ပြဠာန်းထားသောတိုက်ပွဲ (၄)
Vol. 99 Ch. 1366
လမဟာနတ်ဘုရားသတ်ဖြတ်ခြင်းမန္တာန်။ သွေးလတောင်ပံ၊ ရှေးဟောင်းနတ်ဘုရားအရိုးကိုးခု၊ နတ်ဘုရားပုတ်သိုးခြင်းအရည်။
ထိုရတနာတစ်ခုစီသည် အလွန်တရာ အစွမ်းထက်၏။ ယင်းတို့သည် သက်ရှိထင်ရှား ရှေးဟောင်းနတ်ဘုရားတစ်ပါးကို ဖမ်းဆီးနိုင်ဖို့အတွက် လကလန်က နှစ်ပေါင်းမရေမတွက်နိုင်သော ပြင်ဆင်ထားခဲ့သောအရာများပင်။
ရှေးဟောင်းနတ်ဘုရားများ၊ ရှေးဟောင်းမိစ္ဆာများ၊ ရှေးဟောင်းနတ်ဆိုးများမှလွဲ၍ လကလန်သည် ရှေးဟောင်းနတ်ဘုရားများအပေါ် နားအလည်ဆုံးသူများဟု ဆိုနိုင်ပေသည်။
လကလန်သည် ရှေးဟောင်းနတ်ဘုရားများနှင့် ရင်ဆိုင်ရန် နည်းလမ်းပေါင်းမရေမတွက်နိုင်ကို တွေးဆထားခဲ့ကြ၏။
လအလင်းရောင်လောကတွင် ထာဆန်၏ ဟိန်းသံသည် ပဲ့တင်ထပ်၏။ မရေမတွက်နိုင်သော လခြမ်းကွေးများကို ရင်ဆိုင်လျက် သူက သူ့လက်နှစ်ဖက်ကို ဝေ့ယမ်းသည်။ ထိုအခါ သူ့ထံ နီးကပ်လာသော လခြမ်းကွေးများသည် ပျက်စီးရ၏။
သွေးလတောင်ပံများလည်း နီးကပ်လာကာ ထာဆန်၏လက်သီးချက်ကြောင့် ပေါက်ကွဲသွား၏။ သို့ပေမည့် သွေးလတောင်ပံများသည် မရေမတွက်နိုင်သော အမွှေးတောင်များအဖြစ် ပြောင်းလဲကာ ထာဆန်၏ခန္ဓာကိုယ်ကို ထိုးစိုက်လေသည်။
ပို၍အစွမ်းထက်သည်က ရှေးဟောင်းနတ်ဘုရားဦးခေါင်းခွံများတည်း။ ယင်းဦးခေါင်းခွံများကို လွန်ခဲ့သောနှစ်ပေါင်းမရေမတွက်နိုင်သော အချိန်က သေဆုံးခဲ့သည့် ရှေးဟောင်းနတ်ဘုရားများ ပိုင်ဆိုင်သည်။ယင်းတို့သည် နေမင်းများအလား ထာဆန်ကို ချေမွပစ်ရန် ဦးတည်လာသည်။
ဝမ်လင်း၏အမူအရာမှာလည်း သုန်မှုန်နေ၏။ သွေးဓားသည် သူ့ကို ဝန်းရံပေးထားသည်။ သူ့လက်နှစ်ဖက်ဖြင့် မန္တာန်အမျိုးမျိုးထုတ်ဖော်ကာ ထိုလခြမ်းကွေးများကို ခုခံနေရ၏။ သွေးလတောင်ပံများ ပျံသန်းလာခဲ့ကာ မရေမတွက်နိုင်သော အမွှေးတောင်များအဖြစ် ပြောင်း၍ သူ့ခန္ဓာကိုယ်ကို ထွင်းဖောက်သည်။
