အမဲလိုက်ခြင်း
Vol. 99 Ch. 1361
“ထာဆန်…” ဝမ်လင်း လောကနှင့် တစ်သားတည်း ဖြစ်သွားချိန်တွင် သူ့မျက်လုံးထဲတွင် အေးစက်မှုတစ်ခု ဖြတ်ပြေးသွား၏။ သူက သူ့နောက်ရှိ ဧရာမပုံရိပ်ကြီးကို လှည့်ကြည့်လိုက်သည်။ အဝေးတွင် ဖြစ်နေသော်လည်း ထာဆန်၏ခန္ဓာကိုယ်မှာ အလွန်တရာ ကြီးမားလွန်းသည်။ သူ့အော်သံသည် လောကရှိ မူလစွမ်းအင်ကို ပျက်စီးလုနီးပါးပင် ဖြစ်သွားစေသည်။
“သူက ပြင်ပနယ်မြေမှာ တကယ် ရောက်နေတာပဲ…” ဝမ်လင်း ပျောက်ကွယ်သွား၏။
သူ ပျောက်ကွယ်သွားပြီး သိပ်မကြာခင်တွင် ချိပ်ပိတ်နယ်မြေအစီအရင်၏ အပြင်ဘက်သို့ ဧရာမခန္ဓာကိုယ်ကြီး ရောက်ရှိလာ၏။ သူ့ခန္ဓာကိုယ်မှ သွေးနံ့များ ပေးစွမ်းနေသည်။ ပြင်ပနယ်မြေတွင် သည်နှစ်များအတွင်း ထာဆန်သည် ကလန်တစ်ခုပြီးတစ်ခုကို သတ်ဖြတ်ခဲ့ပြီး ဖြစ်သည်။ အဆုံးသပ်တွင် ပြင်ပနယ်မြေ(ဝါ) သည်ရှေးဟောင်းကြယ်အဖွဲ့အစည်းမှ တတိယအဆင့်ကျင့်ကြံသူများပါ သူ့နောက်ကို အမဲလိုက်လာရတော့သည်။
တတိယအဆင့် ကျင့်ကြံသူ တစ်ယောက်၊နှစ်ယောက် ဆိုပါက သူက မကြောက်ပေ။ သူက သူတို့ကို သတ်ပစ်နိုင်တာတောင် ဖြစ်ကောင်း ဖြစ်နိုင်သေး၏။ သို့ရာတွင် အခုက သူ့နောက်လိုက်လာကြသူများမှာ တစ်ယောက်၊နှစ်ယောက် မဟုတ်၊ သုံးယောက် ဖြစ်နေ၏။
သူတို့ထဲမှ တစ်ယောက်ဆို စိတ်ဝိညာဉ်လေဟာနယ်အဆင့်တွင် ရှိနေ၏။ ထိုသူက နတ်ဘုရားပြစ်ဒဏ်ကို အခုထိ မဖြတ်ကျော်ရသေးသော်လည်း ကောင်းကင်တစစီဖြစ်နိုင်သည့် မန္တာန်များကို အသုံးပြုနိုင်စွမ်း ရှိနေပေသည်။ ထိုတစ်ယောက်က ထာဆန်ကို အတော်လေး ခေါင်းခဲစေသည်။
ထို့အပြင် ထာဆန်သည် ချိပ်ပိတ်နယ်မြေအစီအရင်ကို ချိုးဖျက်ချိန်က ဒဏ်ရာ ရထားခဲ့၏။ သူ့ကြယ်များကြား ဖမ်းဆီးထားသော တတိယအဆင့်ကျင့်ကြံသူများကိုလည်း သူက အစီအရင်ကို ချိုးဖျက်နိုင်ဖို့အတွက် ဖောက်ခွဲပစ်ခဲ့ရ၏။ ထို့ကြောင့် အခု သူသည် အားအနည်းဆုံးအခြေအနေတွင် ရောက်နေသည်။ သို့ပေမည့် သူ့ခန္ဓာကိုယ်မှာ ဝမ်လင်း မည်သို့မျှ ယှဉ်နိုင်သော အရာ မဟုတ်ပေ။
