သူမကို ငါ့ရှိ ပေးလိုက်…
Vol. 100 Ch. 1368
ဝမ်လင်းသည် ထာဆန် ဘာကြောင့် သူ့နောက်သို့ ဆက်မလိုက်ဘဲ စိုးရိမ်တကြီး ထွက်ပြေးသွားခဲ့သည်ကို မခန့်မှန်းတတ်ပေ။ သူက ထာဆန်၏ကြယ်သည် သူ ထွက်ပြေးမသွားခင်က တလျှံလျှံတောက်ပခဲ့သည်ကိုသာ ပြန်အမှတ်ရလိုက်၏။
ရှေးဟောင်းကြယ်အဖွဲ့အစည်း၏ တောက်ပသောအစိတ်အပိုင်းတွင် လှိုင်းဂယက်များ ဖြည်းဖြည်းချင်း ပျံ့လွင့်နေ၏။ ထိုလှိုင်းဂယက်များသည် ချစ်သူနှစ်ဦး၏ အသည်းနှလုံးကို တဖြည်းဖြည်း ဝေးကွာသွားစေသည့်အလား။
ဝမ်လင်းက ထိုလှိုင်းဂယက်များ၏ ဗဟိုတွင် ကုန်းရုန်းထလာ၏။ သူ့မျက်နှာမှာ ဖြူရောနေသည်။ သူ ပေါ်လာသည်နှင့် သူက လေဟာနယ်အတွင်း၌ ကုန်းထလာသည်။ သူ့ရှေ့တွင် ဟင်းလင်းပြင်အက်ကြောင်းတစ်ခု ပေါ်လာကာ သူ့လက်နှစ်ဖက်ဖြင့် လီချန်မေကို ထွေးပွေ့ထားသည်။
လီချန်မေ၏အခြေအနေမှာ ပိုဆိုးနေပေပြီ။ သူမက စတင် သွေ့ခြောက်လာ၏။
ထာဆန် သူ့ကို အမဲလိုက်လံခဲ့ချိန်က ဝမ်လင်းသည် လီချန်မေ ဒဏ်ရာရသွားမှာကို စိုးရိမ်ပူပန်နေခဲ့၏။ ထို့ကြောင့် သူက သူမကို အချိန်စီးဆင်းခြင်းအစွမ်း အဆက်မပြတ် ဝန်းရံစေရန် မူလစွမ်းအင်များ လွှမ်းခြုံပေးထားလျက် သူ့သိုလှောင်နေရာလွတ်အတွင်း ထည့်ထားခဲ့သည်။ သို့မှသာ သူမသည် ထာဆန်နှင့်သူ့ကြားရှိ တိုက်ပွဲကြောင့် ဒဏ်ရာ မရရှိမှာ ဖြစ်သည်။
သို့ပေမည့် သိုလှောင်အိတ်အတွင်း ထည့်သွင်းထားခြင်းက သူ့ဘေးတွင် ထားထားခြင်းလောက်တော့ မကောင်းမွန်ပါ။ တိုက်ပွဲအချိန်တိုလေးအတွင်းမှာပင် လီချန်မေ၏ အသက်ဓာတ်တော်တော်များများ ဆုံးရှုံးသွားခဲ့ရသည်။
လီချန်မေ၏ ဖြူဖပ်လွန်းသောမျက်နှာလေးကို ကြည့်ကာ ဝမ်လင်း၏နှလုံးသားတွင် နာကျင်ဝမ်းနည်းမှုတို့ ပြည့်နှက်လာ၏။ အခုအဖြစ်သနစ်မှာ အတိတ်တုန်းက လီမူဝမ်ကို ကောင်းကင်ဘုံက သေစေခဲ့ချင်တုန်းက သူ သူမကို ပြန်ခေါ်ယူစဉ်ကနှင့် တူညီနေ၏။ သူသည် လီချန်မေ လောကမှ မပျောက်ကွယ်သွားဖို့ လုပ်နိုင်သမျှ အားလုံးကို လုပ်ဆောင်မည်ဟု သူမကို ကတိပေးထားခဲ့သည်။