သူ့ခန္ဓာကိုယ်တွင် သွေးများ ဖုံးလွှမ်းကုန်၏။ သူက နောက်သို့ပင် မဆုတ်နိုင် ဖြစ်ရ၏။ လအလင်းရောင်ပိုးသားမျှင်ကလည်း သူ့ခန္ဓာကိုယ်ကို ထွေးခြုံပတ်ထားသည် မဟုတ်လား။
ရှေးဟောင်းနတ်ဘုရားဦးခေါင်းခွံများကမူ ဝမ်လင်းထံသို့ ဦးမတည်ပေ။ ယင်းတို့အားလုံးသည် ထာဆန်အပေါ်သို့သာ ပစ်မှတ်ထား၏။ ထိုဦးခေါင်းခွံများသည် မြေကမ္ဘာပျက်စီးစေနိုင်သော ဟိန်းမြည်သံကို ဖန်တီးကာ ထာဆန်ထံ နီးကပ်လာပြီး ရုတ်တရက် ပြိုပျက်စီးသည်။
အတိုင်းမသိဖိသိပ်အားတစ်ခု ချက်ခြင်း ပေါက်ကွဲ၏။ ထာဆန်ကဲ့သို့ သန်မာသောသူပင် သွေးအန်လိုက်ရလေသည်။ သူ့အမူအရာမှာ သာ၍ပင် ကြမ်းကြုတ်လာတော့၏။
လကလန်သည် သက်ရှိ ရှေးဟောင်းနတ်ဘုရားတစ်ပါးကို ဖမ်းဆီးနိုင်ရန် နှစ်ပေါင်းများစွာ ပြင်ဆင်ခဲ့သည့်အရာများကို အိတ်သွန်ဖာမှောက် အသုံးပြုလာခဲ့ပေသည်။
ရှေးဟောင်းနတ်ဘုရားအရိုးကိုးခုသည် လကလန်၏ အသက်ကယ်ရတနာများ ဖြစ်ကြ၏. တစ်ခုစီသည် တတိယအဆင့်ကျင့်ကြံသူတစ်ယောက် ပေါက်ကွဲခြင်းအားနှင့် ညီမျှသည်။ ထိုကိုးခု တစ်ပြိုင်နက်တည်း ပေါက်ကွဲခြင်းစွမ်းအားကမူ မည်မျှ အံ့မခန်းဖြစ်နေမည်နည်း။
သို့ရာတွင် ထိုအရာများနှင့် ယှဉ်ပါက နတ်ဘုရားပုတ်သိုးစေခြင်းအရည်မှာ ပို၍ တန်ဖိုးရှိသည်။ ထိုအရည်ကို လကလန်ဝင်တိုင်းအား မွေးဖွားသည့်အချိန်မှစ၍ ထိုးသွင်းပေးခဲ့သည်။ ယင်းအရည်က မည်သည့်နေရာကလာမှန်း ဇာစ်မြစ်ကို မသိရပေ။ လကလန်ဝင်များသည်ပင် ထိုအရည် မည်သည့်နေရာက လာသည်ကို မသိကြပေ။ သူတို့သည် လွန်ခဲ့သောနှစ်ပေါင်း မရေမတွက်နိုင်ခင်က သူတို့ ရှေးဟောင်းနတ်ဘုရားများကို သစ္စာဖောက်ခဲ့ချိန်တွင် ယင်းအရည်က ရှေးဟောင်းနတ်ဘုရားတစ်ပါးကို အောင်မြင်စွာ သတ်နိုင်ခဲ့သည်ကိုသာ သိထားကြသည်။
လကလန်က ထိုအရည်ကို နှစ်ပေါင်းများစွာ အားဖြည့်ပေးခဲ့ပြီးနောက် ထိုနတ်ဘုရားပုတ်သိုးစေခြင်းအရည်၏ စွမ်းအားသည် ကြောက်မက်ဖွယ်ကောင်းနေပေပြီ။
