တိုက်ပွဲ၏နောက်ဆက်တွဲ
Vol. 46 Ch. 643
ရွှမ်းယွမ်ချန်နှင့် စုချန်းရန်တို့ ဦးဆောင်ထားသော အဖွဲ့မှာ အခြေအနေ အတော်ဆိုးရွားနေသည်။
၎င်းတို့သည် ပြင်းပြင်းထန်ထန် ဒဏ်ရာရထားခြင်းမျိုး မဟုတ်ပဲ အလွန်ပင် ဖရိုဖရဲ ဖြစ်နေကြသည်။ ကျောင်းသားအများစု၏ အဝတ်အစားများမှာ လောင်ကျွမ်းစုတ်ပျက်နေပြီး ၎င်းတို့၏ မျက်နှာများမှာလည်း မည်းနက်လို့နေသည်။ ထိုကျောင်းသားများနှင့်သာ မသိခဲ့ပါက ပိုက်ဆံလာတောင်းသော သူတောင်းစားဂိုဏ်းဟုပင် ထင်မှတ်မိပေလိမ့်မည်။
အန်လင်း ချက်ချင်းဆိုသလို သဘောပေါက်သွားသည်။
"အစ်ကိုကြီးချန်.....အဏုမြူဗုံးနယ်ပယ်ကို ထပ်သုံးခဲ့ပြန်ပြီလား။"
"ဘာကို အဏုမြူဗုံးနယ်ပယ်လဲ။ အဲ့ဒါ ထိုက်ချိယင်းယန်နယ်ပယ်ပါ။"
ရွှမ်းယွမ်ချန် ခွန်းတုံ့ပြန်လိုက်သည်။
စုချန်းရန် စူပုတ်ပုတ် ဖြစ်နေသည်။
"ငါဘာယင်းစွမ်းအင်မှ မတွေ့ဘူး။ ယန်စွမ်းအင်ကိုပဲတွေ့မိတယ်။"
ကျောင်းသားအားလုံးလည်း သဘောတူ ထောက်ခံလိုက်ကြသည်။
ရွှမ်းယွမ်ချန် ရှက်သွားသည်။
"အရမ်းသန်မာတဲ့ စိတ်ဝိဉာဉ်ဖွဲ့စည်းခြင်းအဆင့် ရန်သူနဲ့ ထိပ်တိုက်တိုးလို့ပါ။ ငါ့မှာလည်း ရွေးချယ်စရာ မရှိဘူးလေ။"
ရွှမ်းယွမ်ချန်သည် သူ၏နယ်ပယ်ကိုသုံးကာ ထိုသွေးမျိုးနွယ်စု ကျင့်ကြံသူအား သတ်ဖြတ်လိုက်ရပုံပေါ်သည်။
မည်သို့ပင်ဆိုစေကာမူ လှပလွန်းသော စုချန်းရန်မှာ ယခုအခါ ကြောင်မဲမလေးနှင့် ဆင်တူနေလေပြီ။
အန်လင်း ဖုန်းထုတ်ကာ အမှတ်တရဓာတ်ပုံ ရိုက်ထားလိုက်သည်။
ရွှမ်းယွမ်ချန်မှာ အပြစ်ရှိသလို ခံစားနေရပုံရပြီး စုချန်းရန်နှင့် အခြားသော ကျောင်းသားများမှာ မကျေမနပ် ဖြစ်နေကြောင်း သိသာလွန်းလှသည်။
အန်လင်း ပြုံးစိစိနှင့် ဖုန်းအားပြန်သိမ်းလိုက်သည်။ ထိုဓာတ်ပုံများအား ပြန်ကြည့်တိုင်း တခွိခွိနှင့် ရယ်မောနေရမည်မှာ သေချာပေသည်။
ကျောင်းသားများအားလုံး အန္တရာယ် ကင်းကြသောကြောင့် ဓားအင်မော်တယ်လင်းရှောင်သည်လည်း စိတ်သက်သာရာ ရသွားသည်။
ကောင်းကင်ဘုံခုံရုံးနှင့် သွေးမျိုးနွယ်စု၏ တိုက်ပွဲများကြားတွင် နှစ်ဖက်စလုံး ဆုံးရှုံးနစ်နာလေ့ ရှိပါသော်လည်း ယခုအခါ အဖွဲ့ငါးဖွဲ့လုံး ကြီးကြီးမားမား ထိခိုက်သူပင် မရှိသောကြောင့် ရလဒ်ကောင်းသည်ဟု ဆိုနိုင်သည်။