သူ့ခန္ဓာကိုယ်မှာ အစစ်အမှန်ရှေးဟောင်းနတ်ဘုရား ခန္ဓာကိုယ်၊ နှစ်ပေါင်းမရေမတွက်နိုင်သော ရှင်သန်ခဲ့သော အစစ်အမှန် တော်ဝင်ရှေးဟောင်းနတ်ဘုရားတစ်ပါး၏ ခန္ဓာကိုယ် မဟုတ်လော။ ၎င်း၏သန်မာမှုမှာ အံ့မခန်းပင်။
တတိယအဆင့်ကျင့်ကြံသူ သုံးယောက်၏ နောက်ကလိုက်လံတိုက်ခိုက်မှုအောက်တွင် သူ့ဒဏ်ရာက ပိုများပြားလာခဲ့သည်။ သို့သော် ထိုသုံးယောက်အဖို့မှာလည်း အခွင်သာသည်တော့ မဟုတ်။ သူတို့လည်း ဒဏ်ရာရခဲ့သည်သာ။ နှစ်ဖက်လုံးသည် တစ်ဖက်နှင့်တစ်ဖက် မကိုင်တွယ်နိုင်ဘဲ ကိုယ်မသာ၊သူမသာ ဖြစ်နေကြ၏။
စိတ်ဝိညာဉ်လေဟာနယ်အဆင့်မှ အစွမ်းထက်ကျင့်ကြံသူတစ်ယောက်ကသာ ထာဆန်ကို ဒေါသတကြီး နောက်ဆုတ်သွားရအောင် ပြင်းပြင်းထန်ထန် ရိုက်ချက် ပေးစွမ်းနိုင်၏။ ထာဆန်က သူ တွေ့မြင်သမျှ သက်ရှိတိုင်းကို ဖျက်စီးသွား၏။ တတိယအဆင့်ကျင့်ကြံသူသုံးယောက်က သူ့ကို လွန်စွာဖိအား ပေးနေပုံ ရသည်။ ကြည့်ရသည်မှာ သူတို့သုံးယောက်သည် သူ လုံးဝ ခြေကုန်လက်ပန်းကျသွားသည့်အထိ လိုက်လံလိုဟန် ရ၏။
ထို့အပြင် သူ့စိတ်နှလုံးထဲရှိ ဆယ်နှစ်တာ ဒေါသက လောကကိုပါ လောင်ကျွမ်းသွားစေဖို့ လုံလောက်နေ၏။ သူသည် သည်နေရာသို့ ဝမ်လင်းကို ရှာရန် ရောက်လာခဲ့ခြင်း ဖြစ်သည်။ သို့သော် သူက ဝမ်လင်းကို မတွေ့ရသည့်အတွက် ထိုအဖြစ်က သူ့ကို ရူးသွပ်လုနီးပါး ဖြစ်စေခဲ့သည်။
သို့ပေမည့် သူ့ဒေါသ အထွတ်အထိပ် ရောက်လာသည့်အခိုက်မှာ သူက မထင်မှတ်စွာဖြင့် ဒီရှေးဟောင်းနတ်ဘုရားကြယ်အဖွဲ့အစည်းတွင် ဝမ်လင်း၏အော်ရာကို ခံစားမိလိုက်၏။ ထာဆန်သည် နှေးဖင့်ခြင်းမရှိဘဲ ဝမ်လင်း၏အော်ရာထံသို့ ချက်ခြင်း ဦးတည်လာတော့သည်။
သူ့နောက်တွင် အလင်းတန်းသုံးခုက လိုက်လံလာ၏။ သူတို့မှာ အမျိုးသားနှစ်ယောက်နှင့် အမျိုးသမီးတစ်ယောက်ပင်။ နတ်ဘုရားအာရုံနှင့်အမြင်ကို ပိတ်ဆို့ထားသော မန္တာန်ကြောင့် သူတို့ဘေးပတ်ပတ်လည်ရှိ ဟင်းလင်းပြင်မှာ တွန့်ခေါက်နေသဖြင့် သူတို့ မည်သို့ ပုံပန်းအသွင်ရှိသည်ကို တွေ့မြင်ရဖို့ မဖြစ်နိုင်ပေ။
