← Chapters

အခန်း ၂၈၈

Vol. 28 Ch. 288

အခန်း ၂၈၈

Vol. 28 Ch. 288

Chapter 288

~

အခန်း ၂၈၈ : ယီကျုံးဟိုင်က ရှာကျူးအတွက် အိမ်ထောင်ဖက် မိတ်ဆက်ပေးခြင်း

~

​အဒေါ်ယီ ကြောင်အသွားပြီး ရှုပ်ထွေးဟန်ဖြင့်...

​" ဘာလို့ ရုတ်တရက်ကြီး ကျူးဇီအတွက် မိန်းမရှာပေးဖို့ စဥ်းစားလိုက်တာလဲ .. "

​ယီကျုံးဟိုင်က ပြောင်းဖူးမှုန့်ပြုတ်တစ်ငုံ သောက်လိုက်ပြီး အစာအိမ်ထဲ၌ ချက်ချင်း နွေးထွေးသွားကာ သူက ဘာမှမဖြစ်သလို ပုံစံဖြင့်...

​" ကျူးဇီရဲ့ စိတ်နေသဘောထားက ခေါင်းမာတယ်လေ.. ဒါကြောင့် သူ့ကို သေချာ ထိန်းကျောင်းပေးနိုင်မယ့် သူတစ်ယောက် ရှာပေးချင်လို့ပါ.. ဒါမှလည်း နောင်ကျရင် သူ ငါတို့ကို ပြုစုစောင့်ရှောက်ပေးနိုင်မှာမလား.. "

​သူပြောသည်က အကြောင်းပြချက် ခိုင်လုံနေသည် ။ ရှာကျူး၏ ဒေါသကြီးတတ်သော စရိုက်ကို အဒေါ်ယီ သိသဖြင့် ခေါင်းညိတ်လိုက်၏ ။

​သို့သော် သူမက စိုးရိမ်ဟန်ဖြင့်...

​" ဒါပေမဲ့ သူ့အတွက် ရှာပေးလိုက်တဲ့ မိန်းမက ကျုပ်တို့ကို မပြုစုချင်ဘူးဆိုရင် ဘယ်လိုလုပ်မလဲ.. "

​ရှာကျူးကိုတော့ သူမ ယုံကြည်သည် ။ တိကျသော အဖြေ မရသေးသော်လည်း ရှာကျူး၏ မိသားစုတွင် လူကြီးသူမ မရှိတော့သဖြင့် သူ့ကို သေချာပြောပြလျှင် သူ သဘောတူလောက်မည် ဖြစ်သည် ။

​ခက်ခဲသည်က သူရွေးချယ်လိုက်သော မိန်းမက သဘောတူမည်ဟု မသေချာခြင်းပင် ။ မိသားစု နှစ်ခုကြားတွင် မည်သည့် ဆွေမျိုးတော်စပ်မှုမှ မရှိပေ ။ မည်သည့် ဆွေမျိုးတော်စပ်မှုမှ မရှိဘဲ သူတို့က ဘာအကြောင်းကြောင့် မိမိတို့ကို အိုဇာတာ ပြုစုပေးချင်မည်နည်း ဟု တွေးစရာရှိသည် ။

​" ဒါဆိုရင်လည်း ငါတို့ကို ပြုစုပေးချင်တဲ့သူကို ရှာပေးလိုက်ရင် ပြီးရော မဟုတ်ဘူးလား.. "

​ယီကျုံးဟိုင်က ဂရုမစိုက်ဟန်ဖြင့် ပြောလိုက်သည် ။

​ရှာကျူးအတွက် အိမ်ထောင်ဖက် ရှာပေးမည့်ကိစ္စနှင့် ပတ်သက်၍ သူ သေချာပေါက် ရှင်းလင်းအောင် မေးမြန်းရမည် ဖြစ်သည် ။ မိန်းကလေးဘက်က သဘောမတူပါက နောက်တစ်ယောက် ပြောင်းရှာရုံပင် ။ သဘောတူမည့်သူကို သေချာပေါက် ရှာတွေ့နိုင်ပေလိမ့်မည် ။

​" ဒါလည်း ဟုတ်တာပဲ.. "

​အဒေါ်ယီက ခေါင်းညိတ် ထောက်ခံလိုက်သော်လည်း ချက်ချင်းပင် သူမ၏ မျက်နှာပေါ်တွင် စိုးရိမ်မှုများ ထပ်ပေါ်လာပြီး...

