← Chapters

ချီးကျူးမှုမရှိသောကြွားဝါခြင်း

Vol. 46 Ch. 642

ချီးကျူးမှုမရှိသောကြွားဝါခြင်း

Vol. 46 Ch. 642

အန်လင်းမှာ သေသေချာချာ သဘောပေါက်သွားရသည်။ မဟူရာအဆိပ်သခင်သည် အားနည်းလွန်းသောကြောင့် သူ၏သွေးဖြင့် သန့်စင်ခြင်းကို ခံနိုင်ရည် မရှိပဲ သေဆုံးသွားရခြင်းပင်။

ဟင်းလင်းပြင်သို့အပြန် စဦးအဆင့်နှင့် အထွဋ်အထိပ် အဆင့်တို့ကြားတွင် ကွာခြားချက်များစွာ ရှိပုံရသည်။

အန်လင်း မေးကိုပွတ်ကာ ပယ်ပယ်နယ်နယ် စဉ်းစားနေသည်။ ကတ်စီဒီနှင့် မာလင်တို့သည် သူ၏သွေးအား လက်ခံခဲ့စဉ်က ဟင်းလင်းပြင်သို့အပြန် အထွဋ်အထိပ် အဆင့်သို့ ရောက်ရှိနေကြသူများ ဖြစ်သည်။ ၎င်းတို့သည် မဟူရာအဆိပ်သခင်ထက် သာလွန်ခဲ့ပါသော်လည်း ထိုမျှကွာခြားနေသည်တော့ မဟုတ်ပေ။

အန်လင်းမှာ နောက်ထပ်ဖြစ်နိုင်ခြေတစ်ခုကြောင့် နှလုံးခုန်သံများပင် မြန်လာရသည်။

"ငါက အရမ်းကို အစွမ်းထက်လာလို့များလား....."

အန်လင်း၏ စကားကြောင့် တပိုင် မျက်ဆံလှန်လိုက်သည်။

"ဟုတ်ပါတယ်။ အစ်ကိုကြီးအန်က အရမ်းအစွမ်းထက်နေပြီ။ ဒါပေမယ့် အဲ့လိုစကားမျိုး ကိုယ့်ကိုယ်ကို ပြန်မပြောပါနဲ့.....အရမ်းပေါတယ်ဗျ ဝုတ်...."

အန်လင်းမှာ ခန္ဓာကိုယ်အား ငုံ့ကြည့်လိုက်သည်။

"အရင်တုန်းကတော့ ငါ့ရဲ့မြင့်မြတ်သွေးစက်ကို မာလေးတို့ သောက်လို့ရခဲ့တယ်။ အခု ငါကစစ်နတ်ဘုရားခန္ဓာ စဦးအဆင့် ဖြစ်နေပြီဆိုတော့ လည်ပတ်နေတဲ့ သွေးတွေကအစ အရမ်းအစွမ်းထက်လာလို့ ဟင်းလင်းပြင်သို့အပြန် အဆင့်တွေတောင် ခံနိုင်ရည် မရှိတော့ဘူး။"

ထိုသည်မှာ အကောင်းဆုံး ဖြေရှင်းချက်တစ်ခု ဖြစ်ပေလိမ့်မည်။ ပြင်ပခန္ဓာ တိုးတက်သန်မာလာခြင်းကြောင့် စီးဆင်းနေသော သွေးများသည်လည်း ပြောင်းလဲသွားနိုင်ပေသည်။

မည်သို့ပင်ဆိုစေကာမူ ထိုအချက်အား သေချာမှုရှိစေရန် အခြားသော သွေးမျိုးနွယ်စု ကျင့်ကြံသူများနှင့် အတည်ပြုရဦးမည်ပင်။

အန်လင်းသည် မဟူရာအဆိပ်သခင်၏ သိုလှောင်လက်စွပ်အား သိမ်းဆည်းကာ ဓားထောင်ချီမြို့တော်၏ သွေးကန်အား ဖျက်စီးပစ်လိုက်ပြီးနောက် အခြားသော ကျောင်းသားများနှင့်အတူ ဖရိုဖရဲ သတ္ထုအုတ်ခဲကို စီးနင်းကာ နောက်တစ်မြို့သို့ ထွက်လာခဲ့လိုက်သည်။

............