သူတို့သည် အကွာအဝေးတစ်ခုခြားကာ ထာဆန်နောက်သို့ မရပ်မနား လိုက်နေကြသည်။
ထာဆန်သည် ချိပ်ပိတ်နယ်မြေအစီအရင်ဘေးနား ရောက်လာကာ လေဟာနယ်အတွင်းသို့ သူ့ညာလက်သီးဖြင့် ထိုးချလိုက်သည်။ ပြင်းထန်သောဟိန်းမြည်သံ ပဲ့တင်ထပ်ကာ ဟင်းလင်းပြင်အက်ကြောင်းတစ်ခု ပေါ်လာသည်။ သူ့ခန္ဓာကိုယ်သည် သာမန်လူအရွယ်အစားထိ ကြုံ့သွားပြီးနောက် ထိုဟင်းလင်းပြင်အက်ကြောင်းထဲ ဝင်ရောက်သွားသည်။
လိုက်…။
မည်သို့ပင်ဖြစ်ဖြစ် သူသည် ဝမ်လင်းကို အမှီလိုက်ကာ သူ့ကို ဝါးမြိုပစ်ရပေမည်။ ထို့နောက် သူသည် သူ့နောက်သို့ လှည့်ကာ သူ့နောက်သို့ လိုက်လာသော တတိယအဆင့်ကျင့်ကြံသူသုံးယောက်ကို ကြည့်သည်။ သူ့စိတ်နှလုံးအတွင်း ဒေါသမီးတောက်လောင်လာသည်။
ဝမ်လင်းသည် လောကနှင့်တစ်သားတည်း ပေါင်းစည်းကာ ဟင်းလင်းပြင်ကွေးညွတ်ခြင်းကို ဦးတည်ချက်မဲ့စွာ အသုံးပြု၏။ သူသည် သူ့စွမ်းအားအပြည့်သုံးကာ အဝေးဆုံးနေရာသို့ တက်နိုင်သမျှ မြန်မြန် သွားနေခြင်းသာ။
ရှေးဟောင်းကြယ်အဖွဲ့အစည်း၏ မြောက်ပိုင်းရှိ ကြယ်ကွင်းပြင်တွင် လှိုင်းဂယက်များစွာ လှိမ့်တက်နေသည်။ ဝမ်လင်း၏ပုံရိပ်က လှမ်းထွက်လာသည်။ သူက အနက်ရောင်အခိုးအငွေ့များနှင့် ဖုံးလွှမ်းနေဆဲသာ။ တွေဝေခြင်းမရှိ သူသည် တည်နေရာရွှေ့ပြောင်းခြင်းကို စတင်သည်။
သို့ရာတွင် သူ ပေါ်လာသည့်နောက် စက္ကန့်ပိုင်းအတွင်း သူ့နောက်၌ မုန်တိုင်းတစ်ခု စတင် ပေါ်လာ၏။ ထိုမုန်တိုင်းသည် စိတ်ကူးနိုင်သည်ထက် ပိုအားကောင်းသည်။ ယင်းမုန်တိုင်းက မာန်ဟိန်းသံမြည်ကာ ချက်ခြင်းပင် ဟင်းလင်းပြင်အက်ကြောင်းကို ဆုတ်ဖြဲလေ၏။
လေအေးများ အရူးအမူး ထိုးထွက်လာပြီး ဟိန်းမြည်သံ ပဲ့တင်ထပ်သည်။ ထာဆန်သည် ဟင်းလင်းပြင်အက်ကြောင်းအတွင်းမှ ထိုးထွက်လာ၏။ သူ့မျက်လုံးများ နီရဲလျက် လောဘနှင့် ပြည့်နှက်သည်။
“ဝမ်လင်း…။ ဒီနတ်ဘုရားက နောက်ဆုံးတော့ မင်းကို ရှာတွေ့ခဲ့ပြီ…”
