← Chapters

ပေါင်းစည်းခြင်း

Vol. 100 Ch. 1372

ပေါင်းစည်းခြင်း

Vol. 100 Ch. 1372

တာအိုသခင်အိပ်မက်ပြာ၏ ပထမဆုံးမန္တာန်သည် အလွန်တရာအစွမ်းထက်သော တိုက်ခိုက်မှုမန္တာန်ပင်။

ဒုတိယမန္တာန်၊ အလင်းနှင့်အရိပ်ဒိုင်းမှာ ခုခံမှု၏ အထွတ်အထိပ် ဖြစ်၏။ ထိုမန္တာန်နှစ်ခု ပေါ်လာချိန်တွင် လောကသည်ပင် အရောင်ပြောင်းလဲသွားရသည်။

ဝမ်လင်းက သူ့ ပထမဆုံးမန္တာန် ကောင်းကင်ဘုံပြောင်းပြန်ဖြစ်ခြင်းတံဆိပ်တုံးကို အပြည့်အစုံ နားမလည်သေးပေ။ အခု သူက အလင်းနှင့်အရိပ်ဒိုင်းမန္တာန်တွင် အာရုံစူးနစ်နေ၏။ သူက ထိုမန္တာန်နှစ်ခုကြား ဆက်တိုက်အလှည့်အပြောင်းတွင် စိတ်နစ်နေသည်။

“သေချာကြည့်။ ငါ့တတိယမန္တာန်က မင်းကို တာအိုပေါင်းစည်းခြင်း သင်ပေးလိမ့်မယ်။ ဒါက တိုက်ခိုက်မှု၊ ခုခံမှု မန္တာန်မဟုတ်ဘူး။ ဒါပေမဲ့ မင်းရဲ့ အထူးနည်းလမ်းတစ်ခုနဲ့ မင်းရဲ့ အနှစ်သာရ မန္တာန်တွေကို ပေါင်းစည်းပေးနိုင်တဲ့ တာအိုမန္တာန်တစ်ခုပဲ။ မင်းသာ ဒီမန္တာန်ကို တတ်မြောက်သွားခဲ့ရင် မင်းရဲ့မန္တာန်အားလုံးကို ပေါင်းစည်းနိုင်ပြီး သန်းနဲ့ချီတဲ့ မတူညီတဲ့ မန္တာန်တွေဖြစ်အောင် ဒါမှမဟုတ် မန္တာန်အားလုံးကို တစ်ခုတည်း ဖြစ်အောင် လုပ်နိုင်သွားလိမ့်မယ်..."

တာအိုသခင်အိပ်မက်ပြာ၏ အသံမှာ တည်ငြိမ်၏။ ကောင်းကင်ဘုံပြောင်းပြန်တံဆိပ်တုံး မန္တာန်နှင့် အလင်းနှင့်အရိပ်ဒိုင်းမန္တာန်တို့ကို ချခင်းပြသပြီးနောက် သူက သူ့ညာလက်ကို ပြန်မချပေ။ ထိုအစား သူ့ညာလက်ဖြင့် ထူးခြားဆန်းကြယ်သောချိပ်ဟန်တစ်ခု ဖြစ်တည်စေပြီး လေဟာနယ်ထဲသို့ လက်ညွှန်သည်။

တိမ်စိုင်များထဲမှ တစ်ခုသည် အလျင်အမြန် ပျံသန်းလွင့်လာကာ သူ့လက်ချောင်းကို ဝန်းရံသည်။ ၎င်းတိမ်ထုက မြူလုံးတစ်လုံးအသွင်သို့ ပြောင်းလဲကာ စတင်လှည့်ပတ်၏။

ယင်းမြူလုံးသည် မြန်သထက်မြန်မြန် လှည့်ပတ်လာရင်း မြူများ ချက်ခြင်း လွင့်ပျောက်ကာ ရေခိုးရေငွေ့များအဖြစ် ပြောင်းလဲ၏။ ၎င်းရေငွေ့များကလည်း လှည့်ပတ်ကာ ဝဲကတော့တစ်ခု ဖြစ်ပေါ်သည်။

သို့ပေမည့် ထိုဝဲကတော့မှာလည်း တဖန် ပြောင်းလဲသွားပြန်၏။ ၎င်းက တာအိုသခင်အိပ်မက်ပြာ၏ လက်ချောင်းထိပ်တွင် ရေစက်အဖြစ်သို့ ပြောင်းပြီးနောက် ပိုမြန်သောနှုန်းဖြင့် စတင်လှည့်လည်သည်။