အနက်ရောင်စိမ့်တော၏ ဗဟိုဒေသတွင်ရှိသော နန်းတော်ထဲ၌

လေဒင်မှာ တိတ်ဆိတ်ငြိမ်သက်စွာ ကျင့်ကြံနေလျက် ရှိသည်။

မြင့်မြတ်သောတမာန်တော် ရွေးချယ်ပွဲတွင် ရှုံးနိမ့်ခဲ့သောကြောင့် သူသည် အတော်လေး စိတ်ထိခိုက်သွားခဲ့သည်။

သို့သော် သူ၏တာအိုနှလုံးသားမှာ ခိုင်မာသောကြောင့် ဒေါသများနှင့် မကျေနပ်မှုများအား စိတ်ခွန်အား တစ်ခုအဖြစ် ပြောင်းလဲကာ သီးသန့်ကျင့်ကြံခြင်း စတင်ခဲ့သည်။ သူသည် နှစ်တစ်ထောင်အတွင်း တာအိုပေါင်းစည်းခြင်း အဆင့်သို့ရောက်ရန် ဆုံးဖြတ်ထားသည်။

ခရက်....

ထိုအချိန်တွင် နန်းတော်ထဲမှ တံဆိပ်ပြားတစ်ခုမှာ ရုတ်ချည်းဆိုသလို ကွဲအက်သွားလေသည်။

လေဒင်မှာ မျက်ဝန်းများ ပွင့်လာပြီး ဒေါသအရိပ်အယောင်များ ဖြစ်ပေါ်လာသည်။

"မဟူရာအဆိပ်သခင်က သေသွားပြီလား။ သူက ကိုးပြည်ထောင်နားက မဟူရာအဆိပ်နယ်မြေမှာ သေသွားရတာပေါ့လေ။ ဒါကောင်းကင်ဘုံခုံရုံး ဒါမှမဟုတ် ဂိုဏ်းကြီးလေးဂိုဏ်းရဲ့ လက်ချက်ပဲဖြစ်မယ်။"

မဟူရာအဆိပ်သခင်သည် လေဒင်၏ ယုံကြည်ရသော လက်ထောက်များထဲမှ တစ်ဦးဖြစ်သည်။ ထို့ကြောင့် သူ့အနေဖြင့် ဤကိစ္စအား လွှတ်မပေးလိုက်နိုင်ပေ။

မဟူရာအဆိပ်သခင်သည် ဟင်းလင်းပြင်သို့အပြန် စဦးအဆင့်ရှိပြီး သွေးမျိုးနွယ်စု ကျင့်ကြံသူ ဖြစ်သောကြောင့် အသက်စွမ်းအင်မှာ ကြောက်မက်ဖွယ် ကောင်းလွန်းလှသည်။ ၎င်းသည် ရန်သူအား ယှဉ်မတိုက်နိုင်လျှင်ပင် လွယ်လင့်တကူ ထွက်ပြေးလာနိုင်သင့်ပေသည်။

မဟူရာအဆိပ်သခင်အား အနက်ရောင်စိမ့်တောထဲ၌ပင် သတ်ဖြတ်နိုင်သောသူသည် ဟင်းလင်းပြင်သို့အပြန် နောက်ဆုံးအဆင့်သို့ပင် ရောက်ရှိနေလောက်သည်။

ထို့ကြောင့် ကောင်းကင်ဘုံခုံရုံး သို့မဟုတ် ဂိုဏ်းကြီးလေးဂိုဏ်း၏ လက်ချက်သာ ဖြစ်ပေလိမ့်မည်။

"မဟူရာအဆိပ်သခင်....ငါမင်းအတွက် လက်စားချေပေးမယ်။"

လေဒင်၏ မျက်ဝန်းများတွင် ကြောက်မက်ဖွယ် အငွေ့အသက်များ ဖြာထွက်နေသည်။

သူသည် စိတ်အခြေအနေလည်း ဆိုးရွားနေသောကြောင့် ဒေါသဖြေဖျောက်ရန် အစွမ်းကြီးသူများ၏သွေးအား သောက်သုံးရတော့မည့်ပုံပင်။

............

