ဆက်လက်၍
Vol. 100 Ch. 1369
သက်လတ်ပိုင်းလူသည် အပြာရောင်အလင်းတွင်းမှ လှမ်းလျှောက်ထွက်လာ၏။ သူသည် ဝမ်လင်းကို ကြည့်ပင်မကြည့်၊ ဝမ်လင်း လက်ထဲရှိ လီချန်မေကိုသာ ကြည့်နေ၏။ သူ့အကြည့်ထဲ၌ မေတ္တာတရားနှင့် စိတ်နှလုံးနာကျင်မှုတို့ လှစ်ဟပေါ်နေသည်။
သူ့အသံ ထွက်ပေါ်လာသည်နှင့် ဝမ်လင်း၏စိတ်သည် တုန်ရီသွားကာ သူ ချက်ခြင်း မော့ကြည့်လိုက်၏။ သူသည် ချက်ခြင်းပင် အပြာရောင်ဝတ်စုံဖြင့် သက်လတ်ပိုင်းလူကို မြင်သည်။
ထိုသူသည် လီချန်မေနှင့် အလွန်ဆင်သည်။ သူတို့နှစ်ယောက်မှာ သွေးချင်းတော်သည်ကို အကြည့်တစ်ချက်ဖြင့်ပင် သိသာသည်။
“တာအိုသခင်အိပ်မက်ပြာ…” ဝမ်လင်းသည် ထိုအသံကို ချက်ခြင်း သိရှိလိုက်၏။ ထိုအသံသည် သူ့ကို သေလုမြောပါး ဖြစ်စေခဲ့ဖူးသည် မဟုတ်လား။
သူက ထိုအသံကို ဘယ်တော့မှ မေ့လိမ့်မည် မဟုတ်ပေ။
လွန်ခဲ့သောဆယ်နှစ်ကျော်က ခုနစ်ရောင်စုံနယ်မြေတွင် သူတို့၏တခဏတာ တွေ့ဆုံခဲ့မှုကနေသည် အခု အပြင်တွင် ကိုယ်တိုင်ကိုယ်ကျ တစ်ယောက်နှင့်တစ်ယောက် တွေ့ရလိမ့်မည်ဟု မည်သူကမျှ ထင်ထားမိလိမ့်မည် မဟုတ်ချေ။
ထိုသက်လတ်ပိုင်းလူသည် လီချန်မေကို ကြည့်၏။ သူ့စိတ်နှလုံးနာကျင်မှုမှာ ပိုဆိုးလာသည်။ သူက သူ့အင်္ကျီလက်အိုးကို ဝေ့ယမ်းလိုက်ရာ ဝမ်လင်းထံ မုန်တိုင်းတစ်ခု တိုးဝင်လာသည်။ သူက အံ့မခန်းနှုန်းဖြင့် လှုပ်ရှားကာ ဝမ်လင်းနား ချက်ခြင်း ရောက်လာ၏။
အစွမ်းထက်အားတစ်ခုသည် ဝမ်လင်းနှင့်လီချန်မေကို ဝန်းရံသွားသည်။ လီချန်မေသည် ထိုသက်လတ်ပိုင်းလူ၏လက်ထဲသို့ ညင်သာစွာ ပျံသန်းလာ၏။ သူက လီချန်မေကို ပွေ့ယူလိုက်၏။
ထို့နောက် သူသည် လီချန်မေကို ပွေ့ထားလျက် နောက်လှည့်ကာ အကွာအဝေးတစ်ခုသို့ လှမ်းလျှောက်သွားတော့သည်။ အပြာရောင်အလင်းက သူ့ထံ စုဝေးလာပြီးနောက် သူ ပျောက်ကွယ်သွားသည်။ အစကနေ အဆုံးထိ သူသည် ဝမ်လင်းကို တစ်ချက်လေးပင် မကြည့်ခဲ့ပေ။
ဝမ်လင်းသည် မုန်တိုင်း၏ ထိမှန်ခြင်း ခံရသည့်အခါ နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်ပြီးမှ သူ့ကိုယ်သူ ရပ်လိုက်နိုင်သည်။ ရှုပ်ထွေးသောအမူအရာဖြင့် သူက တာအိုသခင်အိပ်မက်ပြာ ပျောက်ကွယ်သွားသောနေရာသို့ ကြည့်သည်။