ဝမ်လင်းက ထိုအခြင်းအရာကို သေချာကြည့်နေ၏။ သူက ဉာဏ်အလင်းအချို့ ရရှိလာသည်။

ထိုအခိုက်တွင် ရေသည် ထပ်မံ ပြောင်းလဲ၏။ အက်သံများ ပဲ့တင်ထပ်ကာ ရေငွေ့သည် ရေခဲသလင်းများအဖြစ်သို့ ပြောင်းသည်။ ရေခဲသလင်းများသည် အတူတကွ အလျင်အမြန် ချိတ်ဆက်ကာ အက်ကွဲသံတစ်ခုကို ထုတ်လွှတ်သည်။ သိပ်မကြာခင်တွင် သူ့လက်ချောင်းထိပ်၌ ရေခဲဓားတစ်လက် ဖြစ်ပေါ်လာ၏။

ထိုဓားသည် ခုနစ်ပေမျှ ရှည်၏။ သုံးလက်မဗြက်ရှိ၏။ အဆုံးမဲ့အေးစိမ့်မှုကို ထုတ်လွှတ်၏။ နေအလင်း ၎င်းဓားပေါ် ပက်ဖြန်းသည့်အခါ ရောင်စုံတောက်ပမှုကို ပေးစွမ်းလေ၏။

တိမ်မှမြူ၊ မြူမှရေ၊ ထို့နောက် ရေခဲအဖြစ်ပြောင်းသည်။ နောက်ဆုံးတွင် ရေခဲဓားတစ်လက်အဖြစ် ပြောင်းလဲသွားခြင်းသာ။ ဝမ်လင်းသည် ထိုအချိန်တိုအတွင်း သူ့စိတ် တုန်လှုပ်ရ၏။ သူက တစ်ခုခုကို ဖမ်းဆုပ်မိသည့်အလား ခံစားလိုက်ရသည်။

“ဒီတာအိုမန္တာန်ကြောင့် ဒီမြူအနှစ်သာရဟာ ပြောင်းလဲသွားခဲ့ပြီ။ ပေါင်းစည်းထားတဲ့ မန္တာန်နှစ်ခုကို ပြသတာပဲ…” တာအိုသခင်အိပ်မက်ပြာသည် ဝမ်လင်းကို ကြည့်လိုက်သည်။

ဝမ်လင်းသည် တွေဝေမနေဘဲ သူ့ညာလက်ကို ဝေ့ယမ်း၏။ အနက်ရောင်လေပြင်းများ လောကတွင် မြည်ဟိန်းလာ၏။ နဂါးနက်ခုနစ်ကောင် လောကတွင် ပေါ်လာကာ အေးစက်စက်လေများကို မှုတ်ထုတ်သည်။

“အို…ကောင်းကင်ဘုံအင်ပါယာပေဖန်ရဲ့ မန္တာန်ခြောက်ခုထဲက တစ်ခုဖြစ်တဲ့ လေဆင့်ခေါ်ခြင်းပဲ။ ဒါက တာအိုမန္တာန်တစ်ခု မဟုတ်ပေမယ့် အထွတ်အထိပ်ထိ ရောက်အောင် ကျင့်ကြံနိုင်ရင် အတော်လေး အစွမ်းထက်မှု ရှိတယ်…”

တာအိုသခင်အိပ်မက်ပြာသည် အံ့အားသင့်သွားသည်။

လေဆင့်ခေါ်ခြင်းမန္တာန်ပြီးနောက် ဝမ်လင်းက သူ့ညာလက်ကို မရပ်တန့်ဘဲ ချိပ်ဟန်တစ်ခုကို ဖြစ်စေကာ နဂါးနက်ခုနစ်ကောင်ထံ ညွှန်လိုက်၏။ နဂါးနက်ခုနစ်ကောင်သည် မြေကမ္ဘာအက်ကွဲစေလောက်မည့် ဟိန်းသံကို ထုတ်ဖော်လေ၏။ တုန်ဟည်းသံများ ပဲ့တင်ထပ်သည်။ အလင်းတစ်ခု ဖျပ်ခနဲ လင်းလက်ကာ နေရာတိုင်းမှ မိုးစက်များ ထွက်ပေါ်လာသည်။