မြို့တော်တစ်ခု၏ ကောင်းကင်ထက်၌

မိုးတိမ်မည်းများနှင့်အတူ အဖြူရောင် လျှပ်စီးများ ပြိုးပြိုးပြက်ပြက် လင်းလက်နေသည်မှာ ပြင်းထန်သော မုန်တိုင်းတစ်ခု သက်ဆင်းလာတော့မလို ထင်မှတ်ရသည်။

ကောင်းကင်နှင့်မြေပြင်မှာ ငရဲတစ်ခုအလား လျှပ်စီးမိုးကြိုးများ ပြည့်နှက်သွားပြီး သောင်းနှင့်ချီသော သွေးမျိုးနွယ်စု ကျင့်ကြံသူများမှာ အစအနပင် မကျန်အောင် သတ်ဖြတ်ခံလိုက်ရသည်။

တိမ်စိုင်များပေါ်တွင် ရှိနေသော ပေသောင်းနှင့်ချီသည့် အနက်ရောင် နဂါးကြီးတစ်ကောင်မှာ မြို့တော်ကို အပြစ်ပေးမည့် နတ်နဂါးကြီးအလား တင့်တယ်စွာဖြင့် ဆင်းသက်လာသည်။

"ဒါတတိယမြောက် မြို့တော်ပဲ။ တိုက်ဖို့တန်တဲ့သူ တစ်ယောက်မှကို မရှိဘူး။"

"ဘာလို့ သူတို့အားလုံး နှေးနေကြတာလဲ။ တခြားသူတွေက ထားလိုက်ပါတော့။ ဒါပေမယ့် ဆရာက အရမ်းအစွမ်းထက်တာလေ။ ဒုတိယမြို့တော်မှာ ဘာလို့ကြာနေတာပါလိမ့်။"

၎င်းတို့သည် မြို့တော်ဆယ့်သုံးမြို့အား သိမ်းပိုက်ရန် အဖွဲ့ငါးဖွဲ့ ခွဲထားသည်။

ရှောင်ဇယ်သည် မြို့တော်သုံးခုအား ဖျက်စီးခဲ့ပြီဖြစ်ပြီး အခြားအဖွဲ့များအား မတွေ့ရသေးသောကြောင့် ၎င်းတို့သည် ဒုတိယမြောက် မြို့တော်ကိုပင် မသိမ်းပိုက်ရသေးပုံပေါ်သည်။

ပြဿနာများ ကြုံနေရတာလား.....

ရှောင်ဇယ် အနည်းငယ်တွေးကာ ခေါင်းခါလိုက်သည်။

"မဖြစ်နိုင်တာ....အဲ့လိုဆိုရင် ငါ့ကို ဆက်သွယ်လာကြမှာပေါ့။ ကြည့်ရတာ ကျောင်းသားတွေ တိုက်ပွဲအတွေ့အကြုံရအောင် အချိန်ယူနေတယ်ထင်တယ်။"

ဟင်းလင်းပြင်သို့အပြန်အဆင့် ကျင့်ကြံသူ ဖြစ်သောကြောင့် တစ်စုံတစ်ဦးမှ အကူအညီ လိုအပ်လာသည်နှင့် လေဟာပြင် ခုန်ကျော်ကာ ချက်ချင်းအရောက်သွားနိုင်ပေသည်။ ထို့ကြောင့် ကျောင်းသားများ အခက်တွေ့နေလျှင်ပင် တမုဟုတ်ချင်း သွားရောက်ကယ်တင်ပေးနိုင်သည်။

"နည်းနည်းလောက် စောင့်လိုက်ပါဦးမယ်လေ။"

ရှောင်ဇယ်မှာ ချောမောခန့်ညားသော လူငယ်တစ်ဦးအသွင် ပြောင်းလဲသွားသည်။

မကြာမီမှာပင် အန်လင်းမှာ အုတ်ခဲပျံနှင့်အတူ ရောက်ရှိလာလေသည်။

"အမ်....ရှောင်လေးက ဒီနေရာကို ရှင်းတောင်ရှင်းပြီးပြီလား။"

အန်လင်း အံ့အားသင့်သွားသည်။

"ဆရာ...."

ရှောင်ဇယ် ရယ်ရယ်မောမောနှင့် အန်လင်းအနား ရောက်ရှိလာသည်။

"ဒီမြို့တင်မကဘူး။ တခြားမြို့နှစ်မြို့ပါ ပါသေးတယ်။"

အန်လင်း ခေါင်းညိတ်ကာ တည်ငြိမ်စွာ ပြောလိုက်သည်။

"အင်း....ငါက ဟင်းလင်းပြင်သို့အပြန် အဆင့်တစ်ယောက်ကို သတ်နေရတာနဲ့ နည်းနည်းနောက်ကျသွားတယ်။"

"ဟားဟား.....ရှင်းပြစရာ မလိုပါဘူး ဆရာရဲ့ ကျွန်တော် နားလည်ပါတယ်။"

ရှောင်ဇယ်၏ အမူအရာမှာ ပိုလို့ပင် တည်ငြိမ်နေသေးသည်။

အန်လင်းမှာ မျက်စိမျက်နှာ ပျက်သွားရသည်။

ဘာလို့ ဒင်းကမအံ့သြရတာလဲ.....