ထိုသို့ဖြင့် ဟွမ်းချန်မြို့တော်သို့ ပြန်လာခဲ့ကြပြီး ဓားအင်မော်တယ်လင်းရှောင်သည် အနက်ရောင်စိမ့်တောထဲမှ လျှို့ဝှက်စစ်သည်တော်များကိုခေါ်ကာ ကောင်းကင်ဘုံခုံရုံးထံ သတင်းတင်ပြခိုင်းလိုက်သည်။
ယခုသတင်းကြောင့် ကောင်းကင်ဘုံခုံရုံး တစ်ခုလုံးမှာ ထိတ်လန့်ကုန်ကြရသည်။
ဟွမ်းချန်မြို့ ပတ်ပတ်လည်ရှိ သွေးမျိုးနွယ်စု မြို့တော်ဆယ့်လေးခုအား ဖျက်စီးနိုင်ခဲ့ကာ ကျောင်းသားတစ်ဦးတလေမျှကိုလည်း မဆုံးရှုံးခဲ့ပေ။
ထို့အပြင် အန်လင်းသည် သွေးမျိုးနွယ်စု၏ ဟင်းလင်းပြင်သို့အပြန် ကျင့်ကြံသူဖြစ်သော မဟူရာအဆိပ်သခင်အား ရှင်းလင်းနိုင်ခဲ့သည်။
ကောင်းကင်ဘုံခုံရုံး အဖွဲ့သားများမှာ ကျောင်းသားများ၏ အောင်မြင်မှုအား မယုံကြည်နိုင် ဖြစ်နေရလေသည်။
ကောင်းကင်ဘုံခုံရုံး၏ အမတ်အများစုမှာ စုစည်းညီညွတ်ကျင့်ကြံခြင်းကျောင်းတော်မှ ဖြစ်ကြပြီး ၎င်းတို့သည် လူငယ်ပါရမီရှင်များ မည်မျှထူးချွန်နေပါစေ ငချွတ်လေးများဟုသာ သဘောထားခဲ့ကြသည်။
ယခုတွင်မူ ထိုလူငယ်လေးများမှာ ငချွတ်လေးများ မဟုတ်ပဲ မကောင်းဆိုးဝါးကြီးများဖြစ်ကြောင်း သိရှိလိုက်ရလေပြီ။
ထိုကျောင်းသားများသည် သွေးမျိုးနွယ်စု မြို့တော်ဆယ့်လေးခုကို ဖျက်စီးနိုင်ခဲ့ရုံသာမက ဟင်းလင်းပြင်သို့အပြန် ကျင့်ကြံသူကိုပင် သတ်နိုင်ခဲ့သေးသည်။ စီနီယာများ ဖြစ်ကြသော ကောင်းကင်ဘုံခုံရုံး အမတ်များအနေဖြင့် ဆက်ပင်မတွေးချင်တော့ပေ။
"အား....ငါတို့ကမှ တကယ့်ငချွတ်ပဲ။"
စီမံခန့်ခွဲရေးဌာနမှ အလုပ်အမှုဆောင်တစ်ဦးမှာ သတင်းတင်ပြချက်အားဖတ်ရင်း သက်ပြင်းချမိသည်။
"တခြားဘက်ကကြည့်ရင် ဆိုးတော့မဆိုးပါဘူး။ သူတို့ရောက်လာတည်းက ငါတို့အလုပ်တွေ လွယ်ကူသွားတယ်လေ။ အေးအေးဆေးဆေး နေလို့ရတာပေါ့။"
အနီရောင်ဝတ်စုံနှင့် အမျိုးသမီး တစ်ဦးမှ ပြုံးကာပြောလိုက်သည်။
"ငါတို့ကျောင်းမှာ အရမ်းထူးချွန်တဲ့ အတန်းတစ်တန်း ရှိတယ်တဲ့။ အခုတော့ မျက်မြင်ကိုယ်တွေ့ ကြုံရပြီပေါ့။"
ဗလတောင့်တောင့်နှင့် အမျိုးသားတစ်ဦး ရယ်မောလိုက်သည်။
"ဘာပဲဖြစ်ဖြစ် ဂရုစိုက်မှရမယ်။ သွေးမျိုးနွယ်စုက မြို့တွေဖျက်စီးခံရတာကို အရေးမစိုက်လောက်ပေမယ့် ဟင်းလင်းပြင်သို့အပြန်အဆင့် ကျင့်ကြံသူ သေသွားတာကတော့ ပြဿနာတက်နိုင်တယ်။"
နူးညံ့သိမ်မွေ့ပုံရသော အမျိုးသားတစ်ဦးမှ ယပ်တောင်တဖျပ်ဖျပ်ခတ်ကာ ပြောလိုက်သည်။