ဝမ်လင်းသည် ရှေ့သို့ လှမ်း၏။ တည်နေရာရွှေ့ပြောင်းမည့်အစား သူသည် ဟင်းလင်းပြငကွေးညွတ်ခြင်းကို အသုံးပြုလိုက်ပြန်သည်။ သူသည် လောကနှင့်တစ်သားတည်း ပေါင်းစည်းသွားပြီး ဟင်းလင်းပြင်အက်ကြောင်းအတွင်းမှ ထွက်လာပြီး သူ့နောက်လိုက်လာသော ထာဆန်ကိုကြည့်သည်။ သူ့မျက်လုံးသည် အနီရောင် ဖျပ်ခနဲလင်းလက်ကာ ဂျီနယ်ပယ်သည် အနီရောင်လျှပ်စီးအဖြစ် ပြောင်းကာ ထာဆန်ထံ ဦးတည်ဝင်ရောက်သည်။
ထာဆန်သည် ကြမ်းကြုတ်သောအမူအရာ ဖြစ်ပေါ်၏။ သူ့ညာလက်ဖြင့် လက်သီးစုပ်ဟန် ပြုကာ ရှေ့သို့ ပစ်သွင်းသည်။
လက်သီးတစ်ချက်သည် ကျင့်ကြံခြင်းဂြိုဟ်တစ်လုံးကိုပါ ပေါက်ကွဲသွားစေနိုင်သော စွမ်းအား ပါဝင်၏။
သူ့ညာလက်ကို အလွန်မြန်ဆန်စွာ ရွှေ့လျားပြီး အနီရောင်လျှပ်စီးနှင့် ထိပ်တိုက်တွေ့သည်။ ထိုအနီရောင်လျှပ်စီးက ထာဆန်ထံ တူးဆွဝင်ရောက်ကာ ကသောင်းကနင်းဖျက်စီးမှု စတင်၏။
သို့ရာတွင် တစ်ချိန်တည်းမှာလည်း ထာဆန်၏တိုက်ခိုက်မှုမှ အစိတ်အပိုင်းတစ်ခုသည် ဝမ်လင်းရှိ ဦးတည်ဝင်လာပြီး လောကနှင့်တစ်သားတည်း ပေါင်းစပ်ထားသော သူ့အပေါ်သို့ ကျရောက်သည်။
သူ့ခန္ဓာကိုယ် အပြင်းအထန် တုန်ရီကာ သွေးအန်လိုက်ရသည်။ သူ့ပတ်လည်ရှိ အနက်ရောင်အခိုးအငွေ့များ ပျက်စီးကာ သူသည် လောကအတွင်း ပျောက်ကွယ်သွားလေ၏။
ထာဆန်၏ညာလက်သည် တန့်သွား၏။ သူ့မျက်လုံးထဲတွင် ထူးဆန်းသောအလင်းတစ်ခု ဖြစ်ပေါ်၏။
“နတ်ဘုရားပြစ်ဒဏ်ဂျီ…”
သူ့အမူအရာ ပြောင်းလဲသွား၏။ သူသည် သူ့ကိုယ်တွင်းရှိ အနီရောင်လျှပ်စီးကို မဖျက်စီးနိုင်ပေ။ ထို့အတွက် ၎င်းက သူ့ကိုယ်တွင်း၌ ဆက်လက် ဖျက်စီးမှု ပြုသည်။ သို့ရာတွင် ရှေးဟောင်းနတ်ဘုရား၏ အားကောင်းသောပြန်လည်ကောင်းမွန်နှုန်းနှင့် ယှဉ်ပါက ယင်းထိခိုက်မှုသည် မပြောပလောက်တော့ပေ။ သို့သော် ထာဆန်သည် ဒဏ်ရာရထားခဲ့ပြီး ဖြစ်၍ ၎င်းလျှပ်စီးသည် ပုန်းကွယ်သောအန္တရာယ်တစ်ခုအဖြစ် ကျန်နေပေ၏။
