ဘာလို့သေသွားတာလဲ
Vol. 46 Ch. 641
"မြင့်မြတ်သောတမာန်တော်တွေက မင်းအစေခံတွေဟုတ်လား။"
မဟူရာအဆိပ်သခင်မှာ ထိုစကားကြောင့် အော်ဟစ်ရယ်မောလိုက်သည်။
"ဟားဟားဟား....သေခါနီးတောင် ဟာသပြောနိုင်သေးတယ်ပေါ့။ အဆင့်အတန်းမြင့်တဲ့ မြင့်မြတ်သောတမာန်တော်တွေက မင်းအစေခံတွေပေါ့လေ....ဟားဟား။"
အန်လင်း၏ စကားမှာ ရယ်စရာ ကောင်းလွန်းသောကြောင့် မဟူရာအဆိပ်သခင်မှာ ခွက်ထိုးခွက်လန် ရယ်မောနေတော့သည်။
အန်လင်းမှာ မည်သည့်စကားမှ ထပ်မပြောတော့ပေ။ မည်သို့ပင်ဆိုစေကာမူ မဟူရာအဆိပ်သခင်မှာ ရယ်နိုင်တုန်း များများရယ်ထားသင့်သည်။
သူသည် သွေးအနည်းငယ် ထွက်ပေါ်စေကာ မိစ္ဆာရှင်းဓားကို သုတ်လိမ်းလိုက်သည်။
မဟူရာအဆိပ်သခင်မှာ ထိုမြင်ကွင်းကြောင့် အနည်းငယ် အူကြောင်ကြောင် ဖြစ်သွားရသည်။
အန်လင်းရဲ့ ဓားချက်ကြောင့် ငါ့ရဲ့ခုခံကာကွယ်ရေးတွေ ပျက်စီးကုန်ရတဲ့ တရားခံက ဒါများလား.....
ဒါနဲ့ အန်လင်းက ဘာလို့သွေးသုတ်နေတာလဲ....သွေးပူဇော်တဲ့ နည်းလမ်းတစ်ခုခုများ ရှိနေတာလား.....
အန်လင်းသည် အထင်သေးရမည့် ရန်သူမျိုး မဟုတ်သောကြောင့် မဟူရာအဆိပ်သခင်မှာ အပြည့်အဝ အာရုံစိုက်နေသည်။
အန်လင်း ခပ်ဖွဖွ ပြုံးလိုက်သည်။
"အခုက မင်းရဲ့ဖြစ်တည်မှုကို သန့်စင်ရမယ့် အချိန်ပဲ။"
သူသည် စိတ်ဝိဉာဉ်ဖွဲ့စည်းခြင်းအဆင့်၏ အရှိန်အဝါများကို အမြင့်ဆုံးထိ မြှင့်တင်ထားသောကြောင့် အဆိပ်ငွေ့များသည်ပင် သူ၏ခန္ဓာကိုယ်မှ ဖယ်ခွာသွားသည်။
မဟူရာအဆိပ်သခင်မှာ အမူအရာ ပြောင်းလဲသွားပြီး ပေသောင်းနှင့်ချီရှိသော အဆိပ်နဂါးရှစ်ကောင် ပေါ်ထွက်လာသည်။ ထိုနဂါးများသည် ကောင်းကင်နှင့်မြေပြင်အား ဖျက်စီးနိုင်လောက်သည်အထိ အရှိန်အဝါ ကြီးမားသည်။
အန်လင်း ရှေ့သို့ထွက်လာကာ မဟူရာအဆိပ်သခင်ထံ ပျံဝဲသွားသည်။
မဟူရာအဆိပ်သခင်သည် ဂရုမစိုက်ပဲ မနေရဲသောကြောင့် အဆိပ်နဂါး သုံးကောင်မှာ အန်လင်းအား ဝါးမြိုရန် အသင့်ဖြစ်နေတော့သည်။
အန်လင်း၏ မိစ္ဆာရှင်းဓားမှာ တုန်ခါလာပြီး အကန့်အသတ်မဲ့သော အမှောင်ထုများ ကမ္ဘာမြေပေါ် သက်ဆင်းလာကာ အရာအားလုံး တိတ်ဆိတ်ငြိမ်သက်သွားသလို မဟူရာအဆိပ်သခင်သည်လည်း ပိတ်မိသွားသည်။
စစ်နတ်ဘုရားရဲ့ ခုတ်ချက်ခြောက်ချက် ကျားအရိပ်...