သူသည် တာအိုသခင်အိပ်မက်ပြာနှင့် လီချန်မေတို့ကြား ဆွေမျိုးပတ်သတ်မှုမှာ သေချာသလောက်ဖြစ်မှန်း သိနေ၏။ တာအိုသခင်က သူမကို ခေါ်သွားမှတော့ သူ့ထံ၌ သူမ အသက်ပြန်ရှင်နိုင်မည့် နည်းလမ်း ရှိရမည်သာ။
သူ့အရင်အစီအရင်က အပြာရောင်ပိုးသားကလန်နှင့် သည်ကြယ်နယ်မြေမှ ပြန်ထွက်သွားရန် ဖြစ်သည်။ အနည်းငယ် စဉ်းစားပြီးနောက် ဝမ်လင်းက မထွက်သွားသေးရန် ရွေးချယ်လိုက်သည်။ သူက လီချန်မေ အမှန်တကယ် ပြန်နိုးထလာနိုင်လား သေချာချင်၏။
စဉ်းစားနေလျက် ဝမ်လင်းသည် အလင်းတန်းတစ်ခုအသွင်ပြောင်းကာ ရှေ့တည့်တည့်သို့ ပျံသန်းသွားသည်။ သူသည် တဖြည်းဖြည်းဖြင့် အပြာရောင်ပိုးသားကလန်၏ အတွင်းနက်ပိုင်းသို့ ဝင်ရောက်လာသည်။ သူက နတ်ဘုရားအာရုံကို ဖြန့်ကျက်ရန် မလိုအပ်ပေ။ သူက သည်အဆုံးမဲ့ကြယ်များကြား ကျင့်ကြံခြင်းဂြိုဟ်တစ်ခုမှ ထုတ်လွှတ်နေသော အားကောင်းသည့်အပြာရောင်အလင်းတစ်ခုကို ရှင်းရှင်းလင်းလင်း မြင်နေရ၏။ ထိုနေရာမှာ တာအိုသခင်အိပ်မက်ပြာ နေထိုင်ရာနေရာပင် ဖြစ်လိမ့်မည်။
ထိုကျင့်ကြံခြင်းဂြိုဟ်သည် အပြာရောင်အလင်းနှင့် ဖုံးနေ၏။ ဝမ်လင်းသည် ရှေ့သို့ ဆက်လာရင်း ထိုဂြိုဟ်အတွင်းသို့ ဝင်ရောက်လာသည်။
မည်သည့်အကာအကွယ်အစီအရင်မှ ရှိမနေသည့်အတွက်ကြောင့် ဝမ်လင်းက ဂြိုဟ်၏ လေထုထဲတွင် ပျံသန်းလာနေ၏။ သူ့အောက်ရှိ ပင်လယ်ပြင်ထံမှ လှိုင်းတိုးသံများသည် သူ့နားထဲ ဖြည်းညင်းစွာ ဝင်ရောက်သည်။
ပင်လယ်ပြင်ထက်၌ သင်္ဘောအချို့ရှိနေကာ လေနှင့်အတူ ဂီတသံသည် ဝမ်လင်းနားထဲ ဝင်ရောက်၏။ ထိုဂီတသံမှာ ပျော်ရွှင်မှုနှင့် ပြည့်၏။
အချိန်အတန်ကြာပြီးနောက် ဝမ်လင်းက လေဟာနယ်အတွင်း ခြေလှမ်းကာ သဲလွန်စမရှိ ပျောက်ကွယ်သွား၏။ သူ ပေါ်လာသည့်အခါတွင် သူသည် အပြာရောင်တောင်အောက်တွင် ရောက်နေပေပြီ။
သည်ဧရိယာကို တောင်များ ပတ်ခြံဝန်းရံကာ သစ်ပင်များ နေရာတိုင်းတွင် ရှိသည်။ သို့ပေမည့် ထိုအပြာရောင်တောင်ရှေ့တွင် ရပ်လိုက်ပါက သင်သည် သင့်ကိုယ်သင် အလွန်သေးငယ်သကဲ့သို့ ခံစားရပေလိမ့်မည်။