​" ဒါပေမဲ့ ကျူးဇီက ဇီဇာကြောင်တယ်ဆိုတာ ရှင်လည်း သိတာပဲ.. သူ့ကိုလည်း သဘောကျစေရမယ်.. ကျုပ်တို့ကိုလည်း ပြုစုပေးဖို့ သဘောတူရမယ်ဆိုတော့ ဒါက... "

​ရှာကျူးက မျက်မမြင်ချိန်းတွေ့ပွဲများ မလုပ်ဖူးသည်တော့ မဟုတ် ။ သို့သော် နောက်ဆုံးတွင် အားလုံး ပျက်စီးသွားခဲ့ရသည် ။ အကြောင်းရင်းမှာ ရှာကျူးက အလွန် ဇီဇာကြောင်လွန်းသောကြောင့်ပင် ။

​ရုပ်ရည် လှပရမည့်အပြင် ပညာတတ်လည်း ဖြစ်ရမည် ။ ယခု ထိုအထဲသို့ သူတို့ကိုပါ ပြုစုပေးရန် သဘောတူရမည်ဟူသော အချက် ထပ်တိုးလာပြန်၏ ။ ဤကဲ့သို့သော အခြေအနေမျိုးကို မည်သည့် အိမ်က မိန်းမကောင်းက လက်ခံချင်မည်နည်း ။

​တောရွာများမှ အငတ်ဘေးကြောင့် ထွက်ပြေးလာသူများသာ လက်ခံနိုင်ချေ ရှိသည် ။

​သို့သော် လွန်ခဲ့သော ကာလအနည်းငယ်က လမ်းရုံးမှ ညွှန်မှူးဝမ် ရောက်လာပြီး မြို့ပြရိက္ခာများ ပြန်လည်ရရှိနေပြီ ဖြစ်ကြောင်း အကြောင်းကြားခဲ့သည် ။

မမျှော်လင့်ထားသည့် အရာများသာ မဖြစ်ပေါ်ခဲ့ပါက နောက်ထပ် အချိန်အနည်းငယ် ကြာလျှင် ယခင်ကဲ့သို့ ပြန်ဖြစ်သွားနိုင်သည်ဟု ခန့်မှန်းရ၏ ။ ဤသို့ နေထိုင်ရေး အဆင်ပြေလာပါက ထွက်ပြေးလာသည့် မိန်းကလေးများလည်း နည်းပါးသွားပေတော့မည် ။

​" မင်းပြောတာ မမှန်ဘူး.. "

​ဒေါ်ယီ၏ နားမလည်နိုင်သော အကြည့်များအောက်တွင် ယီကျုံးဟိုင်က ယုံကြည်ချက်အပြည့်ဖြင့်...

​" အိမ်ထောင်ဖက် ရှာတယ်ဆိုတာ ဘဝကို အတူတူ ဖြတ်သန်းဖို့ပဲ.. အိမ်မှုကိစ္စ နိုင်နင်းဖို့က အဓိကပဲ ကျန်တာတွေက အသုံးမဝင်ဘူး.. ငါတို့ အလုပ်ရုံထဲမှာ လျှိုရှန်းနန် လို့ခေါ်တဲ့ မိန်းကလေး တစ်ယောက်ရှိတယ်.. ကျူးဇီနဲ့ အတော်လေးကို သင့်တော်တယ်.. လူကလည်း တောင့်တောင့်ဖြောင့်ဖြောင့်နဲ့ ရိုးရိုးသားသားပဲ.. ပြီးတော့ ခွန်အားလည်း ကောင်းသလို သူကိုယ်တိုင်က အဆင့် ၂ အလုပ်သမား တစ်ယောက်ပဲ.. တကယ်လို့ သူတို့နှစ်ယောက်သာ အဆင်ပြေသွားရင် နောင်ကျ သူတို့ မိသားစုဘဝက သေချာပေါက် ပိုကောင်းလာမှာပဲ.. "