ချက်ချင်းဆိုသလို မဟူရာအဆိပ်သခင်သည် ကမ္ဘာဖျက်စွမ်းအင်များ လွှမ်းမိုးခံလိုက်ရသလို ခံစားလိုက်ရပါသော်လည်း တည်ငြိမ်စွာဖြင့် ကျန်ရှိနေသော အဆိပ်နဂါး ငါးကောင်ကိုသုံးကာ အကာအရံတစ်ခု ဖန်တီးလိုက်သည်။
မည်သို့ပင်ဆိုစေကာမူ သူ၏ခြေထောက်အောက်တွင် တွင်းနက်ကြီးတစ်ခု ဖြစ်ပေါ်လာလေသည်။
တစ်ချိန်တည်းမှာပင် ပြင်းထန်လှသော ဆွဲငင်အားများ ဖြာထွက်လာတော့သည်။ လေထု၊ သက်ရှိစွမ်းအင်၊ အဆိပ်မြူနှင့် မဟူရာအဆိပ်သခင် အားလုံးမှာ ထိုတွင်းနက်ကြီး၏ အကြမ်းပတမ်း ဆွဲယူခြင်းကို ခံစားလိုက်ရသည်။
အဆိပ်သခင်မှာ ခေတ္တခဏမျှ ရပ်တန့်သွားသလို ဖြစ်သွားပြီး အန်လင်းသည် ထိုအခွင့်အရေးအား အရယူကာ အဆိပ်နဂါးများကို ဖျက်စီးလျက် သွေးများသုတ်လိမ်းထားသော မိစ္ဆာရှင်းဓားဖြင့် မဟူရာအဆိပ်သခင်အား ထိုးချလိုက်သည်။
"အား.....ငါမင်းကို သတ်ပစ်မယ်။"
မဟူရာအဆိပ်သခင်သည် နောက်ထပ်တစ်ကြိမ် ထိခိုက်သွားရသောကြောင့် အရှက်ခွဲခံရသလို စူးစူးဝါးဝါး ဖြစ်နေပြီး အဆိပ်နဂါး ရှစ်ကောင်လုံးဖြင့် အန်လင်းအား တန်ပြန်တိုက်ခိုက်လိုက်သည်။
အန်လင်းသည် အသူရာတွင်းနက်အား ဆက်လက်ထိန်းထားနိုင်စွမ်း မရှိတော့ပဲ အဆိပ်နဂါးများထံမှ ရှောင်ရှားရန် လေတောင်ပံများကိုသာ အသုံးပြုလိုက်ရသည်။
"မင်းငါ့ကို ဘယ်လောက်ပဲတိုက်တိုက် နောက်ဆုံးတော့ မင်းပဲရှုံးမှာပဲ။"
မဟူရာအဆိပ်သခင်၏ စကားသံတွင် သတ်ဖြတ်ခြင်း စိတ်ဆန္ဒများ ပါဝင်နေသည်။
အဆိပ်နဂါးများမှာ လျင်မြန်လှသောအရှိန်ဖြင့် အန်လင်းထံ ရောက်ရှိလာတော့သည်။
သို့သော် အန်လင်း၏ ခန္ဓာကိုယ်သည် ဖျက်စီးမရသော စိန်ထည်ဖြင့် ပြုလုပ်ထားသည့်အလား တိုက်ခိုက်မှုများစွာ ခံရပါသော်လည်း ခြစ်ရာမျှပင် မထင်ပေ။
"မင်းကတကယ် အားနည်းတာပဲ။ မာလင်လောက်တောင် အသုံးမကျဘူး။ ဒါပေမယ့် ငါက ကြင်နာသဘောကောင်းတော့ မင်းကို အစေခံအနေနဲ့ လက်ခံလိုက်ပါမယ်။"
အန်လင်း ခပ်ဖွဖွပြုံးကာ မိစ္ဆာရှင်းဓားဖြင့် အဆိပ်နဂါး တစ်ကောင်အား ခုတ်ဖြတ်လိုက်သည်။
"မင်းက သေခါနီးတောင် ပေါက်ကရ ပြောနိုင်သေးတာလား။"
မဟူရာအဆိပ်သခင်၏ တိုက်ခိုက်မှုများမှာ ဒေါသကြောင့် ပိုမိုကြမ်းတမ်းလာသည်။
"ငါ့ဓားကို ဘာလို့သွေးသုတ်တာလဲ မသိချင်ဘူးလား။ ငါ့သွေးက မင်းခန္ဓာကိုယ်ထဲ ရောက်နေပြီ။ မြင့်မြတ်သွေးစက်ကြောင့် မင်းမကြာခင် သန့်စင်သွားတော့မှာ။"
အန်လင်း ပြုံးကာပြောလိုက်သည်။
သူသည် ပြန်တိုက်နေစရာပင် မလိုအပ်တော့ပေ။ မဟူရာအဆိပ်သခင်၏ တိုက်ခိုက်မှုများကို ရှောင်ရှားရင်း သူ၏သွေး အစွမ်းပြလာမည့် အချိန်အား စောင့်ဆိုင်းနေရုံသာ။
မဟူရာအဆိပ်သခင် လှောင်ပြောင်လိုက်သည်။
"ယီးလ...."