ထိုအခိုက်အတန့်တွင် နတ်ဘုရားပုတ်သိုးခြင်းအရည်က ဖန်တီးလိုက်သော သွေးပင်လယ်သည် လအလင်းရောင်လောကအတွင်း ဝင်ရောက်လာကာ ဝမ်လင်းနှင့်ထာဆန်တို့ကို ဝန်းရံသည်။ ၎င်းက ဧရာမသွေးဝဲကတော့အသွင် ဖြစ်တည်သည်။ ဝမ်လင်းသည် ထိုဝဲကတော့သည် သူ့ရှေးဟောင်းနတ်ဘုရားစွမ်းအားကို အရည်ဖျော်ပစ်နိုင်သည်ဟု ချက်ခြင်း ခံစားမိလိုက်၏။ သူ့စိတ်ထဲတွင် အားကောင်းသောအန္တရာယ်အာရုံ ဝင်ရောက်လာသည်။
ထာဆန်၏အမူအရာသည် ချက်ခြင်း အလေးအနက် ဖြစ်သွား၏။
သို့ရာတွင် ထိုအရာများကိုသာ လကလန်က ပြင်ဆင်ထားသည် မဟုတ်ပေ။ သူတို့သည် နှစ်ပေါင်းမရေမတွက်နိုင်သော ပြင်ဆင်ထားခဲ့သည့်အတွက် အခုတိုက်ခိုက်မှုများသည် တစိတ်တပိုင်းမျှသာ ရှိသေးသည်။
အဘိုးအိုသည် အစီအရင်ကို စူးစိုက်ကြည့်ကာ လှမ်းအော်၏။ “လကလန်ရဲ့ နတ်ဘုရားမျက်လုံးများကို ဆင့်ခေါ်ခြင်း…”
သွေးနီးရောင်မျက်လုံးနှစ်လုံးသည် နတ်ဘုရားသတ်ဖြတ်ခြင်းအစီအရင်ပေါ်တွင် ပေါ်လာ၏။ ထိုမျက်လုံးတို့သည် ပြင်းထန်သောသွေးနံ့ကို ပေးစွမ်း၏။ ယင်းတို့သည် ထာဆန်နှင့်ဝမ်လင်းတို့ကို ကြည့်နေကြသည်။ “လကလန်ရဲ့ ရတနာ၊ ဧရာမစိတ်ဝိညာဉ်ခေါင်းလောင်းကို ဆင့်ခေါ်ခြင်း…” ဧရာမရှေးဟောင်းခေါင်းလောင်းသည် လောကတွင်ပေါ်လာ၏။ ၎င်းသည် ကြမ်းတမ်းစွာ မြည်၏။ အစီအရင်အတွင်းသို့ ဝင်ရောက်သွားသော လှိုင်းဂယက်များကို ဖန်တီးသည်။
“လကလန်ရဲ့ ရတနာ၊ ကိုးခုမြောက်မျိုးသုဉ်းစိတ်ဝိညာဉ်ကို ဆင့်ခေါ်ခြင်း…” အဘိုးအို၏လက်နှစ်ဖက်ဖြင့် ချိပ်ဟန်တစ်ခု ဖြစ်စေ၏။ သူက ကောင်းကင်တုန်ခါလောက်သည့် ဟိန်းသံ ထုတ်ဖော်သည်။ သူ့ဒွာရပေါက်များကနေ သွေးများ စိမ့်ထွက်လာသည်။ သူ့ဆံပင်ဖြူများသည် ထူးဆန်းစွာဖြင့် သူ့ရှေ့တွင် လှုပ်ရှားသည်။ ဧရာမတစ္ဆေအရိပ်တစ်ခု ရုတ်တရက် ပေါ်လာသည်။ ထိုတစ္ဆေအရိပ်၏ ပုံပန်းအသွင်ကို တွေ့မြင်ရဖို့ မဖြစ်နိုင်ပေ။ သို့သော် ၎င်း၏ခန္ဓာကိုယ်က အစိမ်းရောင်တောက်ပမှုကို ပေးစွမ်းနေသည်။ ထာဆန်က ထိုအလင်းကို တွေ့မြင်သည့်အခါ သူ့မျက်လုံးသူငယ်အိမ် ကြုံ့သွားလေ၏။
