အသင်းအဖွဲ့
Vol. 99 Ch. 1362
ထိုကောင်းကင်ဘုံဝါးမြိုခြင်းမန္တာန်သည် ဖျက်စီးရမည့်အရာ အပေါ် တည်မှီကာ အားလုံးကို စုပ်ယူပစ်ခြင်းပင်။ အဘိုးအို၏ခန္ဓာကိုယ်သည် ရုတ်တရက် ပျက်စီးသွား၏။ ထူးဆန်းစွာဖြင့် သူ့အသွေးအသားတို့ကမူ တစစီဖြစ်မသွားဘဲ ပြာဖြစ်သည့်အထိ လောင်ကျွမ်းသွားသည်။
အဘိုးအို၏ ပျက်စီးသွားသော ခန္ဓာကိုယ်မှ အခိုးအငွေ့များ ထွက်ပေါ်လာပြီးနောက် ဝမ်လင်း၏ပုံရိပ် လှစ်ပေါ်လာသည်။ သူ့မျက်နှာသည် နီမြန်းနေ၏။ သို့သော် သူ့မျက်ခုံးနှစ်ခုကြားတွင်မူ ခပ်ရေးရေး အနက်ရောင်လိုင်းတစ်ခု ရှိနေသည်။
သူ ပေါ်လာသည့်နောက် သူသည် မရပ်တန့်ပေ။ သူက ကျင့်ကြံခြင်းဂြိုဟ်ရှိရာ တိုးဝင်သွားသည်။ သူ ဖြတ်ကျော်သွားချိန်တိုင်း သူနှင့် တွေ့ဆုံရသည့် ကျင့်ကြံသူတိုင်းထံ အနက်ရောင်အခိုးအငွေ့များ တရကြမ်း တိုးဝင်သည်။ သူတို့အားလုံးသည် နာကျင်ထိတ်လန့်စွာ အော်ဟစ်ကာ သူတို့၏ခန္ဓာကိုယ်များ သွေ့ခြောက်သွားကြသည်။ သူတို့၏အသွေးအသားများမှာလည်း ဝမ်လင်း၏စုပ်ယူခြင်း ခံရသည်။
ခဏအကြာတွင် ထိုကျင့်ကြံခြင်းဂြိုဟ်ပေါ်ရှိ ကျင့်ကြံသူအားလုံး သေဆုံးကာ မျိုးတုန်းကုန်သည်။ ဝမ်လင်း၏ခန္ဓာကိုယ်သည် ကြောက်မက်ဖွယ်အနက်ရောင်အခိုးငွေ့ဖြင့် ဝန်းရံထားသည်။ သူသည် လေထဲတွင် ပျံဝဲလျက် မြေပြင်ထက်သို့ ကြမ်းတမ်းစွာ လက်ဆန့်ထုတ်သည်။
“ဂြိုဟ်စိတ်ဝိညာဉ် ထုတ်ယူခြင်း…”
ကျင့်ကြံခြင်းဂြိုဟ်တစ်ခုလုံးသည် စတင် တုန်ရီ၏။ ရှေးဟောင်းအော်ရာတစ်ခု စိမ့်ထွက်လာသည်။ ယင်းသည် အိပ်မောကျနေရာကနေ အတင်းလှုပ်နိုးခံလိုက်ရသည့်အလား။
ယင်းကျင့်ကြံခြင်းဂြိုဟ်ထံမှ အဖြူရောင်အခိုးအငွေ့များ ထွက်ပေါ်လာကာ ဝမ်လင်း၏ဘယ်လက်ထံ စုဝေးသည်။ ယင်းအခိုးအငွေ့တို့သည် သူ့လက်ထဲ၌ အခိုးအငွေ့အလုံးအဖြစ် ဖြစ်တည်သည်။
ထိုအလုံးတွင် ၎င်း၏ကိုယ်ပိုင်လောက ပါဝင်နေဟန် ရသည်။
ထိုဂြိုဟ်စိတ်ဝိညာဉ်ကို ကိုင်ဆောင်ထားရင်း ကြောက်မက်ဖွယ်အနက်ရောင်အခိုးငွေ့များ ထွေးခြုံလျက် ဝမ်လင်းသည် သည်ဂြိုဟ်ပေါ်ကနေ ပျောက်ကွယ်သွားတော့သည်။