"ကောင်းပါပြီ။ ကျွန်မ အားလုံးကို သတိပေးထားလိုက်ပါမယ် ဌာနမှူး။"
အနီရောင် အမျိုးသမီး တည်ငြိမ်စွာ တုံ့ပြန်သည်။
"ယန်ရို့လင်...မင်းအန်လင်းကို သိတယ်မလား။ သူ့ကိုဘယ်လိုထင်လဲ။"
ဆွဲဆောင်မှုရှိသော အမျိုးသားတစ်ဦးမှ မေးမြန်းလိုက်သည်။
"အန်လင်းလား။ သူ့ကို ရှေးဟောင်းထိုက်ချူးကုန်းမြေမှာတုန်းက တစ်ခါပဲ တွေ့ဖူးတာ။ သူကတကယ်ကို အနောက်တံခါးနဲ့ ပက်သတ်ရင် ဆရာကြီးပဲ။ ကျွန်မသာ ပန်းပွင့်နန်းတော်ခေါင်းဆောင်ဖြစ်ချင်ရင် သူ့ကိုမှီခိုမှနဲ့တူတယ်။"
အမျိုးသမီး ပြုံးကာပြောလိုက်သည်။
အမျိုးသားမှာ မျက်စိမျက်နှာ ပျက်သွားလေသည်။
"အရေးမပါတာတွေ ပြောမနေနဲ့။"
ယန်ရို့လင် နှုတ်ခမ်းအား ဖိကိုက်ထားလိုက်သည်။
"ပြီးတာပဲ....သူကအရမ်း စွမ်းအားကြီးတယ်။ ပြီးတော့ ထူးခြားတဲ့ အမွေအနှစ် တစ်ခုခုလည်း ရှိပုံရတယ်။ ဝှက်ဖဲတွေရော၊ အစွမ်းထက် ကျင့်စဉ်တွေရော စုံပလုံစိနေတာပဲ။ တာအိုပေါင်းစည်းခြင်းအဆင့်က တော်ရုံတန်ရုံလူလောက် ဒါမှမဟုတ် ဟင်းလင်းပြင်သို့အပြန် အထွဋ်အထိပ် အဆင့်လောက်ကိုတောင် ရင်ဆိုင်နိုင်မယ်ထင်တယ်။ ဌာနမှူးရယ် သူ့ကိုကျွန်မတို့ဆီ လာဖို့တော့ တွေးမနေပါနဲ့။ သူ့လိုလူမျိုးက ကိုယ့်ဘာသာ တစ်စင်ထောင်လောက်တယ်။"
ဌာနမှူးဆိုသည်မှာ စိတ်ပျက်သွားပုံ မရပေ။
"ဘာပဲဖြစ်ဖြစ် ကောင်းကင်ဘုံခုံရုံးမှာ အဲ့လိုပါရမီရှင်မျိုး ပေါ်လာတာ ဝမ်းသာစရာပဲ။ အခုတော့ ငါတို့ တခြားမြို့တွေကိုပဲ အာရုံစိုက်လိုက်ကြတာပေါ့။"
ဟွမ်းချန်မြို့တော်၏ မြို့စားမင်းမှာ ကြီးမားလှသော အောင်မြင်မှုအတွက် ခမ်းခမ်းနားနား စားသောက်ပွဲကြီးကို ကျင်းပပေးနေသည်။
မြို့တော်တစ်ခုလုံးမှာလည်း ပျော်ပျော်ရွင်ရွင် ပါဝင်ဆင်နွှဲကြသည်။
အနီးနားရှိ သွေးမျိုးနွယ်စု မြို့တော်များမှာ ဖျက်စီးခံလိုက်ရပြီး ၎င်းတို့ကြောက်ရွံ့နေခဲ့ရသော သွေးမျိုးနွယ်စု ကျင့်ကြံသူများလည်း သေဆုံးသွားပြီ ဖြစ်သောကြောင့် နှစ်သစ်ကူးသည်ထက်ပင် ပျော်ရွှင်နေသေးသည်။
အန်လင်းတို့အတန်း၏ တာဝန်မှာ ဟွမ်းချန်မြို့ စစ်သည်တော်များနှင့်အတူ သွေးမျိုးနွယ်စုအား တိုက်ခိုက်ပေးရန်ပင်။
၎င်းတို့သည် ထိုတာဝန်ကို ကျေပွန်ခဲ့ရုံသာမက မြို့တော်ဆယ့်လေးခုကိုပါ ဖျက်စီးနိုင်ခဲ့ပြီး ဟွမ်းချန်မြို့ စစ်သည်တော်များမှာ လှုပ်ရှားစရာပင် မလိုလိုက်ပေ။