“ပေဖန်ရဲ့ မိုးဆင့်ခေါ်ခြင်း…” တာအိုသခင်အိပ်မက်ပြာသည် မျက်မှောင်ကြုတ်သွားသည်။ သူက ဝမ်လင်းသည် ထိုမန္တာန်နှစ်ခုကို အမှန်တကယ် ထုတ်ဖော်နိုင်စွမ်း ရှိလိမ့်မည်ဟု သူ မထင်ထားမိခဲ့ပေ။ သူသည် အရင်က ပေဖန် ဟူသော နာမည်ကို ကြားခဲ့ဖူး၏။ ထို ပေဖန်မှာ မိုးကြိုးကောင်းကင်ဘုံနယ်မြေ၏ အုပ်ချုပ်သူ ဖြစ်ကာ သူ့မန္တာန်များသည် ထုတ်ဖော်တတ်မြောက်နိုင်ရန် ခက်ခဲလှပေသည်။

“ဒီကောင်လေးက တကယ် တော်သားပဲ။ သူက ငါ သူ့ကို မန္တာန်နှစ်ခု ပေါင်းစည်းနိုင်ဖို့ ကူညီပေးတာကို သဘောပေါက်သွားနိုင်တယ်။ ဒါ့ကြောင့် သူက သူ့အစွမ်းထက်ဆုံးမန္တာန်တွေကို ထုတ်ဖော်လိုက်တာပဲ…”

တာအိုသခင်အိပ်မက်ပြာသည် ဝမ်လင်းကို အပြုံးမမည်သော အပြုံးဖြင့် ကြည့်၏။ ထို့နောက် သူ့ညာလက်ကို လေဟာနယ်ထဲသို့ ဆန့်ထုတ်လိုက်သည်။

နဂါးနက်ခုနစ်ကောင်သည် ရုတ်တရက် တုန်ယင်ကာ တစ်ကောင်နှစ်ကောင်လှည့်ပတ်ပြီး ဧရာမဝဲကတော့တစ်ခုကို ဖြစ်ပေါ်စေသည်။ ထိုဝဲကတော့က မိုးစက်များကို အတွင်းသို့ စုပ်ယူပစ်သည်။

ဝဲကတော့သည် ပိုပိုကြီးမားလာကာ ကောင်းကင်တစ်ခုလုံး နေရာယူသွားပလား မှတ်ရသည်။

“ငါ့နာလည်းမှုအရ ပေဖန်ရဲ့ လေဆင့်ခေါ်ခြင်းနဲ့ မိုးဆင့်ခေါ်ခြင်း မန္တာန်တွေရဲ့ ရည်ရွယ်ချက်ဟာ လေဆင့်ခေါ်ခြင်းနဲ့ ကောင်းကင်ကို ဖုံးလွှမ်းဖို့ ဖြစ်ပြီး မြေပြင်ကိုတော့ မိုးဆင့်ခေါ်ခြင်းနဲ့ ဖုံးအုပ်ဖို့ ဖြစ်မယ်။ ဒီမန္တာန်နှစ်ခု ပေါင်းစပ်ခြင်းဟာ အလင်းနဲ့အရိပ်ဒိုင်း မန္တာန်အကာအကွယ်နဲ့တောင် ယှဉ်လို့ရလောက်တယ်…”

တာအိုသခင်အိပ်မက်ပြာသည် သူ့ညာလက်ကို ပင့်မြှောက်ကာ ကောင်းကင်ထက်ရှိ ဝဲကတော့ထံ ညွှန်သည်။ ဝဲကတော့သည် ပိုကျယ်လောင်စွာ မြည်ဟိန်း၏။ ထို့နောက် ၎င်းသည် ရုတ်တရက် စတင် ချဲ့ကားလာတော့သည်။

ကောင်းကင်သည် လေများဖြင့် ဖုံးလွှမ်းခြင်း ခံရသလို မြေပြင်သည် မိုးကြောင့် သက်ဝင်နစ်မြုပ်သည်။ သည်နေရာတွင် အလင်းဟူသည် သဲလွန်စပင် မကျန်ရှိတော့ချေ။ မူလစွမ်းအင်များပင် မရှိတော့ပေ။ ၎င်းသည် ဟင်းလင်းပြင်ကနေ ခွဲထွက်ကာ ကိုယ်ပိုင်လောကတစ်ခု ဖြစ်တည်သွားသည့်အလား။