​" အမ်.. "

အဒေါ် ယီကြားပြီးနောက် ကြောင်အသွားသည် ။

​' တောင့်တောင့်ဖြောင့်ဖြောင့်.. ရိုးသားတယ်.. ခွန်အားကောင်းတယ်.. '

​' ဒါက ယောက်ျားတစ်ယောက်ကို ဖော်ပြနေတဲ့ ပုံစံမျိုး မဟုတ်ဘူးလား.. '

​' မိန်းမတစ်ယောက်ကို ဒီလိုမျိုး သုံးနှုန်းဖို့ တကယ်ပဲ သင့်တော်ပါ့မလား.. '

​သို့သော် ယီကျုံးဟိုင်က ....

​" ဒီလိုပဲ ဆုံးဖြတ်လိုက်ပြီ.. နေ့လယ်ကျရင် ငါ ကျူးဇီကို သွားပြောလိုက်မယ်.. "

.........

​နေ့လယ်စာ စားချိန်တွင်...

​ယီကျုံးဟိုင်က ရှာကျူး တာဝန်ကျသော ပြတင်းပေါက်တွင် ထမင်းနှင့် ဟင်းများ သွားယူလိုက်သည် ။

​" ကျူးဇီ.. ခဏလောက် ထွက်ခဲ့အုံး.. ငါ မင်းကို ပြောစရာ ရှိလို့.. "

​ပြောပြီးနောက် ယီကျုံးဟိုင်က နေရာတစ်ခု ရှာ၍ ထိုင်ကာ ရှာကျူးကို စောင့်နေလိုက်သည် ။

​" ဖန့်ဇီ.. မင်း လာပြီး ငါ့နေရာ ခဏ အစားထိုးပေး.. "

​" ဟုတ်ကဲ့ပါ ဆရာ.. "

​ဖန့်ဇီက ယခုအခါ ရှာကျူးကို ဆရာတင် ထားပြီး ဖြစ်သည် ။ ပညာ သင်မပေးသေးသော်လည်း သူက ရှာကျူးကို မငြင်းဆန်ရဲပေ ။ ထိုစကားကို ကြားသောအခါ သူက တက်ကြွစွာဖြင့် ကူညီပေးရန် ပြေးလာသည် ။

​ရှာကျူးက ယီကျုံးဟိုင်၏ မျက်နှာချင်းဆိုင်တွင် ဝင်ထိုင်လိုက်သည် ။ သူက နားမလည်ဟန်ဖြင့်...

​" ဦးလေး.. ကျွန်တော့်ကို ဘာကိစ္စ ခေါ်တာလဲ.. ကျွန်တော် အလုပ်များနေသေးတယ်နော်.. "

​ယီကျုံးဟိုင်က ပါးစပ်ထဲရှိ အစားအစာများကို မျိုချလိုက်ပြီးနောက် ပြုံး၍ ....

​" ကျူးဇီ.. ငါ မိန်းကလေး တစ်ယောက်ကို သိထားတယ်.. အဲ့ဒီမိန်းကလေးက သဘောထား ပြည့်ဝပြီး အိမ်မှုကိစ္စလည်း နိုင်နင်းတယ်.. ပြီးတော့ ခန္ဓာကိုယ် အချိုးအစားလည်း မဆိုးဘူး.. မင်းနဲ့ အိမ်ထောင်ဖက်အဖြစ် မိတ်ဆက်ပေးရင် ဘယ်လိုလဲ.. "

​ရှာကျူးက ထိုစကားကို ကြားသည်နှင့် ချက်ချင်း ဝမ်းသာသွားပြီး...