သူက ဆက်လက် လိုက်ရန် ပြင်စဉ် ရုတ်တရက် မျက်မှောင်ကြုတ်သွားသည်။ သူ့နောက်မှ အလင်းတန်းသုံးခုသည် အရှိန်မြင့်လာကြ၏။ သူ သည်နေရာသို့ ရောက်လာသည့်အချိန်မှစ၍ ထိုသုံးယောက်သည် သူ့နောက် လိုက်လံခဲ့ကြ၏။ သူတို့သည် အနီရောင်လျှပ်စီးကို တွေ့မြင်လိုက်သည်နှင့် မည်သည့်အရာဖြစ်မှန်း ချက်ခြင်း သိရှိလိုက်ကြသည်။ သည်အခိုက်တွင် သူတို့သည် နှေးဖင့်မနေဘဲ ထာဆန်ထံ တိုးဝင်လာကြသည်။
ဝမ်လင်း၏ပုံရိပ်ကမူ ရှေးဟောင်းကြယ်အဖွဲ့အစည်း၏ တနေရာရှိ လေဟာနယ်အတွင်းမှ ထွက်ပေါ်လာ၏။ သူ့မျက်နှာသည် ဖြူရောနေ၏။ သူက နောက်ထပ် သွေးအန်လိုက်ရပြန်သည်။ သူ့ရင်ဘက်ပေါ်ရှိ ဒဏ်ရာမှာ တဖန် ပွင့်ထွက်ကာ သွေးများ သူ့အဝတ်အစားများကို စွန်းထင်းနေတော့သည်။
ထိုဒဏ်ရာထဲ၌ ကောင်းကင်ဖြတ်ပိုင်းခြင်းပုဆိန်၏ အော်ရာ ပါဝင်၏။ ထို့ကြောင့် ရှေးဟောင်းနတ်ဘုရားတစ်ပါးအနေဖြင့် ထိုထိခိုက်မှုကနေ ပြန်ကောင်းမွန်ရန် အလွန်အမင်း ခက်ခဲလှသည်။ သူကသာ ထိုအော်ရာကို အတင်းအကြပ် မထုတ်ပယ်နိုင်ပါက ပြန်ကောင်းမွန်နိုင်ရန် အချိန်အတော်ကြာပေလိမ့်မည်။
ဝမ်လင်းသည် ဤကြယ်အဖွဲ့အစည်းတွင် ထာဆန်နှင့် တွေ့ဆုံရခြင်းကို အံ့အားမသင့်ပေ။ သို့ရာတွင် သူက သည်နေရာတွင် ရှိနေပြီး သူ့ကို သတ်လိုသည်ကို သိနေသော်လည်း ဝမ်လင်းက သေမှာ ကြောက်၍ မလာဘဲ မည်သို့ နေပါ့မည်နည်း။
သူ့ ခန္ဓာကိုယ် ပေါ်လာပြီးနောက် သူက သူ့ဘယ်လက်ကို ဝေ့ယမ်းရာ သွေးဓား ပေါ်လာသည်။ သူက တွေဝေခြင်းမရှိ တည်နေရာရွှေ့ပြောင်းမှု စတင်သည်။ ဂျီနယ်ပယ်အပြင် သူ့ထံ၌ ဒီသွေးဓားပါ ပိုင်ဆိုင်ထားသေးသည် မဟုတ်လား။
ဒီဓားသည် ရှေးဟောင်းနတ်ဘုရားရတနာတစ်ပါးလည်း ဖြစ်သည်။ ၎င်းသည် ကောင်းကင်ဘုံဖြတ်ပိုင်းခြင်းပုဆိန်ကို မယှဉ်နိုင်သော်လည်း ရှေးဟောင်းနတ်ဘုရားများကို များစွာ ဒဏ်ရာရစေနိုင်စွမ်း ရှိနေသည်သာ။ ထာဆန်နှင့် တစ်ခဏ ရင်ဆိုင်ထိတွေ့လိုက်ရသည့်အချိန်အတွင်း ဝမ်လင်းသည် ထာဆန်မှာ အတိတ်တုန်းက ရှေးဟောင်းနတ်ဘုရားကုန်းမြေမှာတုန်းက အချိန်ထက် များစွာ အားနည်းနေသည်ကို တွေ့ရှိလိုက်၏။
