ပြဠာန်းထားသောတိုက်ပွဲ (၃)
Vol. 99 Ch. 1365
“ထူစီ တကယ်သေသွားပြီလို့ သင် ထင်နေတာလား…” ထိုစကားလုံးများသည် မိုးခြိမ်းသံအလား ကောင်းကင်တစ်ခွင့် လှိုင်တက်၏။ ယင်းစကားလုံးများ ထာဆန်၏စိတ်ထဲ ဝင်ရောက်လာကာ သူ့အားနည်းချက်ကို ထိမှန်သည်။
ထာဆန်သည် အလွန်မောက်မာ၏။ သူက ကောင်းကင်နှင့်မြေကြီးကိုပင် မကြောက်လန့်ပေ။ သို့ရာတွင် သူ အကြောက်ဆုံး လူတစ်ယောက် ရှိသည်ဆိုလျှင် ထိုသူမှာ ထူစီပင်။
သူက ထူစီ၏နှလုံးတွင်း မိစ္ဆာမှ မွေးဖွားလာခဲ့သူ မဟုတ်လား။ သူက ထူစီကို အမြဲတမ်း အသွေးအသားထဲကကို ကြောက်သည်။ သူက နှစ်ပေါင်းများစွာလာသည့်အထိ ထူစီ၏ခန္ဓာကိုယ်ကို ထိန်းချုပ်ထားနိုင်ခဲ့သော်လည်း သူ့ထံ၌ ဖော်ပြရန်ခက်သော ထင်မြင်ချက်တစ်ခု ရှိနေခဲ့ပေ၏။
“ထူစီ သေသွားပြီလား…ဒါမှမဟုတ် မသေသေးဘူးလား…”
သူ မသေချာပေ။ စီးဆင်းသောမင်အသွင်ပြောင်းခြင်းနတ်နည်းစနစ်ကြောင့် ထူစီသေဆုံးသွားခဲ့ပြီဟူသော အချက်ကို မီးမောင်းထိုးပြနေခဲ့သည်တောင်မှ သူသည် ထိုအကြောင်းကို တွေးပင် မတွေးဝံ့ပေ။
“သင် ငါ့ကို ဝါးမြိုချင်ရင် သင် ကြိုးစားကြည့်နိုင်တယ်။ ငါ ဝမ်လင်း သေသွားတာနဲ့ ထူစီလည်း နိုးထလာလိမ့်မယ်။ အဲ့ကျရင် သင်လည်း အမြစ်ဖြုတ်ခံရမှာပဲ…”
ဝမ်လင်း၏အသံသည် လောကတွင် ပဲ့တင်ထပ်သည်။
ထာဆန်၏စိတ်မှာ တုန်ရီနေ၏။ ကြယ်ခြောက်လုံးလှည့်ပတ်နေရာကနေ ရပ်တန့်သွားသည်။ ဖြစ်တောင့်ဖြစ်ခဲ တွေဝေမှုနှင့် တုန်လှုပ်မှု သူ့မျက်လုံးထဲတွင် ပေါ်လာသည်။
သူ့ စိတ်သည် ဗရမ်းဗတာ ဖြစ်နေ၏။ ထိုစဉ် တုန်လှုပ်ဖွယ်ပြောင်းလဲမှုတစ်ခု သည်လကလန်နယ်မြေတွင် ဖြစ်ပွားလာလေသည်။
ပြိုပျက်သွားခဲ့သော လရောင်များထံမှ တဝီဝီအသံများ ထွက်ပေါ်လာပြီး အစွမ်းထက်အော်ရာတစ်ခု မုန်တိုင်းတစ်ခုအလား အဘက်ဘက်မှ ရောက်ရှိလာသည်။ ထိုအသံသည် ဤလကလန်နယ်မြေတစ်ခွင်တွင် ပဲ့တင်ထပ်သည်။
