ရွေးချယ်မှု
Vol. 100 Ch. 1371
ဝမ်လင်းသည် တာအိုသခင်အိပ်မက်ပြာကို ကြည့်နေ၏။ သူ့မျက်လုံးမှာ တောက်ပလျက် ရှိသည်။
တာအိုသခင်သည် လေထဲတွင် ရှိနေသည်။ ခြေတစ်လှမ်းဖြင့် သူက တောင်ထိပ်သို့ ရောက်လာသည်။ သူ့လက်နှစ်ဖက်ကို နောက်ပစ်လျက် သူက ဝမ်လင်း၏ အဖြေကို စောင့်နေသည်။
သူက တောင်ထိပ်၌ ရပ်နေချိန်တွင် တောင်သည် ပျောက်ကွယ်သွားသလား ထင်ရ၏။ သူက ကျင့်ကြံခြင်းဂြိုဟ်တစ်ခုပေါ်တွင် ရပ်နေလျင် ထိုဂြိုဟ်သည် ပျောက်ကွယ်သွားသလား မှတ်ထင်ရသည်။ သူသည် လောကတွင် ရပ်နေလျှင် လောကသည် သူ့ကို ဦးညွတ်ရသည်ဟု ထင်ရသည်။ သူ့ရှေ့တွင် အရာရာမှာ ဦးညွတ်ရပေမည်။
သူက ကြယ်များကြား၌ ရပ်နေရပါက ကြယ်အလင်းသည် သူ့ကို ရှောင်ဖယ်သွားရပေမည်။
“ငါ့မန္တာန်အများစုဟာ ကိုယ့်ဟာကိုယ် ဖန်တီးထားတာ။ မန္တာန်ကိုးခုမှာ ခြောက်ခုဟာ ကောင်းကင်ဘုံမန္တာန်၊ သုံးခုဟာ တာအိုမန္တာန်ဖြစ်တယ်။ ဒါ့အပြင် သေရေးရှင်ရေးအတွက်မန္တာန်တစ်ခုလည်း ရှိသေးတယ်။ ဒါတွေအားလုံးကို ငါ မင်းကို သင်ပေးနိုင်တယ်။ မင်း သင်ယူဖို့ ဆန္ဒရှိလား…”
ဝမ်လင်းသည် ငြိမ်သက်နေဆဲသာ။
“ငါ့မှာ တပည့်ပေါင်း နှစ်ရာဘီလီယံကျော်ရဲ့ အပူဇော်ခံမီးတောက်လည်း ပိုင်ဆိုင်ထားသလို လေဟာနယ်နယ်ပယ်ကိုလည်း ငါ ဉာဏ်အလင်းပေါက်ထားတယ်။ ဒါတွေကိုလည်း မင်း လိုချင်သလား…”
ဝမ်လင်းသည် တာအိုသခင်အိပ်မက်ပြာကို ကြည့်နေလျက် အသက်ရှု အနည်းငယ် ပြင်းလာ၏။ သို့သော် သူက စကားမဆိုသေးပေ။
“ငါ့မှာ အခြားလောကရဲ့ ဥက္ကာခဲတွေကို သန့်စင်ထားတဲ့ တာအိုရတနာငါးခုလည်း ရှိတယ်။ အုပ်စိုးသူတောင် ဒီရတနာတွေကို လန့်ရတယ်။ ငါ့တာအိုရတနာငါးခုနဲ့ဆိုရင် လောကကို ဆုတ်ပြတ်သပ်သွားအောင် လုပ်လို့ရတယ်။ ဒါတွေကို မင်း လိုချင်လား…”
ဝမ်လင်း၏မျက်လုံးသည် တလက်လက် ဖြစ်၏။ သူ့အသက်ရှုသံမှာ ပိုလေးလံလာသည်။
“ငါ့မှာ ဘယ်သူ့ကိုမှ လွှဲပြောင်းမပေးရသေးတဲ့ တတိယအဆင့်တာအိုအမွေအနှစ်တစ်ခုလည်း ရှိသေးတယ်။ ဒါကို မင်း လိုချင်လား…”