ဝမ်လင်းက ထိုအစိမ်းရောင်အလင်းကို တွေ့မြင်လိုက်သည့်အခါ သူသည် ထခုန်မိသည်။ သူက ထိုတစ္ဆေထံမှ ထွက်ပေါ်နေသော အစိမ်းရောင်အလင်းသည် နတ်ဆိုးစိတ်ဝိညာဉ်ကုန်းမြေအောက်ရှိ ရှေးဟောင်းနတ်ဘုရားဦးခေါင်းခွံထံမှ အော်ရာနှင့် ချွတ်စွတ်တူနေသည်ဟု ခပ်ရေးရေး သိရှိလိုက်သည်။
သည်ရတနာတစ်ခုစီတိုင်းမှာ ရှေးဟောင်းနတ်ဘုရားများနှင့် ရင်ဆိုင်ရန်အတွက် အထူးပြုထားခြင်းပင်။ ၎င်းတို့သည် တတိယအဆင့်ကျင့်ကြံသူများကို ဆန့်ကျင်တိုက်ခိုက်ဖို့ အသုံးပြုနိုင်ခဲ့လျှင်ပင် အနည်းငယ်လိုအပ်မှုကင်းမဲ့နေပေဦးမည်။ သို့သော် ရှေးဟောင်းနတ်ဘုရားများအတွက်မူ သေစေနိုင်လောက်၏။
ထာဆန်က သူ့ခန္ဓာကိုယ်ကို ဆက်ခနဲလှုပ်ကာ မာန်သွင်းလိုက်၏။ ပြင်းထန်သောဖိသိပ်အားက သွေးပင်လယ်ကို နောက်ကန်သွားစေသည်။ ထို့နောက် သူက ဝမ်လင်းကို ကြည့်လိုက်၏။ သည်အခိုက်တွင် သူသည် ဆက်တွေဝေမနေတော့ချေ။ သူ့ကြယ်ခြောက်လုံးသည် ဝမ်လင်းထံ ပျံသန်းလာ၏။
“မင်းကို ဝါးမြိုပြီး ပေါင်းစပ်မှု ပြည့်စုံသွားတာနဲ့ ဒီနတ်ဘုရားဟာ ဒီချိပ်ပိတ်အစီအရင်ကို ချိုးဖျက်ပစ်မယ်။ ပြီးရင် လကလန်ကို သွေးတွေ မြစ်လို စီးဆင်းတဲ့အထိ သတ်ဖြတ်ပစ်မယ်…”
“ထာဆန်…ငါ့မှာ ထူစီရဲ့ အသိဉာဏ်အမွေအနှစ် ပိုင်ဆိုင်ထားတယ်။ သင်သာ ငါ့ကို ဝါးမြိုခဲ့ရင် ငါတို့အမွေအနှစ်တွေဟာ တစ်သားတည်း ဖြစ်သွားပြီး ထူစီကို နိုးထလာစေလိမ့်မယ်။ သင် ငါ့ကို မယုံဘူးလား။ တစ်ခါလောက် ကြိုးစားကြည့်လိုက်လေ…”
ဝမ်လင်းသည် အေးစက်စက် ပြုံး၏။ သူက မခုခံပေ။ သူက ထာဆန်ကို အေးစက်စက်ကြည့်ကာ ကြယ်ခြောက်လုံး သူ့ထံ နီးကပ်လာသည်ကို ခွင့်ပြုထားသည်။
သူ့စကားများသည် ထာဆန်၏အားနည်းချက်ကို နောက်တစ်ကြိမ် ထိမှန်သွားပြန်သည်။ ထာဆန်သည် ရူးသွပ်ဖွယ်အော်ဟစ်လိုက်၏။ သူ့မျက်လုံးသည် နီရဲလာသည်။
“သင်က ဒီချိပ်ပိတ်မှုကို ဖျက်စီးနိုင်တဲ့ မန္တာန်အသိဉာဏ်ကို လိုချင်ရုံပဲမလား။ သင်ငါ့ကို ဒီအတွက်လောက်နဲ့ ဝါးမြိုဖို့ မလိုဘူး။ ငါတို့ အတူလုပ်ဆောင်ရင် နှစ်ဖက်လုံးအတွက် အကျိုးရှိလိမ့်မယ်။ ငါ ဝမ်လင်းဟာ သင့်ပြိုင်ဘက် မဟုတ်မှတော့ သင် ထပ်ပြီး ခေါင်းမာနေရင် သင်လည်း ထူစီ နိုးထလာတာနဲ့ သေဆုံးရလိမ့်မယ်။ သင့်ကိုယ်သင် ထူစီလက်ကနေ လွတ်မြောက်နိုင်မယ်လို့ ထင်နေတာလား…”