အန်လင်းတို့သည်ပင် နောက်ထပ်လုပ်စရာများ မရှိတော့သဖြင့် ပျင်းရိနေရလေပြီ။
နှစ်ကုန်စာမေးပွဲအတွက် တာဝန်ပြီးမြောက်ပြီး ဖြစ်သည့်အပြင် သတ်ဖြတ်စရာ ရန်သူလည်း မကျန်ရှိတော့ပေ။
မြင့်မြတ်သောတမာန်တော် ရွေးချယ်ပွဲသို့ ရောက်နေခဲ့သော သွေးမျိုးနွယ်စု မြို့စားမင်း အချို့မှာ မြင်လိုက်ရသော မြင်ကွင်းများကို မယုံကြည်နိုင်သောကြောင့် လျင်မြန်စွာ သတင်းပို့လိုက်ကြသည်။
သွေးမျိုးနွယ်စု၏ နတ်ဘုရားဘုံဋ္ဌာနေသည် အနက်ရောင်စိမ့်တော၏ အင်အားအကြီးဆုံး အင်အားစုဖြစ်ပြီး ကိုးပြည်ထောင်ရှိ ကောင်းကင်ဘုံခုံရုံးနှင့် ဆင်တူသည်။
ဧကရာဇ်ရိတန်းနှင့် မြင့်မြတ်သောတမာန်တော်ဟောင်းများဖြစ်သည့် ဧကရာဇ်အန်းမန်၊ ဧကရာဇ်ဖူထျန်း၊ ဧကရာဇ်ဟေးရိရန်တို့မှာ နတ်ဘုရားဘုံဋ္ဌာနေ၏ ဧကရာဇ်လေးပါး ဖြစ်သည်။
မြို့စားမင်းများမှာ ဖြစ်ပျက်ခဲ့သော အကြောင်းအရာများအား နတ်ဘုရားဘုံဋ္ဌာနေထံ တင်ပြခဲ့ပြီးနောက် ရုတ်ရုတ်သဲသဲ ဖြစ်ကုန်ကြလေပြီ။
သွေးကန်များပါ ဖျက်စီးခံလိုက်ရသောကြောင့် မြို့တော်များအား ပြန်လည်တည်ဆောက်လျှင်ပင် နှစ်နှင့်ချီ ကြာမြင့်ပေလိမ့်မည်။ ကိုးပြည်ထောင်သည် အနက်ရောင်စိမ့်တော၏ မြေအနေအထားအား ရွံရှာခြင်းကြောင့်သာ မဟုတ်ပါက သွေးမျိုးနွယ်စုများထံသို့ပင် နယ်ချဲ့လာလောက်သည်။
ကိုးပြည်ထောင်၏ နယ်စပ်မြို့များမှာ အောင်ပွဲခံပြီးနောက် သတိအနေအထားဖြင့် အသင့်ပြင်ထားကြသည်။
အနက်ရောင်စိမ့်တော၏ ဗဟိုဒေသ၌....
တိမ်စိုင်များကြားတွင် အမျိုးသားတစ်ဦး ရှိနေသည်။
"မြို့တော်ဆယ့်လေး ဖျက်စီးခံလိုက်ရပြီးတော့ မဟူရာအဆိပ်သခင်ပါ သေသွားတယ်ပေါ့။"
"အခု အနက်ရောင်စိမ့်တောကို ရောက်လာတဲ့ ကောင်းကင်ဘုံခုံရုံးက လူတွေထဲမှာ မဟူရာအဆိပ်သခင်ကို သတ်နိုင်လောက်တဲ့သူ မပါပါဘူး။ နည်းနည်းတော့ အံ့သြစရာပဲ။"
ထိုအမျိုးသားမှာ ညှို့ငင်အားပြင်းစွာ ပြုံးလိုက်သည်။
"လေဒင်က အခြေအနေကိုရှင်းဖို့ ထွက်သွားပြီ။ ဒေစီ နောက်ကနေ လိုက်သွားလိုက်။ လေဒင်ရဲ့ ကိစ္စထဲ ဝင်ပါစရာ မလိုဘူး။"
"ဟုတ်ကဲ့ပါ ဧကရာဇ်ဖူထျန်း..."
လှပသော အမျိုးသမီးတစ်ဦး မြူခိုးများကြားမှ ထွက်ပေါ်လာသည်။
သူမသည် ဧကရာဇ်ဖူထျန်းအား အရိုအသေ ပေးလိုက်ပြီးနောက် ပြန်လည်ပျောက်ကွယ်သွားတော့သည်။