနာက ချင်ဟွိုင်ရုသည် ကန်တင်းတွင်သာ ဆက်နေမည်ဟု ငြင်းဆိုနေခြင်းပင် ။
' ဒုစက်ရုံမှူးလီဆီ သွားပြီး အကူအညီ တောင်းရတော့မလား .. '
ထိုအတွေး ပေါ်လာသည်နှင့် သူ ချက်ချင်း ဖျောက်ပစ်လိုက်သည် ။
ဝန်ထမ်းရေးရာကိစ္စများကို လီဟွိုက်တဲက တာဝန်ယူပြီး အလုပ်ရုံကိုတော့ စက်ရုံမှူးယန်က တာဝန်ယူထားသည် ။ သူက စက်ရုံမှူးယန်နှင့် ပို၍ ရင်းနှီး၏ ။ လီဟွိုက်တဲက သူ့မျက်နှာကို ထောက်ထားမည် မဟုတ်ပေ ။
'လီဟွိုက်တဲဆီ သွားလို့မရမှတော့ ရှာကျူးဆီကနေပဲ စရမယ်.. '
ရှာကျူးကသာ ချင်ဟွိုင်ရုကို ဟင်းချက်ပညာ မသင်ပေးလျှင် ချင်ဟွိုင်ရုက အကူစားဖိုမှူးအဖြစ်သာ ဆက်နေရမည်ဖြစ်ပြီး လစာကလည်း အများဆုံးမှ ယွမ် ၂၀ ကျော်သာ ရမည် ။ ကျားမိသားစု တစ်စုလုံး၏ ကုန်ကျစရိတ်အတွက် လုံးဝ လောက်ငှမည် မဟုတ်ပေ ။
ထိုအချိန်ရောက်လျှင် ကျားမိသားစုက တောင့်ခံနိုင်တော့မည် မဟုတ်ဘဲ သူသွားပြောစရာပင် မလိုဘဲ ကျားကျန်းရှီကိုယ်တိုင်က ချင်ဟွိုင်ရုကို သူ့ဆီ လာရှာခိုင်းလိမ့်မည် ။
သို့သော် ပြဿနာက နောက်တစ်မျိုး လာပြန်သည် ။ ရှာကျူးက အမြဲတမ်း ခေါင်းမာတတ်သူ ဖြစ်သည် ။ ထို့အပြင် သူက ချင်ဟွိုင်ရုအပေါ်၌လည်း စိတ်ဝင်စားနေသည် ။ ထို့ကြောင့် သူ့စကားကို နားထောင်ချင်မှ နားထောင်ပေလိမ့်မည် ။
ခြံဝန်းအိမ်ကြီး တစ်ခုလုံးတွင် အနောက်ဘက်ခြံမှ အဘွားကြီးမှလွဲ၍ ချင်ဟွိုင်ရု တစ်ယောက်တည်းသာ ရှာကျူးကို ဖျောင်းဖျနိုင်သည် ။ တစ်ခါတစ်ရံတွင် သူကိုယ်တိုင်ပင် ထိန်းမနိုင်ချေ ။
ထို့ကြောင့်ပင် ယီကျုံးဟိုင် ဤမျှ ခေါင်းကိုက်နေရခြင်း ဖြစ်သည် ။ သို့သော် ရမည်၊ မရမည်ကို သွားစမ်းကြည့်မှသာ သိရပေမည် ။ ရှာကျူးကိုသာ ဖျောင်းဖျနိုင်လျှင် ဤကိစ္စက မျှော်လင့်ချက် ရှိသေးသည် ။ ထို့ကြောင့် ယီကျုံးဟိုင်သည် ထမင်းစားရန်ပင် ဂရုမစိုက်နိုင်တော့ဘဲ အိမ်အပြင်သို့ ထွက်လာခဲ့တော့သည် ။
ရှာကျူး အိမ်သို့ ရောက်သောအခါ သူ တံခါးမခေါက်ဘဲ အထဲသို့ ဝင်သွားလိုက်သည် ။
ရှာကျူးက ထမင်းစားနေပြီး သူစားနေသည်မှာလည်း ကျားမိသားစုကဲ့သို့ပင် ငါးနှင့် ဂေါ်ဖီထုပ် ဖြစ်နေသည် ။
ညီမချင်ကို ဝယ်ကျွေးရန် စဉ်းစားထားသဖြင့် ရှာကျူးက ပိုဝယ်လာကာ သူ့အတွက်ပါ ချန်ထားခဲ့ခြင်း ဖြစ်သည် ။
တံခါးမခေါက်ဘဲ လူတစ်ယောက် ဝင်လာသည်ကို မြင်သောအခါ ရှာကျူး ဒေါသထွက်ရန် ပြင်လိုက်သော်လည်း ခေါင်းမော့ကြည့်လိုက်ရာ ယီကျုံးဟိုင် ဖြစ်နေသဖြင့် မျက်နှာအမူအရာ ပြန်လည် တည်ငြိမ်သွားသည် ။
သူက ပြုံး၍...