“နတ်ဘုရားချိပ်ပိတ်ခြင်းအစီအရင်…ဖွင့်လှစ်ကြ…” ရူးသွပ်စိတ်လှုပ်ရှားမှုနှင့် ပြည့်နေသော ရှေးဟောင်းအသံတစ်ခု ထွက်ပေါ်လာသည်။ ထိုအသံထဲတွင် ကြောက်လန့်မှုလည်း ပါဝင်နေ၏။
သူ့အသံ ပဲ့တင်ထပ်လာနေရင်း ငြိမ်သက်နေသော လကလန်တွင် အရိပ်များ ပေါ်လာသည်။ ထိုသူများထဲတွင် ယောက်ျား၊မိန်းမ အကုန်ပါ၏။ သူတို့အားလုံး၏မျက်ခုံးနှစ်ခုကြားတွင် လခြမ်းကွေးအမှတ်အသား ရှိနေသည်။
သူတို့သည် အရေအတွက် များလှ၏။ တစ်သောင်းထက် နည်းလိမ့်မည် မဟုတ်ပေ။ ခုချိန်တွင် သူတို့သည် ပတ်ဝန်းကျင်အနှံ့တွင် ပြည့်နေသည်။ သူတို့တစ်ယောက်ချင်းစီသည် နတ်ဘုရားချိပ်ပိတ်ခြင်းအစီအရင်ကို ပုံဖော်ရန် ဆိုင်ရာ တည်နေရာများတွင် နေရာယူထားကြသည်။
နတ်ဘုရားချိပ်ပိတ်ခြင်းအစီအရင်သည် နတ်ဘုရားများ၊ ရှေးဟောင်းနတ်ဘုရားများကို ချိပ်ပိတ်ရန် ဖြစ်၏။
ထိုများပြားလှသောကျင့်ကြံသူများအပြင် ဧရာမအစီအရင်အတွက် ကျင့်ကြံခြင်းဂြိုဟ်များကိုပါ နေရာချထားသည်။ အဘိုးအို ထိုသို့ အော်ဟစ်လိုက်ချိန်တွင် လောကတစ်ခုလုံးမှာ ရုတ်တရက် ပြောင်းလဲသွား၏။
လေဟာနယ်အာကာပြင်ဟူ၍ မရှိတော့။ လရောင်ကသာ အစားဝင်ရောက်သည်။ လောကသည် အဆုံးမဲ့လအရောင်များ၏ အစားထိုးခြင်း ခံလိုက်ရသည်။
ကောင်းကင်ထက်တွင် ဧရာမလခြမ်းကွေးတစ်ခု ပေါ်လာ၏။ ယင်းထံမှ အဆုံးမဲ့လအလင်းများ ထွက်ပေါ်ကာ အရာအားလုံးကို ထွေးခြုံထားသည်။
လကလန်၏အဘိုးအိုတစ်ယောက်စီသည် သည်ကြယ်နယ်မြေ၏ ကျင့်ကြံခြင်းဂြိုဟ်ရာချီပေါ်တွင် ရှိနေကြ၏။ သူတို့တစ်ယောက်ချင်းစီသည် သူတို့၏စွမ်းအားကို အပြည့်အဝ အသက်သွင်းကာ လအလင်းကို အထွတ်အထိပ် ရောက်စေ၏။
လကလန်အတွက်မူ သေဆုံးသွားပြီးသော ရှေးဟောင်းနတ်ဘုရားများသည် သက်ရှိ ရှေးဟောင်းနတ်ဘုရားတစ်ပါးနှင့် ယှဉ်နိုင်လိမ့်မည် မဟုတ်ပေ။ သည်သက်ရှိနတ်ဘုရားက သူတို့ကို တုန်လှုပ်စွာ စွဲညှို့၏။