ဤက သူ့ကတိ၊ ယောက်ျားတစ်ယောက်အနေဖြင့် သူ့ကတိပင်။
သူ့ညာလက်ဖြင့် လီချန်မေကို ညင်သာစွာ ထွေးပွေ့ထား၏။ ဝမ်လင်းသည် သူ့ဒဏ်ရာများကို လစ်လျူရှုကာ အချိန်စီးဆင်းခြင်းမန္တာန်၏ စွမ်းအားကို လီချန်မေအား ဝန်းရံနေစရန် သူ့မူလစွမ်းအင်များကို အဆက်မပြတ် အသုံးပြုနေ၏။ သူသည် သူမစိတ်နှင့်အသက်ဓာတ်ကို အားဖြည့်ပေးနိုင်ရန် ကူညီပေးသည်။
ကြယ်ရောင်စုံကောင်းကင်မှာ အလွန်ငြိမ်သက်လွန်း၏။ ကြယ်ရောင်စုံကောင်းကင်ကို ဖြတ်သန်း ပျံသန်းနေသော ယောက်ျားတစ်ယောက်နှင့်မိန်းမတစ်ယောက်တို့သာ ရှိနေသည့်အလား။
ရှေးဟောင်းနတ်ဘုရားလက်ချောင်းတစ်ဝက်ကိုမူ ဝမ်လင်းက သူ့သိုလှောင်နေရာလွတ်အတွင်း ထည့်သိမ်းထားခဲ့ပြီးပင်။ သူက ၎င်းကို လေ့လာကြည့်ဖို့ အချိန် မရှိသေးပေ။ လကလန်မှ ဆံဖြူအဘိုးအို၏ မူလစိတ်ဝိညာဉ်ကိုလည်း စိတ်ဝိညာဉ်ကျာပွတ်ဖြင့် ချုပ်နှောင်ပတ်ကာ သူ့ သိုလှောင်နေရာလွတ်အတွင်း ထည့်ထားသည်။
ဝမ်လင်းသည် အခု ပျံသန်းနေစဉ်အတွင်း မည်သည့်အနှောက်အယှက် အတားအဆီးကိုမှ မတွေ့ချင်ပေ။ သူက လီချန်မေကို တာအိုသခင်အိပ်မက်ပြာထံသို့ အေးအေးဆေးဆေး ပို့ပေးချင်နေ၏။
“ငါ ထွက်သွားတဲ့အခါ နင် ငါ့ကို လိုက်ပို့ပေးရမယ်…” လွန်ခဲ့သော ဆယ်နှစ်မှ လီချန်မေ၏အသံသည် သူ့နားထဲတွင် ပြန်ကြားယောင် ပဲ့တင်ထပ်မိ၏။
ယနေ့တွင် ဝမ်လင်းသည် အတိတ်တုန်းက သူ့ကတိကို တည်သည့်အနေဖြင့် လီချန်မေကို လိုက်ပို့ပေးနေသည်။
လီချန်မေကို ပွေ့ထားစဉ် ဝမ်လင်း၏မျက်လုံးထဲတွင် နူးညံ့သောအကြည့် လှစ်ပေါ်၏။ သူက အပြာရောင်ပိုးသားကလန်ရှိရာသို့ ရှေ့ဆက်နေကာ နီးသထက် နီးလာသည်။
ကြယ်အလင်းသည် သူတို့ပေါ်သို့ ပက်ဖြန်းကာ သူတို့၏ နောက်ဆုံးခရီးအတွက် ငြိမ်သက်စွာ အဖော်ပြုပေးနေ၏။ လီချန်မေသည် အားနည်းသထက် အားနည်းလာသည်။ ဝမ်လင်းက သူမအပေါ်သို့ အချိန်စီးဆင်းခြင်းမန္တာန်အစွမ်းကို ပိုမို အသုံးပြုရသည်။