“ငါက ဒီရှေးဟောင်းကြယ်အဖွဲ့အစည်းအနှံ့ ခရီးတစ်ခု မင်းကို ခေါ်ဆောင်ပေးပြီး အခြားသခင်လေးပါးရဲ့ တာအိုစိတ်ဝိညာဉ်တွေကို ရအောင် လုပ်ပေးနိုင်တယ်။ ဒါဆိုရင် မင်းက အစွမ်းထက်ဆုံးမန္တာန်တွေကို ရရှိလာနိုင်လိမ့်မယ်…”
“ငါက မင်းအတွက် လေဟာနယ်ကို ချိုးဖျက်ပြီး ဒဏ္ဌာရီလာ ရှေးအမိန့်သင်္ချိုင်းရှိ ခေါ်သွားပေးနိုင်တယ်။ ဒါက မင်းကို ရှေးဟောင်းစိတ်ဝိညာဉ်တွေကို စုပ်ယူခွင့် ရစေပြီး မင်းရဲ့ ရှေးဟောင်းနတ်ဘုရားခန္ဓာကိုယ်ကို ပြီးပြည့်စုံစေလိမ့်မယ်…”
“မင်းခန္ဓာကိုယ်ထဲမှာ အနှစ်သာရငါးခု ရှိနေတယ်။ မင်းက အံ့အားသင့်ဖွယ် အရည်အချင်း ရှိနေတာပဲ။ အနှစ်သာရငါးခု ဖန်တီးနိုင်တဲ့သူကို အရင်တုန်းက ငါ လုံးဝ ကြားတောင် မကြားခဲ့ဖူးဘူး။ ငါ မင်းရဲ့ အနှစ်သာရတစ်ခုစီ ပြီးပြည့်စုံစေဖို့အတွက်လည်း ကူညီပေးမယ်။ မင်းက ငါ့တာအိုကို အမွေဆက်ခံလိုက်ရင် အနှစ်သာရခုနစ်ခုထိ ရှိလာနိုင်လိမ့်မယ်…”
တာအိုသခင်အိပ်မက်ပြာ၏အသံသည် တည်ငြိမ်သည်။သူ့အကြည့်က ဝမ်လင်းပေါ်သို့ ကျရောက်နေသည်။ သူက ဖြည်းဖြည်းချင်း ဆက်ပြောသည်။ “မင်း ဒါတွေအားလုံးကို လိုချင်လား…”
ဝမ်လင်း၏မျက်လုံးသည် ချင်းချင်းနီရဲနေ၏။ သူက တာအိုသခင်အိပ်မက်ပြာကို စူးစိုက်ကြည့်နေသည်။ တာအိုသခင်၏စကားလုံးများထဲမှ ပေးအပ်သောသတင်းစကားမှာ ကောင်းကင်ဘုံတုန်လှုပ်စေနိုင်လောက်၏။ ဝမ်လင်း မလိုချင်မိဘဲ မည်သို့နေပါ့မည်နည်း။
သူသည် အလွန်လိုချင်တပ်မက်နေမိသည်။
“မင်းက အပြာရောင်ပိုးသားကလန်ရဲ့ ပြင်ပက အန္တရာယ်ကို သတိထားမိတယ်မလား။ အဲ့အမျိုးသမီးရဲ့ နောက်ခံဟာ အစွမ်းထက်လှတယ်။ ဒါပေမဲ့ မင်းသာ ငါ့အမွေဆက်ခံသူ ဖြစ်လာခဲ့ရင် ငါက မင်းအတွက် အန္တရာယ်အားလုံးကို ကာဆီးပေးမယ်။ မင်း သေချာ စဉ်းစားပါ…”
“အခြေအနေက…” ဝမ်လင်းအသံသည် ရှတနေသည်။ တာအိုသခင်အိပ်မက်ပြာ၏ စကားလုံးများသည် သူ့စိတ်ထဲ မိုးကြိုးပစ်ချလိုက်သည့်အလား။