သူတို့သာ သက်ရှိတော်ဝင်ရှေးဟောင်းနတ်ဘုရားတစ်ပါးကို သူတို့၏ ကျေးကျွန်အဖြစ် ချိပ်ပိတ်နိုင်ခဲ့ပါက ထိုအချက်ကို တွေးကြည့်ရုံဖြင့်ပင် လကလန်ဝင်များ၏ မူလစိတ်ဝိညာဉ်မှာ စိတ်လှုပ်ရှားမှုကြောင့် လှုပ်ခါမိလေ၏။
သူတို့သာ အောင်မြင်သည်နှင့် လကလန်သည် ထပ်မံ မြင့်တက်နိုင်ပေမည်။
သည်နေ့အတွက် လကလန်သည် နှစ်ပေါင်းမရေမတွက်နိုင်အောင် ကြိုပြင်ဆင်ထားခဲ့၏။ ထိုမှသာ သည်လိုနေ့ကျလျှင် သူတို့သည် သက်ရှိရှေးဟောင်းနတ်ဘုရားတစ်ပါးကို ချိပ်ပိတ်နိုင်ပေမည်။
လွန်ခဲ့သောနှစ်အချို့က ထာဆန် ရောက်ရှိလာချိန်တွင် သူတို့သည် ကြောက်ရွှံ့မှု ခံစားနေလျက်ကပင် တစ်ချိန်တည်းမှာလည်း စိတ်လှုပ်ရှားမိကြ၏။ သူတို့သည် သူတို့ဘိုးဘေး ချန်ရစ်ထားခဲ့သော အစီအရင်ကို ပြင်ဆင်ကာ ထာဆန် ရောက်လာမည်ကို စောင့်နေခဲ့ကြသည်။
အစတုန်းက သူတို့၏နားလည်ထားမှုအရ ရှေးဟောင်းနတ်ဘုရား ထာဆန်သည် လကလန်ကို လာရောက်ရှာဖွေမည်ဟု ကျိန်းသေနေခဲ့သည်။ သို့ရာတွင် သူတို့သည် ဆယ်နှစ်ကျော် စောင့်နေခဲ့ရပြီး ထာဆန် ရောက်မလာခဲ့ပေ။
လကလန်သည် ဆက်လက် စောင့်နေရင်း ထာဆန်သည် ဝမ်လင်း၏ ဖျားယောင်းမှုကြောင့် နောက်ဆုံးတွင် ရောက်ရှိလာခဲ့ပေပြီ။
လကလန်တစ်ခုလုံးကို သာ၍ စိတ်လှုပ်ရှားစေသည်က အခုရောက်လာသည်မှာ တော်ဝင်ရှေးဟောင်းနတ်ဘုရားတစ်ယောက်ထဲ မဟုတ်ဘဲ နှစ်ယောက် ဖြစ်နေခြင်းပင်။
အစီအရင်အသက်ဝင်လာခဲ့ကာ လောကသည် လရောင်နှင့် ပြည့်ဖုံးသည်။ ထိုလရောင်လောကသည် လကလန်ဘိုးဘေး ရှေးဟောင်းနတ်ဘုရားများကို ချိပ်ပိတ်နိုင်ရန် ဖန်တီးခဲ့သော ဟင်းလင်းပြင်တည်း။ အတွင်း၌ ပိတ်မိသည်နှင့် လွတ်မြောက်ရန် ခက်ပေလိမ့်မည်။
ထာဆန်သည် ဝမ်လင်းကြောင့် တုန်လှုပ်နေစဉ် လကလန်သည် ရုတ်တရက် ပေါ်လာကာ အစီအရင်ကို အသက်သွင်းလိုက်ခြင်းပင်။ လရောင်သည် လောကကို ထွေးခြုံလာခြင်းက ထာဆန်ကို စိတ်ကသိကအောက် ဖြစ်စေ၏။ သူ့ကြယ်ခြောက်လုံးမှာ မထင်မှတ်စွာဖြင့် ဝမ်လင်းကို မဝါးမြိုတော့ပေ။ ထိုကြယ်များသည် သူ့ထံ ပြန်ရောက်လာ၏။ ထို့နောက် သူ့ညာလက်ဖြင့် ပတ်ဝန်းကျင်ကို ရိုက်ချလိုက်သည်။
