ရုတ်တရက်ပြောင်းလဲမှု
Vol. 100 Ch. 1374
အချိန်ကုန်လာနေသည်။ နွေဦးရာသီ ရောက်လာခဲ့ပေပြီ။
ဝမ်လင်းသည် သူ့ ပေါင်းစပ်မှုကို ဆင်ခြင်နေပြီးနောက် လပေါင်းများစွာ ကျင့်ကြံနေရာကနေ နိုးထလာသည်။
ပေါင်းစည်းခြင်းတာအိုမန္တာန်ဖြင့် ဝမ်လင်းသည် သူ့ဟင်းလင်းပြင်ကွေးညွတ်ခြင်းမန္တာန်ကို လောကနှင့်သူ့ကိုယ်တိုင်ကို ပေါင်းစည်း၏။
သူ မျက်လုံးဖွင့်လာသည်နှင့် သူ့မျက်လုံးထဲတွင် တိမ်စိုင်များ ရွှေ့လျားနေသည်။ သူ့မျက်လုံးထဲတွင် အပြာရောင်ကောင်းကင် ပါဝင်နေကာ သူ့မျက်လုံးမှာ ကြယ်များ ဖြစ်နေသည်။
ဟင်းလင်းပြင်ကွေးညွတ်ခြင်း၏ ပြစ်ချက်သည် လောကနှင့် မပေါင်းစပ်နိုင်ခင် မူလစွမ်းအင် မတည်မငြိမ်ဖြစ်ပါက ယင်းမန္တာန်ကို ဟန့်တားကာ အသုံးမပြုနိုင်တော့တာ ဖြစ်၏။ ဝမ်လင်းက ၎င်းကို ဆက်တိုက်ပေါင်းစပ်နေရင်း သူသည် တဖြည်းဖြည်းချင်း ထိုပြစ်ချက်ကို ပြင်ဆင်သည်။
သူက သူ့ခန္ဓာကိုယ်ကို လောကအဖြစ် အသုံးပြုကာ ဟင်းလင်းပြင်ကွေးညွတ်ခြင်းဖြင့် လောကနှင့် တစ်သားတည်း ပေါင်းစပ်နိုင်ပေမည်။ သူ့ခန္ဓာကိုယ် မပြောင်းမလဲ ရှိနေသ၍ မူလစွမ်းအင်ကို အပြင်ဘက်မှ နှောက်ယှက်ခြင်း ခံရပြီး တွန့်ခေါက်နေလျှင်ပင် သူ့ဟင်းလင်းပြင်ကွေးညွတ်ခြင်း အသုံးပြုမှုကို သက်ရောက်နိုင်တော့မည် မဟုတ်ပေ။
ယင်းမန္တာန်ကို အခုလို ပြောင်းလဲပြုပြင်ခြင်းသည် ဝမ်လင်း သူ့ကိုယ်သူအတွက် ပြင်ဆင်ခြင်း ဖြစ်၏။ သူက သူ့ညာလက်ကို မြှောက်ကာ ဝေ့ယမ်းလိုက်သည်။ တောင်ပတ်လည်ရှိ ဟင်းလင်းပြင်မှာ စတင် တွန့်ခေါက်လာကာ လှိုင်းဂယက်များ ပျံ့နှံ့သည်။ နေအလင်းသည်ပင် ဤနေရာသို့ ကျရောက်လာချိန်တွင် ပျက်စီးသွားရ၏။
အတိတ်တုန်းကဆိုပါက ဤကဲ့သို့ ဟင်းလင်းပြင်ပုံပျက်တွန့်ခေါက်နေပါက သူသည် ဟင်းလင်းပြင်ကွေးညွတ်ခြင်းမန္တာန်ကို အသုံးပြုနိုင်စွမ်း ရှိလိမ့်မည် မဟုတ်ပေ။ သို့သော် ခုချိန်တွင်မူ သူ့မျက်လုံးက တလက်လက်ဖြစ်ကာ သူ ရှေ့သို့ ခြေလှမ်းလိုက်၏။
ချက်ခြင်းပင် သူ့ပုံရိပ်သည် ဝေဝါးလာကာ ပျောက်ကွယ်သွားတော့၏။