တာအိုသခင်အိပ်မက်ပြာ၏ အမူအရာမှာ ပုံမှန်သာ။ သူက ဝမ်လင်းကို ကြည့်ကာ ညင်သာစွာ ပြောလိုက်သည်။ “အခြေအနေကတော့ ရိုးရှင်းပါတယ်။ နှစ်ခုပဲ။ အခုကစပြီး မင်းဟာ အတွင်းနယ်မြေကလူ မဟုတ်တော့ဘူး။ ငါတို့ ရှေးဟောင်းကြယ်အဖွဲ့အစည်းရဲ့ အဖွဲ့ဝင်တစ်ယောက်၊ အပြာရောင်ပိုးသားကလန်ရဲ့ လူငယ်သခင်တစ်ယောက် ဖြစ်လာရမယ်။ မင်းက နှလုံးသားမေ့ပျောက်ခြင်းသစ်သီးကို သောက်သုံးပြီး အတွင်းနယ်မြေကို ချန်ထားဖို့ အနှစ်သာရကျိန်ဆိုမှုကို ပြုလုပ်ရမယ်…”
“မင်းခန္ဓာကိုယ်၊ စိတ်နှလုံး…အရာအားလုံးဟာ အတွင်းနယ်မြေနဲ့ ဆက်မပတ်သတ်တော့ဘူး။ မင်းက အတွင်းနယ်မြေနဲ့ အပြင်နယ်မြေကြား စစ်ပွဲမှာလည်း မပါဝင်နိုင်တော့သလို အတွင်းနယ်မြေကိုလည်း ထပ်မံ ကူညီခွင့် မရှိတော့ဘူး…”
တာအိုသခင်အိပ်မက်ပြာ၏ စကားလုံးများသည် ဝမ်လင်းကို ဓားဖြင့် မွှန်းသည့်အလား။ သူ့ခန္ဓာကိုယ်ကိုပါ တုန်ရီစေ၏။
“ဒုတိယတစ်ခုကတော့ မင်း အတွင်းနယ်မြေမှာ ရှိခဲ့တဲ့ ပတ်သတ်မှုအားလုံးကို ငါ ဂရုမစိုက်ဘူး။ အားလုံးကို ဖြတ်တောက်ပစ်ရမယ်။ ငါ့မှာ သမီးတစ်ယောက်ရှိတယ်။ သူနဲ့မင်းဟာ ကျင့်ကြံခြင်းစုံတွဲ ဖြစ်လာရပြီး မင်းအတွက် သူမပဲ ရှိရလိမ့်မယ်…”
ဝမ်လင်းသည် မျက်လုံးမှိတ်လိုက်၏။ တာအိုသခင်အိပ်မက်ပြာ၏ ကမ်းလှမ်းမှုသည် သူ့ဘဝတွင် ရင်ဆိုင်ရသော အကြီးကျယ်ဆုံးတစ်ခုပင်။ သူ တောင်းဆိုသော အခြေအနေများကိုသာ ပြောင်းလဲလိုက်ပါက ဝမ်လင်းသည် သူ့ကမ်းလှမ်းမှုကို အလိုလိုချင်မိမည်ဖြစ်သလို ကျေကျေနပ်နပ်လည်း လက်ခံမိပေမည်။
သို့ရာတွင် သူက တာအိုသခင်အိပ်မက်ပြာ၏ အခြေအနေနှစ်ခုကို မည်သို့ သဘောတူနိုင်ပါ့မည်နည်း။
သူသည် အတွင်းနယ်မြေ၏အဖွဲ့ဝင်တစ်ယောက် ဖြစ်သည်။ သူက အတွင်းနယ်မြေတွင် မွေးဖွားခဲ့ကာ ထိုနေရာတွင်ပင် ကြီးပြင်းခဲ့သည်။ အတွင်းနယ်မြေက နိုင်ငံတစ်ခုဆိုပါက သူသာ သဘောတူလိုက်ပါက နိုင်ငံသစ္စာဖောက်တစ်ယောက် ဖြစ်သွားပေလိမ့်မည်။ သေဆုံးသွားခဲ့ကြသော အတွင်းနယ်မြေ၏ ကောင်းကင်ဘုံသားများ၏စကားလုံးများ သူ့နားထဲတွင် ပြန်ကြားယောင်မိကာ ပဲ့တင်ထပ်နေ၏။ သူ့စိတ်ထဲတွင်လည်း ချိပ်ပိတ်နယ်မြေအရှင်သခင်၏ စတေးခဲ့မှုက ပဲ့တင်ထပ်နေသည်။
