တတိယအဆင့်ရောက်ဖို့အတွက် အရံအတား
Vol. 100 Ch. 1373
အပြာရောင်ပိုးသားကလန် တည်ရှိရာ ကျင့်ကြံခြင်းဂြိုဟ်အများစုတွင် မိုးတွင်းချိန်ခါ ကျနေ၏။ မကြာဆိုသလို ကောင်းကင်ယံမှ မိုးစက်များ သွန်းလောင်းကျကာ မြေပြင်သည် ရေငွေ့ပြန်ကာ စိုထိုင်းနေသည်။
ယင်းမိုးရာသီများသည် နှစ်ဝက်လောက် ကြာတတ်၏။ ဝမ်လင်း မန္တာန်များကို ဆင်ခြင်နေသည်မှာ မိုးရာသီ ကုန်လွန်၍ ဆောင်းတိုင်လာခဲ့ပေပြီ။
မိုးရာသီ ပြီးနောက် ဒီဆောင်းရာသီမှာ အလွန်သက်ဝင်လှသည်။ မြေပြင်သည် အစိုဓာတ်ပြည့်လျက် နှင်းများကြောင့် အေးခဲသွားတတ်သည်။ မြေပြင်ထက်တွင် လမ်းလျှောက်ပါက အအေးဓာတ်ကို ခံစားမိပေလိမ့်မည်။
သေမျိုးများအတွက်မူ သည်လိုရာသီမျိုးက ဆိုးရွားသည်ဟု ဆိုနိုင်၏။ သို့သော် အပြာရောင်ကလန်၏ သေမျိုးများကမူ ထိုရာသီဥတုမျိုးနှင့် အသားကျနေပြီ ဖြစ်သည်။ အပြာရောင်ပိုးသားကလန်၏ ကျင့်ကြံသူများ ကူညီမှုဖြင့် နှစ်ပေါင်းများစွာ ကုန်လွန်လာခဲပြီးနောက် သည်ရာသီမှာ သူတို့အဖို့ ခက်ခဲကြမ်းတမ်းမှု ရှိမနေတော့ပေ။
သည်ဆောင်းရာသီတွင် စားနပ်ရိက္ခာအချို့ကိုပါ ရိတ်သိမ်းတတ်ကြ၏။ ပိုအေးလေလေ ရိတ်သိမ်းနိုင်မှု ပိုကောင်းလေပင်။
နှင်းပွင့်များ လေထဲတွင် လွင့်ဝဲလျက် ကုန်းမြေမိုင်ထောင်ချီကို ဖုံးအုပ်လို့နေ၏။ ယင်းမြင်ကွင်းမှာ လှပလွန်းသည်။ ဝမ်လင်းရှိနေသော တောင်ထိပ်မှာလည်း ခုချိန်တွင် နှင်းများဖြင့် ဖုံးအုပ်နေချေပြီ။
သို့ပေမည့် အချို့ခပ်နက်နက် ကျောက်တုံးကျောက်သားများကမူ အခုထိ နှင်းများဖြင့် ဖုံးလွှမ်းခြင်း မခံရသေးပေ။
တောင်ထိပ်ပေါ်ရှိ နှင်းထုမှာ သိပ်သည်းလှ၏။ ဝမ်လင်းက နေရာတွင်ပင် မျက်လုံးမှိတ်လျက် ထိုင်နေပြီး သူ့တစ်ကိုယ်လုံးကိုလည်း နှင်းများ ဖုံးအုပ်နေ၏။
ရေခဲဓားနှင့် ဝဲကတော့ငယ်စက်ဝန်းတို့မှာ လေထဲတွင် လွင့်မြောလျက် တည်ရှိနေဆဲပင်။ နှင်းများသည် ယင်းတို့နားသို့ ကပ်လာနိုင်သည့်အတွက် ဓားနှင့်ဝဲကတော့ငယ်စက်ဝန်းတို့ကို လှည့်ပတ်၍သာ ရှိ၏။