သူ၏စကားမဆုံးခင်မှာပင် ခန့်မှန်းမရနိုင်သော စွမ်းအင်တစ်ခုမှာ ခန္ဓာကိုယ် တစ်ခုလုံးထံ ပျံ့နှံ့လာသည်။
ထိုအဖျက်စွမ်းအင်မှာ ကြမ်းတမ်းလွန်းသောကြောင့် ပြင်းထန်သော နာကျင်မှုကို ခံစားလိုက်ရသည်။
မဟူရာအဆိပ်သခင်မှာ မျက်ဝန်းများ ပြူးကျယ်လာပြီး ဆက်ပင်မတိုက်ခိုက်နိုင်တော့ပဲ ရင်ဘတ်အား လက်ဖြင့်ဖိထားနေရသည်။
"မင်း....မင်းဘာလုပ်လိုက်တာလဲ။"
"ငါဘာမှမလုပ်ပါဘူး။ ငါ့ရဲ့သွေးက သန့်စင်ပေးနိုင်တယ်လို့ ပြောသားပဲ။"
အန်လင်းမှာ မိစ္ဆာရှင်းဓားအား ဆွဲကိုင်ထားသည်။
"အခု ပြန်လည်မွေးဖွားလာသလို ဖြစ်သွားလိမ့်မယ်။ မင်းရဲ့ဖြစ်တည်မှုက သန့်ရှင်းစင်ကြယ်သွားတော့မှာ။"
မဟူရာအဆိပ်သခင်မှာ ကြောက်ရွံ့တုန်လှုပ်နေပြီး အသက်ရှူသံများလည်း မြန်ဆန်လာသည်။
"မင်း.....မင်း....အာ့..."
သူသည် သွေးပွက်ပွက်အန်ကာ မြေပြင်ပေါ် ပြုတ်ကျသွားရသည်။
အဆိပ်မြူများ ပျောက်ကွယ်သွားသလို မဟူရာအဆိပ်သခင်၏ သက်ရှိစွမ်းအင်မှာလည်း လျင်မြန်စွာ လျော့ပါးလာသည်။
ဝုန်း.....
သူ၏ခန္ဓာကိုယ်သည် မြေပြင်နှင့် ရိုက်မိကာ အသက်ထွက်သွားခဲ့သည်။
အန်လင်းမှာလည်း အံ့အားသင့်နေမိလေသည်။
သူသည်လည်း မဟူရာအဆိပ်သခင်ဘေးသို့ ဆင်းသက်သွားလိုက်သည်။
"ဘာ...ဘာလို့သေသွားရတာလဲ။"
သူပါးစပ်အဟောင်းသား ဖြစ်နေလေပြီ။
ငါက နတ်ဆေးဆရာ မဟုတ်ဘူးလား....သန့်စင်ခြင်းတွေ ဘယ်ရောက်ကုန်တာလဲ....ဘာလို့ အဆိပ်သခင် ပြန်ဖြစ်သွားရတာလဲ.....