သူက တာအိုသခင်အိပ်မက်ပြာ တောင်းဆိုသော ပထမအခြေအနေကို လက်မခံနိုင်ပေ။ ဒုတိယအခြေအနေဆိုလျှင် ပြောနေစရာပင် မလိုတော့ပေ။ လီမူဝမ်ကို လက်လွှတ်ခြင်းမှာ သူ့တာအိုကို လက်လွှတ်ခြင်း မည်၏။ သူ့ဘဝ ရည်ရွယ်ချက်ကို လက်လွှတ်ခြင်း ဖြစ်၏။ သူ့ကတိကို မတည်ခြင်း ဖြစ်၏။
သူသည် ထိုအချက်ကို လက်မခံနိုင်ပေ။
သူ မျက်လုံးဖွင့်လာ၏။ ဝမ်လင်း၏မျက်လုံးသည် နီရဲလျက် သူက ပြောလိုက်သည်။ “ငါ မသင်ချင်တော့ဘူး…”
တာအိုသခင်အိပ်မက်ပြာ၏ မျက်လုံးထဲတွင် အေးစက်မှုတစ်ခု ဖြတ်ပြေးသွားသည်။ သူက ဝမ်လင်းကို စူးစိုက်ကြည့်နေသည်။
ဝမ်လင်း မသိသည်က လွန်ခဲ့သောနှစ်ပေါင်းများစွာကလည်း ချင်းလင်သည် အခုလိုမျိုး သွေးဆောင်ကမ်းလှမ်းမှုကို ခံခဲ့ရဖူးသည် ဟူ၏။ ချင်းလင်ကို သွေးဆောင်ခဲ့သူက အုပ်စိုးသူ ဖြစ်သည်။ အခု ဝမ်လင်းကိုမူ တာအိုသခင်အိပ်မက်ပြာက သွေးဆောင်ကမ်းလှမ်းခြင်းပင်။
ဝမ်လင်းသည် ခေါင်းငုံ့လျက် ခပ်တိုးတိုး ပြောလိုက်သည်။ “စီနီယာရဲ့ ကျင့်ကြံမှုက တကယ့်ကို အစွမ်းထက်လွန်းပါတယ်။ ဒါပေမဲ့ ဂျူနီယာမေးချင်တာက စီနီယာမှာ သင့်ကိုယ်သင်ထက် ပိုဂရုစိုက်ရတဲ့ တစ်စုံတစ်ယောက် ရှိပါသလား…”
တာအိုသခင်အိပ်မက်ပြာသည် တခဏတာ စဉ်းစားသွား၏။ ထို့နောက် သူက ဖြည်းဖြည်းချင်း ပြောလိုက်သည်။ “ရှိတယ်…”
“ဒါဆိုရင် စီနီယာသာ ငါ့ နေရာမှာ ဆိုရင် သင်က စွမ်းအားအတွက် သင့်အတွက် အရေးကြီးလှတဲ့သူကို စွန့်ပစ်မှာလား။ စီနီယာ သဘောတူမှာလား…” ဝမ်လင်းသည် ခေါင်းမော့ကာ တာအိုသခင်အိပ်မက်ပြာကို ကြည့်လိုက်သည်။
“ဒါ့အပြင် စီနီယာဟာ အပြာရောင်ပိုးသားကလန်တစ်ခုလုံးကို စွမ်းအားအတွက် လက်လွှတ်ရမယ်ဆို သင် သဘောတူမလား…”
တာအိုသခင်အိပ်မက်ပြာသည် ထိုမေးခွန်းကို ပြန်မဖြေပေ။ ထိုအစား သူက တိတ်ဆိတ်စွာ စဉ်းစားသွားပြီးနောက် ပြောလိုက်သည်။