ကောင်းကင်ဘုံပြောင်းပြန်တံဆိပ်တုံးကို ဆင်ခြင်နားလည်လာခဲ့ပြီးနောက် ဝမ်လင်းသည် ထိုတောင်ထိပ်ပေါ်တွင်သာ နောက်လေးလတာ ထပ်နေထိုင်နေ၏။ သူက အလင်းစွမ်းအားပါဝင်သော တာအိုသခင်အိပ်မက်ပြာ၏ ဒုတိယမန္တာန်၊အလင်းနှင့်အရိပ်ဒိုင်းမန္တာန်ကို ဆင်ခြင်နေခြင်းပင်။ ယင်းမန္တာန်မှာ သိမ်မွေ့လှ၏။ ဝမ်လင်းက ယင်းမန္တာန်ကို ကောက်ချက်ချ ဆင်ခြင်မှု ပြုလုပ်နိုင်ရန် ဆက်တိုက် ကြိုးစား၏။ သို့သော် သူသည် အခုထိ မည်သည့်သဲလွန်စကိုမျှ မရှာနိုင်သေးပါ။
တာအိုသခင်အိပ်မက်ပြာ ထိုမန္တာန်ကို အသုံးပြုပြခဲ့သော မြင်ကွင်းကို သူ့စိတ်ထဲ၌ ထပ်ခါထပ်ခါ မြင်ယောင်ကြည့်နေ၏။
ယနေ့တွင် ဝမ်လင်းသည် မျက်လုံးဖွင့်လာ၏။ သူ့မျက်လုံးတို့မှာ ပင်ပန်းမှုတို့ ပြည့်နေသည်။ သူက သူ့ရှေ့ရှိ စုဝေးနေသော နှင်းပွင့်များကို စူးစိုက်ကြည့်နေသည်။ သူက ခပ်တိုးတိုး ရေရွတ်လိုက်၏။ “ငါ့နေသာသောညမန္တာန်မှာလည်း အလင်းသဘောနဲ့ မူလဥပဒေသပါဝင်တာပဲ။ဒါပေမဲ့ တာအိုသခင်အိပ်မက်ပြာရဲ့ အလင်းဟာ မူလဥပဒေသနဲ့ ဘာမှ မသတ်သတ်ဘူး။ သူ့အလင်းဟာ သက်ရှိအားလုံးရှိကနေ စုစည်းထားတာ။ ဒါက ဘယ်လိုအလင်းမျိုး ဖြစ်မလဲ…”
ဝမ်လင်းသည် စဉ်းစားနေလျက် သူ့နတ်ဘုရားအာရုံကို ဖြန့်ကျက်လိုက်၏။ သူ့နတ်ဘုရားအာရုံသည် သည်တောင်ကို ဗဟိုပြုကာ ပျံ့နှံ့သည်။ သူ့အစွမ်းထက်နတ်ဘုရားအာရုံကြောင့် သူသည် ၎င်းကို မတူညီသောဦးတည်ရာ အမျိုးမျိုးသို့ သန်းချီခွဲပစ်နိုင်ဟန် ရသည်။
သူက ဖြူလွှလွှတောင်များကို မြင်၏။ မြေပြင်ထက်ရှိ နှင်းပွင့်များကို မြင်၏။ အေးခဲသော မြစ်များကို မြင်၏။ ပင်လယ်ပြင်ထက်မှ ရေခဲချပ်လွှာများ လွင့်မြောနေသည်ကို မြင်၏။
သူသည် သေမျိုးမြို့တော်များနှင့် အိမ်ထဲရှိ သေမျိုးအချို့ကိုလည်း တွေ့မြင်နေရသည်။ သူတို့သည် မီးလှုံ့နေလျက် ရှိသည်။သူသည် သူတို့၏နွေးထွေးသောဘဝကို မြင်သည်။
သူသည် ချမ်းသာသောတော်ဝင်မိသားစုများ၏ အစားအသောက်ကောင်းများကိုလည်း မြင်သည်။ သူသည် အပြာရောင်ပိုးသားကလန်၏ ကျင့်ကြံသူများ၊ ထိုသူတို့ တီးခတ်နေသော လှပသောတေးဂီတကိုပါ တွေ့မြင်သည်။
