ဝတ်စုံဖြူအမျိုးသမီး
Vol. 100 Ch. 1370
ဝမ်လင်း၏နှလုံးသားထဲတွင် ဝမ်းနည်းမှုတို့ ပြည့်နေ၏။ ထိုဝမ်းနည်းမှုသည် အလွန်တရာ ပေါ့ပါးလွန်းသည်။ သို့သော် သူ့စိတ်ထဲတွင် ကပ်ငြိတွယ်နေသည်။
ဝမ်လင်းသည် အပြာရောင်တောင်ထံမှ ပိုပို ဝေးသောနေရာသို့ ရောက်လာရင်း သက်ပြင်းချမိသည်။ အရင်တုန်းက အဖြစ်အပျက်တိုင်းမှာ အိပ်မက်တစ်ခုအလား၊ အခု သူက အိပ်မက်ကနေ နိုးထလာခဲ့သည်လော။
သူသည် ဤနေရာသို့ လီချန်မေကို ခေါ်လာခဲ့၏။ အခုတော့ သူ တစ်ကိုယ်တည်း ပြန်ထွက်သွားရလေပြီ။ ဝမ်လင်းသည် ထိုအထီးကျန်ခံစားမှုနှင့် သူ အလွန်ကျွမ်းဝင်ကြောင်း သိပေသည်။ သို့သော် သူက မတမ်းတမိဘဲ မနေနိုင် ဖြစ်ရသည်။
နှစ်ပေါင်းနှစ်ထောင်နီးပါး ကျင့်ကြံခဲ့ပြီးနောက် သူသည် ဒီလောကရှိ အရာတော်တော်များများကို တွေ့မြင်ခဲ့ဖူးပေပြီ။ သူသည် အထီးကျန်မှု၌ တစ်ကိုယ်တည်း ရှင်သန်ခဲ့ရသည်ကိုလည်း သင်ယူခဲ့ပြီးပေပြီ။
“ထားလိုက်ပါတော့…” ဝမ်လင်းသည် နောက်လှည့်ကာ အဝေးရှိ ခပ်ရေးရေး အပြာရောင်တောင်ထံသို့ ကြည့်မိ၏။ သူက ထိုတောင်ထိပ်ပေါ်ရှိ ပုံရိပ်တစ်ခုကို ခပ်ရေးရေးမြင်သည်။
ထိုပုံရိပ်နှင့် သူသည် တဖြည်းဖြည်း ဝေးသထက် ဝေးလို့သွားသည်။
အပြာရောင်ပိုးသားကလန်၏ ကြယ်နယ်မြေမှာ ကျယ်ပြောလှ၏။ ဝမ်လင်းက ကြယ်များကြား ဖြတ်သန်းလာရင်း အကွာအဝေးတစ်ခုထံ ဖြည်းဖြည်းချင်း သွားနေမိသည်။
ဘာကြောင့်မှန်းမသိရဘဲ သူ့နှလုံးသားထဲမှ မောပန်းမှု ခံစားနေရ၏။ ထိုမောပန်းမှုသည် သူ့စိတ်ထဲမှ လာ၏။ ဝမ်းနည်းမှုခံစားချက်မှ လာ၏။ သူသည် လာရာလမ်းအတိုင်း ဖြည်းဖြည်းချင်း သွားနေလျက် အပြာရောင်ပိုးသားကလန် ပိုင်နက်၏အစွန်းအဖျားသို့ ရောက်ရှိလာသည်။ သူက သည်ကလန်ကနေ ထွက်သွားရပေတော့မည်။
သို့ရာတွင် ထိုအခိုက်အတန့်၌ ဝမ်လင်းသည် ရုတ်တရက် ရပ်တန့်လိုက်ကာ ရှေ့တည့်တည့်သို့ စူးစိုက်ကြည့်လျက် သူ့မျက်လုံးမှာ တောက်ပလာ၏။
သူ့ရှေ့ရှိ ကြယ်ရောင်စုံကောင်းကင်မှာ ငြိမ်သက်တောက်ပလျက် လှပနေ၏။ သို့သော် ထူးဆန်းသောခံစားချက်တစ်ခုကို ပေးစွမ်းသည်။