“တတိယအဆင့်ကျင့်ကြံခြင်းကို လေဟာနယ်နယ်ပယ်လေးခုလို့ ခေါ်နိုင်တယ်။ ပထမဆုံးက နိဗ္ဗာနလေဟာနယ်ပဲ။ စိတ်ဝိညာဉ်လေဟာနယ်ကို လက်ဦးအဆင့်လို့ ယူဆနိုင်တယ်။ ဆန်းကြယ်လေဟာနယ်အဆင့်ကတော့ မြင့်မြတ်တဲ့တာအိုလို့ ယူဆနိုင်တယ်။ လေဟာနယ်ဒုက္ခအဆင့်ကတော့ အထွတ်အထိပ်ပဲ။ ရှေးဟောင်းအချိန်တွေထဲက လေဟာနယ်ဒုက္ခ အထွတ်အထိပ်အဆင့်ကို ရောက်သွားခဲ့တဲ့သူတွေကို ငါ ကြားခဲ့ဖူးတယ်။ ဒါပေမဲ့ ဘယ်သူကမှ ဒဏ္ဌာရီလာ စတုတ္ထအဆင့် ကောင်းကင်ဘုံနင်းခြေချင်းကို အောင်အောင်မြင်မြင် ရောက်သွားနိုင်စွမ်း မရှိသေးဘူး…”
“အင်ပါယာကိုယ်လုပ်တော် ဧကရီရှစ်ပါးတောင် အဲ့အဆင့်ကို မရောက်သေးဘူး…”
တာအိုသခင်အိပ်မက်ပြာသည် ဝမ်လင်းထံမှ သူ့အကြည့်ကို ပြန်ရုတ်သိမ်းကာ အဝေးရှိ မိုးကုပ်စက်ဝန်းကို ကြည့်လျက် ဖြည်းဖြည်းချင်း ပြောနေသည်။
“ငါ့ခန္ဓာကိုယ်မှာ အနှစ်သာရနှစ်ခု ရှိတယ်။ တစ်ခုဟာ ဆန်းကြယ်အလယ်အဆင့်မှာ ရှိပြီး ကျန်တစ်ခုကတော့ ခုလက်ရှိမှာ ချိပ်ပိတ်ထားတာ။ ဒါပေမဲ့ ဒီအဆင့်ဟာ လေဟာနယ်ဒုက္ခအစောပိုင်းအဆင့်နဲ့ အလွန်တရာ နီးကပ်တယ်။ ဒီအနှစ်သာရနှစ်ခုကိုသာ ပေါင်းစည်းလိုက်ရင် ငါက ဆန်းကြယ်လေဟာနယ်အဆင့်ရဲ့ အထွတ်အထိပ်စွမ်းအားကို ထုတ်ဖော်နိုင်စွမ်း ရှိတယ်…”
“ငါ့လိုလူမျိုး ဒီပြင်ပနယ်မြေ(ဝါ) ရှေးဟောင်းကြယ်အဖွဲ့အစည်းမှာ ဘယ်နှစ်ယောက် ရှိတယ်လို့ မင်း သိထားလဲ…”
တာအိုသခင်အိပ်မက်ပြာသည် တည်ငြိမ်စွာမေးလိုက်သည်။
“ရှေးဟောင်းအင်ပါယာကိုယ်လုပ်တော်တွေကို ထည့်မတွက်ရင်တောင် အနည်းဆုံးတော့ ခုနစ်ယောက်လောက် ရှိလိမ့်မယ်…”
“မင်းတို့ရဲ့ ချိပ်ပိတ်နယ်မြေ(ဝါ)အတွင်းနယ်မြေမှာ အပူဇော်ခံမီးတောက် မရှိထားဘူး။ ချိပ်ပိတ်နယ်မြေအစီအရင်ရဲ့ မရေမတွက်နိုင်တဲ့နှစ်တွေကြာအောင် ပိတ်မိနေကြတယ်။ အုပ်စိုးသူဟာ သူ့အကြံအစည်တွေကို သိထားခဲ့ပြီး သူက မင်းတို့ရဲ့ အတွင်းနယ်မြေကို ပြိုလဲကျလုနီးပါး ဖြစ်စေခဲ့တယ်။ မင်းက ဒီလောက် အသုံးမဝင်တဲ့နေရာကို ဘာလို့ တွယ်ကပ်နေတာလဲ…”
တာအိုသခင်အိပ်မက်ပြာ၏ စကားလုံးများသည် ဝမ်လင်းနားထဲ တိုးဝင်လာ၏။ သူက ငြိမ်သက်တိတ်ဆိတ်နေသည်။