သူသည် ကောင်းကင်ထက်မှ ကျဆင်းနေသော နှင်းများကိုလည်း မြင်သည်။ အေးခဲနေသေ မြစ်ပြင်အောက်မှ ရှားပါးသောငါးများ၊ အေးခဲနေသော မြေပြင်တွင် ပေါက်နေသော ဖြစ်တောင့်ဖြစ်ခဲ သစ်ပင်ပန်းပင်တို့ကိုလည်း တွေ့မြင်သည်။
သူသည် တုန်ရီနေသော သားရဲကောင်လေးများကိုလည်း မြင်သည်။ နှင်းပွင့်များအောက် မြုပ်နှံ့ထားသော အေးခဲနေသည့် အလောင်းများကိုလည်း မြင်သည်။ သူ့စိတ်သည် ဒီဂြိုဟ်တစ်ခုလုံးကို ဖြန့်ကျက်လျက် သူက အရာရာကို မှတ်တမ်းတင်နေသည်။
သူ ငြိမ်သက်စွာ စောင့်ကြည့်၏။ တိတ်ဆိတ်စွာ လေ့လာသည်။ သူသည် ဆောင်းရာသီကုန်လွန်ကာ နှင်းများ စတင်အရည်ပျော်လာသော လောက၏ တစိတ်တပိုင်းပင် ဖြစ်လာခဲ့သည်။
အချိန်မည်မျှ ကြာသွားမှန်း မသိပြီးနောက် ဝမ်လင်းသည် အလင်းကို မြင်သည်။ သူက ဤနေရာရှိ သေမျိုးမိသားစုတစ်စုကို စောင့်ကြည့်နေစဉ် အလွန်တရာနွေးထွေးသောအလင်းဓာတ်ကို မြင်ရသည်။
ထိုအလင်းမှာ အလွန်အားဖျော့၏။ သို့သော် အမှန်တကယ် တည်ရှိပေသည်။ ဖြည်းဖြည်းချင်း သူသည် ပိုပိုသောအလင်းများကို မြင်လာသည်။ ထို့နောက် သူသည် ချစ်သူနှစ်ယောက်ကြားကအလင်းဓာတ်ကို မြင်သည်။ ချမ်းသာသောလူတစ်ယောက်၏ခန္ဓာကိုယ်မှ ထွက်ပေါ်နေသော အလင်းဓာတ်ကိုလည်း တွေ့မြင်သည်။
သူက သေဆုံးပြီးအရိုးစုတစ်ခုထံမှ ထွက်ပေါ်လာနေသော အလင်းကိုလည်း မြင်သည်။ ထိုအလင်းထဲ၌ ဝမ်းနည်းမှု၊ရုန်းကန်မှု တို့ ပြည့်နေ၏။ သူက သားရဲကောင်လေးများထံမှ အလင်းကိုလည်း တွေ့မြင်သည်။
သက်ရှိအားလုံးသည် ထိုအလင်းဓာတ်ကို ပေးစွမ်းနေသည်။ တောင်များ၊မြစ်များ၊ပင်လယ်များ၊ မြေကြီး၊ကောင်းကင် စသဖြင့် အရာရာသည် ခပ်ဖျော့ဖျော့အလင်းကို ပေးလို့နေသည်။ သူက ဟင်းလင်းပြင်ထံမှ အလင်းကိုပါ မြင်နိုင်စွမ်း ရှိလာသည်။
သူ့စိတ်ထဲ၌ သည်ကျင့်ကြံခြင်းဂြိုဟ်ပေါ်ရှိ အရာအားလုံး၌ ထိုအလင်းဓာတ် ပါဝင်နေသည်။ ယင်းအလင်းသည် ဖြည်းဖြည်းချင်း ပျံ့နှံ့ကာ ဝမ်လင်း၏စိတ်ထဲတွင် ပြည့်နှက်သည်။
သူ မျက်လုံးဖွင့်လာ၏။