ငါ့သွေးက သောက်ရမ်းတွေ ကြမ်းနေလို့ ဟင်းလင်းပြင်သို့အပြန်အဆင့် သွေးမျိုးနွယ်စုတွေကိုတောင် သတ်ပစ်နိုင်နေတာလား.....
အန်လင်းမှာ စိတ်မသက်မသာ ဖြစ်နေသည်။
တီနာ၏ အကာအကွယ်အောက်တွင် ရှိနေသော ကျောင်းသားများမှာလည်း ဖြစ်ပျက်သမျှကို မြင်တွေ့နေရသည်။
အန်လင်းသည် မဟူရာအဆိပ်သခင်အား ဓားဒဏ်ရာ တစ်ချက်မျှ ပေးပြီးသည်နှင့် မဟူရာအဆိပ်သခင်မှာ ရုတ်တရက်ကြီး ပြုတ်ကျသေဆုံးသွားသောကြောင့် ၎င်းတို့အားလုံး အော်ဟစ်အောင်ပွဲခံလိုက်ကြသည်။
"မဟူရာအဆိပ်သခင်က ရုတ်တရက်ကြီး သေသွားရတာ အန်လင်းကြောင့်မလား။ အရမ်းမိုက်တာပဲ။"
"နတ်ဘုရားအန်က ငါတို့ကျောင်းတော်မှာ အထူးချွန်ဆုံးပဲ။ ဟင်းလင်းပြင်သို့အပြန်အဆင့် သွေးမျိုးနွယ်စု ကျင့်ကြံသူကိုတောင် တစ်ချက်တည်း သတ်ပစ်နိုင်တယ်။"
"ဒီလိုတိုက်ပွဲကို မြင်ခွင့်ရတာနဲ့တင် နှစ်ကုန်စာမေးပွဲက တန်နေပါပြီ။"
.........
ကျောင်းသားများ ဆွေးနွေးနေစဉ်မှာပင် တီနာသည် အကာအကွယ်အား ရုတ်သိမ်းကာ တပိုင်နှင့်အတူ အန်လင်းထံ သွားလိုက်သည်။
"အစ်ကိုကြီးအန်က အရမ်းအားကြီးတာပဲ....ဝုတ်..."
တပိုင်မှာ စိတ်လှုပ်ရှားစွာဖြင့် အန်လင်းထံ ပြေးဝင်သွားသည်။
"ဘီလူးအန်လင်း ဘာလို့သူကသေသွားရတာလဲ။ တကယ်ဆို အရမ်းကောင်းသွားရမှာ မဟုတ်ဘူးလား။"
တီနာသည် ယခင်အဖြစ်အပျက်များကို မြင်တွေ့ဖူးသောကြောင့် အနည်းငယ် နားမလည်နိုင် ဖြစ်နေသည်။
တီနာ၏ စကားသည် အန်လင်း၏ နှလုံးသားထဲ ပြည့်နှက်နေသော မေးခွန်းတစ်ခုပင်။
ဟုတ်တယ်.....ငါ့ရဲ့သွေးက သူတို့အတွက် အကောင်းဆုံး ဖြစ်နေသင့်တာ....ဘာလို့ အဆိပ်ဖြစ်သွားရတာလဲ....
သူသည် စိတ်ပျက်လက်ပျက်နှင့် မဟူရာအဆိပ်သခင်အား ကြည့်ရှုလိုက်ပြီးနောက် ရုတ်ချည်းဆိုသလို နားလည်သွားရသည်။
အရင်တုန်းကလည်း စိတ်ဝိဉာဉ်ပျိုးထောင်ခြင်းအဆင့်နဲ့ စိတ်ဝိဉာဉ်ဖွဲ့စည်းခြင်းအဆင့် သွေးမျိုးနွယ်စုတွေက ဒီလိုပဲ သေသွားရတာမလား.....
မဟူရာအဆိပ်သခင်က တကယ်ပဲ အားနည်းလွန်းနေတာ ဖြစ်လောက်လား.....
အားနည်းလွန်းလို့ သူ့သွေးရဲ့ သန့်စင်မှု စွမ်းအားကို ခံနိုင်ရည် မရှိတာများလား....
ယီးထဲမှ... ဟင်းလင်းပြင်သို့အပြန်အဆင့်က ဘာလို့အဲ့လောက်တောင် အသုံးမကျရတာလဲ....