အချိန်အတန်ကြာပြီးနောက် ဝမ်လင်းသည် ခေါင်းမော့ကာ တာအိုသခင်အိပ်မက်ပြာကို ကြည့်လိုက်သည်။ သူက တည်ငြိမ်စွာ ပြောလိုက်၏။ “စီနီယာပြောတာ အမှန်ဆိုရင် ပြင်ပနယ်မြေက အတွင်းနယ်မြေကို တိုက်ခိုက်ဖို့ ဘာလို့ စစ်ပွဲတစ်ခု မဆင်နွှဲလဲ။ သူတို့က အတွင်းနယ်မြေရဲ့ အင်အားစုတွေ တဖြည်းဖြည်း ချိနဲ့သွားအောင် ကြံစည်ဖို့ လိုနေသလဲ။ ငါ စိုးရိမ်မိတာက အတွင်းနယ်မြေမှာ စီနီယာနဲ့ တခြားသူတွေ အလွန်စိုးရိမ်ရတဲ့အရာ တစ်ခုခု ရှိနေမှာကိုပဲ…”
တာအိုသခင်အိပ်မက်ပြာသည် အနည်းငယ် စဉ်းစားပြီးနောက် တည်ငြိမ်စွာ ဆက်ပြောသည်။ “ဒီလိုတည်ရှိမှုမျိုး တကယ် ရှိတယ်။ အတိတ်တုန်းက ဟိန်းအော်သံတစ်ချက်နဲ့တင် အုပ်စိုးသူဟာ အကြောက်အလန့် ထွက်ပြေးလာခဲ့ရဖူးတယ်…”
ဝမ်လင်းစိတ်သည် လှုပ်ခါသွား၏။ သူက ခန့်မှန်းလိုက်ရုံသာ ဖြစ်သည်။ သို့သော် အခုကဲ့သို့ တာအိုသခင်အိပ်မက်ပြာထံမှ သည်လျှို့ဝှက်ချက်ကို ကြားလိုက်ရမည်ဟု မထင်ထားမိခဲ့ပေ။
“မင်းက မင်းစိတ်ကို မင်း ပြင်ဆင်ပြီးမှတော့ ငါ မင်းကို အတင်း မတိုက်တွန်းတော့ဘူး။ မင်းက ယွဲ့အာကို ဒီအထိ ခေါ်လာပေးခဲ့တဲ့အတွက် ငါ မင်းကို ငါ့တာအိုသင်ကြားမှုနဲ့ အပူဇော်ခံမီးတောက်ကို မပေးနိုင်ပေမယ့် မန္တာန်သုံးခုတော့ သင်ပေးလိုက်မယ်။ ဘယ်လောက် နားလည်မလဲကတော့ မင်း အပေါ်ပဲ မူတည်တယ်…”
တာအိုသခင်အိပ်မက်ပြာသည် သက်ပြင်းချလိုက်သည်။ သူသည် ဝမ်လင်းကို သဘောကျပေ၏။ သူ ပြောခဲ့သမျှသည် အမှန်ပင်။ သို့သော် အချို့အရာများသည် အတင်းအကြပ် လုပ်၍ မရနိုင်ပေ။
ရှေးဟောင်းကြယ်အဖွဲ့အစည်းရဲ့ သခင်ငါးပါးထဲက တစ်ယောက်အနေဖြင့် တတိယအဆင့်ကျင့်ကြံသူတစ်ယောက်အနေဖြင့် သူသည် သူ့ကိုယ်ပိုင်မာန ရှိပေသည်။ သူသည် တခြားသူများကို အတင်းအကြပ် မလုပ်ချင်ပေ။
“သေချာကြည့်…ဒါက ငါ့ပထမဆုံး မန္တာန်ပဲ…” တာအိုသခင်အိပ်မက်ပြာသည် သူ့လက်ကို ပင့်မြှောက်ကာ ကောင်းကင်ထက်သို့ ညွှန်လိုက်သည်။ လေပြင်းသည် ဟိန်းမြည်ကာ တိမ်ထုများ တဝီဝီလှည့်လည်သည်။ ကောင်းကင်တစ်ခုလုံး အဆုံးမဲ့အပြာရောင်အလင်းနှင့် ပြည့်နှက်ပြီး ဧရာမဝဲကတော့တစ်ခု ပေါ်လာသည်။