ကြယ်များကြားတွင် ဝမ်လင်းသည် လောကနှင့်တစ်သားတည်း ပေါင်းစပ်ကာ ရှေ့ဆက်သွားနေသည်။ သူ ဂြိုဟ်တစ်ခုကို ဖြတ်ကျော်သွားတိုင်း အလျင်စလို တိုးဝင်ကာ ကျင့်ကြံသူအားလုံးကို ဝါးမြိုပစ်လေ၏။ ထို့နောက် သူသည် ဂြိုဟ်၏စိတ်ဝိညာဉ်ကို ထုတ်ယူကာ ပြန်ထွက်ခွာသည်။ ခုချိန်တွင် ဝမ်လင်း ပတ်လည်တွင် ဂြိုဟ်စိတ်ဝိညာဉ်ခုနစ်ခု ရှိနေပေပြီ။
သူ ရှေ့သို့ တိုးဝင်သွားနေစဉ် တုန်ဟည်းသံများ ပဲ့တင်ထပ်ကုန်၏။ ရှေးဟောင်းအော်ရာတစ်ခု ကြယ်များကြားတွင် ပြည့်နှက်သည်။
အချိန် ဖြည်းဖြည်းချင်း ကုန်ဆုံးနေစဉ် သူ့မူလစိတ်ဝိညာဉ်ကို ကုသ၏။ ကောင်းကင်ဘုံဖြတ်ပိုင်းခြင်းပုဆိန်ကြောင့် ရရှိခဲ့သော သူ့ရင်ဘက်ပေါ်ရှိ ဒဏ်ရာက သွေးများ စိမ့်ထွက်နေသည်ကလွဲ၍ ကျန်သည့် အဓိကပြဿနာများ မရှိတော့ပေ။
သူ မြောက်များစွာ ဝါးမြိုခဲ့ပြီးနောက် ထိုဒဏ်ရာပင် ပြန်ကောင်းမွန်မည့် အရိပ်အယောင်များ ပြသလာသည်။ သို့ရာတွင် ကောင်းကင်ဘုံဖြတ်ပိုင်းခြင်းပုဆိန်၏ အော်ရာက ပြန်ကောင်းမွန်နှုန်းကို နှေးကွေးစေသည်။
“ငါ ဒီအော်ရာကို အတင်းအကြပ် မထုတ်ပယ်နိုင်ရင် ဒီဒဏ်ရာ ပြန်ကောင်းမွန်ဖို့ အချိန်အတော် ကြာလိမ့်မယ်…”
ဝမ်လင်းသည် သူ့ရှေ့ရှိ တောက်ပသောကြယ်အဖွဲ့အစည်းကို ကြည့်နေလျက် သူ့မျက်လုံးသည် အေးစက်လာသည်။
“သာမန်ကျင့်ကြံသူတွေရဲ့ အသွေးအသားကို စုပ်ယူတာဟာ ဒီအော်ရာကို အတင်းထုတ်ပယ်ပစ်ဖို့အတွက် မလုံလောက်ဘူး။ ငါက ရှေးဟောင်းနတ်ဘုရားစွမ်းအားကို စုပ်ယူမှ ဖြစ်မယ်။ ဒီရှေးဟောင်းကြယ်အဖွဲ့အစည်းမှာ ရှေးဟောင်းနတ်ဘုရားစွမ်းအား ရှိတဲ့ နေရာဆိုလို့ တစ်နေရာပဲ ငါ သိထားတယ်…”
“ဒီနေရာက ကျေးကျွန်လကလန်ပဲ…” ဝမ်လင်း၏မျက်လုံးသည် အေးစက်သွား၏။ သူက အေးစက်စက်နှာခေါင်းရှုံ့လိုက်သည်။ သူ ခြေတစ်လှမ်းလှမ်းကာ လောကနှင့် တစ်သားတည်း ပေါင်းစပ်၍ သူ့မှတ်ဉာဏ်ထဲရှိ လကလန်၏ တည်နေရာထံ အလျင်အမြန် တရကြမ်း ဦးတည်တော့သည်။