" အို.. ဦးလေး ဘယ်လိုလုပ် ရောက်လာတာလဲ.. ထမင်းစားပြီးပြီလား .. ကျွန်တော် ဒီနေ့ စက်ရုံကနေ ငါးနည်းနည်း ပါလာလို့.. အတူတူ စားကြမလား.. "
ယီကျုံးဟိုင်တွင် ထိုသို့ စားချင်စိတ် အဘယ်မှာ ရှိပါအံ့နည်း ။ သူက တိုက်ရိုက်ပင်..
" ကျူးဇီ... ဟွိုင်ရု အလုပ်ပြောင်းတဲ့ကိစ္စက မင်း ကူညီပေးလိုက်တာလား .. မင်း တော်တော် တုံးတာပဲ .. မီးဖိုချောင်က သက်သာတယ် ဆိုပေမဲ့ လစာက နည်းနည်းလေးရယ်.. ဟွိုင်ရုမှာက သူ့ကို မှီခိုနေရတဲ့ မိသားစုကြီး တစ်စုလုံး ရှိသေးတာ.. ဘယ်လိုလုပ် လောက်ငှမှာလဲ.. "
" မင်း မြန်မြန်သွားပြီး ဟွိုင်ရုကို ဖျောင်းဖျလိုက်ဦး.. သူ့ကို အလုပ်ရုံဆီ ပြန်ပြောင်းခိုင်းလိုက် .. မင်း လုပ်ရပ်က အရမ်းလွန်နေပြီ .. "
" ဒါပေမဲ့ ညီမချင်က အခု တော်တော်လေး အဆင်ပြေနေပြီ မဟုတ်ဘူးလား .. "
ရှာကျူးက သိပ်မလိုလားစွာ ပြောလိုက်သည် ။
ယနေ့ ချင်ဟွိုင်ရုနှင့် အတူ အလုပ်လုပ်ရသဖြင့် သူ အလုပ်လုပ်ရာတွင် အားအင်များ ပြည့်ဝနေသလို ခံစားရပြီး တစ်နေ့လုံးလည်း ပျော်ရွှင်နေခဲ့သည် ။ အမျိုးသားနှင့် အမျိုးသမီး အတူတွဲလုပ်လျှင် အလုပ်လုပ်ရသည်မှာ မပင်ပန်း ဆိုသော စကားမှာ အမှန်ပင် ။
ထို့ကြောင့် သူသည် ဤအခြေအနေလေးကို အဖျက်ဆီး မခံနိုင်ပေ ။
" ဘာက အဆင်ပြေတာလဲ.. "
ယီကျုံးဟိုင်က မျက်နှာထား တင်းတင်းဖြင့်..