မိုးကြိုးတုန်ဟည်းသံများ ပဲ့တင်ထပ်သည်။ လရောင်သည် ပိုးသားမျှင်ကဲ့သို့ ရွှေ့လျားကာ မထင်မှတ်စွာဖြင့် ပျက်စီးမသွားခဲ့ပေ။ ထိုအစား တွန့်ခေါက်လေ၏။ အဆုံးမဲ့လရောင်များသည် ထာဆန်နှင့်ဝမ်လင်းတို့ကို ထွေးပတ်လာသည်။ မျက်စိတစ်မှိတ်အတွင်း ယင်းလရောင်သည် ပိုးသားလွှာကဲ့သို့ သူတို့ ပတ်လည်ကို ထွေးခြုံပတ်၏။
ထာဆန်၏မျက်လုံးသည် တောက်ပလာ၏။ သူက ကောင်းကင်ထက်သို့ မာန်သွင်းသံ ပြုသည်။ ရှေးဟောင်းနတ်ဘုရားဟိန်းအော်သံသည် ဒီလရောင်လောကတွင် အရူးအမူး ပျံ့နှံ့ကာ ဤလောကကို ပျက်စီးစေတော့မည့်အလား။
သို့ရာတွင် သူ ထိုသို့ ဟိန်းသံပြုနေရင်း လရောင်သည် တွန့်လိမ်ခေါက်ရာကနေ ပိုးသားမျှင်အဖြစ် ပိုမို ဖြစ်ပေါ်ကာ သူ့ကို ရစ်ပတ်၏။
“ညင်သာတဲ့လသတ်ဖြတ်သူ… ဒီ ရှေးဟောင်းနတ်ဘုရားခန္ဓာကိုယ်ကို သတ်လိုက်…”
ရှေးဟောင်းအသံတစ်ခု ပဲ့တင်ထပ်ကာ ချက်ခြင်းပင် ပိုးသားလွှာပမာဏသည် တိုးပွားလာ၏။ ၎င်းက ချွန်ရှရှမျဉ်းလိုင်းများ ဖြစ်လာကာ စတင် တိုက်ခိုက်သည်။
ထိုပိုးသားမျှင်လိုင်းများသည် အလွန်မာကြော၏။ ထာဆန် ရုန်းကန်ပစ်သည့်အခါ ၎င်းပိုးသားမျှင်များ ပျက်စီးသွားသော်လည်း ပိုများပြားသောပိုးသားမျှင်များ ထပ်မံ ဖြစ်ပေါ်သည်။
“လကလန်ရဲ့ ရတနာ…နတ်ဘုရားမျိုးဖြုတ်ခြင်းယပ်တောင်ကို ဆင့်ခေါ်ခြင်း…”
ရှေးဟောင်းအသံ ပဲ့တင်ထပ်၏။ ဒီလောကရှိ လရောင်သည် စတင် စုစည်းကာ ပေတစ်ထောင်ရှိ ယပ်တောင်အသွင် ဖြစ်တည်၏။ ၎င်း ပေါ်လာသည်နှင့် ကြမ်းတမ်းစွာ ဝေ့ယမ်းသည်။
တုန်ဟည်းသံများ ပဲ့တင်ထပ်သည်။ အဆုံးမဲ့လရောင်များ ပါဝင်သည့် ကြောက်မက်ဖွယ်မုန်တိုင်းတစ်ခုသည် ထာဆန်ထံ တိုးဝင်၏။ ထာဆန်သည် မာန်သွင်းလိုက်ရာ ပိုးသားပမာဏများစွာကို ချိုးဖျက်ပြီး တိုးဝင်လာသော မုန်တိုင်းထံ လက်သီးတစ်ချက် ပစ်သွင်းလိုက်သည်။