သူ ဟင်းလင်းပြင်ကွေးညွတ်ခြင်းကို ဆက်တိုက် အသုံးပြုလျက် ကျယ်ပြောသောဟင်းလင်းပြင်ကို ဖြတ်သန်းလာနေကာ အပြာရောင်ပိုးသားတိမ်ကလန်နှင့် နီးလာနေ၏။ အပြာရောင်ပိုးသားကလန်၏ ကြယ်နယ်မြေမှာ လူသူကင်းမဲ့သောဒေသတွင် ရှိ၏။ ဝမ်လင်းသည် ရှေ့သို့ တိတ်ဆိတ်စွာ ဆက်သွားနေသည်။
အပြာရောင်ပိုးသားကလန်သည် လူတစ်ယောက် မသတ်သင့်သော ကလန်အနည်းငယ်များထဲမှ တစ်ခု ဖြစ်၏။ သူတို့နာမည်အတိုင်း သူတို့ကလန်ဝင်များ၏ ဆံပင်သည် အပြာရောင် ရှိကြသည်။
နာကျင်မှုနှင့် အတိတ်ကို တမ်းတမှုတို့၏ အပြာရောင်မှာ အပြာရောင်ပိုးသားကလန်ဝင်တိုင်း၏ စိတ်ဝိညာဉ်အထိ ထွင်းဖောက်၏။ အပြာရောင်ပိုးသားကလန်သည် ကျင့်ကြံခြင်း သို့မဟုတ် တာအိုနှင့် ပတ်သတ်၍ ပါရမီများများ မရှိပါ။ နှစ်များ၊ခေတ်များ ကုန်လွန်လာသော်လည်း ထိုကလန်တွင် ရှေးဟောင်းကြယ်အဖွဲ့အစည်းတစ်ခွင် နာမည်ကျော်သော တာအိုသခင်အိပ်မက်ပြာကလွဲ၍ အစွမ်းထက်ကျင့်ကြံသူ များများစားစား မရှိပေ။
တာအိုသခင်အိပ်မက်ပြာ သည်ကြယ်အဖွဲ့အစည်းတွင် နာမည် မကျော်ခင်တုန်းက အပြာရောင်ပိုးသားကလန်မှာ မိသားစုငယ်လေးတစ်ခုသာ ဖြစ်ခဲ့၏။ သူတို့၏ ကျင့်ကြံမှုအဆင့်က မမြင့်မားသော်လည်း သူတို့သည် ဂီတ၊ဆေးဝါး၊ ရတနာသန့်စင်ခြင်းနှင့် အခြားလူကြိုက်မများသောအရာများတွင်တော့ ထူးချွန်ခဲ့ကြသည်။ သူတို့၏ ဂီတစွမ်းရည်များသည် ဂီတပညာရပ်၏ အထွတ်အထိပ်သို့ ရောက်လုနီးနီးပင်။
အပြာရောင်ပိုးသားကလန်ဝင်တိုင်းသည် ဂီတတွင် ဆရာတစ်ဆူကျကာ ကလန်ဝင်တိုင်းမှာ လှပကြ၏။ ယောက်ျားဖြစ်စေ၊မိန်းမဖြစ်စေ ကြည့်ကောင်း၏။ ချောမော၏။
ထိုအခြင်းအရာများကြောင့် အပြာရောင်ပိုးသားကလန်ဝင်များသည် အစွမ်းထက်ကလန်များကြား သဘောကျစရာ အိမ်မွေးတိရိစ္ဆာန်များ ဖြစ်လာခဲ့ကြသည်။