ထိုအပြာရောင်တောင်ကို ကြည့်ကာ ဝမ်လင်းသည် ရှုပ်ထွေးဟန် ဖြစ်ပေါ်သည်။ အချိန်အတန်ကြာပြီးနောက် သူက သက်ပြင်းချကာ တောင်ရှိရာသို့ တဟုန်ထိုး ရှေ့ဆကလာသည်။ သို့ပေမည့် သူ အနားရောက်လာချိန်တွင် သူ့အမူအရာမှာ ပြောင်းလဲသွားသည်။ သူသည် လေထဲ၌ တန့်သွား၏။ သူသည် တောင်နှင့် ပေတစ်ထောင်မျှပင် မဝေးတော့ချေ။
အပြာရောင်အလင်း သူ့ခန္ဓာကိုယ်ထဲ ဝင်ရောက်လာသည်နှင့် ၎င်းက အတောမသပ်ခုခံအားတစ်ခုအဖြစ် ပြောင်းကာ အဘက်ဘက်မှ ရပ်တန့်ပစ်သည်။
“အစွမ်းထက်လိုက်တဲ့ အတားအဆီးပညာရပ်…” ဝမ်လင်းသည် ထိုအပြာရောင်တောင်ကို စူးစိုက်ကြည့်နေ၏။ အတားအဆီးများအပေါ် သူ့နားလည်မှုအရ သူသည် ဤအတားအဆီးမှာ လူတစ်ယောက်ကြောင့် မဟုတ်ဘဲ အပြာရောင်တောင်ထံမှ အလင်းကြောင့်မှန်း ချက်ခြင်း သိမြင်သည်။
အချိန်အတန်ကြာ စဉ်းစားကြည့်ပြီးနောက် ဝမ်လင်း၏မျက်လုံးသည် တလက်လက် ဖြစ်သွား၏။ သူ့ခန္ဓာကိုယ်မှာ ရှေးဟောင်းနတ်ဘုရားစွမ်းအားနှင့်အတူ မူလစွမ်းအင်များပါ ပြည့်နှက်လာသည်။ သူသည် ကြယ်ပျံတစ်စင်းအလား အပြာရောင်အလင်းထဲ တိုးဝင်လိုက်သည်။
သူ တဟုန်ထိုး တိုးဝင်လာနေရင်း ခုခံမှုမှာ ပိုအားကောင်းလာသည်။ အဆုံးသပ်တွင် ယင်းက သံနံရံတစ်ခုအလား ဖြစ်လာ၏။
သူ တောင်ခြေသို့ ခြေချလိုက်ချိန်တွင် ခုခံအားသည် သူ့ထံ တရကြမ်း ဖိကျလာ၏။ သူ့ခန္ဓာကိုယ်မှပင် တစီစီအသံများ ထွက်ပေါ်ကုန်သည်။
သို့ပေမည့် ထိုအရာများသည် ဝမ်လင်းကို ရပ်တန့်ပစ်နိုင်စွမ်း မရှိပေ။ သူက သူ့ခေါင်းကို မော့ကာ တိမ်များဖုံးလွှမ်းနေသော အပြာရောင်တောင်ထိပ်ကို ကြည့်သည်။ သူ့မျက်လုံးထဲတွင် ပြတ်သားမှုတို့ ပြည့်နှက်လျက်။ သူက တောင်ပေါ်သို့ စတင် လျှောက်လှမ်းသည်။
ထိုအပြာရောင်တောင်သည် မြင်ကွင်းမဲ့လောက်အောင် တိမ်ထုများ ပြည့်ဖုံးနေ၏။ သို့ရာတွင် တောင်ထိပ်သို့ ဦးတည်ထားသည့် လှေကားထစ်များ ရှိလို့နေသည်။ ဝမ်လင်းက တောင်ထိပ်ဆီသို့ တစ်ထစ်ချင်း လှမ်းတက်လာသည်။
သူသည် အလွန်မြန်၏။ တစ်စက်လေးပင် မရပ်သွားပေ။ သူ ဆက်လျှောက်လာရင်း သူ့မူလစွမ်းအင်အားလုံးကို ခုခံမှုကို ချေဖျက်နိုင်ဖို့ အသုံးပြုထား၏။ သူက လှေကားထစ်များ၏ သုံးဆယ်ရာခိုင်နှုန်းလောက်ကို တက်ရောက်လာခဲ့ပေပြီ။