ခဏအကြာတွင် ဝမ်လင်းသည် သူ ပျောက်ကွယ်သွားသော နေရာတွင်ပင် ပြန်ပေါ်လာသည်။ သူ့မျက်လုံးထဲတွင် ကျေနပ်ပျော်ရွှင်ဟန် ဖြစ်ပေါ်၏။ သူက ထပ်မံ ထိုင်ချလိုက်ပြန်သည်။ သူ့ အင်္ကျီလက်အိုးကို ဝေ့ယမ်းလိုက်ပြီး စောနက ပုံပန်းပျက်ကာ ဗရမ်းဗတာ ဖြစ်သွားသော စွမ်းအင်များကို လွင့်ပါးစေလိုက်၏။ အရာအားလုံးသည် ပုံမှန်အတိုင်း ပြန်ဖြစ်သွားသည်။
“ဒီမန္တာန်ဟာ အဆင့်သေးတစ်ခုတော့ ပြီးပြည့်စုံသွားပြီ။ ဒါပေမဲ့ လိုအပ်ချက်အချို့တော့ ရှိနေတုန်းပဲ။ ငါ့ခန္ဓာကိုယ်နဲ့ ဒီမန္တာန်ကို တစ်သားတည်းဖြစ်အောင် လုပ်လိုက်တာဟာ ပြစ်ချက်အချို့ကို ဖာထေးနိုင်ခဲ့တယ်။ ဒါပေမဲ့ အခု ငါ ဒီမန္တာန်ကို အသုံးပြုရင် ငါ့မူလစွမ်းအင်အများကြီး သုံးစွဲရတယ်။ ငါက ဒီမန္တာန်ကို ဆယ့်နှစ်ကြိမ်လောက်ပဲ ထုတ်ဖော်နိုင်တယ်။ ဒီအကြိမ်ရေထက် ပို အသုံးပြုချင်ရင် ငါ့မူလစွမ်းအင်ကို အလျင်အမြန် ပြန်အားဖြည့်ဖို့ လိုလိမ့်မယ်။ ဒါက ပြဿနာတစ်ခုဆိုပေမယ့်လည်း ဒီမန္တာန်ဟာ တကယ့်ကို လက်တွေ့အသုံးဝင်လှတယ်။ ငါ ဒီမန္တာန်ကို အသုံးပြုတာကို တားဆီးနိုင်တဲ့သူဟာ လက်ချိုးရေလို့တောင် ရလောက်တယ်…”
ဝမ်လင်းသည် ကောင်းကင်ထက်သို့ မော့ကြည့်လျက် သူ့ဟာသူ ခပ်တိုးတိုး ရေရွတ်သည်။ သူ့အကြည့်သည် ကောင်းကင်ကို ဖြတ်၍ အပြာရောင်ပိုးသားကလန်အပြင်ဘက်သို့ ရောက်ရှိသွားသည့်အလား။ ခဏအကြာတွင် ဝမ်လင်းက သူ့အကြည့်ကို ပြန်ရုတ်သိမ်းလိုက်သည်။
ရပ်တန့်ခြင်းမန္တာန်သည် သူ့တစ်ဘဝလုံး အဖော်ပြုလာသော မန္တာန်ဖြစ်၏။ ပေဖန်၏ မန္တာန်ခြောက်ခုကလည်း သူ့ကို အကြိမ်များစွာ ကယ်တင်ပေးခဲ့သော မန္တာန်များပင်။ သူ့ဟာသူ ဖန်တီးထားသော မန္တာန်နှစ်ခုအပြင် အခုဆို သူ့ထံ၌ တာအိုသခင်အိပ်မက်ပြာ၏ ကောင်းကင်ဘုံပြောင်းပြန်တံဆိပ်တုံးမန္တာန်၊ အလင်းနှင့်အရိပ်ဒိုင်းမန္တာန်တို့ပါ ရှိလာခဲ့ပေပြီ။
“တာအိုသခင်အိပ်မက်ပြာရဲ့ အကူအညီနဲ့ လေဆင့်ခေါ်ခြင်းနဲ့ မိုးဆင့်ခေါ်ခြင်း မန္တာန်နှစ်ခုဟာ တိုက်ခိုက်မှုရော၊ခုခံမှုရော လုပ်နိုင်တဲ့ လောကတစ်ခုအဖြစ် ပေါင်းစည်းသားနိုင်ခဲ့ပြီ။ ဒါပေမဲ့ ဒါဟာ မန္တာန်နှစ်ခု ပေါင်းစည်းထားရုံပဲ ရှိသေးတယ်။ ငါသာ ဒီထဲကို ဆန်းကြယ်လက်နက်မန္တာန်ပါ ထပ်ပေါင်းထည့်နိုင်ခဲ့ရင် ဒါရဲ့စွမ်းအားဟာ…”
ဝမ်လင်း၏မျက်လုံးသည် တလက်လက် ဖြစ်၏။ သူ့စိတ်နှလုံးသည် ခုန်ပေါက်မိသည်။