ထိုအဖြစ်က အပြာရောင်ပိုးသားကလန်အတွက် နာကျင်၊ဝမ်းနည်းစရာ ဖြစ်ခဲ့သည်။ ထိုဝမ်းနည်းမှုက သူတို့နှလုံးသားထဲကို အချိန်အတန်ကြာအောင် ထိုးစိုက်နေခဲ့သည်။ ယင်းဝမ်းနည်းနာကျင်မှုကပင် အပြာရောင်ပိုးသားကလန်၏ အမျိုးသမီးနှင့်အမျိုးသားများအားလုံးကို တမျိုးတမည်အလှတရားကို ပေးစွမ်းခဲ့သည်။
သူတို့သည် သူတို့၏ ဂီတ၌ပင် မပျော်ရွှင်ခဲ့ကြတော့ပေ။ သူတို့နှလုံးသားထဲရှိ ဝမ်းနည်းမှုကိုသာ ထင်ဟပ် ပြသခဲ့ကြ၏။ အကြောင်းမှာ သူတို့သည် ကလန်ကြီးများ၏ ကျေးကျွန်များ ဖြစ်ခဲ့ရခြင်းကြောင့်သာ။
သူတို့ထံ၌ အိမ်ဟူ၍ မရှိခဲ့ကြ။ ကလန်ဝင်တိုင်းသည် အရွယ်မရောက်ခင် အဝေးသို့ သေမလား၊ရှင်မလားမသိရဘဲ ခေါ်သွားခံရသည်။ သူတို့အတွက် အိမ်သို့ ပြန်လာနိုင်ရန် အခွင့်အရေးလည်း မရှိခဲ့ကြပေ။
ယင်းကဲ့သို့ အဖြစ်သနစ်သည် တာအိုသခင်အိပ်မက်ပြာ ဖြစ်တည်လာသည့် မတိုင်ခင်ထိပင်။
တာအိုသခင်အိပ်မက်ပြာသည် အပြာရောင်ပိုးသားကလန်တွင် ပါရမီအရှိဆုံး ဖြစ်၏။ သူ့ ဒဏ္ဌာရီများသည် ယနေ့ချိန်ထိ ရှေးဟောင်းကြယ်အဖွဲ့အစည်းတွင် ဟိုးလေးတကျော် ဆက်ရှိနေဆဲပင်။
ရှေးဟောင်းကြယ်အဖွဲ့အစည်းတွင် သင်သည် တာအိုသခင်အိပ်မက်ပြာအကြောင်း ပြောမည်ဆိုပါက သူ့ သန်မာမှုအကြောင်း တွေးမိမည် မဟုတ်၊ သူက အချစ်အပေါ် ဘယ်မျှ စွဲလမ်းသည်ကိုသာ ပြောမိပေလိမ့်မည်။ သူ့ဘဝတွင် တာအိုသခင်အိပ်မက်ပြာသည် မိန်းမတစ်ယောက်ကိုသာ ထာဝရချစ်ခဲ့သူပေ။
သူ့နှလုံးသားအတွင်းမှ နာကျင်ဝမ်းနည်းမှုက ခေတ်ကာလတစ်လျှောက် နှစ်များစွာ သူနှင့်အတူ ရှိနေခဲ့သည်။
ပြောကြသည်မှာ တာအိုသခင်အိမ်မက်ပြာသည် အချစ်ကြောင့်သာ သူသည် တတိယအဆင့်သို့ ရောက်ကာ ဒီကြယ်အဖွဲ့အစည်း၏ သခင်ငါးပါးထဲမှ တစ်ပါး ဖြစ်လာခဲ့သည် ဟူ၏။ အုပ်စိုးသူပင် သူ့ကို လန့်ရ၊ရှိန်ရသည်။
ရှေးဟောင်းကြယ်အဖွဲ့အစည်း၌ အပြာရောင်ပိုးသားကလန်သည် တာအိုသခင်အိပ်မက်ပြာကြောင့် ကလန်ကြီးတစ်ခု ဖြစ်လာခဲ့သည်။ သို့ပေမည့် ကလန်၏ သဘာဝမှာ ပြောင်းလဲမသွားခဲ့ပေ။ သူတို့သည် သူတို့၏ ကြီးမားသောကြယ်နယ်မြေအတွင်း၌သာ နေထိုင်ခဲ့ကြသည်။ သူတို့ဂီတ၏ ဝမ်းနည်းမှုကတော့ တဖြည်းဖြည်း ပျော်ရွှင်သမှုနှင့် အစားထိုးခဲ့သည်။