ဝမ်လင်းသည်လည်း ထိုအဆုံးမဲ့ပိုးသားမျှင်များ၏ ဝန်းရံထားခြင်း ခံနေရသည်။ သွေးဓားသည် သူ့ပတ်လည်တွင် ဝဲကတော့အသွင် ဖြစ်တည်ကာ ထိုပိုးသားများကို ဖြတ်တောက်ပစ်သည်။ သို့ပေမည့် ဒီနေရာရှိ ပိုးသားများမှာ အဆုံးမဲ့ကာ အားလုံးကို ဖြတ်တောက်ပစ်ရန် မဖြစ်နိုင်ပေ။
ထိုအခိုက်အတန့်တွင် နတ်ဘုရားမျိုးဖြုတ်ခြင်းယပ်တောင်သည် ဝေ့ယမ်းလာကာ မုန်တိုင်းသည် သူ့ထံသို့ ရိုက်ခတ်၏။ တဝုန်းဝုန်းလေပြင်းများ ဝမ်လင်းထံ ရိုက်ခတ်လာချိန်တွင် သူ နောက်ဆုတ်ရ၏။ သူ နောက်ဆုတ်လျက် မုန်တိုင်းထံမှ လရောင်သည် ဓားများအလား သူ့ခန္ဓာကိုယ်ကို ထွင်းဖောက်သည်။
ယင်းတို့သည် သာမန်လရောင်ဓားများ ဖြစ်နေပါက ဝမ်လင်းသည် ၎င်းတို့ကို လစ်လျူရှုထားပေမည်။ သို့သော် သည်လရောင်တွင်မူ ကောင်းကင်ဘုံဖြတ်ပိုင်းခြင်းပုဆိန်နှင့် တူညီနေသော အော်ရာ ပါဝင်နေသည်။ ယင်းက ရှေးဟောင်းနတ်ဘုရားများကို အတော်လေး အန္တရာယ် ပေးနိုင်သည်။
ထာဆန်လည်း ထိုနည်းတူသာ။ သူသည် မာန်သွင်းလိုက်ရင်း သူ့လက်သီးသည် ထိုမုန်တိုင်းနှင့် ထိပ်တိုက်တွေ့သည်။ မုန်တိုင်းသည် မရေမတွက်နိုင်သော ဓားများအဖြစ် ပြိုပျက်ကာ သူ့ခန္ဓာကိုယ်တွင်း ထွင်းဖောက်သွားပြီး မရေမတွက်နိုင်သော သွေးအမှတ်အသားများကို ချန်ရစ်ခဲ့သည်။
“ရဲတင်းလိုက်တဲ့ ကျွန်တွေ။ မင်းတို့က ဒီနတ်ဘုရားကို အနာတရ ဖြစ်စေဝံ့တယ်လား။ အခု သေလိုက်ကြတော့…”
ထာဆန်သည် အလွန်အမင်း ဒေါသပုန်ထလေပြီ။ သူ ဝမ်လင်းနှင့် တိုက်ခိုက်ခဲ့ချိန်က အနည်းဆုံးတော့ ဝမ်လင်းသည် သူ့ကလန်ဝင် ဖြစ်သည်ဟု ယူဆ၍ ရသေး၏။ သို့ရာတွင် အရင်က ရှေးဟောင်းနတ်ဘုရားများ၏ ကျေးကျွန်ဖြစ်ခဲ့သည့် သည်လူများကတော့ သူ့အတွက် ပုရွတ်ဆိတ်များကဲ့သို့ပင်။ ထိုပုရွတ်ဆိတ်များက သူ့ကို ဒဏ်ရာ ရစေဝံ့နေသည်။ ထို့ကြောင့် သူက ဒေါသမထွက်မိဘဲ မည်သို့နေပါ့မည်နည်း။
