ထာဆန်
Vol. 99 Ch. 1360
လျင်မြန်စွာ ချဲ့ကားထွက်ကာ ပေါက်ကွဲထွက်သွားသော ထိုကျင့်ကြံသူသည် သွေးများစွာ ပန်းထွက်ခဲ့၏။ သို့ရာတွင် ထိုသွေးများသည် ပြန်လည်သိပ်သည်းကာ အနက်ရောင်အခိုးအငွေ့၏ စုပ်ယူခြင်း ခံလိုက်ရသည်။
ထိုကျင့်ကြံသူ၏မူလစိတ်ဝိညာဉ်သည်ပင် လုံးဝ ဝါးမြိုခြင်း ခံလိုက်ရသည်။
ပြင်ပနယ်မြေမှ ကျင့်ကြံသူများသည် တုန်လှုပ်မိနေကြ၏။ ထိုစဉ် နိဗ္ဗာနဖြိုခွဲခြင်းအထွတ်အထိပ်အဆင့်ရှိ အဘိုးအိုက ခပ်သွက်သွက် လှမ်းအော်ဟစ်သည်။ “အစီအရင်ပုံစံဖွဲ့ကြ…”
ကျင့်ကြံသူများသည် တပြိုင်နက်တည်း နောက်ဆုတ်လိုက်ကာ သူတို့၏လက်များဖြင့် ချိပ်ဟန်များ ဖြစ်ပေါ်စေကြသည်။ မတူညီသောအမှတ်အသားများသည် သူတို့၏မျက်ခုံးနှစ်ခုကြားတွင် တဖျပ်ဖျပ်တလက်လက် စတင်ဖြစ်ပေါ်သည်။
သို့ရာတွင် နိဗ္ဗာနဖြိုခွဲခြင်းအထွတ်အထိပ်အဆင့်အဘိုးအို ထိုသို့ အော်ဟစ်ပြီးသည်နှင့် သူ့အမူအရာသည် ကြီးစွာ ပြောင်းလဲသွားပြီး သူက အလျင်အမြန် နောက်ဆုတ်သည်။ အနက်ရောင်အခိုးအငွေ့က သူ့ထံ တိုးဝင်လာခဲ့လေပြီ။ စက္ကန့်အနည်းငယ်ကြာပြီးနောက် ထိုအနက်ရောင်အခိုးအငွေ့မှာ သဲလွန်စမရှိ ပျောက်ကွယ်သွားပြန်သည်။
နိဗ္ဗာနဖြိုခွဲခြင်းအထွတ်အထိပ်အဆင့် အဘိုးအိုသည် သူ့ခန္ဓာကိုယ်အတွင်းရှိ မူလစွမ်းအင်များကို တုံ့ဆိုင်းခြင်းမရှိ မြင့်တက်ပေါက်ကွဲစေလိုက်၏။ သူ့ခန္ဓာကိုယ်ကို ဗဟိုပြုကာ မူလစွမ်းအင်ပေါက်ကွဲအားသည် ပျံ့နှံ့သည်။
“ဒီလူဟာ ဒဏ်ရာ အပြင်းအထန် ရထားတယ်။ ငါတို့သာ ငါတို့စွမ်းအင်ကို ဖြန့်ကျက်ထားနိုင်ရင် သူ အနားကပ်လာလို့ ရမှာ မဟုတ်တော့ဘူး…”
သို့ရာတွင် သူ့စကားမဆုံးသေးခင်မှာပင် အနက်ရောင်အခိုးအငွေ့သည် သူ့နောက်ဘက် လေဟာနယ်အတွင်းမှ ထွက်ပေါ်လာ၏။ ထိုအနက်ရောင်အခိုးအငွေ့များကြားတွင် အနီရောင်လျှပ်စီးတန်းပါဝင်သော မျက်လုံးတစ်စုံ ရှိနေသည်။ ယင်းက ဂျီနယ်ပယ် ဖြစ်၏။ လျှပ်တပြတ်အတွင်း ၎င်းမျက်လုံးသည် အေးစက်လာ၏။