သို့ပေမည့် ဝမ်လင်းသည် သည်နေရာသို့ ရောက်လာချိန်ကတည်းက တုန်လှုပ်မှုကို ခံစားမိရ၏။ သူက ထိုခံစားချက်နှင့် မစိမ်းပေ။ သူ့နှစ်ပေါင်းနှစ်ထောင် ကျင့်ကြံမှုအတွင်း သူက ယင်းသို့ အကြိမ်များစွာ ခံစားခဲ့ရ၏။ အကြိမ်တိုင်းတွင်လည်း သေရေးရှင်ရေးသာ ကြုံရ၏။
ယခုကဲ့သို့ ခံစားခဲ့ရသည့် နောက်ဆုံးအကြိမ်မှာ တာအိုပညာရှင်ရေ သူ့ထံ မရောက်လာခင်က ဖြစ်၏။
ဝမ်လင်း၏အမူအရာသည် အလေးအနက် ဖြစ်လာ၏။ ရှေးဟောင်းကြယ်အဖွဲ့အစည်းကို ရောက်လာသည်မှစ၍ အခုလို သူ ခံစားမိသည်မှာ ပထမဆုံးအကြိမ် ဖြစ်၏။ ထာဆန် ပေါ်လာချိန်ကပင် သူက အခုကဲ့သို့ တုန်လှုပ်မှုမျိုးကို မခံစားခဲ့ရပေ။
သူ့ရှေ့ရှိ တည်ငြိမ်နေသော ဟင်းလင်းပြင်ကို ကြည့်နေရင်း ဝမ်လင်းက ဖြည်းဖြည်းချင်း မျက်လုံးမှိတ်လိုက်၏။ သူ့နတ်ဘုရားအာရုံသည် ဆန့်ထွက်စေလိုက်သည်။ ဘာတစ်ခုကိုမျှ မတွေ့ရပါ။ ဝမ်လင်းက မျက်လုံးပြန်ဖွင့်လိုက်ရင်း မျက်မှောင်ကြုတ်သွားသည်။
သူ့ရှေ့တွင် မည်သည့်အရာမှ ရှိမနေဆဲ ဖြစ်၏။ သို့သော် တုန်လှုပ်ဖွယ်ခံစားချက်က ပိုတုန်လှုပ်စရာပင် ကောင်းလာ၏။ ဝမ်လင်း၏မျက်လုံးသည် လက်ခနဲ ဖြစ်သွားကာ သူသည် ထပ်မံ၍ မျက်လုံးပြန်မှိတ်သည်။ သူ့မျက်လုံးသူငယ်အိမ်အတွင်းနက်ပိုင်း၌ အပြာရောင်မီးတောက် လောင်ကျွမ်း၏။ ယင်းမီးတောက်၏အစွန်းတွင် မိုးကြိုးက ဝန်းရံသည်။
ရှင်ခြင်းသေခြင်း၏ ယင်နှင့်ယန်သင်္ကေတ ထိုမီးတောက်နှင့်မိုးကြိုး ပတ်လည်တွင် ပေါ်လာ၏။ ယင်နှင့်ယန်သင်္ကေတလှည့်ပတ်မှုက ကံမ္မာကို ဖြစ်ပေါ်စေပြီးနောက် အမှန်နှင့်အများသည် တဖျပ်ဖျပ် ဖြစ်ပေါ်သည်။
သူ့မျက်လုံးသူငယ်အိမ်အတွင်းနက်ပိုင်းတွင် အနှစ်သာရငါးခု ပေါ်လာခြင်းပင်။ ယင်းတို့က အလျင်အမြန် လှည့်လည်လျက် ဝမ်လင်းသည် ရုတ်တရက် မျက်လုံးဖွင့်ကာ ရှေ့တည့်တည့်သို့ ကြည့်သည်။ သူ့အကြည့်သည် လောကရှိ အတားအဆီးအားလုံးကို ချိုးဖျက်ကာ အရာအားလုံး၏ ရင်းမြစ်ကို မြင်ရစေသည်။
သို့ပေမည့် သူ မျက်လုံး ပြန်ဖွင့်လိုက်သည်နှင့် သူ့မျက်လုံးသူငယ်အိမ်မှာ ကြုံ့သွား၏။ သူ့ခန္ဓာကိုယ်ထက်ရှိ အမွှေးအမျှင်အားလုံး ထောင်မတ်ကာ သူ့ခန္ဓာကိုယ်ထဲမှ မူလစွမ်းအင်သည် အရူးအမူး လှည့်ပတ်သွားပြီး သူ့မျက်လုံးကို လျှပ်စီးအလား လင်းလက်စေသည်။