" မင်း သိထားရမှာက.. ဟွိုင်ရုသာ အလုပ်ရုံကို သွားမယ်ဆိုရင် မင်းရဲ့ အစ်ကိုဒုံရွှီရဲ့ လုပ်သက်ကို ဆက်ခံခွင့် ရမှာ.. အလုပ်သင်ဆိုရင်တောင် ယွမ် ၂၀ ကျော် ရတယ် .. ဒါပေမဲ့ မီးဖိုချောင်မှာကရော.. ယွမ် ၁၀ ကျော်လေးနဲ့ ဘာသွားလုပ်လို့ ရမှာလဲ.. "
ရှာကျူးက တိုးတိုးလေး ရေရွတ်လိုက်သည် ။
" ဒါက ထမင်းစားရင် ပိုက်ဆံပေးစရာ မလိုတော့ဘူးလေ.. ပြီးတော့ ကျွန်တော်လည်း ကူညီပေးလို့ ရတယ်.. တကယ်တော့ အလုပ်ရုံထက် ဘာမှ မဆိုးပါဘူး.. "
" မင်း ဘာတွေ တိုးတိုး တိုးတိုး ပြောနေတာလဲ.. မြန်မြန် မသွားသေးဘူးလား.. "
ယီကျုံးဟိုင်က မကျေမနပ်ဖြင့် အလျင်စလို ပြောလိုက်သည် ။
" ကျွန်တော် မသွားဘူး.. "
ရှာကျူး၏ ခေါင်းမာသော စရိုက် ပေါ်လာပြီး နှုတ်ခမ်းမဲ့ကာ..
" ဒါက ညီမချင် ကိုယ်ပိုင် ဆုံးဖြတ်ထားတာလေ.. သူ့ကို ဖျောင်းဖျနိုင်လောက်အောင် ကျွန်တော် မစွမ်းဆောင်နိုင်ဘူး .. ပြီးတော့ ဒီကိစ္စကို ကျွန်တော် ကူညီပေးခဲ့တာလည်း မဟုတ်ဘူး.. ကျွန်တော် ဘာမှ မတတ်နိုင်ဘူး.. "
" မင်း မဟုတ်ဘူး ဟုတ်လား .. ဒါဆို ဘယ်သူလဲ .. "
ယီကျုံးဟိုင် သံသယ ဝင်သွားသည် ။
ချင်ဟွိုင်ရု မီးဖိုချောင်သို့ ပြောင်းနိုင်ခဲ့သည်မှာ ရှာကျူးက စက်ရုံမှူးယန်ကို အကူအညီ တောင်းပေးခဲ့ခြင်း ဖြစ်မည်ဟု သူ ထင်ထားခဲ့၏ ။ သို့သော် ရှာကျူး၏ ပုံစံကို ကြည့်ရသည်မှာ ထိုသို့ မဟုတ်သည့်ပုံပင် ။ ရှာကျူးမှလွဲ၍ သူမကို မည်သူက ကူညီပေးချင်မည်နည်း ။
ရှာကျူးက မလိုလားသော ဟန်ဖြင့်..
" ယန်မိသားစုက ဒုတိယကောင်လေ.. ညီမချင်ဆီကနေ အကူအညီပေးခအဖြစ် ယွမ် ၁၅၀ တောင် ယူသွားသေးတာ.. အဲဒီအကြောင်း တွေးမိရင် ကျွန်တော် ဒေါသထွက်တယ်.. "
သူ သာယှဉ်ချနိုင်လျှင် ထိုကောင်ကို သောက်ခွက်စုတ်အောင် တီးပစ်မိပေမည် ။
" ယန်ကျီဝမ်.. "
' ဒီကောင်ပဲ ထပ်ဖြစ်နေပြန်ပြီလား .. '
ယီကျုံးဟိုင်၏ မျက်လုံးများ ပြူးကျယ်သွားတော့သည် ။
သို့သော်လည်း ထိုကောင်လေး ဖြစ်နေမည်ဆိုလျှင် အကြောင်းပြချက် ခိုင်လုံသွားပြီဟု သူ ဆက်တွေးလိုက်မိသည် ။ ခြံဝန်းတစ်ခုလုံးတွင် ထိုကောင်လေး တစ်ယောက်သာ ဤကဲ့သို့ စွမ်းဆောင်နိုင်စွမ်း ရှိပေသည် ။
သို့သော် ထိုကောင်လေးက ကျားမိသားစုကို ကူညီပေးလိမ့်မည်ဟု သူ ထင်မထားခဲ့ချေ ။ ထို ယွမ် ၁၅၀ ကြောင့်ဟု ဆိုသည်ကိုတော့ သူ မယုံ ။ ဤကိစ္စက လူမှုရေးအရ ကျေးဇူးကြွေး တစ်ခုဖြစ်သည် ။ ယွမ် ၁၅၀ ဆိုသည်က ဘာမှ မဟုတ်ချေ ။