​" အို.. ဒါ အရမ်းကောင်းတာပေါ့.. ဦးလေးကမှ ကျွန်တော့်ကို အမြဲတမ်း သတိရနေတာ.. ဦးလေး.. ကျွန်တော်တို့ကို ဘယ်တော့လောက် မျက်မမြင်ချိန်းတွေ့ဖို့ စီစဥ်ပေးနိုင်မလဲ.. "

​ရှာကျူး၏ စိတ်ထဲတွင် ချင်ဟွိုင်ရုအပေါ် စိတ်ဝင်စားမှု ရှိနေသော်လည်း ယခုအချိန်တွင် သူကိုယ်သူ ငယ်ရွယ်သေးသည်ဟု ခံစားနေရသည် ။ ချင်ဟွိုင်ရုက မုဆိုးမတစ်ယောက် ဖြစ်နေ၍ သူ့နှင့် မထိုက်တန်ဟုသာ သူ တွေးထား၏ ။ သူ၏ စိတ်ထဲတွင်တော့ အပျိုစင် မိန်းကလေး တစ်ယောက်ကိုသာ ရှာဖွေချင်နေဆဲပင် ။

​" မင်းက အတော်လေး လောနေတာပဲ.. "

​ယီကျုံးဟိုင်က ပြုံးလိုက်ပြီး...

​" သန်ဘက်ခါဆို ကောင်းမယ်.. သန်ဘက်ခါက စနေတနင်္ဂနွေ ပိတ်ရက်ဆိုတော့.. "

​" အဆင်ပြေတယ်.. ဒါဆိုရင် အရင်ဆုံး ကျေးဇူးတင်ပါတယ်ဗျာ.. တကယ်လို့သာ အဆင်ပြေသွားရင် ကျွန်တော် ဦးလေးကို အဖေအရင်း တစ်ယောက်လိုမျိုး ပြုစုစောင့်ရှောက်သွားပါ့မယ်.. "

​ရှာကျူးက ရယ်မောရင်း ကတိပေးလိုက်သည် ။

​ဤသည်ကို ကြားလျှင် ယီကျုံးဟိုင်က ပို၍ ဝမ်းသာသွားသည် ။ သူ လိုချင်သည်က ရှာကျူး သူ့ကို ပြုစုစောင့်ရှောက်ပေးရန် မဟုတ်ပါလော ။

​ထို့အပြင် သူ မနက်ပိုင်းကလည်း ထို လျှိုရှန်းနန်ကို မေးကြည့်ပြီးသွားပြီ ။ တစ်ဖက်လူက ဤကိစ္စ အောင်မြင်သွားပါက သူတို့ကို ပြုစုပေးရန် သဘောတူကြောင်း ပြောခဲ့သည် ။

​တခြားလူများသာဆိုလျှင် ပြောရခက်သော်လည်း ယီကျုံးဟိုင်က စက်ရုံရှိ အဆင့် ၈ အလုပ်သမား တစ်ယောက်ဖြစ်ပြီး တစ်လလျှင် လစာ ယွမ် ၁၀၀ ကျော် ရရှိသည် ။

​သူတို့တွင် ကလေးလည်း မရှိသဖြင့် သူတို့ သေဆုံးသွားပြီးနောက် ကျန်ရစ်မည့် ပိုင်ဆိုင်မှုများနှင့် အိမ်က သူမတို့အတွက် ဖြစ်လာပေလိမ့်မည် ။ လျှိုရှန်းနန်က အတော်လေး တွက်ရေးကျွမ်းသူ တစ်ယောက်ဟု ဆိုရပေမည် ။

​သေချာသည်ကတော့ အဓိက အချက်မှာ သူမ ယခုနှစ်တွင် အသက်ကြီးလာပြီ ဖြစ်သော်လည်း အိမ်ထောင်ဖက် အမြဲ ရှာမရဖြစ်နေ၍ မိသားစုဝင်များကလည်း စိုးရိမ်နေကြခြင်း ဖြစ်သည် ။