ထိုအခါ သူနှင့် သိပ်မဝေးသောနေရာတွင် အဖြူရောင်ဝတ်စုံဖြင့် အမျိုးသမီးတစ်ယောက်ကို သူ မြင်လိုက်ရသည်။
ထိုအမျိုးသမီးက ကြယ်များကြား တစ္ဆေတစ်ကောင်အလား လွင့်မြောနေ၏။ သူမထံ၌ အသက်ဓာတ်လက္ခဏာ၊ ဖြစ်တည်မှုအရိပ်အယောင် လုံးဝ မပြနေပေ။ နတ်ဘုရားအာရုံဖြင့်ပင် သူမကို မထောက်လှမ်းနိုင်ချေ။ သူမ၏ နက်မှောင်သောဆံပင်များက ပုခုံးထက် ဝဲကျလျက်ရှိပြီး သူမကို အလင်းတစ်ခုက ခြုံလွှမ်းထားသည်။ ထို့ကြောင့် သူမ၏ ပုံပန်းသွင်ပြင်ကို တွေ့မြင်ရနိုင်ဖို့ မဖြစ်နိုင်တော့ချေ။
ဝမ်လင်းက ရှေ့တည့်တည့်သို့ စူးစိုက်ကြည့်လျက် သူ့စိတ်ကို စူးနစ်ထားသည်။
ထိုအမျိုးသမီးက နေရာတွင်ပင် ရပ်လျက် ဝမ်လင်းထံ တိတ်ဆိတ်စွာ ကြည့်နေသည်။ သူတို့နှစ်ယောက်ရှေ့တွင် ထူးဆန်းသောငြိမ်သက်မှုမျိုး ဖြစ်ပေါ်သည်။
သူမက စကားမဆိုပေ။ ဝမ်လင်းကလည်း ပါးစပ်မဟပါ။ သူက ထိုအမျိုးသမီးကို ပုံမှန်အတိုင်းဆို မြင်နိုင်စွမ်း ရှိလိမ့်မည် မဟုတ်ချေ။ သို့သော် သူ့မျက်လုံးထဲရှိ အနှစ်သာရငါးခုက သူ့ကို သည်နေရာရှိ သူ့နောက်သို့ လိုက်လာသော ထိုထူးဆန်းသောအမျိုးသမီးအား တွေ့မြင်စေခဲ့သည်။
ထိုအမျိုးသမီး၏ပထမဆုံးဟန်ပန်အသွင်ဖြင့်ပင် ဝမ်လင်းသည် ကြီးစွာ တုန်လှုပ်ရ၏။ သူ့စိတ်ထဲထဲမှ ရုတ်တရက် ကြီးမားလှသောအန္တရာယ်အာရုံတစ်ခု ပေါက်ကွဲထွက်လာသည်။
“သူမက လူသားမဟုတ်ဘူးပဲ…” အချို့အကြောင်းပြချက်များကြောင့် သည်အတွေးက ဝမ်လင်း၏စိတ်ထဲတွင် ရုတ်တရက် မြင့်တက်ပေါ်ပေါက်လာခဲ့၏။
အချိန်အတန်ကြာ ငြိမ်သက်တိတ်ဆိတ်ပြီးနောက် ဝမ်လင်းက ဖြည်းဖြည်းချင်း နောက်ပြန်ဆုတ်၏။ သူသည် မျက်မှောင်ကြုတ်လျက် အလွန်နှေးကွေးစွာ ရွှေ့လျားသည်။ သူ့ညာလက်ကို ဘေးဘက်ချထားကာ သွေးဓားကို အသုံးပြုရန် အသင့်ပြင်ထားသည်။
ထိုအမျိုးသမီးသည် တစ်စက်မှ မလှုပ်ရှားပေ။ သူမက ဝမ်လင်း အကွာအဝေးတစ်ခုထံ ပျောက်ကွယ်သွားသည့်အထိ ငြိမ်သက်စွာသာ စောင့်ကြည့်နေသည်။
အချိန်အတန်ကြာပြီးနောက် ထိုအမျိုးသမီးသည် ခပ်တိုးတိုး ရေရွတ်လိုက်သည်။