ဘာလို့ ဘာမှမဖြစ်သလို တည်ငြိမ်နေတာလဲ.....

အဲ့လိုဆိုရင် ငါကဘယ်လို ကြွားရတော့မှာလဲ....

သူသည် ရှောင်ဇယ်၏ဆရာ ဖြစ်ရသည်မှာ စိတ်မလုံခြုံသောကြောင့် တိုက်ပွဲ အောင်မြင်မှုများကိုသုံးကာ တပည့်ဖြစ်သူ၏ လေးစားရိုသေမှုများကို ရယူလိုမိသည်။

သို့သော် နဂါးမသားလေး ရှောင်ဇယ်မှာ အထူးအဆန်းပင် ဖြစ်မနေပေ။

မကြာမီမှာပင် စုရှောင်လန်သည်လည်း ကျောင်းသားများနှင့်အတူ ရောက်ရှိလာသည်။ သူမကို ကြည့်ရသည်မှာ စိတ်လှုပ်ရှားနေပုံပေါ်ပြီး အလွန်အားရဖွယ်ကောင်းသော တိုက်ပွဲအား ဆင်နွှဲခဲ့ပုံပင်။

"ရှောင်လန်... ကို ဟင်းလင်းပြင်သို့အပြန် အဆင့်တစ်ယောက်ကို သတ်ပစ်ခဲ့တယ်။"

အန်လင်း စကားဆိုလိုက်သည်။

စုရှောင်လန် အန်လင်းအားကြည့်ကာ ချိုသာစွာမေးသည်။

"နင်တစ်ခုခု ဖြစ်သွားသေးလား။"

"ဘာမှမဖြစ်ပါဘူး။ ဟင်းလင်းပြင်သို့အပြန် အဆင့်လောက်ကတော့ အေးဆေးပါ။"

အန်လင်း ဝံ့ကြွားစွာ ပြောလိုက်သည်။

"အော်...."

စုရှောင်လန် ခေါင်းညိတ်ပြလိုက်ပြီးနောက် ရန်သူများထံမှ ရရှိလာသော သိုလှောင်လက်စွပ်ကိုသာ ကြည့်ရှုနေတော့သည်။

အန်လင်း: "......"

စုရှောင်လန်သည် အန်လင်း၏ ချီးကျူးခံချင်နေသော အမူအရာအား သတိထားမိကာ ခပ်ဖွဖွ ပြုံးလိုက်သည်။

"အန်လင်း....နင်ကအရမ်းတော်တာပဲ။ ဟင်းလင်းပြင်သို့အပြန် အဆင့်ကိုတောင် အေးအေးဆေးဆေး သတ်နိုင်တယ်ပေါ့။"

"ဘာမဟုတ်တာလေးကို မြှောက်နေပြန်ပါပြီ။"

အကြောင်းပြချက် အချို့ကြောင့် အန်လင်းမှာ စုရှောင်လန်၏ ချီးကျူးမှုအား မပျော်ရွှင်နိုင်ပေ။

ထိုသည်မှာ စုရှောင်လန်သည် အနည်းငယ်မျှပင် အံ့သြပုံ မရှိခြင်းကြောင့် ဖြစ်သည်။

မကြာမီပင် ဓားအင်မော်တယ်လင်းရှောင်နှင့် ရှောင်ချိုးတို့၏ အဖွဲ့များ ရောက်ရှိလာကြသည်။ ကျောင်းသားများ အနည်းငယ် ထိခိုက်လာသည်မှအပ ကျဆုံးသူ မရှိသောကြောင့် အလွန်ကောင်းမွန်သည်ဟု ဆိုနိုင်သည်။

ထို့နောက် စုချန်းရန်နှင့် ရွှမ်းယွမ်ချန်တို့၏ အဖွဲ့လည်း ရောက်ရှိလာသည်။

အန်လင်းမှာ ၎င်းတို့အဖွဲ့အားကြည့်ကာ အသက်ရှူသံများ ပြင်းလာရတော့သည်။

All Chapters