သူ မျက်လုံးဖွင့်လိုက်ချိန်တွင် သူ့နတ်ဘုရားအာရုံဖြင့် တွေ့မြင်ခဲ့သော အလင်းအားလုံးမှာ သူ့ခန္ဓာကိုယ်ထံ အရူးအမူး စုစည်းလာတော့သည်။ ကောင်းကင်နှင့်မြေပြင်သည် ယင်းအလင်းကို ထုတ်လွှတ်၏။ သစ်ပင်များ၊တောင်များ၊မြစ်များသည် အလင်းပေးသည်။
ဟင်းလင်းပြင်ထံမှ ကြယ်အလင်းပင် ရှိနေ၏။ ဝမ်လင်း ထိုင်နေသော တောင်ထံမှပင် အလင်းဓာတ်ကို ထုတ်လွှတ်ပေးသည်။ ယင်းအလင်းသည် အဘက်ဘက်မှ ထွက်ပေါ်ကာ ဝမ်လင်းထံ စုစည်း၏။ ယင်းအလင်းကြောင့် ဧရာမအရိပ်ကြီးတစ်ခု ဖြစ်ပေါ်သည်။
အလင်းနှင့်အရိပ်သည် အပြင်ဘက်၊ ဝမ်လင်းကား အတွင်းဘက်တွင် ဖြစ်၏။ သူ့မျက်လုံးထဲတွင် ဉာဏ်အလင်း ဖြစ်လာ၏။ သို့သော် ရှုပ်ထွေးဟန်အရိပ်အမြွက်တော့ ရှိလို့နေဆဲသာ။
“ဒါက အသက်ဓာတ်တစ်ခုလား…” သူက သူ့လက်ကို ပင့်မြှောက်ကာ ငြိမ်သက်စွာ ဝေ့ယမ်းသည်။ အလင်းနှင့်အရိပ်တို့ ပျောက်ကွယ်၏။ အရာအားလုံး ပုံမှန်အတိုင်း ပြန်ဖြစ်သွားသည်။
သူက ထိုအလင်းက မည်သို့ဖြစ်သည်ကို အပြည့်အဝ နားမလည်ပေ။ သူ ၎င်းအလင်းသဘာဝကို နားလည်ဖို့ အရံအတားတစ်ခု ရှိနေသည့်အလား။ သူသာ ထိုအရံအတားကို မချိုးဖျက်နိုင်ခဲ့ပါက သူသည် ယင်းအလင်းက မည်သို့မည်ပုံဖြစ်သည်ကို ဘယ်တော့မှ ဉာဏ်အလင်းရနိုင်တော့မည် မဟုတ်ပေ။
ဝမ်လင်းသည် ထိုအရံအတားမှာ တတိယအဆင့်သို့ ဝင်ပေါက်များ ဖြစ်နေမလားကိုမူ သူ မသိပေ။ အလွန်နည်းပါးသော လူအချို့သာ ယင်းအရံအတားကို ခံစားမိနိုင်၏။ ပိုနည်းပါးသောသူများကသာ ယင်းအရံအတားကို သူတို့၏ဘဝတွင် ချိုးဖျက်နိုင်စွမ်း ရှိကြသည်။
တာအိုသခင်အိပ်မက်ပြာ ဝမ်လင်းကို သင်ပေးခဲ့သော မန္တာန်သုံးခုသည် သူ့ဟာသူ ကိုယ်ပိုင်လေးနက်သိမ်မွေ့သာ အဓိပ္ပာယ်များ ရှိလေ၏။
အလင်းနှင့်အရိပ် ပျောက်ကွယ်သွားချိန်၌ ဝမ်လင်း၏အကြည့်က တာအိုသခင်အိပ်မက်ပြာ ထွက်ခွာသွားချိန်မှစ၍ အခုထိ မပြောင်းလဲသွားသော ရေခဲဓားနှင့် ဝဲကတော့စက်ဝန်းထံသို့ ကျရောက်သွားသည်။
ထိုအရာနှစ်ခုကို ကြည့်လျက် ဝမ်လင်းသည် အသက်တဝကြီး ရှုထုတ်လိုက်မိသည်။ တာအိုသခင်အိပ်မက်ပြာ ထုတ်ဖော်ပြသခဲ့သော မန္တာန်သုံးခုတွင် သည်တာအိုမန္တာန်ကသာ အခုထိ ကျန်ရှိနေခဲ့ခြင်းပင်။