သူတို့သည် တာအိုသခင်အိပ်မက်ပြာ၏ အကာအကွယ်အောက်တွင် ပျော်ရွှင်မှု ပြန်ရရှိလာခဲ့ခြင်းပင်။ အပြာရောင်ပိုးသားကလန်တွက်မူ တာအိုသခင်အိပ်မက်ပြာသည် နတ်မင်းတစ်ပါးပင်။ သူ့ကို အပြာရောင်ပိုးသားကလန်တစ်ခုလုံးက လေးစားရိုသေကြ၏။
သူ နေထိုင်သော အပြာရောင်တောင်မှာ အပြာရောင်ပိုးသားကလန်အတွက် တော်ဝင်မြေပင်။ သို့ရာတွင် အပြာရောင်ပိုးသားကလန်၌ ပျော်ရွှင်မှု ရှိလာသည်တောင်မှ အပြာရောင်တောင်မှ ထွက်ပေါ်လာသော ဂီတသံထဲမှ ခပ်ရေးရေး ဝမ်းနည်းမှုမှာ ထာဝရအလား။
တာအိုသခင်အိပ်မက်ပြာ၏ မှတ်ဉာဏ်များထဲကအလား ထိုဝမ်းနည်းမှုသည် ထာဝရ ဖြစ်လာပေမည်။
သည်အခိုက်အတန့်တွင် အပြာရောင်တောင်ထိပ်၌ သာမန်ဆန်လှသော အိမ်တစ်လုံးသည် လေအဝေ့တွင် တည်ရှိလို့နေသည်။ အိမ်ထဲ၌ အပြာရောင်ဆံပင်နှင့် သက်လတ်ပိုင်းလူတစ်ယောက်သည် ကုချင်းတီးခတ်လျက် ရှိသည်။ အချိန်အတန်ကြာပြီးနောက် သူသည် တဖြည်းဖြည်း ခေါင်းမော့လာ၏။
သူ့အသွင်အပြင်သည် လောကရှိ အခြားယောက်ျားများအားလုံးကို မှိန်ဖျော့သွားစေလောက်သည်။ သူ့ ရုပ်ရည်သွင်ပြင်ကဲ့သို့ ချောမောမှုမျိုးမှာ လောကတွင်ပင် ပေါ်မလာသင့်ပေ။
သို့ရာတွင် သူ့မျက်လုံးထဲ၌ အတိတ်ကို လွမ်းဆွတ်အောက်မေ့မှုတို့ ရှိနေကာ သူ့ပုံစံကို ဆွေးရိပ်သန်း၍ အိုစာစေသည်။
သူ့တစ်ခေါင်းလုံးမှာ အပြာရောင်ဆံပင်များ ပြည့်နေ၏။ သို့သော် ဆံသားအနားသပ်တွင် ဖြူနေသည်။ နှစ်ပေါင်းမရေမတွက်နိုင်အောင် မပျော်မရွှင်ဖြစ်ခဲ့ရသူတစ်ယောက်၏ အမှတ်သင်္ကေတဟုပင် ဆိုနိုင်သည်။
သက်လတ်ပိုင်းလူ၏ မျက်လုံးထဲတွင်လည်း ဝမ်းနည်းမှုတို့ ထင်းနေ၏။ သူသည် ခေါင်းငုံ့လျက် သူ့ရှေ့ရှိ ကုချင်းကို ကြည့်သည်။ သူ့လက်ဖြင့် ဖြည်းညင်းစွာ တီးခတ်လိုက်သည်။