ထိုအနီရောင်လျှပ်စီးက သည်နေရာရှိ ကျင့်ကြံသူအားလုံး၏အကြည့်ကို စွဲဆောင်သွားသည်။ သွေးနီရောင်ဂျီနယ်ပယ်မှာ သူတို့၏စိတ်ထဲတွင် တစ်ခုတည်းသောအရာ ဖြစ်လာတော့သည်။
အထူးသဖြင့် နိဗ္ဗာနဖြိုခွဲခြင်းအထွတ်အထိပ်အဆင့် အဘိုးအိုသည် ထိုအနီရောင်လျှပ်စီး၏ အလင်းပြန်မှုကြောင့် သူ့မျက်လုံးသူငယ်အိမ်ပင် ကြုံ့သွားလေသည်။ ထိုအနီရောင်လျှပ်စီးသည် အနက်ရောင်အခိုးအငွေ့ထဲကနေ ထိုးထွက်ကာ ယင်းအဘိုးအိုထံ တိုးဝင်လာလေသည်။
အဘိုးအိုသည် မာန်သွင်း၏။ သူ့ညာလက်ဖြင့် ချိပ်ဟန်တစ်ခု ဖြစ်ပေါ်စေကာ နောက်ဆုတ်လိုက်ရင်း ရှေ့သို့ အကြိမ်များစွာ ရိုက်ချသည်။ သူ့ဘယ်လက်ကမူ လေဟာနယ်အတွင်း ဆန့်ထုတ်၏။ ထိုအခါ ရုတ်တရက် သူ့ရှေ့တွင် ထူးဆန်းသောမျက်နှာဖြင့် ဒိုင်းတစ်ခု ပေါ်လာလေသည်။
အဘိုးအိုသည် အခုလောက် အားကောင်းသော သေရေးရှင်ရေးအဖြစ်မျိုးကို လုံးဝ မခံစားဖူးပေ။ သူသည် အနီရောင်လျှပ်စီးကိုသာ အာရုံအပြည့်စိုက်ထားသည်။ ခုချိန်၌ သူ့ဘေးပတ်လည်တွင် ကျင့်ကြံသူများစွာ ရှိနေသော်လည်း ထိုအဘိုးအိုသည် ဘယ်တုန်းကမှ အခုလိုမျိုး တစ်ကိုယ်တည်းဖြစ်နေသကဲ့သို့ မခံစားခဲ့ဖူးပေ။
ဤအခိုက်တွင် ကြယ်များအားလုံး၊ သူ့ဘေးရှိ ကျင့်ကြံသူများအားလုံးမှာ ပျောက်ကွယ်သွားသည့်အလား။ အဘိုးအို၏မျက်လုံးထဲတွင် ကျန်ရှိနေသောတစ်ခုတည်းသောအရာမှာ သူ့ထံ လျှင်မြန်စွာ ချဉ်းကပ်လာသော အနီရောင်လျှပ်စီးတန်းပင်။
သူ့ညာလက်တွင် သူ့နိဗ္ဗာနဖြိုခွဲခြင်းအဆင့်ကျင့်ကြံမှုအားလုံး ပါဝင်ကာ ရိုက်ချလိုက်ခြင်းတည်း၏။ အားကောင်းသောမူလစွမ်းအင်လှိုင်းများ ထိုးထွက်၏။ ယင်းတို့သည် ကွဲပြားသောမန္တာန်များအဖြစ် ပြောင်းလဲကာ အနီရောင်လျှပ်စီးကို ရပ်တန့်ဖို့ ကြိုးစားသည်။ သို့သော် အနီရောင်လျှပ်စီးသည် လူတိုင်းစိတ်ကူးနိုင်သည်ထက် ပိုအားကောင်းလေ၏။
တုန်ဟည်းသံများ လျှပ်တပြတ်အတွင်း ပဲ့တင်ထပ်သည်။ အဘိုးအို အသုံးပြုလိုက်သော မန္တာန်များသည် အနီရောင်လျှပ်စီးကို ရပ်တန့်ဖို့အတွက် အရည်အသွေး မပြည့်မှီဘဲ အားလုံးမှာ ချက်ခြင်း ပျက်စီးသွားရသည်။ အနီရောင်လျှပ်စီးက ယင်းမန္တာန်များအားလုံးကို ထွင်းဖောက်ကာ ထူးဆန်းသောမျက်နှာဖြင့်ဒိုင်းထံ နီးကပ်လာသည်။