ဝမ်လင်းက သူ့ညာလက်ကို ဆန့်ထုတ်လိုက်၏။ ထိုဝဲကတော့စက်ဝန်းသည် သူ့လက်ထံ ပျံသန်းလာသည်။ သူ့မျက်လုံးသည် တလက်လက်ဖြစ်ကာ သူက ၎င်းကို စတင်လေ့လာကြည့်သည်။
ထိုဝဲကတော့သည် တာအိုသခင်အိပ်မက်ပြာ၏ တာအိုမန္တာန်ကြောင့် ဖြစ်ပေါ်နေခြင်းပင်။ ၎င်းသည် လေဆင့်ခေါ်ခြင်းနှင့်မိုးဆင့်ခေါ်ခြင်း မန္တာန်နှစ်ခုကို ၎င်း၏ကိုယ်ပိုင်လောက ပါဝင်သော ပိုအစွမ်းထက်မန္တာန်တစ်ခုအဖြစ် ပေါင်းစည်းထားခြင်းသာ။
ထိုပေါင်းစည်းမှုသည် တာအိုသခင်အိပ်မက်ပြာ ဝမ်လင်းကို သင်ပေးချင်သော တာအိုမန္တာန်၏စွမ်းအားဆိုလည်း ဟုတ်သည်။
သူက သူ့လက်ကြားထဲရှိ ထိုဝဲကတော့စက်ဝန်းငယ်ကို သေသေချာချာ လေ့လာနေလျက် သူ့မျက်လုံးထဲတွင် အနှစ်သာရငါးခု ပေါ်လာ၏။ ထိုအနှစ်သာရများသည် စတင်လှည့်ပတ်သည်။ ထို့နောက် မမြင်ရသောအခိုးအငွေ့တစ်ခုသည် စက်ဝန်းထဲမှ ထွက်ပေါ်လာပြီး ဝမ်လင်း၏မျက်လုံးထဲ ဝင်ရောက်သည်။ စက်ဝန်းသည် သေးသထက်သေးလာသည်။ ရက်အနည်းငယ်ကြာပြီးနောက် ထိုစက်ဝန်းသည် လုံးဝ ကွယ်ပျောက်သွားသည်။
ဝမ်လင်းသည် မျက်လုံးပြန်မှိတ်ကာ စတင်ဆင်ခြင်တော့သည်။
တာအိုမန္တာန်များသည် မန္တာန်များနှင့် အတော်ကွာခြား၏။ သာမန်မန္တာန်များ သို့တည်းမဟုတ် စွမ်းရည်များကို ရှင်းလင်းအောင် ရှင်းပြနိုင်၏။ တိုက်ခိုက်မှုဖြစ်စေ၊ ခုခံမှုဖြစ်စေ ၎င်းတို့၏ သက်ရောက်မှုအကျိုးရလဒ်များကို လေ့လာသိရှိနိုင်သည်။
ဥပမာ ကောင်းကင်ဘုံပြောင်းပြင်တံဆိပ်တုံးမန္တာန်၊ အလင်းနှင့်အရိပ်ဒိုင်းမန္တာန်တို့၏ သက်ရောက်မှုကို မြင်နိုင်သည် မဟုတ်လား။
တာအိုမန္တာန်များကမူ မြင်လည်းမမြင်ရ၊ ရှင်းပြရန်လည်း မဖြစ်နိုင်ပေ။ ဝမ်လင်းသည် ခုနစ်ရောင်စုံနယ်မြေ၌ သူ ထိုနယ်မြေမှ အဘိုးအိုနှင့် ရင်ဆိုင်ခဲ့ရချိန်က ပထမဆုံးအကြိမ်အဖြစ် တာအိုမန္တာန် ထုတ်ဖော်ခဲ့သည်ကို တွေ့မြင်ခဲ့ရပြီး ဖြစ်သည်။ သူသည် ယင်းမန္တာန်ကို လုံးဝမခုခံနိုင်ခဲ့ပေ။ ဂျီနယ်ပယ်နှင့်ကောင်းကင်ဘုံဆန့်ကျင်ခြင်းပုတီးစေ့ကြောင့်သာ မဟုတ်ပါက ဝမ်လင်းသည် ထိုစဉ်က ခုခံနိုင်စွမ်း ရှိခဲ့လိမ့်မည် မဟုတ်ပေ။