အချိန်အတန်ကြာပြီးနောက် တစုံတစ်ယောက်သည် တံခါးကို ဖြည်းညင်းစွာ ဖွင့်လာ၏။ လှပသောအမျိုးသမီးတစ်ယောက် အတွင်းသို့ လှမ်းဝင်လာသည်။
ထိုအမျိုးသမီးသည် လှပလွန်းသည်။ ပန်းရောင်ဝတ်စုံကို ဝတ်ဆင်ထားလျက် သူ့ထံ ညင်သာစွာ ချဉ်းကပ်လာသည်။
ထိုအမျိုးသမီးသည် သူ့ဘေးတွင် ငြိမ်သက်စွာ ထိုင်ချလိုက်ပြီး နူးညံ့စွာ ပြောလာသည်။ “သင်…သူမကို အခုထိ မမေ့နိုင်သေးဘူးလား…”
ထိုသက်လတ်ပိုင်းလူသည် စကားပြန်မဆိုပေ။ မော့၍ပင် မကြည့်။ သူက ကုချင်းကိုသာ စူးစိုက်ကြည့်နေ၏။ သူ့မျက်လုံးထဲမှ ဝမ်းနည်းမှုမှာ ပိုအားကောင်းလာသည်။
“အချိန်ကြာလွန်းခဲ့ပြီ။ သူမက သေသွားလောက်ပါပြီ။ သင်…သင် ဒီလိုပဲ ဘာကြောင့် ဆက်လုပ်နေရတာလဲ…”
ထိုအမျိုးသမီးက အောက်နှုတ်ခမ်းကိုကိုက်ကာ ရှုပ်ထွေးသောအမူအရာဖြင့် သူ့ကို ကြည့်သည်။
သက်လတ်ပိုင်းလူက ငြိမ်သက်စွာ စဉ်းစားနေ၏။ အချိန်အတန်ကြာပြီးနောက် သူသည် မတ်တပ်ထရပ်ကာ တည်ငြိမ်စွာ ပြောလိုက်သည်။ “နင့် အမကြီးက မသေသေးဘူး…”
အမျိုးသမီးဖြစ်သူ၏ မျက်လုံးထဲတွင် မျက်ရည်စများ ရစ်သီလာသည်။
သက်လတ်ပိုင်းလူက သက်ပြင်းချကာ အိမ်တံခါးကို တွန်းထုတ်၍ အပြင်သို့ လှမ်းလျှောက်သွား၏။ သူသည် မိုးကုပ်စက်ဝန်းထံ လှမ်းမျှောက်ကြည့်နေစဉ် တဖြည်းဖြည်း နေဝင်သွားသည်။ သူ ခြေတစ်လှမ်းလှမ်း၏။ သူ့ခန္ဓာကိုယ်မှ နူးညံ့သော အပြာရောင်တောက်သွားပြီး သူ ပျောက်ကွယ်သွားတော့သည်။
အပြာရောင်ပိုးသားကလန်၏ ကြယ်နယ်မြေမှာ အလွန်တရာ ကြီးမား၏။ သည်အခိုက်တွင် ထိုကြယ်နယ်မြေ၏အစွန်းအဖျားတွင် ဝမ်လင်းနောက် တည်တည်ငြိမ်ငြိမ် လိုက်လာသော ဝတ်စုံဖြူအမျိုးသမီးတစ်ယောက် ရောက်နေ၏။
သူမက အပြာရောင်ပိုးသားကလန်၏နယ်မြေထဲ လှမ်းဝင်ရန် ပြင်လိုက်ပြီးမှ ရုတ်တရက် ရပ်တန့်ကာ ရှေ့တည့်တည့်သို့ တည်ငြိမ်စွာ ကြည့်သည်။
သူမရှေ့ရှိ လေဟာနယ်နေရာတွင် အပြာရောင်အလင်းတစ်ခု ပေါ်လာ၏။ အပြာရောင်တောင်မှ ပျောက်ကွယ်သွားခဲ့သော စောနက သက်လတ်ပိုင်းလူသည် လှမ်းထွက်လာလေ၏။