ထိုအခိုက်တွင် သွေးပင်လယ်သည် နီးကပ်လာသည်။ ရှေးဟောင်းနတ်ဘုရားမျက်လုံးတို့၏ အကြည့်သည်လည်း တသမတ်တည်း ကျရောက်ကာ ပြင်းထန်သောအော်ရာတစ်ခုကို ဖန်တီးနေသည်။ ခေါင်းလောင်း၏ လှိုင်းဂယက်များလည်း အနားရောက်လာ၏။ နောက်ဆုံးတွင် အဖျက်အစီးအော်ရာနှင့် တစ္ဆေအရိပ်သည်လည်း တိုးဝင်လာသည်။
ထို့အပြင် သည်ဧရိယာတစ်ခုလုံးကိုလည်း လရောင်ပိုးသားမျှင်များဖြင့် ဖုံးလွှမ်းဝန်းရံထားသည်။
“ငါတို့နှစ်ယောက်လုံးဟာ ရှေးဟောင်းနတ်ဘုရားတွေပဲ။ ငါတို့က ဒီကျေးကျွန်တွေ ငါတို့ကို ချိပ်ပိတ်တာ ဘယ်လိုလုပ် ခွင့်ပြုနိုင်ပါ့မလဲ။ သင် ငါ့ကို ယုံတယ်ဆိုရင် ငါတို့ အရင်ဆုံး သူတို့နဲ့ ရင်ဆိုင်လိုက်ကြရအောင်။ ပြီးရင် ငါသင့်ကို သဘာဝကျတဲ့ အဖြေတစ်ခု ပေးမယ်…”
ဝမ်လင်းသည် နီးကပ်လာသည့် ရတနာလက်နက်များကို ကြည့်ပင်မကြည့်။ သူက ထာဆန်၏အဖြေကိုသာ စောင့်နေသည်။
ထာဆန်သည် လောင်းကြေးထပ်ရမှာ စိုးရွှံ့နေ၏။ သူသည် ဝမ်လင်း၏မှတ်ဉာဏ်များသည် အမှန်တကယ် ထူစီကို ပြန်နိုးထစေမည်လားကို မသေချာပေ။ သို့ရာတွင် ထိုသို့ နိုးထနိုင်မည့် အခွင့်အရေး အပုံတစ်သောင်းတွင် တစ်ပုံသာ ရှိလျှင်ပင် သူသည် မစွန့်စားဝံ့ပေ။
သူ ရှုံးသွားသည်နှင့် ထူစီ ပြန်ရှင်သန်လာမည်။ သူက ထူစီကို ရင်ဆိုင်ဖို့ ယုံကြည်မှု မရှိပေ။ သူသည် သံသယမရှိ သေရမည် ဖြစ်၏။
ထာဆန်က အံတင်းတင်းကြိတ်ကာ ပြောလိုက်၏။ “ကောင်းပြီ…”
သူ မြင်သည့် နည်းလမ်းတစ်ခုမှာ သူ သည်ကျေးကျွန်များနှင့် ရင်ဆိုင်ပြီးသည်နှင့် ဝမ်လင်းသည် ထွက်ပြေးနိုင်တော့မည် မဟုတ်ပေ။ သူက ဝမ်လင်းကို ဖမ်းကာ ဝမ်လင်း ပြောခဲ့သည့်အကြောင်းက မှန်လား၊မှားလား တဖြည်းဖြည်းချင်း အချိန်ယူကာ ရှာဖွေပေမည်။