အဘိုးအို၏မျက်နှာသည် နီမြန်းသွားကာ သူ့လက်နှစ်ဖက်ကို ဒိုင်းကာပေါ်သို့ တင်၏။ သူ့မျက်နှာထက်ရှိ သွေးကြောများ ဖောင်းကြွလာပြီး သူက ကြမ်းကြမ်းတမ်းတမ်း အော်ဟစ်လိုက်သည်။ “ဘိုးဘေးစိတ်ဝိညာဉ်…ကာကွယ်…”
သို့ပေမည့် သူစကားမဆုံးသေးခင်မှာပင် အနီရောင်လျှပ်စီးက ထိုထူးဆန်းသောမျက်နှာဖြင့် ဒိုင်းပေါ်သို့ ကျရောက်လာခဲ့သည်။
ကြယ်များကြား၌ အက်သံများ ပဲ့တင်ထပ်ကုန်ကာ ပတ်ဝန်းကျင်ရှိ ကျင့်ကြံသူများ၏နားထဲ တိုးဝင်လာသည်။ သူတို့သည် ထိုအဖြစ်အပျက်တစ်ခုလုံးကို မင်သက်ကြောင်ရီစွာ ကြည့်နေမိလျက် သူတို့၏မျက်လုံးထဲတွင် အံ့မခန်းကြောက်လန့်မှုတို့ ဖြစ်ပေါ်နေသည်။
ဒိုင်းပေါ်ရှိ ထူးဆန်းသောမျက်နှာမှာ အနီရောင်လျှပ်စီးနီးကပ်လာချိန်တွင် လှုပ်ရှားသွား၏။ ၎င်းက အနီရောင်လျှပ်စီးကို ဝါးမြိုပစ်ရန် တာဆူသည်။ အနီရောင်လျှပ်စီးက ၎င်း၏ပါးစပ်အတွင်း ဝင်ရောက်သွား၏။ မိုးကြိုးတုန်ဟည်းသံများ အတွင်း၌ ပဲ့တင်ထပ်သည်။ ထူးဆန်းသောမျက်နှာက ဗလုံးဗထွေးဟစ်အော်လိုက်ပြီးနောက် ပျက်စီးသွား၏။ အနီရောင်လျှပ်စီးက ထွင်းဖောက် ဖြတ်ကျော်သွားသည်။ ထိုအနီရောင်လျှပ်စီးသည် ဒိုင်းပေါ်သို့ ကျရောက်ကာ ဒိုင်းကို ဆုတ်ဖြဲပစ်လိုက်တော့၏။
ဒိုင်းပျက်စီးသွားနေစဉ် အနီရောင်လျှပ်စီးက ဖျပ်ခနဲ ထွက်ပေါ်ကာ အဘိုးအိုထံ ဝင်ရောက်၏။ အဘိုးအို၏ ခန္ဓာကိုယ်သည် တုန်ရီကာ သူ့မျက်လုံးသည် မှိန်ဖျော့သွားပြီး သူ့ဒွာရပေါက်များကနေ သွေးနက်များ စိမ့်ထွက်လာ၏။ အနီရောင်လျှပ်စီးက သူ့ခန္ဓာကိုယ်အတွင်း ဝင်ရောက်ကာ သူ့မူလစိတ်ဝိညာဉ်ကို ထိမိသည်နှင့် သူ့မူလစိတ်ဝိညာဉ်မှာ ခုခံနိုင်စွမ်းအလျင်းမဲ့ကာ ပျက်စီးသွားသည်။
သူ့စိတ်ဝိညာဉ်သည် ပျက်စီး၏။ သူ့မူလစိတ်ဝိညာဉ်သည် ပျက်သုဉ်းကွယ်ပျောက်သွားသည်။ ထို့နောက် သူ့ခန္ဓာကိုယ်မှ အသက်ဓာတ်အားလုံးလည်း ပျောက်ကွယ်သွားသည်။