သူ့မျက်လုံးမှာ အေးစက်နေသည်။ သူက စကားတစ်ခွန်းသာ ဆိုလိုက်သည်။
“ထွက်သွား…”
ဆံဖြူအမျိုးသမီးက ငြိမ်သက်စွာ စဉ်းစား၏။ သို့သော်သူမသည် ဒေါသထွက်ခြင်း အလျဉ်း မရှိပေ။ ထိုစကားကြောင့် သူမ၏အမူအရာလည်း ပြောင်းလဲမသွားပေ။
အချိန်အတန်ကြာပြီးနောက် သူမက တည်ငြိမ်စွာ ပြောလိုက်၏။ “သူက ရွေးချယ်ခံထားရပြီးပြီး…သင် သူ့ကို မကာကွယ်ပေးနိုင်ဘူး…”
“ထွက်သွား…” ထိုသက်လတ်ပိုင်းလူ၏ မျက်လုံးထဲတွင် သတ်ဖြတ်လိုစိတ် ဖြစ်ပေါ်၏။ သူ့အသံမှာ တည်ငြိမ်သော်လည်း အတိုင်းမသိအော်ရာတစ်ခုသည် ထိုဆံဖြူအမျိုးသမီးထံ တိုးဝင်သွားသည်။ ချက်ခြင်းပင် အကြွင်းမဲ့သတ်ဖြတ်လိုစိတ် ပျံ့နှံ့၏။
ဆံဖြူအမျိုးသမီး၏မျက်လုံးသူငယ်အိမ်မှာ ရုတ်တရက် ကြုံ့သွား၏။ သူမက ညာလက်ကို ဝေ့ယမ်းလျက် နောက်သို့ ပြန်ဆုတ်သွားသည်။
“သူ ထွက်လာရလိမ့်မယ်…” ထိုအမျိုးသမီး၏အသံသည် တည်ငြိမ်၏။ သူမသည် တဖြည်းဖြည်းနောက်ဆုတ်ရင်း အကွာအဝေးတစ်ခုထံ ပျောက်ကွယ်သွားသည်။
ကြယ်ရောင်စုံကောင်းကင်တခွင်ကို အချိန်မည်မျှ ကြာကြာ ဖြတ်သန်းလာမှန်း မသိပြီးနောက် ဝမ်လင်းသည် လီချန်မေကို သူမ၏ မွေးရပ်မြေ၊ အပြာရောင်ပိုးသားကလန်ထံ ပြန်ခေါ်လာနိုင်ခဲ့ပေပြီ။
ဝမ်လင်းသည် ရှေ့ဆက်သွးနေရင်း ကျယ်ပြောသောဟင်းလင်းပြင်မှာ တောက်ပလာ၏။ အပြာရောင်ပိုးသားကလန် ကြယ်နယ်မြေ၏ တည်နေရာမှာ အလွန်လှ၏။ ကျင့်ကြံခြင်းဂြိုဟ်များသည် အစစ်အမှန်ကြယ်များအလား နူးညံ့စွာလင်းလက်ကာ အပြာရောင်သည် ခပ်ဝေးဝေးထိ ပျံ့လွင့်သည်။
ဝမ်လင်းသည် သူ့လက်ပေါ်တွင် အိပ်ပျော်နေသော လီချန်မေကို ကြည့်ကာ တိုးညင်းစွာ ပြောသည်။ “ချန်မေ…ငါတို့ ရောက်ပြီ…”
ထိုအခိုက်တွင် အပြာရောင်ပိုးသားကလန်၏ ကြယ်နယ်မြေအတွင်းမှ အပြာရောင်အလင်း ထွက်ပေါ်လာ၏။ ထိုအဆုံးမဲ့အပြာရောင်အလင်း ပေါ်လာချိန်တွင် ခပ်တိုးတိုးအသံတစ်ခု လောကတွင် ပဲ့တင်ထပ်သည်။
“သူမကို ငါ့ရှိ ပေး…”
***