သူ အကြောင်းရင်းကို စဉ်းစား၍ မရနိုင်တော့ချေ ။ သို့သော် သူ၏ စိတ်ထဲတွင်တော့ ယန်ကျီဝမ်ကို မုန်းတီးသွားလေပြီ ။
အရင်တုန်းက ကျားမိသားစုအတွက် အလှူငွေကောက်ခံရန် ခြံဝန်းအစည်းအဝေး ခေါ်ခဲ့သည့် ကိစ္စကစပြီး အချိန်တိုင်း ထိုကောင်လေးကြောင့်သာ အစီအစဉ်များ ပျက်စီးခဲ့ရသည် ။ ထို့အပြင် ဟဲတာချင်းက ဟဲယွီဆွေအတွက် ပေးခဲ့သည့် ထောက်ပံ့ကြေးကို ဖုံးကွယ်ထားခဲ့သည့် ကိစ္စရော၊ ယခု ချင်ဟွိုင်ရု အလုပ်ပြောင်းသည့် ကိစ္စပါ အပါအဝင် ဖြစ်သည် ။
' ဒီကောင်လေးက ငါနဲ့ ဓာတ်များ မတည့်တာလား .. ဘာလို့ အချိန်တိုင်း ငါ့ရဲ့ အစီအစဉ်တွေကို လာဖျက်ဆီးနေရတာလဲ .. '
သူ ယန်ကျီဝမ်ကို ဒုက္ခပေးရန် နည်းလမ်း ရှာနေခဲ့သည်မှာ ကြာပြီ ဖြစ်သော်လည်း ယန်ကျီဝမ်က အလွန် သိုသိုသိပ်သိပ် နေတတ်သဖြင့် ဤမျှ အချိန်ကြာသည်အထိ အခွင့်အရေး မရခဲ့ ။
" သူက လွဲပြီး ဘယ်သူရှိဦးမှာလဲ.. "
ရှာကျူးက မကျေမနပ်ဖြင့် ခေါင်းညိတ်လိုက်ပြီးနောက်..
" ဒါပေမဲ့ တကယ်တော့ ညီမချင် မီးဖိုချောင်ကို ရောက်လာတာလည်း တော်တော် ကောင်းပါတယ်.. ကျွန်တော် ရှိနေတော့ သူ့ကို ဘယ်သူမှ အနိုင်ကျင့်ရဲမှာ မဟုတ်ဘူး .. ပြီးတော့ ကျွန်တော် သူ့ကို ဟင်းချက်ပညာ သင်ပေးလို့ ရသေးတယ်.. ဟင်းချက်ဖို့က နည်းနည်း ခက်ခဲနိုင်တယ် ဆိုပေမဲ့ မုန့်လုပ်တဲ့ ပညာကိုတော့ ကြိုးစားချင်စိတ် ရှိရင် မခက်ပါဘူး.. "
" ညီမချင်က ဒီပညာကို ကျွမ်းကျင်သွားရင် လစာ တိုးလာနိုင်တာပဲ.. "
မုန့်လုပ်သည့် ပညာရပ်ဆိုသည်မှာ ပေါက်စီနှင့် သရေစာမုန့်များ ပြုလုပ်ခြင်းကို ဆိုလိုပြီး အမျိုးသမီးများနှင့် အလွန် သင့်တော်သည် ။ ဟင်းချက်မည် ဆိုလျှင် ဒယ်အိုးကြီးများနှင့် ချက်ရမည်ဖြစ်၍ အမျိုးသမီးများ၏ လက်ခွန်အားက အမျိုးသားများထက် နည်းပါးသဖြင့် တတ်နိုင်သူ အလွန် နည်းပါးပေလိမ့်မည် ။
" အလုပ်ရုံလောက် ရနိုင်ပါ့မလား .. မင်းကြည့်လေ.. မင်း လုပ်လာတာ နှစ်တွေ ဒီလောက် ကြာနေပြီကို ယွမ် သုံးဆယ်ကျော်ပဲ ရတာ မဟုတ်ဘူးလား.. ဒီလစာလေးက အဆင့် ၁ ဖစ်တာထက် နည်းနည်းလေး ပိုများရုံပဲ ရှိတာ.. အဆင့် ၂ ဖစ်တာ ဆိုရင်တောင် မင်းထက် များနေပြီ.. "
ယီကျုံးဟိုင်က စိတ်ပျက်လက်ပျက်ဖြင့် ပြန်လည် ချေပလိုက်သည် ။
" ဦးလေး..ဒီ စကားကိုတော့ ကျွန်တော် သဘောမတူဘူး.. "
ရှာကျူးက နှာခေါင်းရှုံ့ကာ..