ထိုဝဲကတော့သည် တုန်ဟည်းလျက် အဘက်ဘက်မှ မူလစွမ်းအင်များ စုစည်းလာကာ ဧရာမတံဆိပ်တုံးတစ်ခု အလျင်အမြန် ဖွဲ့တည်သည်။ ထိုတံဆိပ်တုံးမှာ မူလစွမ်းအင်နှင့် ပြုလုပ်ထားခြင်းပင်။ ယင်းက သေမျိုးအင်ပါယာတစ်ပါး၏ တံဆိပ်တုံးနှင့်ပင် တူနေသေးသည်။
ထိုတံဆိပ်တုံး ကျဆင်းလာချိန်တွင် ကောင်းကင်နှင့်မြေကြီးသည် တုန်ယင်၏။ ချက်ခြင်းပင် ကောင်းကင်သည် မြေပြင်၊ မြေပြင်သည် ကောင်းကင် ဖြစ်လာ၏။ ကောင်းကင်နှင့်မြေကြီး ပြောင်းပြန် ဖြစ်တည်သည်။
ဝမ်လင်း ရှိနေသောတောင်သည် အထက်အောက်ဖြစ်ကာ ပြောင်းပြန်လန်သွား၏။ မြေပြင်သည် ကောင်းကင် ဖြစ်လာပြီး ကောင်းကင်ကို အုပ်မိုးသည် ဧရာမအခုံးကြီးတစ်ခုအသွင် ဆောင်သည်။ သို့ရာတွင် ထူးခြားဆန်းကြယ်သည်မှာ မည်သည့်ကျောက်တုံးကျောက်စမှ ကျဆင်းလာခြင်း မရှိတာ ဖြစ်၏။ ယင်းကဲ့သို့ ဖြစ်တည်မှုကို ဝမ်လင်းက ခံစား၍သာ ရသည်။ သို့သော် သူ့စိတ်မှာ တုန်လှုပ်မိပြီး ဖော်ပြရန်ခက်သောအားတစ်ခုသည် လောကတွင် ပြည့်နှက်သည်။
သူ့အောက်တွင် ကောင်းကင်မှာ အပြာရောင်အလင်းဖြင့် ပြည့်နှက်၏။ တိမ်များ၊နေများသည်လည်း ပြောင်းပြန် ဖြစ်ကုန်သည်။ တာအိုသခင်အိပ်မက်ပြာတစ်ယောက်သာ မားမားရပ်နေဆဲ ဖြစ်၏။
“ဒီမန္တာန်ကို ကောင်းကင်ဘုံပြောင်းပြန်တံဆိပ်တုံးလို့ ခေါ်တယ်။ ကောင်းကင်ဘုံပြောင်းပြန်ဆိုတာ ဘာလဲ။ ငါ့အမြင်ကတော့ ဒါဟာ ကောင်းကင်ကို မြေကြီးထု ဖြစ်လာဖို့အတွက် မှောက်ခုံလုပ်လိုက်တာပဲ။ ကောင်းကင်ဖြစ်လာတဲ့ မြေပြင်ဟာ အသန်မာဆုံးတံဆိပ်တုံး ဖြစ်လာလိမ့်မယ်…”
ဝမ်လင်းသည် ထိုအခြင်းအရာကို တွေ့မြင်ရသည့်အခါ သူ့စိတ်သည် တုန်လှုပ်၍ မယုံကြည်နိုင် ဖြစ်သည်။ သူက ထိုကဲ့သို့မန္တာန်မျိုး လောကတွင် ရှိလိမ့်မည်ဟု လုံးဝ မထင်ထားမိခဲ့ပေ။ ထိုမန္တာန်မှာ အလွန်သန်မာ၏။ ၎င်းကိုသာ ဟင်းလင်းပြင်တွင် အသုံးပြုလိုက်ပါက သက်ရှိအားလုံးကို သတ်ဖြတ်နိုင်လောက်သည်။