​ထို့ကြောင့် ပြုစုစောင့်ရှောက်ရမည့် ကိစ္စက သူမအတွက် ဘာမှ မဟုတ်ပေ ။ သူမ လင်ရရန်သာ အရေးကြီးသည် ။

​" ဒါဆိုရင်လည်း အဲ့ဒီအချိန်ကျ မင်း သေသေချာချာ ပြင်ဆင်ထားမှ ဖြစ်မယ်.. "

​" ဟုတ်ကဲ့ပါဗျ.. "

​ကိစ္စများ ပြောပြီးနောက် ရှာကျူးက ပျော်ရွှင်စွာဖြင့် မီးဖိုချောင်သို့ ပြန်လာခဲ့သည် ။ မီးဖိုချောင်ထဲသို့ ဝင်ဝင်ချင်းပင် ချင်ဟွိုင်ရုက မေးလိုက်သည် ။

​" ကျူးဇီ.. ခုနက ပထမဦးလေးနဲ့ ဘာတွေ ပြောနေလို့ ဒီလောက်တောင် ပျော်နေရတာလဲ.. "

​သူမက ယခု ဖြတ်သန်းနေရသော ဘဝကို အလွန် သဘောကျသော်လည်း ယီကျုံးဟိုင်က သူမကို စိတ်တိုင်းကျ ဖြစ်ခွင့်မပေးမည်ကိုသာ စိုးရိမ်နေသည် ။ ထို့ကြောင့် ယီကျုံးဟိုင်က ရှာကျူးကို လာရှာသည်ကို မြင်သည်နှင့် သူမ အလွန် စိုးရိမ်သွား၏ ။

​ရှာကျူးက ပြုံးလိုက်ပြီး...

​" အဲ့လောက်တောင် သိသာနေလို့လား.. "

​ချင်ဟွိုင်ရုက ခေါင်းညိတ်ပြီး နောက်ပြောင်လိုက်သည် ။

​" ကိစ္စကောင်း တစ်ခုခုလား.. "

​" တကယ့်ကို သတင်းကောင်းပဲ.. "

​ရှာကျူးက ပျော်ရွှင်စွာဖြင့်...

​" ပထမဦးလေးက မိန်းကလေး တစ်ယောက် မဆိုးဘူးတဲ့.. ရုပ်လေးကလည်း လှပြီး သဘောထားကလည်း ပြည့်ဝတယ်ဆိုလို့ ငါ့အတွက် အိမ်ထောင်ဖက်အဖြစ် လာမိတ်ဆက်ပေးတာလေ.. "

​ထိုစကားကို ကြားသောအခါ ချင်ဟွိုင်ရု လန့်သွားသည် ။

​' ရှာကျူးက မျက်မမြင်ချိန်းတွေ့တော့မှာလား.. '

​' မဖြစ်ဘူး.. ဒါ လုံးဝ မဖြစ်ဘူး.. '

​' သူသာ အိမ်ထောင်ဖက် ရသွားရင် ငါ့အပေါ် ဆက်ပြီး ကောင်းနိုင်ပါ့မလား.. '

​သေချာပေါက် ဆက်ကောင်းနိုင်မည် မဟုတ်ချေ ။ သူက သဘောတူချင်လျှင်ပင် သူ၏ ဇနီးသည်က သဘောတူမည် မဟုတ် ။ ထို့ကြောင့် ရှာကျူး၏ မျက်မမြင်ချိန်းတွေ့မှုကို အောင်မြင်ခွင့်ပေး၍ မဖြစ်ပေ ။ ဤသည်က ချင်ဟွိုင်ရု၏ ခေါင်းထဲတွင် ပေါ်လာသော အတွေးပင် ဖြစ်သည် ။

​သူ အိမ်ထောင်ဖက် ရှာမည်ဆိုလျှင် ပန့်ကန့်တို့ကို အရွယ်ရောက်သည်အထိ သူမကို ကူညီပြုစုပေးပြီးမှသာ ရမည် ။ သူမ၏ စိတ်ထဲတွင် ရှာကျူး၏ မျက်မမြင်ချိန်းတွေ့မှုကို မည်သို့ ဖျက်ဆီးပစ်ရမည်ကို စဥ်းစားနေလေပြီ ။ သို့သော် ပါးစပ်မှတော့...