“သူ ငါ့ကို မြင်နိုင်သားပဲ…”
ဝမ်လင်းသည် နောက်သို့ ဆက်တိုက်ဆုတ်ကာ ထိုအမျိုးသမီးနှင့် ဝေးရာသို့ သွားနေသည်။ တုန်လှုပ်ဖွယ်ခံစားမှုက အားပျော့သွားသော်လည်း အခုထိ ရှိနေဆဲပင်။ ဝမ်လင်း၏အမူအရာသည် သုန်မှုန်နေ၏။
သူက ဘာကြောင့်မှန်းမသိရဘဲ ထာဆန်၏ကြယ်မှ တောက်ပသောအလင်းထွက်ပေါ်လာမှု၊ ထာဆန်၏အမူအရာပြောင်းလဲသွားပြီး အလျင်စလို ထွက်ပြေးသွားမှုတို့ကို ပြန်စဉ်းစားမိသွားသည်။ ဝမ်လင်းသည် ချိပ်ဆက်မှုတစ်ခုခု ခပ်ရေးရေး ရှိနေသကဲ့သို့ ခံစားမိသည်။
တိတ်ဆိတ်စွာ စဉ်းစားနေလျက် ဝမ်လင်း၏မျက်လုံးသည် တလက်လက် ဖြစ်သည်။ သူသည် အပြာရောင်ပိုးသားဂြိုဟ်နှင့် အနီးဆုံးသို့ သွားနေသည်။ ထိုဂြိုဟ်မှာ အပြာရောင်တောက်ပမှုကို ထုတ်လွှတ်လျက်ရှိသည်။ ထိုဂြိုဟ်ကို ပင်လယ်အများစုက ဖုံးလွှမ်းထားလေ၏။
ဝမ်လင်းသည် အလင်းတန်းတစ်ခုပြောင်းကာ တောင်ထိပ်တစ်ခုပေါ်သို့ ရောက်လာသည်။ အေးစက်စက်တောင်လေများက ရိုက်ခတ်သဖြင့် ဝမ်လင်း၏ဝတ်ရုံမှာ တဖျပ်ဖျပ် ဖြစ်သည်။ သူက သူ့မျက်လုံးထဲတွင် အနှစ်သာရငါးခုကို စုစည်းလျက် ကောင်းကင်ထက်သို့ ကြည့်သည်။ ထိုအမျိုးသမီး အနားပတ်လည်တွင် မရှိတာ သေချာစေပြီးနောက် သူက ထိုင်ချလိုက်၏။
“သူ့ရဲ့ ရည်ရွယ်ချက်က ဘာများ ဖြစ်နေမလဲ…” သုန်မှုန်နေလျက် ဝမ်လင်းသည် မျက်လုံးမှိတ်လိုက်ကာ စတင်ကျင့်ကြံလိုက်သည်။ သို့ရာတွင် သူ့မျက်လုံးထဲရှိ အနှစ်သာရငါးခုကမူ မပျောက်ကွယ်သွားသေး။ သူက အလွန်တရာ သတိမပြတ်ထားနေသည်။
အချိန်ဖြည်းဖြည်းချင်း ကုန်ဆုံးနေ၏။ မျက်စိတစ်မှိတ်အတွင်း ခုနစ်ရက်တာ ကုန်လွန်သွားခဲ့လေပြီ။
သည်ခုနစ်ရက်အတွင်း ဝမ်လင်းသည် တစ်စက်လေးမှ မလှုပ်ရှားပေ။ အဖြူရောင်ဝတ်စုံဖြင့်အမျိုးသမီးလည်း ပေါ်မလာခဲ့ချေ။
ခုနစ်ရက်လွန်ပြီးနောက် ဝမ်လင်းသည် မျက်လုံးပြန်ဖွင့်လာ၏။ သူ့စိတ်မှာ တည်ငြိမ်နေ၏။ သို့သော် ထိုအမျိုးသမီး၏ပုံရိပ်က သူ့စိတ်နှလုံးအတွင်း နေရာယူနေသည့်အတွက် သူ့ကို စိတ်ပူပန်မှု ဖြစ်စေသည်။