" ကျွန်တော့် လစာက မများဘူး ဆိုပေမဲ့ အပြင်အလုပ်တွေ လက်ခံလို့ ရတယ်လေ.. တစ်လကို တွက်ကြည့်ရင် ဝင်ငွေ မနည်းဘူး .. ပြီးတော့ အလုပ်ရုံက ခွန်အားသုံးရတဲ့ အလုပ်တွေလေ.. ညီမချင်လို မိန်းမတစ်ယောက်က ဘယ်လိုလုပ် လုပ်နိုင်မှာလဲ.. ကျွန်တော်ကတော့ မီးဖိုချောင်က ပိုကောင်းတယ်လို့ ထင်တာပဲ.. "
" ရှာကျူး.. မင်း.. ဟမ့်.. "
ရှာကျူး၏ ခေါင်းမာလွန်းလှသော အမူအရာကို ကြည့်ပြီး ဆက်ဖျောင်းဖျနေလျှင်လည်း အလကားပင် ဖြစ်မည်မှန်း ယီကျုံးဟိုင် သိသွားသဖြင့် အေးစက်စက် နှာမှုတ်လိုက်ကာ ဒေါသတကြီး ပြန်သွားတော့သည် ။
ရှာကျူးက ဂရုမစိုက်ဘဲ ငါးအသားများကို ဆက်စားကာ အရက်ကို မြိန်ရေယှက်ရေ သောက်နေလိုက်သည် ။ သူ၏ နေ့ရက်လေးများမှာ မည်မျှ သာယာနေကြောင်း ပြောစရာပင် မလိုတော့ချေ ။
သို့ပေသိ ယီကျုံးဟိုင်တွင် နောက်ထပ် နည်းလမ်းတစ်ခု ရှိသေးသည် ။ ထိုသည်က ယန်ကျီဝမ်ကို အကူအညီ တောင်းရန်ပင် ။ ချင်ဟွိုင်ရုကိုသာ မူလနေရာသို့ ပြန်ပြောင်းပေးနိုင်လျှင် ပိုက်ဆံ နှစ်ဆပိုပေးရမည် ဆိုလျှင်ပင် တန်သည် ။
သို့သော် သူနှင့် ယန်မိသားစုကြား ဆက်ဆံရေးက အစကတည်းက သိပ်မကောင်းပေ ။ အထူးသဖြင့် ထိုယန်ကျီဝမ်နှင့် ပိုဆိုးသည် ။ ထို့ကြောင့် ထိုကောင်လေးက သဘောတူမည် မဟုတ်ဘဲ သွားလျှင်လည်း အရှက်ကွဲရုံသာ ရှိမည်ဖြစ်ရာ သူ ထိုအတွေးကို ဖျောက်ပစ်လိုက်တော့သည် ။
ညဘက်သို့ ရောက်သောအခါ..
ချင်ဟွိုင်ရုက သူ၏ ထိန်းချုပ်မှုအောက်မှ လွတ်ကင်းသွားသည့် ကိစ္စကြောင့် ယီကျုံးဟိုင် တစ်ညလုံး အိပ်မပျော်နိုင်ဘဲ အိပ်ယာပေါ်တွင် လူးလိမ့်နေခဲ့သည် ။
နောက်တစ်နေ့..
ယီကျုံးဟိုင်က မျက်ကွင်းညိုကြီးများဖြင့် မနက်စာ စားနေ၏ ။ ထို့နောက် သူက အဒေါ်ကြီးယီကို ရုတ်တရက် လှမ်းပြောလိုက်သည် ။
" မိန်းမ.. တို့တွေ ကျူးဇီအတွက် ကောင်မလေး တစ်ယောက်လောက် မိတ်ဆက်ပေးရင် ဘယ်လိုလဲ.. "