သူက သူ့ညာလက်ကို မြှောက်ကာ ကောင်းကင်ထက်သို့ ညွှန်၏။ ဝမ်လင်း၏မျက်လုံးထံမှ ထူးဆန်းသောအလင်းတစ်ခု ထုတ်လွှတ်သည်။ လေဆင့်ခေါ်ခြင်းနှင့် မိုးဆင့်ခေါ်ခြင်းတို့ ပေါင်းစည်းမှုကနေ ဝဲကတော့တစ်ခု ဖြစ်ပေါ်လာသည်။
ထိုဝဲကတော့အဝန်းသည် ကြီးမားလှခြင်း မရှိပေ။ သို့သော် ယင်းဝဲကတော့ကို တွေ့မြင်ရသည့် မည်သည့်ကျင့်ကြံသူမဆိုသည် ထိုဝဲကတော့အဝန်းထဲ၌ လောကတစ်ခု ရှိနေသည်ကို ခံစားမိပေလိမ့်မည်။
ယင်းဝဲကတော့ အသက်ဝင်လာသည်နှင့် ၎င်းသည် ၎င်း၏ကိုယ်ပိုင်လောကတစ်ခု ဖြစ်လာပေမည်။
တာအိုသခင်အိပ်မက်ပြာသည် ထိုကဲ့သို့ ဝဲကတော့ကို ဖန်တီးနိုင်ရန် ဝမ်လင်းကို ကူညီပေးခဲ့၏။ ၎င်းသည် ပြစ်ချက်ကင်းကာ ကြီးမားသည့်စွမ်းအား ပါဝင်သည်။
“ဆန်းကြယ်လက်နက်…” ဝမ်လင်းက သူ့ပါးစပ်ကိုဟကာ ကောင်းကင်ဘုံချိပ်ပိတ်ခြင်းတံဆိပ်တုံးကို ထွေးထုတ်လိုက်၏။ မိုးကြိုးတုန်ဟည်းသံ ပဲ့တင်ထပ်သည်။ ဝမ်လင်းက သူ့အင်္ကျီလက်အိုးကို ဝေ့ယမ်းလိုက်သည်။ အလင်းတစ်ခု လင်းလက်ကာ မရေမတွက်နိုင်သော တိုက်ပွဲစိတ်ဝိညာဉ်များ ပေါ်လာတော့၏။
ဗလုံးဗထွေးအော်သံလှိုင်းများ ကောင်းကင်တခွင် ပဲ့တင်ထပ်သည်။ ကြမ်းကြုတ်သော တိုက်ပွဲစိတ်ဝိညာဉ်များထံမှ ရန်လိုမှုအော်ရာကို ပေးစွမ်းလေ၏။ ထိုစိတ်ဝိညာဉ်များထဲမှ အများစုသည် သည်ရှေးဟောင်းကြယ်အဖွဲ့အစည်းမှ ဖြစ်၏။ ယင်းတို့သည် ချိပ်ပိတ်နယ်မြေအစီအရင်အပြင်ဘက်မှ ကျင့်ကြံသူရာချီအပြင် လကလန်ဝင်များ၊ ဝမ်လင်း လမ်းတစ်လျှောက် သတ်ခဲ့သောသူများ၏ စိတ်ဝိညာဉ်များ ဖြစ်ကြသည်။
ရှေးဟောင်းကြယ်အဖွဲ့အစည်း၏ ကျင့်ကြံသူအားလုံး၏ မျက်ခုံးများကြား၌ လင်းလက်သော အမှတ်အသားတစ်ခုစီ ရှိကြ၏။ ခုချိန်၌ သူတို့သည် တိုက်ပွဲစိတ်ဝိညာဉ်များအဖြစ် ပေါ်လာကာ ကြည့်မိသူတိုင်း တုန်လှုပ်သွားစေမည့်မြင်ကွင်းပင်။
လွန်ခဲ့သော နှစ်ပေါင်းနှစ်ထောင်လောက်မှစ၍ သူ သတ်ခဲ့သော လူများ၏ စိတ်ဝိညာဉ်များကို စူးစိုက်ကြည့်လျက် ဝမ်လင်းသည် သူ့ဘယ်လက်ကို ပင့်မြှောက်ကာ စိတ်ဝိညာဉ်တစ်ခုစီပေါ်သို့ ချိပ်ဟန်များ ကျရောက်စေလိုက်သည်။