သို့ရာတွင် ထိုအခိုက်၌ တောင်ထံမှ ခုခံအားသည် မြေကြီးထုကိုပါ အက်ကွဲစေလောက်သည့်ထိ ဖြစ်လာသည်။ ကျင့်ကြံခြင်းဂြိုဟ်တစ်လုံး ဖိသိပ်ကျလာကာ ဝမ်လင်းကို ရှေ့ဆက်မတိုးနိုင်အောင် ဟန့်တားသည့်အလား။ သူ့ ခြေလှမ်းတိုင်းတွင် သူက အဆုံးမဲ့ဖိအားကို တောင့်ခံနေရ၏။ ပို၍ တုန်လှုပ်ဖွယ်ကောင်းသည်မှာ သူ ဆက်တက်လေ ခုခံမှုအားသည် နှစ်ဆတိုးလာခြင်းပင်။
အချိန်ဖြည်းဖြည်းချင်း ကုန်ဆုံးနေ၏။ လီချန်မေသည် မျက်လုံးမှိတ်လျက် တောင်ထိပ်ပေါ်ရှိ သာမန်အိမ်လေးထဲ၌ ထိုင်နေ၏။ သူမထံမှ အပြာရောင်အလင်းတစ်ခု ပေးစွမ်းနေသည်။ သူမ၏အဖေဖြစ်သူ တာအိုသခင်အိပ်မက်ပြာကမူ သူမဘေးတွင် ထိုင်နေ၏။ သူ့လက်နှစ်ဖက်ဖြင့် ချိပ်ဟန်များဖြစ်စေကာ လေထဲသို့ အဆက်မပြတ်ညွှန်နေသည်။
သူ လက်ညွှန်လိုက်တိုင်း လီချန်မေ၏ခန္ဓာကိုယ်မှာ တုန်ရီသွား၏။ သူမ၏ဒွာရပေါက်များကနေ အနက်ရောင်အခိုးငွေ့များထွက်လာပြီး အခန်းထဲတွင် ပျောက်ကွယ်သွားနေသည်။
ထိုအိမ်အပြင်ဘက်တွင်တော့ ပုလွေသံ ပဲ့တင်ထပ်နေ၏။ ပန်းရောင်ဝတ်စုံနှင့်အမျိုးသမီးက အိမ်အပြင်ဘက်တွင် ထိုင်နေသည်။သူမက ပုလွေကို ကိုင်လျက် ညင်သာစွာ မှုတ်နေ၏။ ဂီတသံသည် လောကတွင် ရှုပ်ထွေးမှုခံစားချက်အတိုင်း စီးမြောပဲ့တင်ထပ်နေစဉ် ဝမ်လင်းကတော့ တောင်ပေါ်သို့ တက်လာနေသည်။
ပုလွေဂီတသံက သူ့နားထဲ ဝင်ရောက်လာချိန်တွင် ဝမ်လင်းသည် လှေကားထစ်ပေါင်း ငါးဆယ်ရာခိုင်းနှုန်းကို ပြီးမြောက်အောင် တက်လာနိုင်ခဲ့ပေပြီ။ သူက အလွန်ပင်ပန်းနေဟန် ပေါ်၏။ သူ့မျက်လုံးများ နီရဲနေသည်။ တောင်ထံမှ ခုခံအားမှာ အတိုင်းမသိပင်။ ခြေလှမ်းတိုင်းမှာ အလွန်ခက်ခဲလှသည်။
ရှေးဟောင်းနတ်ဘုရားစွမ်းအားတစ်ခု သူ့မူလစွမ်းအင်နှင့်အတူ သူ့ခန္ဓာကိုယ်အတွင်း စီးဆင်းနေ၏။ သူ့ထံမှ ပြင်းထန်သောအားတစ်ခု ပေါက်ကွဲထွက်နေသည်။ သူ့မျက်လုံးသည် တောက်ပလျက် သူက ခြေမြှောက်ကာ လှမ်းပြန်၏။
သူ့ခန္ဓာကိုယ်မှ တစီစီအသံများ ထွက်ပေါ်နေသလို ချွေးသီးချွေးပေါက်များလည်း ဒီးဒီးကျနေသည်။ သူ့ချွေးများအတွင်း၌ သွေးရောင်ပါ ခပ်ဖျော့ဖျော့ သန်းနေသည်။ ထိုသို့ဖြစ်ရခြင်းမှာ ဖိအားကို တောင့်ခံနိုင်ရန် သူ့ကိုယ်ထဲရှိ သွေးများ မြန်ဆန်စွာ စီးဆင်းရသောကြောင့်တည်း။