“ငါ အပြာရောင်ပိုးသားကလန်ကနေ မထွက်လာခင်မှာ သူမကို မတွေ့နိုင်လောက်ဘူးလို့တော့ အဲ့အမျိုးသမီး ထင်နေမှာပဲ။ သူမက အပြာရောင်ပိုးသားကလန်ရဲ့ ကြယ်နယ်မြေအပြင်ဘက်မှာ ဒီအတိုင်း ရပ်နေခဲ့တာ။ အပြာရောင်ပိုးသားကလန်မှာက ခန့်မှန်းလို့မရတဲ့ကျင့်ကြံမှုအဆင့်ရှိတဲ့ တာအိုသခင်အိပ်မက်ပြာ ရှိနေတယ်။ ဖြစ်နိုင်တာက သူ့ကြောင့် အဲ့အမျိုးသမီးဟာ အပြာရောင်ပိုးသားကလန် နယ်မြေထဲ မဝင်ရောက်လာတာများလား…”
ဝမ်လင်း၏မျက်လုံးသည် တလက်လက် ဖြစ်၏။ သည်ခုနစ်ရက်တာအတွင်း သူသည် ဒီရှေးဟောင်းကြယ်အဖွဲ့အစည်းသို့ စတင် ဝင်ရောက်လာခဲ့ချိန်ကစ၍ အခုချိန်ထိ အဖြစ်သနစ်များကို သေချာ ပြန်ပြောင်းတွေးကြည့်နေခဲ့၏။ သူက ထိုတုန်လှုပ်ဖွယ်ခံစားချက်သည် သူနှင့်ထာဆန် တွေ့ဆုံခဲ့ချိန်မှာကတည်းက ခပ်ရေးရေး ရှိနေခဲ့ပြီကို သဘောပေါက်လိုက်သည်။
ထိုစဉ်က သူသည် ယင်းသို့တုန်လှုပ်မှုခံစားရခြင်းမှာ ထာဆန်ကြောင့် ဖြစ်မည်ဟု တွေးထင်ခဲ့၏။ သို့ရာတွင် တည်တည်ငြိမ်ငြိမ် သေချာ စမ်းစစ်ကြည့်မှသာ သူက တစ်ခုခုမှားနေသည်ကို သတိပြုမိလာခဲ့တာ ဖြစ်သည်။ ထိုတုန်လှုပ်ဖွယ်ခံစားမှုသည် ထာဆန်ကြောင့် မဟုတ်ခဲ့ပေ။
သူ လီချန်မေကို အပြာရောင်ပိုးသားကလန်ရှိ ခေါ်လာသည့်အချိန်မှာပင် ယင်းခံစားချက်မှာ ရှိနေခဲ့သည်သာ။ ထိုစဉ်က သူသည် လီချန်မေနှင့် ပတ်သတ်၍ စိုးရိမ်ပူပန်နေသဖြင့် ထောက်လှမ်းမိရန်ခက်သော ပုံမှန်မဟုတ်သည့် ဤတုန်လှုပ်ဖွယ်ခံစားမှုကို လစ်လျူရှုထားခဲ့ပေသည်။
အခုချိန်တွင်တော့ သူက တည်ငြိမ်အောင် လုပ်ကာ ဖြစ်ပျက်ခဲ့သမျှကို သေချာ ပြန်တွေးကြည့်သည်။ သူ သေချာပြန်စဉ်းစားကြည့်မှ နောက်ဆုံးတွင် သူသည် တစ်စုံတစ်ခုကို သတိပြုမိလာနိုင်ခဲ့ခြင်းပင်။
“ငါ အပြာရောင်ပိုးသားကလန်ရှိ မရောက်လာခင်ကတည်းက သူမဟာ ငါ့နောက်ကို ရက်ပေါင်းများစွာ လိုက်နေခဲ့တာပဲ…” ဝမ်လင်း၏အမူအရာမှာ သုန်မှုန်လို့နေ၏။ သူက အချိန်အတန်ကြာ ကျင့်ကြံခဲ့ပြီးသူ ဖြစ်ကာ သည်လိုမျိုးအရာ သူ့အပေါ်၌ ဖြစ်ခဲလှသည်။ သူက သူ့နောက်သို့ တစ်ချိန်လုံး လိုက်လံခဲ့သောသူကို တစ်စက်လေးမှ သတိမပြုမိခဲ့သည် မဟုတ်လား။
“ဒါ မဟုတ်သေးဘူး…” ဝမ်လင်းသည် တစ်ခုခုကို ပြန်အမှတ်ရသွားကာ သူ့အမူအရာသည် သံသယဖြစ်ဟန် ပေါ်လာသည်။