အနက်ရောင်အခိုးအငွေ့က ထိုအဘိုးအို၏ခန္ဓာကိုယ်ကို ဝန်းရံ၏။ ခဏတကြာတွင် အနက်ရောင်အခိုးအငွေ့ ပြန်ထွက်ခွာသွားပြီးနောက် ပြာမှုန့်အဖြစ်ပြောင်းသွားမည့် အရိုးစုကိုသာ ချန်ခဲ့လေသည်။
“ဒါက ပြင်ပနယ်မြေကျင့်ကြံသူ ဟုတ်လား…” အနက်ရောင်အခိုးအငွေ့ထံမှ သုန်မှုန်သောအသံတစ်သံ ထွက်ပေါ်လာကာ ကြယ်များကြား ပဲ့တင်ထပ်သည်။
ထိုအသံ ထွက်ပေါ်လာမှုသည် နဂိုထဲက ကြောက်လန့်နေသော ကျင့်ကြံသူများ၏နှလုံးသားကို မီးစပျိုးလိုက်သည့်အလား။ အနက်ရောင်အခိုးငွေ့သည် အိပ်မက်ဆိုးတစ်ခုကဲ့သို့ ဖြစ်လာတော့၏။ ယင်းအခိုးအငွေ့နှင့် ထိမိသည်နှင့် သူတို့သည် ဆိုးဝါးစွာ သေဆုံးသွားနေရသည်။
အတွင်းနယ်မြေ (ဝါ) ချိပ်ပိတ်နယ်မြေမှ ကျင့်ကြံသူများသည် သူတို့အတွက် သိုးအုပ်တစ်အုပ်ကဲ့သို့ မှတ်ယူထားကာ ခြိမ်းခြောက်နိုင်လောက်အောင် မထိုက်တန်ဟု တွေးထင်ထားကြသည်။ ပြင်ပနယ်မြေမှ ကျင့်ကြံသူများသည် သူတို့ကိုယ်သူတို့ အတွင်းနယ်မြေမှ ကျင့်ကြံသူများ၏ ကောင်းကင်ဘုံတာအိုဖြစ်သည်ဟူ၍ပင် ယုံကြည်ထားကြသည်။ ရှေးဟောင်းကြယ်အဖွဲ့အစည်း၏ အဖွဲ့ဝင်တစ်ဦးချင်းစီက အတွင်းနယ်မြေမှ ကျင့်ကြံသူများ၏ ကောင်းကင်ဘုံတာအို ဖြစ်နိုင်ကြသည် ဟူ၏။
အတွင်းနယ်မြေသည် သူတို့အတွက် တောသားများနှင့် ပြည့်နေသည့် အစုတ်ပလုတ်နယ်မြေဟုသာ မှတ်ထင်ထားခဲ့ကြသည်။
သို့ရာတွင် ဤအခိုက်တွင် ထိုအတွေးများအားလုံး ပျက်စီးကာ သူတို့မျက်လုံးထဲတွင် မွန်းစတားဆန်သော ကြောက်ရွှံ့မှုတို့သာ ကြီးစိုးနေလေပြီ။ သူတို့သည် နှေးဖင့်ခြင်းမရှိ နောက်ဆုတ်ကြ၏။ သူတို့သည် တန်ပြန်တိုက်ခိုက်မှုပင် မပြုဝံ့ကြတော့ပေ။ သူတို့စိတ်ထဲ၌ ထွက်ပြေးရန်၊ထွက်ပြေးရန်၊ ထွက်ပြေးရန် အတွေးတစ်ခုသာ ရှိတော့သည်။
ထိုအနက်ရောင်အခိုးအငွေ့အတွင်း၌ ဝမ်လင်း၏ပုံရိပ်ကို ခပ်ရေးရေး မြင်နိုင်၏။ သည်ဝါးမြိုခြင်းမန္တာန်မှာ အလွန်အမင်း အစွမ်းထက်နေ၏။ လူတော်တော်များများကို ဝါးမြိုပစ်ပြီးနောက် ဝမ်လင်း၏ဒဏ်ရာများသည် အလျင်အမြန် ပြန်ကောင်းမွန်လာသည်။