​" ဒါဆိုလည်း ကြိုပြီး ဂုဏ်ပြုပါတယ်နော်.. ပထမဦးလေး ကိုယ်တိုင် မိတ်ဆက်ပေးတာဆိုမှတော့ သေချာပေါက် ကောင်းမှာပါ.. "

​" မင်းရဲ့ ဆုတောင်းစကားအတွက် ကျေးဇူးပါပဲ.. "

​...

​မျက်စိတစ်မှိတ်အတွင်းမှာပင် သဘက်ခါသို့ ရောက်ရှိလာခဲ့သည် ။

​ယနေ့က စနေတနင်္ဂနွေ ပိတ်ရက်ဖြစ်သည် ။ ထို့အပြင် ယခု အငတ်ဘေးကာလ ပြီးဆုံးသွားပြီဖြစ်၍ တောရွာများတွင် ဘဝက ခက်ခဲနေဆဲဖြစ်သော်လည်း မြို့ပေါ်ရှိ အခြေအနေများက အတော်လေး ကောင်းမွန်လာသည် ။

​ခြံဝင်းထဲရှိ အဒေါ်ကြီးများလည်း အပြင်ထွက်လာကြပြီး အတင်းအဖျင်း ပြောရန် စုဝေးနေကြသည် ။ ရန်ရွေ့ဟွားက ထိပ်ဆုံးမှပင် ။

​ယနေ့က ပိတ်ရက်ဖြစ်သဖြင့် ယန်ကျီဝမ်နှင့် ယွီလီတို့ အိမ်တွင် ရှိနေကြပြီး သူမလည်း မြေးထိန်းပေးစရာ မလိုတော့ပေ ။

​မနက်စောစောအချိန်တွင် ...

​ယန်ကျီဝမ်နှင့် ယွီလီတို့ မနက်စာ စားပြီးသည်နှင့် အိမ်မကြီး၏ တံခါးဝတွင် စကားစမြည် ပြောနေကြသည် ။ ခဏနေလျှင် ယန်ကျီဝမ်က ယန်ဖူကွေ့နှင့်အတူ ဟောက်ဟိုင်သို့ ငါးသွားမျှားမည် ဖြစ်ပြီး မနေ့ညကတည်းက ကြိုတင် တိုင်ပင်ထားခဲ့ကြသည် ။

​ထိုစဥ် ယန်ကျီဝမ်တို့ လင်မယားက ရှာကျူး အပြင်မှ ပြန်လာသည်ကို မြင်လိုက်ရ၏ ။ သူ၏ လက်ထဲတွင် ကြက်တစ်ကောင်ကို ဆွဲထားပြီး မှိုရသည့် မျက်နှာဖြင့် အပြုံးပန်း ဝေနေသည် ။ ယွီလီက မြင်သောအခါ လှောင်ပြောင်ဟန်ဖြင့်...

​" အို.. ရှာကျူး.. မနက်စောစောစီးစီး ကြက်ဝယ်လာတာဆိုတော့ မျက်မမြင်ချိန်းတွေ့ တော့မလို့လား.. "

​မိန်းမများက အငြိုးကြီးသော သတ္တဝါများ ဖြစ်ကြသည် ။ ရှာကျူးက မော်ရှောင်ဖန်းကို ချိန်းဆိုထားပြီးမှ မလာဘဲ လှည့်စားခဲ့သည့် ကိစ္စကို မှတ်မိနေလေ၏ ။ ယခုအခါတွင် မော်ရှောင်ဖန်း အတော်လေး အဆင်ပြေနေပြီ ဖြစ်သော်လည်း သူမက အငြိုးထားနေဆဲပင် ။

All Chapters