သည်လောကမှာ ကြီးမားသည်လည်း ဖြစ်နိုင်၏။ သေးငယ်သည်လည်း ဖြစ်နိုင်၏။ ယင်းလောကသည် အစွမ်းထက်အကာအကွယ်ပုံစံတစ်ခုပင်။

တာအိုသခင်အိပ်မက်ပြာသည် သူ့ညာလက်ကို ဝေ့ယမ်းလိုက်ရင်း လောကသည် တုန်ယင်ကာ ပုံမှန်အတိုင်း ပြန်ဖြစ်သွား၏။ ထို့နောက် သူ ဖန်တီးထားသော ရေခဲဓားဘေးနားတွင် အနက်ရောင်ဝဲကတော့စက်ဝန်းငယ်များ ရှိလာသည်။

“ငါ့မန္တာန်သုံးခုကို နားလည်မလည်ကတော့ မင်းကံကောင်းမှုအပေါ်မှာပဲ မူတည်လိမ့်မယ်…”

တာအိုသခင်အိပ်မက်ပြာသည် ရှေ့သို့ ခြေလှမ်းကာ အပြာရောင်အလင်းအဖြစ် ပြောင်းလဲသွား၏။ သူ မပျောက်ကွယ်သွားခင် ပြောခဲ့သော စကားများက သူ့ကိုယ်သူ ပြောခဲ့သည့်အလား။ ထိုစကားများမှာ…

“သူမ မှတ်ဉာဏ်တွေ ပြန်ကောင်းလာခဲ့ရင် အပြာရောင်ပိုးသားကလန်ကို မေ့သွားနိုင်တယ်။ ငါက ရှေးဟောင်းကြယ်အဖွဲ့အစည်းရဲ့ သစ္စာဖောက်တစ်ယောက် ဖြစ်ရမယ်ဆိုရင်တောင် ဘာဖြစ်သေးသလဲ…”

သူ့စကားများသည် ပြတ်သားမှုနှင့် ပြည့်၏။ သူ့ အကျင့်စရိုက်ကို ဖော်ပြ၏။ ဝမ်လင်း၏ ပြီးခဲ့သော မေးခွန်းကို ပြန်ဖြေခြင်းဟုလည်း ဆိုနိုင်သည်။

ပတ်ဝန်းကျင်တစ်ခုလုံး ငြိမ်သက်တိတ်ဆိတ်နေသည်။လောကသည် အေးချမ်းနေ၏။ စောနက ဖြစ်ပျက်ခဲ့သမျှသည် ပုံရိပ်ယောင်တစ်ခုမျှအလား။

ဝမ်လင်းကမူ တာအိုသခင်အိပ်မက်ပြာ ထွက်ခွာသွားသည်ကို သတိမပြုမိပေ။ သူ့မျက်လုံးသည် ရေခဲဓားနှင့် အနက်ရောင်ဝဲကတော့စက်ဝန်းများကိုသာ စူးစူးနစ်နစ် ကြည့်နေသည်။ သူ့စိတ်သည် စောနက အဖြစ်သနစ်တွင် နစ်မြုပ်နေဟန် ရသည်။ တာအိုသခင်အိပ်မက်ပြာ ပြသခဲ့သော မန္တာန်သုံးခုသည် သူ့စိတ်ထဲတွင် တဖျပ်ဖျပ် ပေါ်နေလျက် သူသည် ယင်းတို့ကို နားလည်အောင် ကြိုးစားနေသည်။

သုံးရက်၊ ခုနစ်ရက်၊ လဝက် အချိန်ကုန်လာ၏။ မသိလိုက်မသိဘာသာဖြင့်ပင် တစ်လတာ ကုန်ဆုံးသွားခဲ့လေပြီ။

တစ်လကြာပြီးနောက် ဝမ်လင်းကမူ မလှုပ်မယှက်သာ နေရာတွင် သည်အတိုင်း ရှိနေ၏။ သူ့မျက်လုံးတို့မှာ ချင်းချင်းနီရဲလျက် ရှုပ်ထွေးမှုတို့ ပြည့်သည်။ သူ့စိတ်ထဲ၌ လှိုင်းထန်နေ၏။ ဝမ်လင်းသည် မဟာမန္တာန်သုံးခုကို နားလည်အောင် လုပ်နေခြင်းသာ။ သို့ရာတွင် ထိုမန္တာန်များထဲ၌ လောကတစ်ခု ပါဝင်လေ၏။ တာအိုသခင်အိပ်မက်ပြာ ကိုယ်တိုင် သရုပ်ဖော်ကာ ရှင်းပြခဲ့သည်တောင်မှ ယင်းမန္တာန်များသည် တတ်မြောက်ရန် ခက်ခဲလွန်းနေဆဲပင်။