သူ့မူလစွမ်းအင်မှာ တဖြည်းဖြည်းချင်း အကန့်အသတ် ရောက်လာ၏။ သူသည် အသက်ခပ်ပြင်းပြင်းရှုနေလျက် မူလစွမ်းအင်များစွာ သူ့ထံ တရကြမ်း စီးဝင်သည်။ အချိန်ကြာလာသည်နှင့်အမျှ သူ့ရှေးဟောင်းနတ်ဘုရားစွမ်းအင်မှာလည်း အထွတ်အထိပ် ရောက်လာ၏။
ထိုစွမ်းအင်နှစ်ခုသည် သူ့ကို တောင်ထိပ်နှင့် နီးသထက်နီးလာအောင် ထောက်ပိုးထားသည်။
သုံးရက်အတွင်း ဝမ်လင်းက လှေကားထစ်ပေါင်း ရှစ်ဆယ်ရာခိုင်နှုန်းကို တက်လာခဲ့သည်။ သည်အခိုက်တွင် သူက အပေါ်သို့ မော့ကြည့်ကာ လှေကားထစ်ပေါင်းများစွာကို တွေ့မြင်လိုက်ရ၏။ သို့ရာတွင် သူသည် အလွန်ပင်ပန်းနေပြီ။ သူ့ခန္ဓာကိုယ်မှာလည်း ဖိအားက ရိုက်ခတ်သော ဗုံတစ်လုံးအလား ဖြစ်နေပေပြီ။ သူ့ခန္ဓာကိုယ်မှာ မတုန်ရီဘဲ မနေနိုင် ဖြစ်ရသည်။
ဤအခိုက်၌ သူသည် အတိတ်တုန်းက သူ စတင်ကျင့်ကြံခဲ့ရန် ကြိုးစားခဲ့စဉ်ကို ပြန်ရောက်သွားသည့်အလား။
ပို၍ ကြောက်မက်ဖွယ်ကောင်းသည်မှာ သူက အတက်သာမဟုတ်၊ အောက်ဘက်ကနေလည်း သူ့ကို ပြန်ဆွဲချလာခြင်းပင်။ သူက အားနှစ်ခုကြား ကြံ့ကြံ့ခံနေရခြင်းပင်။ သူသာ အနားယူလိုက်ပါက လွင့်စင်ထွက်သွားပေလိမ့်မည်။
ထိုအစုန်၊အဆန်အားနှစ်ခုအောက်တွင် ဝမ်လင်း၏မျက်နှာမှာ ဖြူရောလျက် သူ့ဝတ်စုံမှာ ချွေးများ ရွှဲနစ်နေသည်။ သို့ရာတွင် သူ့အမူအရာသည် ပြတ်သားမှု အပြည့်ပင်။ သူသည် လီချန်မေ ပြန်နိုးထလာသည်ကို မတွေ့မရချင်း မရပ်မည့်သဘော ရှိ၏။
သူ သူမကို တွေ့မြင်ရပြီးမှသာ ပြန်ထွက်သွားပေမည်။ သူ သူမကို မတွေ့နိုင်ခင် ကောင်းကင်သည် ပြိုဆင်းကာ မြေကြီးသည် အက်ကွဲလျှင်ပင် သူ့ကို တားနိုင်လိမ့်မည် မဟုတ်ပါ။
“ငါ လီချန်မေကို ဒီနေရာကို ခေါ်လာခဲ့တာ။ ဒါ့ကြောင့် ငါ သူမရဲ့အဆုံးသပ် အခြေအနေကို ငါ မြင်ကိုမြင်ရမယ်…”
ဝမ်လင်းသည် အံတင်းတင်းကြိတ်၏။ သူ့ပါးစပ်ထောင့်တွင် သွေးအရသာကို ခံစားရသည်။ သူက သူ့ခြေထောက်ကို ပင့်မြှောက်ကာ တောင်ထိပ်ထံသို့ ထပ်မံ လှမ်းတက်ပြန်သည်။
သူ နီးကပ်လာလေလေ ဖိအားသည် ပို၍အံ့မခန်းဖြစ်လာလေပင်။ သွေးများစွာ အကြိမ်ကြိမ်အန်လိုက်ရပြီးနောက် သူ့သွေးကြောများပါ စုတ်ပြဲကုန်လေပြီ။ ဝမ်လင်းသည် လှေကားထစ်ပေါင်း ကိုးဆယ်ရာခိုင်နှုန်းကို တက်လာနိုင်ခဲ့ပြီ ဖြစ်၏။