လကလန်တွင် နှစ်ပေါင်းမရေမတွက်နိုင်အောင် နေထိုင်ခဲ့သော မွန်းစတားအိုကြီးများ အပါအဝင် အစွမ်းထက်ကျင့်ကြံသူများစွာ ရှိ၏။ ယင်းကလန်မှာ နဂါးများ၊ကျားများ နေထိုင်ခိုအောင်းရာနေရာပင်။ အန္တရာယ် ပြည့်နှက်သည်။ သို့ရာတွင် ဝမ်လင်းထံတွင် အခြားအကြံအစည်များ ရှိထားပေသည်။ သူသည် သည်နှစ်များအတွင်း လကလန်သည် ထာဆန်၏ဖျက်ခြင်းခြင်း မခံခဲ့ရသည်ကို သိထား၏။
“ထာဆန်က ငါ့နောက် လိုက်လာမှုကို ရပ်တန့်မှာ မဟုတ်မှတော့ ငါ သူ့ကို လကလန်ရှိ မျှားခေါ်သွားမယ်။ သူတို့ ဘယ်လို ခုခံကြမလဲ ငါ မြင်ချင်မိသေးတယ်…”
ဝမ်လင်းသည် လောကနှင့်တစ်သားတည်း ပေါင်းစပ်ကာ ပျောက်ကွယ်သွားလေ၏။
လကလန်သည် အခု ဝမ်လင်းရှိနေသောနေရာနှင့်ဆို အလွန်ဝေးကွာသေးသည်။ သူသည် အရင်က ထိုနေရာသို့ လုံးဝ မရောက်ဖူးခဲ့ပေ။ သူက ခုနစ်ရောင်စုံနယ်မြေတွင် လကလန်ဝင်တစ်ယောက်ကို စိတ်ဝိညာဉ် ရှာဖွေခဲ့ချိန်က သိထားခဲ့သော ဦးတည်ရာတစ်ခုသာ ရှိသည်။ သူက ဟင်းလင်းပြင်ကွေးညွတ်ခြင်းသည် မလုံလောက်မှန်း နားလည်၏။ ထို့ကြောင့် သူသည် ယင်းသို့ ကွေးညွတ်မှုကို အကြိမ်များစွာ လုပ်ရပေမည်။
သူ တရကြမ်း သွားနေစဉ် သူ့အဖို့ ဒီရှေးဟောင်းကြယ်အဖွဲ့အစည်းကို ကြည့်ဖို့ပင် အချိန်မရပေ။ ပြင်ပနယ်မြေသည် အတွင်းနယ်မြေနှင့် အလွန်ကွာခြား၏။ အတွင်းနယ်မြေသည် မည်မျှ တောက်ပသည် ဖြစ်စေ အမြဲတမ်းလိုလို အုံ့ဆိုင်းဆိုင်းအာရုံသက်ဝင်မှုတစ်ခု ရှိနေသည့်အလား။ ယင်းသည် လှောင်ချိုင့်တစ်ခုအတွင်း၌ ရှိနေသလိုပင်။
ပြင်ပနယ်မြေသို့ ရောက်မလာခဲ့ဖူးပါက လူတစ်ယောက်သည် ထိုအချက်ကို ဘယ်တော့မှ သတိပြုမိလိမ့်မည် မဟုတ်ပေ။
ပြင်ပနယ်မြေမှ ကျင့်ကြံသူများအတွက်ကတော့ အတွင်းနယ်မြေသည် သူတို့ လောဘတကြီး လိုချင်သောအရာ ရှိနေသည့် လှောင်ချိုင့်တစ်ခုဟုသာ မြင်၏။ ချိပ်ပိတ်နယ်မြေအစီအရင်ဖြင့် ပြင်ပနယ်မြေမှ ကျင့်ကြံသူများသည် အတွင်းနယ်မြေကို အကြံအစည်တစ်ခုပြီးတစ်ခု ချမှတ်စီစဉ်နေခဲ့၏။
ခုနစ်ရောင်စုံတာအိုသစ်သီး ဖြစ်စေ၊ သို့မဟုတ် ပျက်စီးသွားသော ကောင်းကင်ဘုံနယ်မြေများဖြစ်စေ၊သို့မဟုတ် သစ္စာဖောက်မည့်အစီအစဉ်များကိုဖြစ်စေ၊ ထိုအရာများကို စီစဉ်ထားခဲ့ခြင်းကြောင့် အတွင်းနယ်မြေသည် အတော်လေး အားနည်းခဲ့ရ၏။