လူတော်တော်များများကို ဝါးမြိုပြီးနောက် သူသည် သက်တောင့်သက်သာဖြစ်မှုကို ခံစားရသည်။
သူ့မျက်လုံးမှာ အနီရောင် တလက်လက် ဖြစ်နေ၏။ ကျင့်ကြံသူရာချီ လူစုခွဲသွားသည့် အခိုက်တွင် ဝမ်လင်းက ရယ်မောကာ အနက်ရောင်အခိုးအငွေ့များကြားကနေ လှမ်းထွက်ကာ သူတို့ထံ ဦးတည်လိုက်သည်။
သူ့ခန္ဓာကိုယ်သည် ပိန်ပါးကာ အနက်ရောင်အခိုးအငွေ့များ ဝန်းရံထားပုံကြောင့် သူသည် ငရဲမှ လှမ်းလျှောက်ထွက်လာသည့်အလား။ အခု သူ တိုးဝင်လာသည့်အခါ ပြင်ပနယ်မြေမှ ကျင့်ကြံသူတစ်ယောက် အနား ရောက်ရှိသွား၏။ ထိုကျင့်ကြံသူမှာ လူငယ်တစ်ယောက် ဖြစ်၏။ ဝမ်လင်း ရောက်လာသည်နှင့် သူသည် ခုခံဖို့ကိုပါ မေ့လျော့ကာ အလန့်တကြား အော်ဟစ်မိသည်။
သို့ပေမည့် သူ့အော်သံသည် အစပြုရုံ ရှိသေး ရုတ်တရက် ရပ်တန့်သွား၏။ ဝမ်လင်းက သူ့ဘယ်လက်ဖြင့် ထိုလူငယ်၏လည်ပင်းကို ဖမ်းဆုပ်လိုက်ပြီးနောက် တစ်စက်လေးပင် မရပ်ဘဲ ရှေ့သို့ ဆက်တိုးဝင်လိုက်သည်။
ဝမ်လင်း ရှေ့သို့ ရွှေ့လျားလိုက်သည်နှင့် ထိုလူငယ်၏ လည်ပင်းမှာ အသံတစ်သံပင်မထွက်ဘဲ ပြက်ထွက်သွား၏။ လူငယ်သည် အပြင်းအထန် တုန်ရီကာ သူ့ခန္ဓာကိုယ်မှ အနက်ရောင်အခိုးများ ထွက်ပေါ်လာတော့သည်။ သူ့ခန္ဓာကိုယ်မှာ ချက်ခြင်း သွေ့ခြောက်သွား၏။ သူ့မူလစိတ်ဝိညာဉ်၊ စိတ်ဝိညာဉ်၊ မူလစွမ်းအင်၊ အသက်ဓာတ် အားလုံးကမူ ဝမ်လင်းဘယ်လက်ဖြင့် စုပ်ယူခြင်း ခံလိုက်ရပေပြီ။
သူ့ခန္ဓာကိုယ်သည်ပင် ပေါက်ကွဲထွက်သွားကာ သွေးများကိုပါ ဝမ်လင်း၏ စုပ်ယူခြင်း ခံလိုက်ရ၏။ သူ့တစ်ကိုယ်လုံးကို ဝမ်လင်း ဘယ်လက်က ဝါးမြိုပစ်လိုက်သည့်အလား။
သူ သေဆုံးသွားသည့်နောက် ဝမ်လင်းက ပြင်ပနယ်မြေမှ နောက်ထပ်ကျင့်ကြံသူတစ်ယောက်ထံ ရောက်လာပြန်၏။ ထိုသူက နူးညံ့သောအမျိုးသမီးတစ်ယောက်၊ သူမ၏မျက်လုံးထဲတွင်လည်း အဆုံးမဲ့ကြောက်ရွှံ့မှုတို့ ပြည့်၏။