“သူ ပြောတာ မှန်ခဲ့ရင်တော့ ငါက ကြယ်ကိုးလုံးရှေးဟောင်းနတ်ဘုရား ဖြစ်လာမယ့် အခွင့်အရေးကို လက်လွှတ်လိုက်ပြီး သူ့ အသိဉာဏ်အမွေအနှစ်အားလုံးကို ဖျက်စီးပစ်မယ်။ ဒါဆိုရင် ထာဆန် ပြန်ရှင်သန်လာနိုင်မယ့် အခွင့်အရေး လုံးဝ ရှိတော့မှာ မဟုတ်ဘူး…”
ထာဆန် သဘောတူလိုက်သည့်အခါ ဝမ်လင်းသည် သူ့လက်နှစ်ဖက်ဖြင့် ချိပ်ဟန်များ ဖြစ်စေကာ ဝေ့ယမ်းသည်။ တစ်ချိန်တည်းမှာ သူသည် ရှေးဟောင်းနတ်ဘုရားများ၏ ဘာသာစကားကို ရွတ်ဆိုသည်။
“လောက မွေးဖွားလာတဲ့အချိန်တုန်းက ရှေးအမိန့်ဟာ သုံးပိုင်းကွဲသွားခဲ့တယ်။ ပထမတစ်ခုဟာ ရှေးဟောင်းနတ်ဘုရားတွေပဲ။ သူတို့ဟာ ကောင်းကင်နှင့်မြေကြီးကို ဆန့်ကျင်လျှောက်လှမ်းခဲ့ကြပြီး လောကနဲ့ ယှဉ်တိုက်ခိုက်ခဲ့ကြတယ်။ သူတို့ဟာ ကောင်းကင်နဲ့မြေကြီးကို ဖျက်စီးခဲ့ကြတယ်။ လောကကို ချိုးဖျက်ခဲ့ကြတယ်။ ကြယ်ရှစ်လုံး ရှေးဟောင်းနတ်ဘုရားမန္တာန်…လေဟာနယ်…”
ဝမ်လင်း၏မျက်လုံးထဲတွင် ထူးဆန်းသောအလင်းတစ်ခု ပေါ်လာ၏။ သူ့ရှေးဟောင်းနတ်ဘုရားကြယ်များသည် အရူးအမူး လှည့်ပတ်သည်။ ရှေးဟောင်းနတ်ဘုရားစွမ်းအားသည် သူ့လက်နှစ်ဖက်အတွင်း ပြည့်နှက်သည်။
ချက်ခြင်းပင် လကလန်၏ ရတနာမျိုးစုံ နီးကပ်လာနေစဉ် ပုံပျက်ပန်းပျက်စာလုံးတစ်လုံး သူ့လက်နှစ်ဖက်ရှေ့တွင် ပေါ်လာသည်။
ထိုစာလုံးသည် မပြီးပြည့်စုံသေးသော်လည်း ကောင်းကင်နှင့်မြေကြီးကို ပြိုလဲပျက်စီးစေနိုင်သော အော်ရာ ပါဝင်လေ၏။ ယင်းက မန္တာန်အားလုံးကို ကွယ်ဖျောက်ပစ်မည့် အဖျက်အစီးအော်ရာ ရှိသည်။
ယင်းမှာ လေဟာနယ်တည်း။ ကောင်းကင်ကို ဖျက်စီး၊မြေကမ္ဘာကို တစစီ ဖြစ်စေနိုင်သော ရှေးဟောင်းနတ်ဘုရားများ၏ လေဟာနယ်စွမ်းအားပင်။
ဝမ်လင်းသည် အော်ဟစ်လိုက်၏။ “ထာဆန်…ရှေးဟောင်းနတ်ဘုရားစွမ်းအား…”
ထာဆန်သည် အံတင်းတင်းကြိတ်ထားသည်။ သူ့ညာလက်ကို ဝေ့ယမ်းသည်။ သူ့ရှေးဟောင်းနတ်ဘုရားကြယ်ခြောက်လုံးသည် လှည့်ပတ်ကာ ဝမ်လင်း၏ ရှေးဟောင်းနတ်ဘုရားစွမ်းအားထက် အဆများစွာ ပိုအစွမ်းထက်သော စွမ်းအားကို ထုတ်လွှတ်သည်။ ယင်းစွမ်းအားသည် မပြီးပြည့်စုံသေးသောစာလုံးထံ တရကြမ်း တိုးဝင်၏။