အတွင်းနယ်မြေ(ဝါ) ချိပ်ပိတ်နယ်မြေမှ ကျင့်ကြံသူများအဖို့ ချိပ်ပိတ်နယ်မြေအစီအရင်ကနေ ထွက်လာနိုင်ရန်မှာ အလွန်တရာ ခက်ခဲလှသည်။ သို့သော် ပြင်ပနယ်မြေမှ ကျင့်ကြံသူများ ဝင်ရောက်လာဖို့အတွက်မူ မခက်ခဲလှပေ။ အုပ်စိုးသူ ဖြစ်စေ၊ ချင်းလင်နှင့် တိုက်ခိုက်ခဲ့သော ရှေးဟောင်းနတ်ဆိုးနှင့်ရှေးဟောင်းမိစ္ဆာတို့ဖြစ်စေ သူတို့သည် ချိပ်ပိတ်နယ်မြေအစီအရင်အတွင်းသို့ ဘာပြဿနာမှ မရှိဘဲ ဝင်လာနိုင်စွမ်း ရှိကြ၏။ ယင်းမှာ ရှေးဟောင်းကောင်းကင်ဘုံနယ်မြေက သူတို့ကို ပေးအပ်ထားသော အခွင့်အရေးပင်။
ဝမ်လင်းသည် ထိုအကြောင်းအရာများအားလုံးကို ချိပ်ပိတ်နယ်မြေအရှင်သခင်ထံမှ ကြားခဲ့ဖူးပြီး ဖြစ်သည်။ သူသည် အတွင်းနယ်မြေအတွင်းရှိ သက်ရှိများ၏ တာအိုဆန္ဒစုပ်ယူမှုအပြင် ချိပ်ပိတ်နယ်မြေအစီအရင်ကလည်း မူလစွမ်းအင်များကို စုပ်ယူသည်ကို တွေ့ရှိခဲ့သည်။
အတွင်းနယ်မြေ၏ မူလစွမ်းအင်များသည် အတောမသပ်ဟု ခံစားရနိုင်၏။ သို့သော် အမှန်တော့ နှစ်ကာလ၊ခေတ်ကာလ ကြာလာသည်နှင့်အမျှ အားနည်းလာနေခြင်းသာ။ သို့ပေမည့် ပြင်ပနယ်မြေကမူ မူလစွမ်းအင် အတော်မသပ်အောင်၊ အကန့်အသတ်မဲ့နေပေ၏။
ဝမ်လင်းကို တုန်လှုပ်မိစေဆုံးမှာ အစီအရင်သည် မူလစွမ်းအင်ကို စုပ်ယူသည်သာမက အတွင်းနယ်မြေတွင် တတိယအဆင့်ကျင့်ကြံသူ နည်းပါးလွန်းရသည့် အကြောင်းရင်းတစ်ခုလည်း ရှိနေခြင်းပင်။ မရေမတွက်နိုင်သော နှစ်ပေါင်းများစွာအတွင်း သူတို့၏ကိုယ်ပိုင် အနှစ်သာရများကို ဖြစ်ပေါ်စေနိုင်ခဲ့သော ပါရမီရှင်များရှိ၍ တတိယအဆင့်သို့ ရောက်ဖို့အတွက် ထိုအနှစ်သာရများ ပြီးပြည့်စုံရန် လိုအပ်သည်။ သို့ပေမည့် ဒီချိပ်ပိတ်နယ်မြေအစီအရင်ကြောင့် သူတို့၏အနှစ်သာရများသည် ဘယ်တော့မှ မပြီးပြည့်စုံခဲ့ကြ။ သူတို့သည် အချိန်ကုန်လာရင်း သေဆုံးရန်သာ ရှိခဲ့၏။