“ကောင်းကင်ဘုံပြောင်းပြန်တံဆိပ်တုံး…ကောင်းကင်ကို မြေပြင်ဖြစ်အောင် လုပ်ဖို့…”

ဝမ်လင်းက အိပ်ပျော်နေသကဲ့သို့ မျက်လုံးမှိတ်လိုက်သည်။ သို့သော် သူ့စိတ်ကမူ အလုပ်များနေ၏။ သူက ထိုမန္တာန်၏ ပြောင်းလဲမှုမျိုးစုံကို ကောက်ချက်ချ ဆင်ခြင်နေဟန် ရသည်။

တစ်လ၊ နှစ်လ၊ သုံးလ ကုန်လွန်သွားခဲ့လေပြီ။

ဝမ်လင်းက လေးလကြာ တောင်ထိပ်တွင် ထိုင်နေဆဲပင်။ ညပေါင်း၊နေ့ပေါင်း တစ်ရာကျော် ကုန်လွန်လာခဲ့ပြီးနောက် ခုချိန်တွင် မိုးရာသီ ရောက်ရှိလာခဲ့ပေပြီ။ ကောင်းကင်သည် အပြာရောင်ဟုတ်တော့ တိမ်စိုင်တိမ်နက်များဖြင့် ပြည့်လို့နေသည်။ ကောင်းကင်က မြူမဆိုင်းကာ မိုးများ ရွာသွန်းလေပြီ။ ထိုမြူများသည် လောကကို မှုန်ရီစေသည်။

ဝမ်လင်းသည် နေရာတွင်ပင် ထိုင်နေလျက် မိုးစက်များ သူ့ခန္ဓာကိုယ်ကို ထိမှန်သည်ကို ခွင့်ပြုထားသည်။ သို့သော် အမှန်တော့ သူသည် အရာအားလုံးကို သတိမပြုမိဘဲ ရှိနေခြင်းသာ။ သူ့မျက်လုံးက မှိတ်ထားသော်လည်း သူ့ပင်ပန်းနွမ်းနွယ်မှုက မျက်ရည်ကဲ့သို့ သွေးကြောင်းနှစ်ခုကို စီးကျစေကာ မိုးစက်များ၏ ဆေးကြောပစ်တာ ခံလိုက်ရသည်။ သူ့စိတ်အတွင်းရှိ ကောက်ချက်ချမှုသည်လည်း အထွတ်အထိပ် တိုင်လာသည်။ ထိုအဖြစ်က သူ့ကို ရူးသွပ်သွားစေတော့မည့်အလား။

ယနေ့တွင် ညအချိန်ရောက်နေကာ မိုးများ အဆတ်မပြတ် ရွာသွန်းနေ၏။ ရံဖန်ရံခါ လျှပ်စီးများ ကောင်းကင်ထက်တွင် လျှပ်ပြတ်၍ မြေကမ္ဘာကို လင်းလက်စေသည်။ ဝမ်လင်း၏ ဝတ်စုံမှာ ရွှဲနစ်နေလျက် သူ့ခန္ဓာကိုယ်သည် တုန်ရီနေသည်။ တောင်တစ်လုံးက သူ့ကို ဖိသိပ်နင်းနေသည့်အလား ခံစားနေရသည်။

ရုတ်တရက် သူ မျက်လုံးဖွင့်လာသည်။ သူ မျက်လုံးဖွင့်လိုက်ချိန်တွင် ကောင်းကင်ယံတွင် လျှပ်စီးလင်းလက်သည်။

သူ့မျက်လုံးသည် လုံးဝ နီရဲနေ၏။ သို့သော် သူ့မျက်လုံးသူငယ်အိမ်အတွင်းတွင်မူ လောကတစ်ခု ရောင်ပြန်ဟပ်နေ၏။ ကောင်းကင်၊လျှပ်စီး၊ မြေပြင်၊ မိုးစက်များအားလုံး သူ့မျက်လုံးသူငယ်အိမ်အတွင်း ရှိသည်။ ပို၍ ထူးဆန်းသည်ကား ၎င်းလောကသည် တဖြည်းဖြည်းချင်း ပြောင်းလဲနေတာ ဖြစ်သည်။