ဒုတိယအကြိမ် သူ တာအိုမန္တာန်နှင့် ထိတွေ့ဖူးသည်မှာ ချိပ်ပိတ်နယ်မြေအရှင်သခင်၏ အကူအညီဖြင့် သူ တာအိုနယ်ပယ်ထဲ ဝင်ရောက်ခဲ့ရစဉ်က ဖြစ်၏။ သူက သူ့ကိုယ်ပိုင်တာအိုမန္တာန်ကို နားလည်ခဲ့ပြီးပင်။ သို့သော် ယင်းမန္တာန်ကို ရှင်းပြရန် အလွန်ခက်ခဲ၏။ ဝမ်လင်း၏ ထိုမန္တာန်မှာ ပြီးပြည့်စုံခြင်း မရှိသေးတာတောင်မှ ရန်သူပင် မသိလိုက်ပါဘဲ သူ့ရန်သူကို နာကျင်စေနိုင်သော လှိုင်းဂယက်တစ်ခု ဖြစ်စေနိုင်သည်။ နတ်ဆိုးကလန်ပြင်ပ၌ သူသည် နတ်ဆိုးကလန်မှ အကြီးအကဲကို သူ့တာအိုမန္တာန်ဖြင့် ထိုသူ မသိလိုက်ပါဘဲ ဒဏ်ရာရစေခဲ့ဖူးသည်။
ခုချိန်၌ သူသည် တာအိုမန္တာန်တစ်ခုနှင့် တတိယကြိမ်မြောက် ထိတွေ့ရပြန်လေပြီ။ သူ့စိတ်သည် ထူးဆန်းသောအခြေအနေတစ်ခုတွင် ဈန်ဝင်စားနေ၏။
အရင်က တာအိုမန္တာန်နှစ်ခုနှင့် ယှဉ်ပါက သည်တာအိုမန္တာန်မှာ ဝမ်လင်းနည်းလမ်းဖို့ အချိန်သိပ်ကြာလိမ့်မည် မဟုတ်ပေ။ တာအိုမန္တာန်များသည် ထိုကဲသို့သဘော ရှိပေသည်။ သင်သည် ၎င်းကို နားလည်ခဲ့လျှင် နားလည်ခြင်း ဖြစ်၏။ နားမလည်ခဲ့လျှင်တော့ နှစ်ပေါင်းတစ်ထောင် ကြာလွန်ပြီးလျှင်ပင် သင်သည် ထိုတာအိုမန္တာန်ကို နားလည်နိုင်လိမ့်မည် မဟုတ်ပေ။
မျက်လုံးမှိတ်ထားလျက် ဝမ်လင်းက သူ့ညာလက်ကို ဆန့်ထုတ်ကာ ရေခဲဓားကို ဖမ်းဆုပ်သည်။ သူက သူသည် ဓားတစ်လက်ကို ဆုပ်ကိုင်ထားသည်ဟု မခံစားရဘဲ တိမ်စိုင်တစ်ခုကို ဆုပ်ကိုင်ထားရသလို ခံစားရသည်။
သူ ၎င်းဓားကို ဆင်ခြင်နေရင်း ၎င်း၏မျက်နှာပေါ်မှ အက်ကြောင်းများစွာ ပေါ်လာတော့၏။ ခဏအကြာတွင် ယင်းဓားသည် ရေခဲသလင်းများအဖြစ်သို့ တစစီဖြစ်သွားသည်။
ထိုရေခဲသလင်းများသည် ဝမ်လင်း၏ ညာလက်ကို လှည့်ပတ်၏။ ထို့နောက် မိုးရေစက်များအဖြစ် အရည်ပျော်သွားသည်။ ထို့နောက် မိုးရေစက်များသည် ဝဲကတော့တစ်ခုဖြစ်ကာ လှည့်ပတ်ပြီးနောက် မြူအဖြစ်သို့ ပြောင်းသည်။