ထိုသို့ဖြစ်ရခြင်းမှာ တတိယအဆင့်ကျင့်ကြံသူတစ်ယောက်ဖြစ်လာရန်အတွက် အရေးကြီးဆုံးအစိတ်အပိုင်း ဖြစ်သော အပူဇော်ခံမီးတောက် ကင်းမဲ့ခြင်းကြောင့်တည်း။ တတိယအဆင့်သို့ ရောက်လာနိုင်သော ကျင့်ကြံသူများသည်ပင် ချိပ်ပိတ်နယ်မြေအစီအရင်ကြောင့် တနေရာရာတွင် ခိုအောင်းရ၏။ ထိုသို့မှသာ သူတို့၏အနှစ်သာရများ ပျောက်ကွယ်ခြင်းကနေ ဟန့်တားနိုင်သည်။
ချိပ်ပိတ်နယ်မြေအစီအရင်ကြောင့် ဒီအတွင်းနယ်မြေ၌ အပူဇော်ခံမီးတောက် အမျှင်တန်းတစ်ခုတစ်လေပင် ရှိမနေပေ။ တချို့က ကိုယ့်ဟာကိုယ် ဖန်တီးကြလျှင်ပင် အစီအရင်၏ ဖျက်စီးပစ်တာ ခံရသည်။
အပူဇော်ခံမီးတောက်ကို ရရှိနိုင်အောင် သူတို့၏ အနှစ်သာရများ ကြီးထွားနိုင်အောင် နည်းလမ်းတစ်ခုမှာ ပြင်ပနယ်မြေသို့ ဦးတည်သွားချင်သွား သို့တည်းမဟုတ် ပြင်ပနယ်မြေအတွက် သူလျှို တစ်ယောက် ဖြစ်လာခြင်းပင်။ ဥပမာ တာအိုပညာရှင်ရေကဲ့သို့ ဖြစ်၏။
နိဗ္ဗာနလေဟာနယ်၊ စိတ်ဝိညာဉ်လေဟာနယ်၊ ဆန်းကြယ်လေဟာနယ်၊ လေဟာနယ်ဒုက္ခ အဆင့်တို့သည် တတိယအဆင့်ကျင့်ကြံခြင်းဟာ မဟာအဆင့်များ ဖြစ်ကြ၏။ နိဗ္ဗာနလေဟာနယ်အဆင့်သည် မဆိုးလှပါ။ သို့သော် ၎င်းအဆင့်သည် စိတ်ဝိညာဉ်လေဟာနယ်အဆင့်သို့ အခြေခံဖြစ်သည်ဟုတော့ ယတိပြတ် ပြော၍ မရပေ။
ချိပ်ပိတ်နယ်မြေ၏ အရှင်သခင် ဆင်းသက်လာခဲ့ချိန်တုန်းက သူ အရင်ဆုံး ဖြေရှင်းခဲ့ရသော ပြဿနာမှာ အပူဇော်ခံမီးတောက် ဖြစ်ခဲ့၏။ သူက ကောင်းကင်ဘုံနယ်မြေလေးခုကို အစွမ်းထက် ရတနာတစ်ခုအဖြစ် စုစည်းကာ ချိပ်ပိတ်နယ်မြေအစီအရင်၏ စုပ်ယူမှုကို တန်ပြန်ဟန့်တားနိုင်ရန် အသုံးပြုခဲ့သည်။
ချိပ်ပိတ်နယ်မြေအရှင်သခင်သည် အစွမ်းထက်မန္တာန်များနှင့် ထူးကဲသောဉာဏ်ပညာကို ပိုင်ဆိုင်ထားသူပင်။ သူ့အကူအညီကြောင့် အရာရာသည် လမ်းမှန်သို့ သွားနေခဲ့သည်။ ကောင်းကင်ဘုံနယ်မြေလေးခုကို အသုံးချကာ သူက ချိပ်ပိတ်နယ်မြေ၏ အပူဇော်ခံမီးတောက်ကို စုပ်ယူခြင်းကို ရပ်တန့်နိုင်ခဲ့သည်။