ပြောင်းလဲမှုမှာ သတိပြုနိုင်လောက်အောင်ပင်။ ဆက်တိုက် ပြောင်းလဲနေ၏။ သူ့မျက်လုံးသူငယ်အိမ်ထဲရှိ မြေပြင်ထုသည် တိမ်းစောင်းကာ အထက်အောက် ပြောင်းပြန်လှန်သကဲ့သို့ ထင်ရ၏။

လောကသည် လှည့်လည်နေလျက် ဝမ်လင်းသည် သူ့နီရဲသောမျက်လုံးတို့ဖြင့် သူ့ရှေ့မှ လောကကို စူးစိုက်ကြည့်သည်။ သူ့အကြည့်အောက်တွင် မိုးစက်များနှင့် ပြည့်နှက်နေသော ထိုလောကသည် စတင် တွန့်ခေါက်လိမ်လာ၏။ ၎င်းသည် စတင်၍ တိမ်းစောင်းလာသည်လော။

ကောင်းကင်ထက်၌ မိုးကြိုးများ မြည်ဟန်းလျက် မိုးသည် ပိုသည်းလာသည်။ တိမ်များသည် အန္တရာယ်တစ်ခုကို သတိပြုမိသည့်သကဲ့သို့ မိုးစက်များကို အလျင်အမြန် လွှတ်ချလိုက်သည့်အလား။ သို့ရာတွင် ဝမ်လင်း၏မျက်လုံးသူငယ်အိမ်အတွင်းမှ လောကသည် ဖြည်းဖြည်းချင်း ပြောင်းလဲကာ ယင်းအတွင်းမှ မိုးစက်များသည် တဒင်္ဂ ရပ်တန့်သွားသည်။

သူ့မျက်လုံးသူငယ်အတွင်းမှ မိုး တန့်သွားသည်နှင့် အစစ်အမှန်လောကရှိ မိုးရွာသွန်းမှုမှာလည်း ရပ်တန့်သွားခဲ့သည်။

ထိုစဉ် ဝမ်လင်း၏မျက်လုံးသည် တောက်ပ၏။သူက သူ့ညာလက်ကို ပင့်မြှောက်ကာ ကောင်းကင်ယံဆီ ဖိချလိုက်ပြီး ခပ်ရှရှအသံဖြင့် ပြောလိုက်သည်။ “ကောင်းကင်ဘုံပြောင်းပြန်ဖြစ်ခြင်း…”

သူ ထိုသို့ ပြောလိုက်သည်နှင့် လောကသည် ဟိန်းမြည်သံ ပြုသည်။ ဝမ်လင်း၏မျက်လုံးထဲရှိ လောကသည် မှောက်ခုံ ဖြစ်သွားလေ၏။ ကောင်းကင်သည် မြေပြင်၊ မြေပြင်သည် ကောင်းကင် ဖြစ်လာသည်။

ကောင်းကင်ထက်မှ ကျဆင်းသော မိုးစက်များ ပြန်ဆုတ်ကာ ပျက်စီးကုန်သည်။

ယင်းက သူ့မျက်လုံးသူငယ်အိမ်အတွင်းရှိ လောကတွင် ဖြစ်ပျက်နေခြင်းပင်။ ထိုအဖြစ်အပျက်သည် သူ ကြည့်ရှုနေသော အပြင်ဘက် အစစ်အမှန်လောကကိုလည်း ရောင်ပြန်သက်ရောက်သည်။

မိုးကြိုးနှင့် ပြည့်နှက်သော ကောင်းကင်သည် ရုတ်တရက် မြေပြင်ထု ဖြစ်ကာ အရာအားလုံး ပြောင်းပြန်မှောက်ခုံ ဖြစ်သည်။ မိုးစက်များ ပျက်စီးသည်။ တိမ်များ လွင့်ကွယ်သည်။ မိုးကြိုးများ ပြန့်ကြဲကုန်သည်။

မြေပြင်ထုက ကောင်းကင်ယံအဖြစ် အစားဝင်ရောက်သွား၏။ ဝမ်လင်းသည် သူ့လက်ကို အောက်သို့ နှိမ့်လိုက်ရာ မြေပြင်ထုသည် အလျင်အမြန် ဖိဆင်းကျသည်။