ပို၍ အရေးကြီးသည်က ဝမ်လင်း၏ဉာဏ်ရည်ဖြင့်၊ ထာဆန်အပေါ် သူ့နားလည်မှုဖြင့် ထာဆန်အဖို့ သည်နေရာတွင် ပုန်းလျိုးကွယ်လျိုးနေနေလိမ့်မည် မဟုတ်ပေ။ သူသည် သတ်ဖြတ်မှုကြီးတစ်ခု ပြုလုပ်ခဲ့ရပေမည်။ ထို့အတွက် သည်ရှေးဟောင်းကြယ်အဖွဲ့အစည်း၏ တတိယအဆင့်ကျင့်ကြံသူများ၏ အာရုံကို ကျိန်းသေပေါက် စွဲဆောင်ပေလိမ့်မည်။ သူတို့သည် သူ့နောက်သို့ အမဲလိုက်တာပင် ဖြစ်နိုင်သေး၏။
“ချိပ်ပိတ်နယ်မြေအစီအရင်ကို ချိုးဖျက်ခဲ့တာကြောင့်အပြင် ထာဆန်ဟာ တိုက်ခိုက်ခံရမှုကြောင့်လည်း ဒဏ်ရာရထားတယ်။ သူ အလွန်ပင်ပန်းနေလောက်ပြီ။ ဒါ့ကြောင့် ခုချိန်မှာ သူ အမဲလိုက်ခံနေရတာ သေချာတယ်လို့ ငါ ယူဆတယ်…”
ဝမ်လင်း၏မျက်လုံးသည် လင်းလက်၏။ သူသည် အလျင်အမြန် တည်နေရာ ရွှေ့ပြောင်းသည်။
ဟင်းလင်းပြင်ကို သူက ဖျပ်ခနဲ သွားလာနေသည်။ ခဏအကြာတွင် ဝမ်လင်းသည် သူ့နောက်လိုက်လာသော ထာဆန်၏ အရိပ်အယောင်ကို ဝမ်လင်း မထောက်လှမ်းမိတော့ပေ။ သူ့ ထင်မြင်ချက်က သေချာသွားပေပြီ။
သို့ရာတွင် သူက ဤအဖြစ်မှာ ယာယီအချိန်တိုသာ ဖြစ်မှန်း နားလည်သည်။ ထာဆန်က ဤနေရာတွင်ပင် နှစ်များစွာ မောက်မာနိုင်နေခြင်း၊ သူ့ခန္ဓာကိုယ်၏ သန်မာမှုတို့ကြောင့် သူ့ကို သတ်နိုင်သောသူမှာ လက်ချိုးရေ၍ပင် ရနိုင်၏။ အလွန်ရှားပေလိမ့်မည်။
သိပ်မကြာခင်တွင် ထာဆန်သည် သူ့နောက်သို့ ထပ်မံ လိုက်လာပေဦးမည်သာ။ ဝမ်လင်းက ထိုအချက်ကို သေချာသိ၏။
သူ့အတွက် အချိန်အများကြီး မရှိပေ။ သူက သူ့အထွတ်အထိပ်သို့ ရောက်ရန် အမြန်ဆုံး လုပ်ဖို့ လိုသည်။ သည်အခိုက်တွင် သူသည် အမြန်ဆုံးနှုန်းဖြင့် ပျံသန်းလျက် ဟင်းလင်းပြင်ကို တဟုန်ထိုး ဖြတ်သန်းနေသည်။