သို့ရာတွင် ထိုအရာများအားလုံးသည် ပျက်စီးခဲ့ရ၏။ ပြင်ပနယ်မြေသည် အတွင်းနယ်မြေ ထိုကဲ့သို့ ဖြစ်လာစေရန် မည်သို့ ခွင့်ပြုပါ့မည်နည်း။ ကပ်ဘေးမတိုင်ခင် ချိပ်ပိတ်နယ်မြေအရှင်သခင်သည် သူ့တာအိုကျေးကျွန် တာအိုပညာရှင်ရေ၏ အလစ်လုပ်ကြံခြင်းကို ခံခဲ့ရသည်။ ထို့နောက် သူသည် အုပ်စိုးသူနှင့် ပြင်ပနယ်မြေမှ အခြားသခင်များ၊ သစ္စာဖောက်အချို့ကြောင့် ဒဏ်ရာ အပြင်းအထန် ရရှိခဲ့သည်။သူ သေလုမြောပါး ဖြစ်ခဲ့ရ၏။ ထိုနည်းတူ ချိပ်ပိတ်နယ်မြေ (ဝါ) အတွင်းနယ်မြေ၏ ကောင်းကင်ဘုံအင်ပါယာပေဖန်လည်း ရူးသွပ်သွားခဲ့ကာ ကောင်းကင်ထက်သို့ လက်ညှိုးထိုးပြခဲ့သည်။ အုပ်စိုးသူ၏ သမီးကြောင့် ကောင်းကင်ဘုံအင်ပါယာချင်းလင်၏ နှလုံးသားမှာ ကြေမွခဲ့ရ၏။ ထို့နောက် သူသည် ရှေးဟောင်းနတ်ဆိုး၊ရှေးဟောင်းမိစ္ဆာတို့၏ လိုက်လံတိုက်ခိုက်ခြင်း ခံခဲ့ရသည်။
တိမ်ကောင်းကင်ဘုံနယ်မြေနှင့် လျှပ်စီးကောင်းကင်ဘုံနယ်မြေတို့မှာလည်း ထိုနည်းတူ ကံကြမ္မာများ ကြုံခဲ့ရ၏။
အရာအားလုံး အလုံးစုံ ဖျက်စီးခံခဲ့ရ၏။ ထို့အတွက် အတွင်းနယ်မြေမှ ကျင့်ကြံသူများသည် လှောင့်ချိုင့်ထဲတွင် တစ်သက်လုံး တစ်ဆို့နေခဲ့ရကာ ဘယ်တော့မှ အစစ်အမှန်လောကကို မပိုင်ဆိုင်ခဲ့ရပေ။
သူတို့သည် ဤလှောင့်ချိုင့်ကို ချိုးဖျက်နိုင်ရန် ချိပ်ပိတ်နယ်မြေအစီအရင်ကို တစ်ကြိမ်ပြီးတစ်ကြိမ် ဆန့်ကျင်တိုးဝင်ခဲ့ကြသည်။
ပြင်ပနယ်မြေသည် ဘယ်တုန်းကမှ အတွင်းနယ်မြေ၏ လောက်လောက်လားလား ကျူးကျော်လာမှုကို မခံခဲ့ရဖူးပေ။ သူတို့သည်သာ အတွင်းနယ်မြေကို အားနည်းသည်ထက်အားနည်းသွားအောင် ဆက်တိုက် လုပ်နိုင်ခဲ့ကြသည်။
သူတို့သည် အစီအရင်ကို ချိုးဖျက်ကာ အတွင်းနယ်မြေကို ဖျက်စီးရန် ကြံခဲ့ကြ၏။ ထို့နောက် သူတို့သည် ကောင်းကင်ဘုံဂိတ်တံခါးကို ရှာကာ အတွင်းနယ်မြေ၏ ရှေးဟောင်းကောင်းကင်ဘုံနယ်မြေဆီ ဦးတည် ကြပေလိမ့်မည်။
ထိုနေ့သည် သိပ်မဝေးတော့ပေ။ အလွန် နီးကပ်လာနေပြီ ဖြစ်သည်။
နှစ်ပေါင်းမရေမတွက်နိုင်အောင် နည်းမျိုးစုံဖြင့် တိုက်ခိုက်ခံခဲ့ရသည့်နောက် အတွင်းနယ်မြေသည် အားအနည်းဆုံးအခြေအနေသို့ ရောက်ရှိလာခဲ့ပေပြီ။ ပြင်ပနယ်မြေမှလူများ ရောက်လာမည့်နေ့ကို စောင့်နေရခြင်းသာ။