“မင်း ဒါကို ဟင်းလင်းပြင်မှာ အသုံးပြုချင်ရင် မင်းစိတ်နှလုံးထဲမှာ လောကတစ်ခု ပါဝင်နေဖို့ လိုအပ်လိမ့်မယ်…” တာအိုသခင်အိပ်မက်ပြာသည် သူ့ညာလက်ကို ပင့်မြှောက်လိုက်ရာ အချိန်သည် ပြောင်းပြန်စီးဆင်းဟန် ရသည်။ အရာအားလုံးသည် ချက်ခြင်း ပုံမှန်အတိုင်း ပြန်ဖြစ်သွား၏။ ကောင်းကင်သည် ကောင်းကင်အဖြစ်၊ မြေပြင်သည် မြေပြင်အဖြစ် ပြန်တည်ရှိသွားသည်။
“ဟင်းလင်းပြင်ထဲမှ အပေါများဆုံးက ဘာဖြစ်မလဲ။ လူတွေမဟုတ်ဘူး။ စိတ်ဝိညာဉ်လည်း မဟုတ်ဘူး။ မန္တာန်လည်း မဟုတ်သလို မူလစွမ်းအင်လည်း မဟုတ်ဘူး။ ငါ့အမြင်အရ အပေါများဆုံးဟာ အလင်းပဲ။ အလင်းမရှိတဲ့နေရာဆိုတာ မရှိဘူး။ ကောင်းကင်ဘုံပြောင်းပြန်တံဆိပ်တုံးဟာ တိုက်ခိုက်ခြင်းမန္တာန်တစ်ခုပဲ။ ငါ့ဒုတိယမန္တာန်ကတော့ အကာအကွယ်မန္တာန် ဖြစ်တယ်။ သေချာကြည့်ချေ…”
တာအိုသခင်အိပ်မက်ပြာသည် ဝမ်လင်းကို ပထမမန္တာန်အပေါ် စဉ်းစားဆင်ခြင်ရန် အချိန်မပေးဘဲ သူ့ညာလက်ကို ထပ်မံ မြှောက်လိုက်ပြန်၏။
သူ့ညာလက် ပင့်မြှောက်လိုက်သည်နှင့် လောကရှိအရာအားလုံးသည် အဆုံးမဲ့အလင်းကို ပေးစွမ်းတော့သည်။ အဝေးတွင်ပင် ဟင်းလင်းပြင်မှ ထွက်ပေါ်လာသော တောက်ပသောအလင်း ရှိနေ၏။
ထိုအဆုံးမဲ့အလင်း ချက်ခြင်း ကျရောက်လာကာ တာအိုသခင်အိပ်မက်ပြာကို ဝန်းရံ၏။ သည်အခိုက်တွင် သူသည် လောကရှိအလင်းအားလုံး၏ ရင်းမြစ်ဖြစ်လာသည့်အလား။ ဝမ်လင်းသည်ပင် နာကျင်မှုကြောင့် မျက်လုံးမဖွင့်နိုင် ဖြစ်ရသည်။
တာအိုသခင်အိပ်မက်ပြာ၏ ပတ်လည်တွင် ဧရာမအရိပ်တစ်ခု ပေါ်လာ၏။ ယင်းက ကောင်းကင်နှင့်မြေကြီးတမျှ မြင့်မားလှသည်။
“ဒီမန္တာန်ဟာ တာအိုမန္တာန် မဟုတ်ပေမယ့် ငါ စိတ်ဝိညာဉ်လေဟာနယ်အဆင့် ရောက်ခဲ့တဲ့အချိန်မှာ နားလည်ခဲ့တဲ့ အရာပဲ။ မင်းသာ ဒါကို သင်ယူနိုင်တယ်ဆိုရင် ဒီရှေးဟောင်းကြယ်အဖွဲ့အစည်းမှာ မင်းကိုယ်မင်း ကာကွယ်နိုင်စွမ်း ရှိလာလိမ့်မယ်။ ငါ မင်းကို သင်ပေးမယ့် နောက်ဆုံးမန္တာန်ကတော့ ငါ စိတ်ဝိညာဉ်လေဟာနယ်အထွတ်အထိပ်အဆင့်ကို ရောက်ခဲ့တဲ့အချိန်က နားလည်ခဲ့တဲ့ ငါ့ မဟာမန္တာန်သုံးခုထဲက တစ်ခုပဲ…”
***