“ထာဆန် ရှုံးနိမ့်သွားမှသာ ငါက လီချန်မေကို တာအိုသခင်အိပ်မက်ပြာရှိ ပို့ပေးနိုင်မှာ။ အစောပိုင်းတုန်းက ငါ ကျင့်ကြံသူရာချီကို ဝါးမြိုခဲ့တုန်းက သူတို့ရဲ့ မှတ်ဉာဏ်တွေကိုလည်း ယူဆောင်ခဲ့တယ်။ တာအိုသခင်အိပ်မက်ပြာဟာ ဒီရှေးဟောင်းကြယ်အဖွဲ့အစည်းရဲ့ သခင်ငါးပါးထဲက တစ်ယောက်ပဲ။ သူက ပိုးသားပြာကလန်ရဲ့ အပြာရောင်တောင်ပေါ်မှာ နေထိုင်တယ်…”
ဝမ်လင်းသည် တည်နေရာရွှေ့ပြောင်းနေစဉ် သူသည် ကြယ်များကြား လှစ်ခနဲလှစ်ခနဲ ဖြတ်သန်းနေ၏။ ခဏအကြာတွင် သူ့မျက်လုံးထဲတွင် အေးစက်မှု ရိပ်ခနဲ ဖြစ်ပေါ်၏။ သူက အကွာအဝေးတစ်ခုရှိ ကျင့်ကြံခြင်းဂြိုဟ်တစ်လုံးကို ထောက်လှမ်းမိသည်။ ထိုနေရာတွင် ရှေးဟောင်းကြယ်အဖွဲ့အစည်းမှ ကျင့်ကြံသူတော်တော်များများ နေထိုင်နေကြသည်။
“ခုချိန်မှာ ငါ စိတ်ပျော့နေလို့ မဖြစ်ဘူး။ ငါဟာ အတွင်းနယ်မြေမှာ မွေးဖွားခဲ့တဲ့သူ။ မကြာခင် အနှေးနဲ့အမြန် ပြင်ပနယ်မြေနဲ့အတွင်းနယ်မြေကြား စစ်ပွဲတစ်ခု စတင်တော့မှာ။ ငါ လူတစ်ယောက် ပိုသတ်လေလေ ပြင်ပနယ်မြေ ပိုအားနည်းလေပဲ။ ဒါက နယ်မြေကြီးနှစ်ခုကြား တိုက်ပွဲပဲ။ မှားတာ၊ မှန်တာ မရှိဘူး…”
ဝမ်လင်းသည် စဉ်းစားနေလျက် သူ့အမြန်နှုန်းကို ပိုမြှင့်၏။ သူ့ခန္ဓာကိုယ်တွင်းမှ တစီစီအသံများ ထွက်ပေါ်လာသည်။ အနက်ရောင်အခိုးအငွေ့များ တဖန် ပဲ့တင်ထပ်လာကာ သူ့ကို ထိုကျင့်ကြံခြင်းဂြိုဟ်ရှိရာသို့ ခေါ်ဆောင်သွားသည်။
သူသည် ဟင်းလင်းပြင်ကို ချိုးဖျက်လာကာ ကျင့်ကြံခြင်းဂြိုဟ် အနီးအနား ရောက်လာ၏။ သူ့ရှေ့ရှိ ထိုကျင့်ကြံခြင်းဂြိုဟ်သည် နက်မှောင်ကာ ရွှံ့နွံ့များဖြင့် ဖုံးအုပ်နေသည်။ ထိုနေရာရှိ စိတ်ဝိညာဉ်စွမ်းအင်များက အလွန်သိပ်သည်း၏။ ထိုနေရာတွင် ကျင့်ကြံသူများသာမက စိတ်ဝိညာဉ်သားရဲများဖြင့်ပါ ပြည့်နှက်နေ၏။ သို့ရာတွင် ထူးဆန်းသည်မှာ ဂြိုဟ်သည် မကျေမနပ်မှုနှင့် ပြည့်ဖုံးနေ၏။ ထိုမကျေမနပ်မှုသည် သိပ်သည်းကာ ကောင်းကင်ယံထိ ထိုးထွက်နေသလား မှတ်ရသည်။
သူ နီးကပ်လာချိန်တွင် ထိုဂြိုဟ်ထံမှ စူးရှရှအသံတစ်ခု ထွက်ပေါ်လာ၏။ ဂြိုဟ်ပတ်လည်ရှိ အစီအရင်သည် အသက်ဝင်လာသည်။ မထင်မှတ်စွာဖြင့် ဝမ်လင်း၏ရောက်ရှိလာမှုကို သူတို့ သိနေကြသည်။