ဝမ်လင်း နီးကပ်လာသည်နှင့် ထိုကျင့်ကြံသူအမျိုးသမီး၏ နှာခေါင်းထဲ သွေးနံ့တို့ တိုးဝင်လာ၏။ သူမသည် အလန့်တကြား အော်ဟစ်သည်။ သူမ နောက်ဆုတ်ရန် ကြိုးစား၏။
သူမ၏ ဗလုံးဗထွေးအော်သံများသည် ပို ကျယ်လောင်စူးရှလာ၏။ ထိုအမျိုးသမီး၏ ခန္ဓာကိုယ်မှာ တုန်ရီလျက် မြန်ဆန်စွာ သွေ့ခြောက်သွားတော့သည်။ သူမထံ၌ အလှဟူ၍ မရှိတော့၊ အရိုးများသာ အပုံလိုက် ကျန်ခဲ့တော့၏။
“နတ်ဆိုး...ဒီလူက နတ်ဆိုးပဲ...” အကြောက်အကန်အော်သံများ ပဲ့တင်ထပ်နေလျက် ကျင့်ကြံသူအားလုံး ထွက်ပြေးနေ၏။
ဝမ်လင်းကလည်း ပိုမို မြန်ဆန်စွာ ရွှေ့လျားမှုကို စတင်သည်။ ဟင်းလင်းပြင်ကွေးညွတ်ခြင်းအစွမ်းကြောင့် ကျင့်ကြံသူများသည် သူ့လက်က မည်သို့ လွတ်မြောက်ပြေးနိုင်ပါ့မည်နည်း။
ဝမ်လင်းသည် လျှပ်တပြတ်အတွင်း လူတစ်ယောက်ကို မကြာဆိုသလို ဖမ်းမိနေ၏။ သူတို့သည် ယောက်ျားဖြစ်စေ၊ မိန်းမဖြစ်နေစေ သူ့အတွက် ရန်သူများ မဟုတ်လော။
ပြင်ပနယ်မြေနှင့်အတွင်းနယ်မြေကြား တိုက်ပွဲသည် အကြောင်းပြချက် မရှိပေ။ သတ်ဖြတ်မှုသာ ရှိ၏။
ဤကဲ့သို့ ရူးသွပ်ဖွယ် သွေးလွှမ်းမှုသည် ချိပ်ပိတ်နယ်မြေအစီအရင်၏ အပြင်ဘက်တွင် ဖြစ်ပွားနေ၏။ ချိပ်ပိတ်နယ်မြေအစီအရင်သည် သည်သွေးလွှမ်းမှုအတွက် မျက်မြင်တည်း။
“တနေ့ကျရင် ဒီချိပ်ပိတ်နယ်မြေအစီအရင်ကို ချိုးဖျက်နိုင်တဲ့ အနာဂတ်ကျင့်ကြံသူမျိုးဆက် ရှိလာဦးမှာပါ။ မင်းတို့ပြင်ပလူတွေကို မျိုးသုန်းပစ်မဲ့နေ၊ မင်းတို့ရဲ့ ပြင်ပနယ်မြေကို သွေးတွေမြစ်လို စီးဆင်းစေမယ့်နေ့ ရောက်လာဦးမှာပါ…”
သွေးများသည် မြစ်အသွင်တော့ မဖြစ်ပေါ်၊ သို့သော် သွေးမြစ်ထက် အခုက ပို၍ တုန်လှုပ်ဖွယ်ကောင်းနေလေ၏။
ဆက်တိုက် ဝါးမြိုပစ်နေပြီးနောက် ဝမ်လင်းက အချိန်တိုအတွင်း ဒဏ်ရာရရှိထားရာကနေ မြန်ဆန်စွာ ပြန်ကောင်းမွန်လာနေ၏။ သို့သော် သူ့မူလစိတ်ဝိညာဉ်မှာ ခုထိ ပြန်မကောင်းမွန်သေးပေ။ သူ့စိတ်ဝိညာဉ်ကလည်း ခဲနေဆဲသာ။ သူ့ရင်ဘက်ပေါ်ရှိ ဒဏ်ရာကသာ ဖြည်းဖြည်းချင်း ပြန်ကောင်းမွန်နေ၏။