ချက်ခြင်းပင် စာလုံးသည် စတင်လှုပ်ရှားကာ မပြီးပြည့်စုံရာကနေ ပြီးပြည့်စုံသွားတော့၏။
လောကတွင် ပြီးပြည့်စုံသောစာလုံးတစ်လုံး ပေါ်လာ၏။ ယင်းမှာ နှစ်ပေါင်းများစွာ မပေါ်လာခဲ့တော့သော အဆင့်ရှစ်ရှေးဟောင်းနတ်ဘုရားမန္တာန်တည်း။
အစီအရင်အပြင်ဘက်ရှိ အဘိုးအို၏အမူအရာသည် ကြီးစွာ ပြောင်းလဲသွားသည်။
ထိုစာလုံးသည် ရုတ်တရက် လင်းလက်မှုကို ပေး၏။ ထိုအလင်းသည် အဖြူအနက်ကြား ပြေးနေကာ မီးခိုးရောင် ဖြစ်သည်။ ၎င်းသည် ဝမ်လင်းနှင့်ထာဆန်တို့ကို ဗဟိုပြုကာ အရူးအမူး ပျံ့နှံ့သည်။
နတ်ဘုရားပုတ်သိုးခြင်းသွေးပင်လယ်မှာ နောက်သို့ လွင့်ထက်သွား၏။ ရှေးဟောင်းနတ်ဘုရားမျက်လုံးများ ချက်ခြင်းပေါက်ကွဲသည်။ အစိမ်းရောင်တစ္ဆေအရိပ်သည်ပင် တခဏတာ ရုန်းကန်ပြီးနောက် ကွယ်ပျောက်သွားတော့သည်။ အကြောင်းမှာ ၎င်းသည် လုံလောက်အောင် မသန့်စင်ခြင်းကြောင့်ပင်။
ပတ်ဝန်းကျင်ရှိ လရောင်ပိုးသားမျှင်များသည် ရုတ်တရက် တစစီ ဖြစ်သွားသည်။ မီးခိုးရောင်အလင်းကြောင့် အရာအားလုံး နောက်သို့ လွင့်ထွက်၏။ မမြင်ရသောအက်ကြောင်းများ နတ်ဘုရားချိပ်ပိတ်ခြင်းအစီအရင်ကြောင့် ဖြစ်ပေါ်နေသော လရောင်ကမ္ဘာအတွင်း ဖြစ်ပေါ်သည်။
“လကလန်ရဲ့ ပထမရတနာ ရှေးဟောင်းနတ်ဘုရားအကြွင်းအကျန်အရိုး…”
အဘိုးအိုက အရူးအမူး အော်ဟစ်၏။ ရုတ်တရက် ဧရာမဟင်းလင်းပြင်အက်ကြောင်းတစ်ခု ပေါ်လာသည်။ ထိုအက်ကြောင်းအဟမှာ ကျယ်ပြောစွာ ပွင့်ထွက်ကာ အလွန်အမင်းပြင်းထန်သောဖိအားတစ်ခု အတွင်းမှ ထွက်ပေါ်၏။
ထိုအက်ကြောင်းအတွင်းမှ ကျင့်ကြံခြင်းဂြိုဟ်တစ်ဝက်စာလောက်အရွယ်ရှိ လက်ချောင်းတစ်ချောင်း ထွက်ပေါ်လာ၏။ ထိုလက်ချောင်းထက်တွင် အသွေးအသားဟူ၍ မရှိ။ အရိုးသပ်သပ်သာ ဖြစ်သည်။
ယင်းသည် လက်ခလယ်အရိုးလက်ချောင်းပင်။
“နတ်ဘုရားကို ဖျက်စီးခြင်း…” အဘိုးအိုသည် ကောင်းကင်တုန်လှုပ်စေလောက်သည့် ဟိန်းသံ ပြု၏။ တစ်ချိန်တည်းမှာ ပတ်ဝန်းကျင်ရှိ လကလန်ဝင် ကျင့်ကြံသူတစ်သိန်းသည်လည်း တူညီစွာ အော်ဟစ်လိုက်ကြသည်။