အကယ်၍သာ တစ်စုံတစ်ယောက်သည် ကောင်းကင်နေရာတွင် အစားဝင်နေသော မြေပြင်ထုကို မော့ကြည့်လိုက်ပါက သူတို့သည် ဇောက်ထိုးဖြစ်နေသော ပင်လယ်ပြင်ကို မြင်ရမည်။ သေမျိုးမြို့တော်များကို မြင်ရမည်။ သေမျိုးများ မိုးစက်များကြား လျှောက်လှမ်းနေသည်ကို မြင်ရမည်ပင်။

သို့သော် သူတို့သည် ထိုကဲ့သို့တွေ့မြင်ရမှုကို သတိပြုမိဟန် ရလိမ့်မည်ပုံ မပေါ်ပေ။

ဝမ်လင်း၏မျက်လုံးသည် တလက်လက် ဖြစ်နေ၏။ သူက ထိုကောင်းကင်ဘုံပြောင်းပြန်တံဆိပ်တုံးသည် အောက်သို့ ချနင်းလာသည်နှင့် လောကကို ဖျက်စီးပစ်နိုင်လောက်သော စွမ်းအားတစ်ခု ပါဝင်လေမည်ဟု ရှင်းလင်းစွာ ခံစားမိသည်။ ၎င်းသည် သူ့အခြားမန္တာန်များထက် အဆများစွာ ပိုအားကောင်းနေသည်။

သူက သူ့ညာလက်ကို ဝေ့ယမ်းလိုက်၏။ မြေပြင်ထုသည် အောက်သို့ ဖိနင်းကျလာခြင်း မရှိပေ။ သို့သော် ချက်ခြင်း ပုံမှန်အတိုင်း ပြန်ဖြစ်သွားသည်။ ကောင်းကင်သည် ကောင်းကင်နေရာ၊ မြေပြင်သည် မြေပြင်အတိုင်း ပြန်ဖြစ်သွားခြင်းတည်း။

“ဒါက ကောင်းကင်ဘုံပြောင်းပြန်တံဆိပ်တုံးကို အသုံးပြုနိုင်တဲ့ တစ်ခုတည်း နည်းလမ်း မဟုတ်ဘူး။ သင်က လူတစ်ယောက်ကို လောကတစ်ခုလို ပြုမူဆက်ဆံမယ်ဆိုရင် အဲ့နောက် သူတို့ရဲ့ အသွေးအသား၊ သွေး၊ အရေပြားတွေဟာ ကောင်းကင်၊ သူတို့ရဲ့ အတွင်းအင်္ဂါတွေဟာ မြေပြင်လို့ မှတ်ယူနိုင်မယ်။ ဒီဟာတွေကို ပြောင်းပြန်သာ ဖြစ်စေလိုက်မယ်ဆိုရင် ဒီမန္တာန်ရဲ့ သေစေနိုင်စွမ်းဟာ အတော့်ကို တိုးပွားလာမှာ…”

ဝမ်လင်းသည် တခဏတာ စဉ်းစားနေကာ သည်မန္တာန်အပေါ် သူ့နားလည်သွားမှုအတွက် ပျော်ရွှင်ရတာကို ဖိနှိပ်ထား၏။ သူသည် မျက်လုံးပြန်မှိတ်လိုက်ကာ ဒုတိယမန္တာန်ကို စတင် ဆင်ခြင်ပြန်သည်။

ဝမ်လင်းသည် ကောင်းကင်ဘုံပြောင်းပြန်တံဆိပ်တုံး မန္တာန်ကို အသုံးပြုလိုက်ချိန်၌ အပြာရောင်တောင်ပေါ်ရှိ ကုခင်းတီးခတ်နေသော တာအိုသခင်အိပ်မက်ပြာ၏လက်သည် တခဏတာ တန့်သွားလေ၏။

“အနှစ်သာရငါးခုနဲ့သူဟာ တကယ့်ကို တုန်လှုပ်ဖွယ်ရာပဲ။ သူက ဒီလေးလလောက်နဲ့ ကောင်းကင်ဘုံပြောင်းပြန်တံဆိပ်တုံး မန္တာန်ကို တက်မြောက်သွားနိုင်ခဲ့တယ်။ ငါက သူ တတ်မြောက်ဖို့ နှစ်အတော်အတန် ကြာမယ် ထင်ထားခဲ့တာ…”

***

All Chapters