တောင်ထိပ်ရှိ အိမ်အတွင်း၌မူ တာအိုသခင်အိပ်မက်ပြာသည် မျက်လုံးဖွင့်လာ၏။ လီချန်မေထံမှ နောက်ဆုံးလက်ကျန် အနက်ရောင်အခိုးငွေ့များ ထွက်လာသည်။ ထို့နောက် သူမသည် အပြာရောင်အလင်းဖြင့် ခြုံလွှမ်းခြင်း ခံရသည်။ သူမ၏ သွေ့ခြောက်သော မျက်နှာမှာ မြန်ဆန်စွာ ပြန်ကောင်းမွန်လာပြီး သူမ၏ မျက်တောင်များ တုန်ယင်ကာ မျက်လုံး ဖြည်းဖြည်းချင်း ဖွင့်လာလေသည်။
ထိုစဉ် အိမ်တံခါးပွင့်လာကာ ပန်းရောင်ဝတ်စုံဖြင့်အမျိုးသမီး လှမ်းဝင်လာ၏။ သူမ၏အကြည့်က လီချန်မေထံ ကျရောက်သွားပြီး တဒင်္ဂမိန်းမောသွားသည်။ ထို့နောက်တွင်မှ သူမသည် တိုးညင်းစွာ ပြောလိုက်သည်။ “သူ ဒီနေရာကို ရောက်လာတော့မယ်။ ငါတို့ ဘယ်လို လုပ်သင့်လဲ…”
တာအိုသခင်အိပ်မက်ပြာသည် ခေါင်းငုံ့ကာ ကုချင်းကိုသာ ကြည့်နေ၏။ သူက ၎င်းကို ထိတွေ့လိုက်ပြီး နူးညံ့စွာ ပြောလိုက်သည်။ “ယွဲ့အာ…သွားလိုက်…ပြီးရင် သမီးရဲ့နာမည် ပြောပြလိုက်…”
လီချန်မေသည် ခေါင်းညိတ်ကာ ညင်သာစွာ ထရပ်သည်။ သူမသည် စိတ်ရှုပ်ထွေးမှု အရိပ်အမြွက်ဟန်ပန်ဖြင့် အိမ်ထဲကနေ လှမ်းထွက်သွား၏။ သူမသည် နေထွက်လာသည်ကို မြင်သည်။ သူမမျက်လုံးထဲမှ စိတ်ရှုပ်ထွေးဟန်မှာ ပိုအားကောင်းလာသည်။
အတောမသပ်ခုခံမှုအားအောက်တွင် ဝမ်လင်းသည် နောက်ဆုံးခြေလှမ်းကို လှမ်းကာ တောင်ထိပ်ဖျားထံ ခြေချလိုက်ပေပြီ။ သူသည် တောင်ထိပ်တွင် မားမားရပ်၏။
သည်နေရာတွင် ခုခံအားသည် ရုတ်တရက် မြင့်တက်လာကာ အသံတိမ်ဟိန်းသံအဖြစ် ပြောင်းလဲ၏။ ၎င်းက သူ့ကို အရူးအမူး ဆွဲငင်သည်။ သို့သော် သူ့ခန္ဓာကိုယ်မှာ မလှုပ်မယှက်သာ။ သူက တောင်ထိပ်သို့ ရောက်လာသည်နှင့် နေထွက်သည်ကို ငေးမောနေသော လီချန်မေကို လှမ်းမြင်၏။ သူမ၏ ဝတ်ရုံမှာ လေနှင့်အတူ တဖျပ်ဖျပ် လွင့်လျက် သူမသည် ကောင်းကင်ဘုံသမီးပျိုအလား။
ထိုအမျိုးသမီးက ခေါင်းလှည့်လာကာ ဝမ်လင်းကို ကြည့်လိုက်၏။
ထိုစဉ် သူတို့သည် အကြည့်ချင်း ဆုံသည်။ ဝမ်လင်းက ပြုံးလိုက်၏။ လီချန်မေသည် နိုးထလာနိုင်ခဲ့ပြီ မဟုတ်လား။
“အဖေက နင့်ကို ငါ့နာမည် ပြောပြခိုင်းလိုက်တယ်။ ငါ့နာမည်က အပြာရောင်လပါ။ နင်ကကော ဘယ်သူလဲ…”