ထိုအကြောင်းရင်းများကြောင့် ချိပ်ပိတ်နယ်မြေ၏အရှင်သခင်က ဝမ်လင်းကို အိပ်မက်နယ်ပယ်အတွင်း စေလွှတ်ကာ ပြင်ပနယ်မြေသို့ ဝင်ရောက်နိုင်ရန် သူ့ကို ကူညီပေးခဲ့ခြင်းပင်။ ထို့နောက် ဝမ်လင်းသည် လုံလောက်သော အပူဇော်ခံမီးတောက်ကို ရရှိလာနိုင်ပြီး တတိယအဆင့်သို့ တက်လှမ်းနိုင်ပေလိမ့်မည်။
ချိပ်ပိတ်နယ်မြေ၏ အရှင်သခင်သည် ဝမ်လင်း၏ခန္ဓာကိုယ်ထဲရှိ အနှစ်သာရငါးခုကို တွေ့မြင်ခဲ့ပေသည်။ သူက ပုံမှန်အတိုင်းသာ ရှိသည်ဟု ထင်ရသော်လည်း အမှန်တော့ အတော်လေး တုန်လှုပ်ခဲ့ရသည်။ သို့သော် သူက ထိုအကြောင်းကို မပြောခဲ့ပေ။ ထိုအနှစ်သာရငါးခုကြောင့်လည်း သူက ဝမ်လင်းကို သူ့အမွေဆက်ခံသူ ဖြစ်လာရန် ဆုံးဖြတ်ခဲ့ခြင်းပင်။ ပြင်ပနယ်မြေကို ရင်ဆိုင်ရန် အတွင်းနယ်မြေအတွက် ပို၍ဆိုပါက ပြင်ပနယ်မြေအထိ ကျူးကျော်သတ်ဖြတ်နိုင်ရန် လမ်းဖောက်ဖို့အတွက်ပင်။
သူက သူ့နောက်ဆုံးလက်ကျန် စွမ်းအားဖြင့် ချိပ်ပိတ်နယ်မြေအစီအရင်နှင့် ပေါင်းစပ်ရန်ပါ ရွေးချယ်ခဲ့သည်။ ထိုမှသာ ချိပ်ပိတ်နယ်မြေအစီအရင်ကို အတွင်းနယ်မြေက ပိုင်ဆိုင်နိုင်ပေမည်။ အတွင်းနယ်မြေအဖို့ ကြိုတင်ပြင်ဆင်နိုင်ရန် အချိန်ရလာသည့်အတွက် ပြင်ပနယ်မြေမှ ကျူးကျော်မှုကို တားဆီးထားနိုင်ပေမည်။ အတွင်းနယ်မြေ အဆင်သင့် ပြန်ဖြစ်လာချိန်မှ ၎င်းအစီအရင်သည် ပွင့်လှစ်ပေမည်။
သူ အောင်မြင်သည် ဖြစ်စေ၊ မအောင်မြင်သည် ဖြစ်စေ ဝမ်လင်းသည် သူ့ကို လေးစားပေ၏။
“ဒီနေရာဟာ ငါ့ကို မပိုင်ဆိုင်ဘူး။ ငါဟာ အတွင်းနယ်မြေက လာခဲ့တဲ့သူပဲ…”
ပြင်ပနယ်မြေ(ဝါ) ဒီရှေးဟောင်းကြယ်အဖွဲ့အစည်းကနေ သူ့အကြည့်ကို ပြန်ရုတ်သိမ်းလိုက်၏။ ဝမ်လင်း၏အကြည့်က ပို၍ ပြတ်သားလာခဲ့သည်။
သူက ရှေ့သို့ ခြေလှမ်းကာ လောကနှင့်တစ်သားတည်း ပေါင်းစပ်ရန် ဟန်ပြင်လိုက်၏။ သို့သော် သူက နောက်သို့ ရုတ်တရက် ပြန်လှည့်ကြည့်လိုက်သည်။ သူ့မျက်လုံးသည် တောက်ပသွားပြီး သူသည် ကြယ်ရောင်စုံကောင်းကင်အတွင်း ပျောက်ကွယ်သွားတော့၏။