ဒေါသပုန်ထကာ ထာဆန်သည် ရူးသွပ်လာဟန် ရသည်။ သူက သည်လရောင်ကမ္ဘာအတွင်း အဖျက်အစီးများစွာကို ထုတ်လွှတ်သည်။ သို့ရာတွင် သူ ပိုဖျက်စီးလေလေ ပိုများသော ပိုးသားမျှင်များ ဖြစ်ပေါ်လာလေပင်။ မျက်စိတစ်မှိတ်အတွင်း လောကသည် ဝေဝါးကာ ပိုးသားမျှင်များ၏ ထွေးခြုံလွှမ်းခြင်းကို ခံရသည်။
လကလန်ဝင် တစ်သိန်းထဲမှ တစ်သောင်းကျော်သည် သွေးအန်လိုက်ရ၏။ သူတို့၏ခန္ဓာကိုယ်များသည် ပေါက်ကွဲထွက်ကုန်၏။ အကြောင်းမှာ သူတို့သည် ဤအစီအရင်၏ တန်ပြန်ကန်အားကို တောင့်မခံနိုင်သောကြောင့်ပင်။ သူတို့သည် ချက်ခြင်း သေဆုံးသွားရ၏။ သို့သော် သူတို့မျက်ခုံးနှစ်ခုကြားရှိ လခြမ်းကွေးအမှတ်အသားများကမူ ပျံသန်းထွက်ကာ အစီအရင်ပေါ်သို့ ကျရောက်သည်။
ချက်ခြင်းပင် သေဆုံးသွားသော လကလန်ဝင် တစ်သောင်းကျော်သည် ဒီလရောင်ကမ္ဘာတွင် စိတ်ဝိညာဉ်များအဖြစ် ပေါ်လာကြသည်။
“နတ်ဘုရားစိတ်ဝိညာဉ်ကို မြင့်တက်စေဖို့အတွက် ငါတို့ ကလန်သွေးကို အသုံးပြုပါ။ ဒီနတ်ဘုရားစိတ်ဝိညာဉ်ကို ပျက်စီးစေဖို့အတွက် ငါတို့ကလန်ရဲ့ စိတ်ဝိညာဉ်ကို အသုံးပြုပါ….”
ရှေးဟောင်းအသံသည် ရူးသွပ်မှုနှင့် ပြည့်၏။ စိတ်ဝိညာဉ်တစ်သောင်းကျော်သည် စတင်ချဲ့ကားကာ လများအသွင် ဆောင်၏။ ထိုအဖြစ်က သည်လောကရှိ လရောင်ကို အထွတ်အထိပ်သို့ ရောက်သွားစေသည်။
လအစင်းပေါင်းတစ်သောင်းကျော်သည် တုန်ယင်နေလျက် တစ်ဝက်ကျော်သည် ထာဆန်ထံ တိုးဝင်လာကြပြီး ကျန်သည့်လများက ဝမ်လင်းထံ တဟုန်ထိုး ဝင်လာသည်။
“လကလန်ရဲ့ သွေးလတောင်ပံ ရတနာကို ဆင့်ခေါ်ပါတယ်…။ သွေး စတေးခြင်း…”
ထိုရှေးဟောင်းအသံ ထပ်မံ ထွက်ပေါ်လာသည်။ သည်တစ်ကြိမ်တွင် လကလန်ဝင်သောင်းချီသည် ဤလရောင်ကမ္ဘာတွင် ပေါ်လာကြသည်။ သူတို့သည် သူတို့လက်ထဲ၌ သားရဲများကို ဆုပ်ကိုင်ထား၏။ ယင်းသားရဲများသည် ရုန်းကန်ကာ အော်ဟစ်ကြ၏။
ရှေးဟောင်းအသံတစ်ခု ပဲ့တင်ထပ်နေလျက် ဒီလကလန်ဝင်အားလုံးသည် ကြမ်းကြုတ်ရက်စက်ဟန်များ ပြသလာကာ ထိုသားရဲများကို သတ်ပစ်၏။ အသွေးအသားများစွာ တစစီ ပြန့်ကြဲကုန်၏။ သို့သော် ယင်းတို့ကို အစီအရင်က စုပ်ယူသွားသည်။