“နတ်ဘုရားကို ဖျက်စီးခြင်း…”
လကလန်သည် ရှေးဟောင်းနတ်ဘုရားများကို သစ္စာဖောက်ခဲ့ချိန်မှာ သူတို့သည် လွန်ခဲ့သောနှစ်ပေါင်းမရေမတွက်နိုင်သောအချိန်တုန်းက နတ်ဘုရားများကို ဖျက်စီးခဲ့၏။ ခုချိန်ထိ သူတို့သည် သူတို့ကို နှစ်ပေါင်းမရေမတွက်နိုင်အောင် ကူညီပေးခဲ့သော နတ်ဘုရားများကို ဖျက်စီးပစ်ချင်နေသေးသည်။
လူတစ်သိန်း၏ အော်ဟစ်သံမှာ မြေကြီးထုတစစီဖြစ်သွားလောက်၏။ ယင်းအသံသည် ပြင်းထန်သောအသံလှိုင်းတစ်ခုအဖြစ် ပျံ့နှံ့သည်။
“ဒါက…ဒါက… ကြယ်ကိုးလုံးရှေးဟောင်းနတ်ဘုရားတစ်ပါးရဲ့ လက်ချောင်းပဲ…”
ထိုအခိုက်တွင် ထာဆန်၏အမူအရာသည် ကြီးစွာ ပြောင်းလဲသွား၏။
အရိုးလက်ချောင်း ပေါ်လာသည်နှင့် နတ်ဘုရားချိပ်ပိတ်ခြင်းအစီအရင်မှာ ပျက်စီးသွား၏။
မိုးကြိုးတုန်ဟည်းသံများ ပဲ့တင်ထပ်သည်။ ထာဆန်သည် သွေးအန်လိုက်ရကာ အကွာအဝေးတစ်ခုထံသို့ လွင့်ထွက်သွားသည်။
ဝမ်လင်း၏ခန္ဓာကိုယ်အတွင်းမှ အရိုးများအားလုံး ကျိုးကြေကာ သူ့ထံမှ တစီစီအသံများ ထွက်ပေါ်၏။ သူတို့နှစ်ယောက်သည် မတူညီသောဦးတည်ရာများသို့ လွင့်စင်ထွက်သွားကြ၏။ ဧရာမလက်ချောင်းအရိုးသည် ကျရောက်လာချိန်တွင် တစ်စက်လေးပင် ထိခိုက်မှု ရှိမသွားပေ။
သူတို့ လွင့်စင်သွားရသည်နှင့် ဝမ်လင်းက အချိန်မဆွဲဘဲ ဝါးမြိုခြင်းမန္တာန်ကို အသုံးပြု၏။ သူ့ခန္ဓာကိုယ်ကို အနက်ရောင်အခိုးအငွေ့များ ဝန်းရံသည်။ ပြင်းထန်သောဖိသိပ်အားကို အသုံးပြုကာ သူသည် အစီအရင်ကို ပုံဖော်သည့်လူများထံ တရကြမ်း တိုးဝင်သည်။ အနက်ရောင်အခိုးအငွေ့များ ပြန့်ကြဲ၏။ ထိတ်လန့်ဖွယ်အသံများ ပဲ့တင်ထပ်ကာ သူသည် အရူးအမူး စတင်ဝါးမြိုပစ်တော့သည်။
သူ ဖြတ်ကျော်သွားသည့်နေရာတိုင်းတွင် လကလန်ဝင်များသည် အရိုးစုဖြစ်သည့်အထိ သွေ့ခြောက်ကာ ပျက်စီးသွားကြ၏။
အဝေးမှ ထာဆန်ကလည်း မာန်သွင်းကာ သူ့တန်ပြန်တိုက်ခိုက်မှုကို စတင်လေသည်။
***