သို့ရာတွင် အစီအရင်၏အသက်ဝင်မှု အမြန်နှုန်းသည် ဝမ်လင်းအဖို့ နှေးလွန်း၏။ ဖျပ်ခနဲပင် သူသည် ပွင့်ဟနေလျက် အစီအရင်ထံ တိုးဝင်သည်။ အနက်ရောင်အခိုးအငွေ့များသည် ရာချီ၊ထောင်ချီ၊သောင်ချီထိ အစိတ်စိတ် ပိုင်းထွက်ကာ ထိုကျင့်ကြံခြင်းဂြိုဟ်အနှံ့ ပျံ့နှံ့သည်။ ၎င်းသည် ရူးသွပ်ဖွယ်ဝါးမြိုခြင်းကို စတင်၏။
ကြောက်လန့်တကြားအော်သံဟစ်သံများ ထိုမကျေမချမ်းမှုနှင့် ပြည့်နေသော ဂြိုဟ်ပေါ်တွင် ပြည့်နှက်သည်။ ကျင့်ကြံသူအားလုံးသည် ထိုအနက်ရောင်မြူများနှင့် ခြုံလွှမ်းခြင်း ခံရသည်။ သူတို့၏အသွေးအသားများ ခြောက်သွေ့ကာ အသက်ဓာတ်အားလုံးနှင့် သွေးများသည် ထိုအနက်ရောင်အခိုးအငွေ့များကြောင့် သွေ့ခြောက်ကပ်ကုန်၏။
ထိုကျင့်ကြံခြင်းဂြိုဟ်ထံမှ အစိမ်းရောင်ဝတ်စုံဖြင့် အဘိုးအိုတစ်ယောက်သည် ပျံသန်းထွက်လာပြီး လှမ်းအော်သည်။ “ဘယ်လိုနတ်ဆိုးကျင့်ကြံသူကများ ငါ့ မိစ္ဆာနဂြိုဟ်ကို ဝါးမြိုပစ်ဖို့ လာရောက်ဝံ့တာလဲ…”
သူ့ဘေးပတ်လည်တွင်လည်း အစိမ်းရောင်ရောင်လျှံစက်ဝန်းတစ်ခု ရှိနေ၏။ ထိုကျင့်ကြံသူအဘိုးအိုမှာ ကောင်းကင်ဘုံဒုက္ခပထမအဆင့်သို့ ရောက်နေပေပြီ။
“အစွမ်းထက်ကျင့်ကြံသူ…”
ဝမ်လင်း၏မျက်လုံးသည် အေးစက်သွား၏။ သူ့လျှာကို သပ်သည်။ ထို့နောက် သူ့ခန္ဓာကိုယ်တစ်ခုလုံးသည် ဂျီနယ်ပယ်လျှပ်စီးအဖြစ် ပြောင်းလဲကာ မြူများကို ချိုးဖျက်၍ အဘိုးအိုထံ တိုးဝင်လာသည်။
ထိုအဘိုးအို၏အမူအရာ ပြောင်းလဲသွားသည်။ သူက ခုခံရန် ပြင်၏။ ထိုစဉ် ရပ်လိုက် ဟူသော အသံ ထွက်ပေါ်လာသည်။
စကားတစ်ခွန်းဖြင့်ပင် အဘိုးအို၏ခန္ဓာကိုယ်မှာ တစ်ခဏတာ ရပ်တန့်သွားသည်။ ထိုရပ်တန့်မှုက သေခြင်းနှင့်ရှင်ခြင်းကို ခွဲခြားပေးလိုက်တော့သည်။ ဝမ်လင်းတစ်ဖြစ်လဲ အနီရောင်လျှပ်စီးက အဘိုးအိုပေါ်သို့ ကျရောက်လာကာ သူသည် ဗလုံးဗထွေးအော်ဟစ်လိုက်ရ၏။ အနက်ရောင်အခိုးအငွေ့များ ထိုအဘိုးအိုကို ခြုံလွှမ်းသွားသည်။
***