မြူများသည် ဝမ်လင်း၏ညာလက်ထဲတွင် မုန်တိုင်းငယ်တစ်ခုအလား။ ထို့နောက် ၎င်းသည် တဖြည်းဖြည်းချင်း ပျောက်ကွယ်သွားသည်။ ၎င်းမြူ၏နေရာတွင် အဖြူရောင်တိမ်စိုင်တစ်ခု ရှိလာသည်။ ဝမ်လင်းက သူ့လက်ထဲတွင် ထိုတိမ်စိုင်ကို ဆုပ်ကိုင်ထားကာ ဝေ့ယမ်းသည်။ အဖြူရောင်တိမ်စိုင်သည် ကောင်းကင်ထက်သို့ တဖြည်းဖြည်းချင်း မြင့်တက်သွားလေ၏။
ဝမ်လင်းသည် မျက်လုံးဖွင့်လာ၏။ သူက အကွာအဝေးတစ်ခုထံ ပျံသန်းသွားသော အဖြူရောင်တိမ်စိုင်ကို ပြုံး၍ ကြည့်သည်။
“ဒီမန္တာန်ဟာ မန္တာန်တွေကို ပေါင်းစပ်နိုင်တယ်။ ငါ အရင်ဆုံး ပေါင်းစပ်ဖို့လိုတဲ့ မန္တာန်ဟာ ဟင်းလင်းပြင်ကွေးညွတ်ခြင်းမန္တာန်ပဲ။ ဒီမန္တာန်ဟာ အစွမ်းထက်ပေမယ့် ဟင်းလင်းပြင်ကို ဖြတ်ပြီး ချက်ခြင်း သွားနိုင်ပေမယ့်လဲ ပြစ်ချက်ကြီးတစ်ခု ရှိနေတယ်။ လောကရဲ့ မူလစွမ်းအင် အနှောက်အယှက် ခံလိုက်ရတာနဲ့ ဒီမန္တာန်ကို အသုံးမပြုနိုင်တော့ဘူး။ ဝတ်စုံဖြူနဲ့အမျိုးသမီးက အပြာရောင်ပိုးသားကလန် အပြင်ဘက်မှာ စောင့်နေတယ်။ သူမကို လုံးဝ ခါထုတ်နိုင်မှသာ ငါဟာ ဒီရှေးဟောင်းကြယ်အဖွဲ့အစည်းမှာ ဆန္ဒရှိသလို လုပ်နိုင်မှာ…”
“အဲ့နောက်ကျရင် ငါ့ အနှစ်သာရငါးခု ပြီးပြည့်စုံဖို့ လုံလောက်တဲ့ အပူဇော်ခံမီးတောက်ကို စုပ်ယူနိုင်လိမ့်မယ်။ မီးစာကလေးကလန်ရဲ့ မီး၊ ပျံ့ကြဲမိုးကြိုးကလန်ရဲ့ မိုးကြိုးတို့ဟာ ငါ့အတွက် အားဖြည့်ပေးဖို့ ကြီးမားတဲ့ရင်းမြစ်တွေ ဖြစ်လာရမယ်…”
“ရှေးဟောင်းကြယ်အဖွဲ့အစည်းရဲ့ လူတွေရဲ့ မျက်ခုံးကြားက အမှတ်အသားဟာ ထူးဆန်းတယ်။ သူတို့ဟာ တစ်ယောက်နဲ့တစ်ယောက် ဝါးမြိုနိုင်စွမ်း ရှိပြီး ပြီးပြည့်စုံခြင်းအဆင့်တစ်ခု ရောက်တဲ့ထိ ဆင့်ကဲတိုးတက်နိုင်ပုံ ရတယ်…”
“ငါ သိချင်မိတာက အကြံအစည်ကြီးတဲ့ အုပ်စိုးသူ ပိုင်ဆိုင်တဲ့ ကလန်ဟာ ဘယ်ကလန်များ ဖြစ်မလဲ ဆိုတာပဲ…”
ဝမ်လင်း၏မျက်လုံးသည် လက်ခနဲ ဖြစ်၏။ လကလန်မှ ဆံဖြူအဘိုးအို၏ မူလစိတ်ဝိညာဉ်သည် သူ့သိုလှောင်နေရာလွတ်ထဲတွင် ရှိနေဆဲပင်။ အဖြေအားလုံးကို သည်နေရာတွင် တွေ့နိုင်လောက်၏။
***