ဝမ်လင်းသည် တစ်ခဏတာ မင်သက်သွားမိ၏။ ထို့နောက် သူက လီချန်မေ၏မျက်လုံးထံ ကြည့်မိသည်။ အချိန်အတန်ကြာပြီးနောက် သူက ခါးသီးဟန်ဖြင့် နူးညံ့စွာ ပြောလိုက်သည်။ “ငါ့နာမည်က ဝမ်လင်းပါ…”
ထိုသို့ပြောပြီးနောက် သူသည် ခုခံအားကို တောင့်ခံနေခြင်းအား ရပ်လိုက်၏။ ထိုအခါ သူသည် အကွာအဝေးတစ်ခုထံ လွင့်ထွက်သွားတော့သည်။
သူနှင့် တောင်ထိပ်ပေါ်ရှိ အမျိုးသမီးတို့ကြား အကွာအဝေးသည် မြန်မြန်ဆန်ဆန် ကွာဝေးသွားတော့သည်။ သူတို့၏အကြည့်များပင် အကွာအဝေး၏ ပိတ်ဆို့ခြင်းခံရကာ တစ်ယောက်နှင့်တစ်ယောက် ရှင်းရှင်းလင်းလင်း မမြင်ရတော့ချေ။
“တစ်ယောက်နဲ့တစ်ယောက် မေ့လိုက်တာ ပိုကောင်းပါတယ်။ ဒါက အဆင်ပြေမှာပါ။ အဆင်ပြေပါတယ်…”
ဝမ်လင်းသည် နားလည်ရန် မဖြစ်နိုင်သော ရှုပ်ထွေးမှုစိတ်အခြေအနေ ဆိုက်ရောက်နေရ၏။ သူသည် လွင့်ထွက်နေရင်း လှည့်လိုက်ကာ အကွာအဝေးတစ်ခုထံ လျှောက်လှမ်းသွားသည်။
အပြာရောင်လ(ဝါ)လီချန်မေ၏ မျက်လုံးထဲရှိ စိတ်ရှုပ်ထွေးမှုသည် ပိုအားကောင်လာသည်။ သူမသည် သူမစိတ်နှလုံးအတွင်းမှာ နာကျင်မှုကို ခပ်ရေးရေး ခံစားရသည်။
အပြာရောင်လသည် နောက်လှည့်မကြည့်ဘဲ ခပ်တိုးတိုး ပြောလိုက်၏။ “အဖေ…ငါ သူ့ကို ဘာကြောင့် ရင်းနှီးလွန်းသလို ခံစားနေရတာလဲ။ သူက ငါ့မှတ်ဉာဏ်အစိတ်အပိုင်းတစ်ခုထဲက အလွန်အရေးကြီးသလို၊ အရေးပါသလိုမျိုး ခံစားရတယ်…”
“လောကရဲ့ အကွာဝေးဆုံးဟာ လောကအဆုံးသပ်မဟုတ်သလို ယင်နဲ့ယန်လည်း မဟုတ်ဘူး။ ဒါပေမဲ့ မေ့ပျောက်သွားခြင်းပဲ။ မှားယွင်းတဲ့ပတ်သတ်မှုဟာ အချိန်မှား၊နေရာမှားတဲ့ အခါမှာ ဖြစ်ပျက်တတ်တာပဲ။ အစကတည်းက အားလုံးမှားခဲ့ကြတာ။ သမီးတို့နှစ်ယောက် တစ်ယောက်နဲ့တစ်ယောက် မေ့ဖျောက်ပစ်ပြီး အသစ်ပြန်စနိုင်ခဲ့ရင်…အဖေ သမီးကို မတားတော့ဘူး။ သူဟာ ရှေးဟောင်းကောင်းကင်ဘုံနယ်မြေရဲ့ ရွေးချယ်ခံရတဲ့သူ ဖြစ်နေရင်တောင်မှ အဖေက သမီးအတွက် သူတို့ကို တိုက်ခိုက်ဝံ့တယ်…”
လီချန်မေ၏စကားများကို ဖြေရမည့်အစား တာအိုသခင်အိပ်မက်ပြာသည် မျက်လုံးမှိတ်လျက် ကုချင်းကိုသာ ထိကိုင်လိုက်သည်။
“အဝေးဆုံးဟာ မေ့ပျောက်သွားခြင်းလား…။ မုန့်အာ နင်ရော ငါ့ကို ဘယ်အချိန် သတိရမှာလဲ…”
***