သူ ပျောက်ကွယ်သွားသည်နှင့် တုန်ဟည်းသံများ ပဲ့တင်ထပ်ကာ ဧရာမဟင်းလင်းပြင်အက်ကြောင်းတစ်ခု ပွင့်ထွက်လာသည်။ ထာဆန်သည် ထိုအက်ကြောင်းအတွင်းမှ ထိုးထွက်လာသည်။ သူ့မျက်လုံးတို့မှာ နီရဲနေ၏။
အလင်းတန်းသုံးခုသည် သူ့နောက် လိုက်လာသည်။ ရှေးဟောင်းကြယ်အဖွဲ့အစည်းမှ တတိယအဆင့်ကျင့်ကြံသူ သုံးယောက်က သူ့နောက်သို့ နီးကပ်စွာ လိုက်လာကြခြင်းပင်။
ထာဆန်၏ ဟိန်းအော်သံများသည် ကြယ်များကြား ဟိန်းထွက်ကာ ပဲ့တင်ထပ်နေ၏။ တတိယအဆင့်ကျင့်ကြံသူ သုံးယောက်ကြောင့် သူက ပို၍ ဒေါသပုန်ထလာသည်။ စိတ်ဝိညာဉ်လေဟာနယ်အဆင့် ကျင့်ကြံသူကြောင့်သာ မဟုတ်ပါက သူသည် ပြေးလိမ့်မည် မဟုတ်ပေ။ သူက စိတ်ဝိညာဉ်လေဟာနယ်အဆင့်ကျင့်ကြံသူအကြောင်း တွေးမိတိုင်း ထာဆန်သည် ဒေါသအမျက်ခြောင်းခြောင်း ထွက်မိ၏။
သူက အဆင်အခြင်မဲ့သော်လည်း စဉ်းစားတတ်မှုတော့ ရှိနေဆဲသာ။ ထိုသုံးယောက် အခုလို သူ့နောက်ကို လိုက်လံနေခြင်းသည် သူတို့၏ ကိုယ်ပိုင်ရည်ရွယ်ချက် ရှိရပေမည်။ သို့ပေမည့် သူက အရှိန်မြင့်ကာ ဝမ်လင်းကို ဝါးမြိုပစ်ခါနီးတိုင်း သူတို့သုံးယောက်သည် သူ့ကို ထပ်မံ ဝန်းရံပစ်နေ၏။ ထိုအဖြစ်က ထာဆန်၏ ဒေါသကို အထွတ်အထိပ်သို့ ရောက်စေသည်။
“ငါ ဒီသုံးယောက်ကို မောင်းမထုတ်နိုင်ရင် ဝမ်လင်းကို ဝါးမြိုပစ်နိုင်မယ့် အခွင့်အရေး ရတော့မှာ မဟုတ်ဘူး…”
ထာဆန်သည် အက်ကွဲကြောင်းအတွင်းမှ ထွက်လာသည့်နောက် သူ့မျက်လုံးထံမှ ကြောက်မက်ဖွယ် အေးစက်စက်အလင်းတစ်ခု ထုတ်လွှတ်လာ၏။ သူက ဝမ်လင်း ပျောက်ကွယ်သွားသော နေရာကို ကြည့်လိုက်ပြီးနောက် ရုတ်တရက် နောက်လှည့်လိုက်သည်။ သူ့ခန္ဓာကိုယ်သည် အဆများစွာ ပိုချဲ့ကားထွက်လာ၏။
“မင်းတို့သုံးယောက် ငါ့နောက် လိုက်နေတာ ဆယ်နှစ်ရှိပြီ။ မင်းတို့က ငါ ခြေကုန်လက်ပန်းကျသွားမယ့် အချိန်ကို စောင့်နေကြတာမလား။ ဒီတော့ ဒီနတ်ဘုရားက မင်းတို့ကို အခွင့်အရေးတစ်ခု ပေးလိုက်မယ်…”
ထာဆန်၏ ဟိန်းအော်သံသည် မြေကမ္ဘာအက်ကွဲစေလောက်၏။ ယင်းအသံသည် ဟင်းလင်းပြင်ကိုပါ တုန်ခါသွားစေသည်။ သူက နောက်လှည့်ကာ သူ့နောက်လိုက်လာသော သုံးယောက်ထံ တန်းတန်းမတ်မတ် ဝင်ရောက်လာတော့သည်။
***