“ငါ့အနှစ်သာရငါးခုကြောင့် ငါက သူမကို တွေ့မြင်နိုင်ခဲ့တာတောင် ဒီတုန်လှုပ်ဖွယ်ခံစားမှု မရှိခဲ့ရင် ငါက ငါ့မှာရှိတဲ့ ဒီနည်းပါးတဲ့အနှစ်သာရတွေကို ဖြုန်းတီးပစ်မိမှာ မဟုတ်ဘူး။ သူက ငါ့နောက်ကို တစ်ချိန်လုံး လိုက်နေခဲ့တာ။ ဒါပေမဲ့ ငါ ဘာကိုမှ မခံစားမိခဲ့သလိုပဲ။ ငါ အပြာရောင်ပိုးသားကလန်ကနေ ထွက်သွားခါနီးကျမှ ဒီခံစားမှုက ဘာကြောင့် သတိပြုမိဖွယ်ကောင်းလောက်အောင် ရုတ်တရက် ဖြစ်လာခဲ့တာလဲ…”
ဝမ်လင်း၏မျက်လုံးသည် ကျဉ်းမြောင်းသွားသည်။ သူ စဉ်းစားနေလျက် သူ့မူလစွမ်းအင်ကို သူ့ခန္ဓာကိုယ်တလျှောက် လှည့်ပတ်၏။ ထို့နောက် သူ့ရှေးဟောင်းနတ်ဘုရားစွမ်းအင်ကိုလည်း လှည့်ပတ်သည်။ သူ့မျက်လုံးသည် ပိုတောက်ပလာသည်။
“အရင်ထက်စာရင် ငါ့မူလစွမ်းအင်က နည်းနည်း ပိုများလာသလိုပဲ။ ငါ့ရှေးဟောင်းနတ်ဘုရားစွမ်းအင်က မတိုးလာခဲ့ဘူးဆိုရင်တောင် ပိုသိပ်သည်းလာတဲ့ပုံပေါ်တယ်။ အထူးသဖြင့် ငါ့မူလစိတ်ဝိညာဉ်နဲ့ စိတ်ဝိညာဉ်တို့ဟာ သိသိသာသာ ကွာခြားလာတဲ့ ပုံပဲ။ တစ်ခုခုကို တွေ့ကြုံရပြီးတဲ့နောက် ငါ့အာရုံခံစားမှုက ပိုကောင်းလာခဲ့တယ်…”
ဝမ်လင်းသည် အကွာအဝေးတစ်ခုထံ လှမ်းကြည့်သည်။ သူ့အကြည့်က ဟင်းလင်းပြင်ကို ထွင်းဖောက်ကာ တာအိုသခင်အိပ်မက်ပြာ ရှိနေသော ဂြိုဟ်ပေါ်ရှိ အပြာရောင်တောင်ထံ ကျရောက်သွားသည့်အလား။
သူက အဖြေတစ်ခုကို ခပ်ဝါးဝါး ခန့်မှန်းမိသည်။ သူ့ထံ၌ စိတ်ရှုပ်ထွေးဟန် အမူအရာတစ်ခု ဖြစ်ပေါ်သွားသည်။
သူ တောင်ထိပ်သို့ တက်နိုင်ရန် အတောမသပ်ခုခံအားကို ရင်ဆိုင်ရချိန်က သူ့ခန္ဓာကိုယ်အတွင်း တိုက်ရိုက် ပြောင်းလဲမှုတစ်ခု ဖြစ်သွားခဲ့သည်။ သူ့ကျင့်ကြံမှုအဆင့်မှာ တိုးတက်မလာခဲ့သော်လည်း တောင်တက်ခဲ့ရသည့်အတွက် သူ့အာရုံငါးပါးသည် ပိုထက်ရှလာခဲ့သည်။ ထိုအဖြစ်က သူ့ကို တုန်လှုပ်ဖွယ်ခံစားမှုကို ပိုရှင်းလင်းစွာ အာရုံခံမိစေခြင်းသာ။
“တာအိုသခင်အိပ်မက်ပြာ…သူ့ရည်ရွယ်ချက်က ဒီလိုဆိုရင် ငါ့ အစောပိုင်းထင်မြင်ချက်က မှန်နေပြီ။ အဖြူရောင်ဝတ်စုံနဲ့ အမျိုးသမီးဟာ တာအိုသခင်နဲ့ ပတ်သတ်ပြီး စိတ်ပူလို့သာ အပြာရောင်ပိုးသားကလန်ထဲ မဝင်ရောက်လာခဲ့တာ ဖြစ်မယ်…”