ကျင့်ကြံသူရာချီထဲက တော်တော်များများသည် ဝမ်လင်း၏ သွေးရူးသွေးတန်း ဝါးမြိုပစ်ခြင်းကို ခံလိုက်ရပြီ ဖြစ်၏။ ကျင့်ကြံမှုအဆင့်ပိုမြင့်သည့် အယောက်တစ်ရာလောက်သာ အဝေးသို့ ကြောက်လန့်တုန်လှုပ်စွာ ထွက်ပြေးနိုင်ခဲ့ကြ၏။
သူ့လျှာကို သပ်လိုက်ပြီးနောက် ဝမ်လင်းက ရုတ်တရက် လှည့်ကာ ထွက်ပြေးနေသော ကျင့်ကြံသူများကို ကြည့်သည်။ အနက်ရောင်အခိုးအငွေ့များ ပျံ့နှံ့ကာ ဤဧရိယာကို ခြုံလွှမ်းသည်။
“မင်းတို့ ဘယ်သူမှ မလွတ်မြောက်နိုင်ဘူး...” သူက ရုတ်တရက် လှည့်၏။ အနက်ရောင်အခိုးအငွေ့နှင့် ဝဲကတော့တစ်ခု စတင် ဖြစ်တည်ကာ အရူးအမူး လှည့်လည်သည်။
ထိုဝဲကတော့ လှည့်ပတ်နေရင်း ဝဲကတော့သည် ပိုပိုကြီးမားလ၏။ ယင်းထံမှ ပြင်းထန်သောစုပ်အားကို ပေးစွမ်းလာသည်။ ထွက်ပြေးနေသော ကျင့်ကြံသူများ အရှိန်နှေးကျသွား၏။ သူတို့၏ခန္ဓာကိုယ်များ ဆွဲငင်ခြင်း ခံလိုက်ရသည်ကို တွေ့သွားသဖြင့် အချို့သည် ကြောက်လန့်တကြား ဖြစ်ကုန်သည်။
ထိုအခါ သည်ကျင့်ကြံသူများသည် မျှော်လင့်ချက်မဲ့သလို ခံစားမိကုန်၏။
ထိုအခိုက်အတန့်တွင် ဝမ်လင်း၏အမူအရာသည် ကြီးစွာ ပြောင်းလဲသွား၏။ သူက အကွာအဝေးတစ်ခုထံ လှမ်းကြည့်သည်။ နှေးဖင့်ခြင်းမရှိ သူ့လက်ကို ဝေ့ယမ်းကာ အနက်ရောင်အခိုးငွေ့များကို သူ့လက်နှစ်ဖက်အသွင် ပြောင်းလဲစေပြီး ကျင့်ကြံသူများကို ဖမ်းယူသည်။ ထိုအခိုးအငွေ့က ကျင့်ကြံသူတစ်ယောက်ကို ထွေးခြုံပတ်သွားပြီး သူက ယင်းကျင့်ကြံသူများကို စတင် ဝါးမြိုပစ်သည်။
အကြောက်အကန် အော်ဟစ်သံများ ပဲ့တင်ထပ်၏။ ချိပ်ပိတ်နယ်မြေအစီအရင်ကို စောင့်ကြပ်နေသော လူတိုင်းသည် သေဆုံးသွားခဲ့လေပြီ။
ထိုကျင့်ကြံသူများကို ဝါးမြိုပစ်ပြီးနောက် ဝမ်လင်းသည် ခပ်မြန်မြန် ခြေလှမ်းကာ သဲလွန်စမရှိ ပျောက်ကွယ်သွား၏။ သူ ပျောက်ကွယ်သွားသည်နှင့် ရူးသွပ်စွာအော်သံတစ်သံ အကွာအဝေးတစ်ခုကနေ ထွက်ပေါ်လာသည်။
“ဝမ်လင်း...”
ကြယ်ရောင်စုံကောင်းကင်နှင့်ပင် နှိုင်းယှဉ်နိုင်သော ဧရာမပုံရိပ်ကြီးသည် ဤနေရာသို့ ကမူးရှုူးထိုး တိုးဝင်လာနေ၏။
***