ထိုကျင့်ကြံသူထောင်ချီသည် ပထမအသုတ်မျှသာ ဖြစ်၏။ သူတို့ပြီးနောက် နောက်ထပ် ကျင့်ကြံသူများစွာ ပေါ်လာကာ သားရဲများကို စတေးပစ်သည်။ လရောင်လောကသည်ပင် ခုချိန်တွင် သွေးအလင်းနှင့် ပြည့်နှက်ကုန်၏။
ထိုသွေးအလင်းသည် ဆက်တိုက် သိပ်သည်းနေလျက် သွေးရောင်တောင်ပံနှစ်လက် ပေါ်လာကာ ဝမ်လင်းနှင့်ထာဆန်တို့ထံ တိုးဝင်သည်။
“လကလန်ရဲ့ ရှေးဟောင်းနတ်ဘုရားအရိုးကိုးခု ရတနာကို ဆင့်ခေါ်တယ်…” ထိုရှေးဟောင်းအသံသည် သည်တစ်ကြိမ်တွင် အလွန်ကြယ်လင်ထင်ရှား၏။ အစီအရင်၏အပြင်ဘက် လေဟာနယ်တွင် ဝတ်စုံနက်လူတစ်ယောက် ပေါ်လာ၏။ သူ့အမူအရာမှာ လိုချင်ရူးသွပ်မှုလောဘနှင့် ပြည့်နေသည်။
ထိုအဘိုးအို ပြောလိုက်သည့်နောက် သူ့ရှေ့တွင် ဧရာမဟင်းလင်းပြင်အက်ကြောင်းတစ်ခု ပေါ်လာကာ ဧရာမရှေးဟောင်းနတ်ဘုရားဦးခေါင်းခွံကိုးခု ပျံသန်းထွက်လာသည်။
ထိုဦးခေါင်းခွံကိုးခုသည် သိပ်သည်းသောရှေးဟောင်းနတ်ဘုရားအော်ရာကို ပေးစွမ်းလျက် လရောင်ခြုံလွှမ်းထားသော လခြမ်းကွေးချိပ်တံဆိပ်များဖြင့် ပြည့်နှက်နေသည်။ ယင်းတို့ ပေါ်လာပြီးနောက် အစီအရင်ထံ တဟုန်ထိုး ဝင်ရောက်ကာ ဝမ်လင်းနှင့်ထာဆန်တို့ထံ ဦးတည်သည်။
“လကလန်ရဲ့ရတနာ၊နတ်ဘုရားပုတ်သိုးခြင်းအရည်ကို ဆင့်ခေါ်ပါတယ်…”
အဘိုးအို၏ဆံပင်ဖြူများသည် ထူးဆန်းစွာ ရွှေ့လျား၏။ သူ ထိုသို့ ပြောဆိုလိုက်ရင်း သူ့လျှာထိပ်ဖျားကို ကိုက်ကာ သွေးနက်များ ထွေးထုတ်လိုက်သည်။
အစီအရင်ကို ဖြစ်ပေါ်နေစေသော ကျင့်ကြံခြင်းဂြိုဟ်ရာချီပေါ်ရှိ လကလန်ဝင်ကျင့်ကြံသူများသည်လည်း သူတို့၏လျှာထိပ်ကို ကိုက်ကာ သွေးနက်များကို ထွေးထုတ်လိုက်သည်။
ထိုသွေးသည် ဉာဏ်ရည်ရှိသည်ဟု ထင်ရ၏။ ၎င်းသည် အတူတကွစုစည်းကာ ပြန်းထန်သေညှီစို့စို့အနံ့ ပါဝင်သော သွေးပင်လယ်တစ်ခု ဖြစ်ပေါ်သည်။ ထို့နောက် ၎င်းသည် အစီအရင်ထံ တရကြမ်း တိုးဝင်သွားသည်။
***