“တာအိုသခင်အိပ်မက်ပြာက ငါ့ကို တောင်တက်စေတဲ့နည်းလမ်းကို အသုံးပြုပြီး ကလန်အပြင်ဘက် ငါ ထွက်သွားတာနဲ့ အန္တရာယ်ရှိကြောင်း သွယ်ဝိုက်ပြောလိုက်တာပဲ…”
ဝမ်လင်း၏စိတ်မှာ မိစ္ဆာတစ်ကောင်ကဲ့သို့ပင်။သူ့အတွက် သဲလွန်စတစ်ခုမျှသာ လို၏။ သူက ထိုသဲလွန်စတစ်ခုကနေ အဖြစ်အပျက်ကို ကောက်ချက်ချနိုင်စွမ်း ရှိသူ မဟုတ်လား။
“တာအိုသခင်အိပ်မက်ပြာက ငါ့ကို တိုက်ရိုက် မပြောဝံ့ပုံထောက်တော့ ဒီအဖြူရောင်ဝတ်စုံနဲ့အမျိုးသမီးရဲ့ နောက်ခံဟာ ကြီးမားလွန်းလိမ့်မယ်။ ဒီအချက်တွေသာ အမှန်ဆိုရင် အဲ့အမျိုးသမီးက ဘယ်သူလဲ။ တာအိုသခင်အိပ်မက်ပြာက ဒီအရာအားလုံးကို တွက်ချက်ခဲ့ပြီးဆိုရင်တော့ သူက ငါ အပြာရောင်ပိုးသားကလန်ထဲမှာပဲ နေဦးမယ်ဆိုတာ သူ သေချာ သိနေပုံရတယ်…”
ဝမ်လင်း၏အမူအရာသည် တည်ကြည်လေးနက်နေ၏။ သူသည် ကောင်းကင်ထက်သို့ တိတ်ဆိတ်စွာ ကြည့်နေသည်။
သူသည် ထွက်ခွာမည့်အကြံကို ချက်ခြင်း စွန့်ပစ်လိုက်၏။ သူက ထိုတောင်ပေါ်တွင်သာ အေးအေးဆေးဆေး ထိုင်ပြီး စတင်ကျင့်ကြံတော့သည်။
အချိန်ကုန်လာ၏။ မျက်စိတစ်မှိတ်အတွင်း ဝမ်လင်းသည် သည်ဂြိုဟ်ပေါ်တွင် ကျင့်ကြံသည်မှာ တစ်လ ကြာမြင့်လာခဲ့ပေပြီ။ မူလစွမ်းအင်များသည် သူ့ခန္ဓာကိုယ်ထဲ၌ ဆက်တိုက် စုဝေးလျက် ရှိသည်။
သူ အပြာရောင်တောင်သို့ တက်ခဲ့ချိန်က ရရှိခဲ့သော ဒဏ်ရာများသည် ပြန်ကောင်းမွန်ခဲ့ပြီ ဖြစ်သည်။ သူ့ကျင့်ကြံမှုအဆင့်မှာလည်း သည်တောင်ထိပ်ပေါ်တွင်က ကျင့်ကြံနေလျက် သူ့အထွတ်အထိပ်သို့ ပြန်ရောက်လာခဲ့ပေပြီ။
သည်ကနေ့တွင် အဆုံးမဲ့အပြာရောင်အလင်း ဝမ်လင်းရှိနေသော တောင်အထက်ရှိ ကောင်းကင်တွင် ပေါ်လာသည်။ ထိုအပြာရောင်အလင်းသည် ညင်သာကာ လောကကို ထွေးခြုံသည်။ ခပ်ရေးရေးပုံရိပ်တစ်ခု လှမ်းလျှောက်ထွက်လာရင်း တဖြည်းဖြည်းချင်း သိပ်သည်းလာသည်။
ဝမ်လင်းသည် မျက်လုံးဖွင့်လာ၏။ သူက အပြာရောင်အလင်းထဲမှ လှမ်းလျှောက်ထွက်လာသော သက်လတ်ပိုင်းလူကို တည်ငြိမ်စွာ လှမ်းကြည့်သည်။ တာအိုသခင်အိပ်မက်ပြာ။
“ငါ့မှာ မဟာမန္တာန်ကိုးခု ရှိတယ်။ မင်း သင်ယူဖို့ ဆန္ဒ ရှိလား…”
***