ကောင်းကင်ဘုံချိပ်ပိတ်ခြင်းတံဆိပ်တုံးသည် မြန်ဆန်စွာ စတင်လင်းလက်လာပြီး စောနက ဝဲကတော့စက်ဝန်းနှင့် စတင် ပေါင်းစည်းသည်။ ပထမ၌ ပေါင်းစည်းမှုသည် ချောမွတ်နေသေး၏။ သို့သော် ခဏအကြာတွင် ပွတ်တိုက်မှု မြင့်တက်လာ၏။ မီးနှင့်ရေကဲ့သို့ ပေါင်းစည်းမရသည့်သဘောမျိုး ဖြစ်လာခြင်းသာ။
ဝမ်လင်းသည် မျက်မှောင်ကြုတ်သွား၏။ သူက သူ့မူလစိတ်ဝိညာဉ်အဆီအနှစ်ကို ထွေးထုတ်လိုက်သည်။ ထို့နောက် သူ့နတ်ဘုရားအာရုံဖြင့် ထိုဝဲကတော့စက်ဝန်းနှင့် ကောင်းကင်ဘုံချိပ်ပိတ်ခြင်းတံဆိပ်တုံးတို့ကို ဝန်းရံပြီး အတင်းအကြပ် ပေါင်းစည်းစေသည်။
သူ့မူလစိတ်ဝိညာဉ်အဆီအနှစ်၊ နတ်ဘုရားအာရုံတို့ဖြင့် သူက ဝဲကတော့စက်ဝန်းနှင့် ကောင်းကင်ဘုံချိပ်ပိတ်ခြင်းတံဆိပ်တို့ကြား ပွတ်တိုက်ရုန်းကန်မှုကို ဖိနှိပ်၏။ သည်နှစ်ခုမှာ စတင် ပေါင်းစည်းလာကြသည်။ ဝမ်လင်းက ပြောင်းလဲမှုအခြေအနေကို မပြတ်တမ်း ကြည့်နေသည်။ အချိန် ကုန်လာ၏။ ကောင်းကင်ဘုံချိပ်ပိတ်ခြင်းတံဆိပ်တုံးသည် ဝဲကတော့စက်ဝန်းနှင့် တဖြည်းဖြည်း ပေါင်းစည်းလာသည်။
ဝမ်လင်းက စိတ်အေးသွားရုံ ရှိသေးစဉ်မှာပင် သူ့အမူအရာမှာ ကြီးစွာ ပြောင်းလဲသွားလေ၏။ သူသည် နှေးဖင့်ခြင်းမရှိ နောက်ဆုတ်ကာ သူ့လက်ကို ဝေ့ယမ်းလိုက်ပြီး မရေမတွက်နိုင်သော အကာအကွယ်အလွှာအထပ်များကို ဖန်တီးသည်။
ချက်ခြင်းပင် စက်ဝန်းနှင့် ပေါင်းစပ်နေသော ကောင်းကင်ဘုံချိပ်ပိတ်ခြင်းတံဆိပ်တုံးသည် လင်းလက်လာကာ အဖျက်အစီးအော်ရာတစ်ခုကို ပေးစွမ်းလာ၏။ ထို့နောက် ၎င်းသည် ချက်ခြင်း ပေါက်ကွဲထွက်သွားသည်။
ထိုသို့ ပေါက်ကွဲသွားချိန်တွင် ဝမ်လင်းသည် အတော်ဝေးဝေးသို့ နောက်ဆုတ်လိုက်ပြီး ဖြစ်၏။ သူက သူ့အင်္ကျီလက်အိုးကို ဝေ့ယမ်းကာ ထိုဝဲကတော့စက်ဝန်း ပေါက်ကွဲအားကို ဖိနှိပ်နိုင်ရန် သူ့စွမ်းအားအားလုံးကို အသုံးပြုသည်။ တစ်ချိန်တည်းမှာ သူက ပြိုပျက်သွားသော စက်ဝန်းကို ယူဆောင်ပြီး ဟင်းလင်းပြင်ကွေးညွတ်ခြင်းကို တိုက်ရိုက်အသုံးပြုကာ အပြာရောင်ပိုးသားကလန်၏ အစွန်းအဖျားတွင် ပေါ်လာတော့သည်။
သူ ပြန်ပေါ်လာသည့်အခါတွင်လည်း ဝဲကတော့စက်ဝန်း ပျက်စီးမှုမှာ ရပ်တန့်မသွားပါ။ ၎င်းက မုန်တိုင်းတစ်ခုအဖြစ် ပြောင်းကာ တုန်ဟည်းလျက် သည်ကြယ်နယ်မြေတစ်ခွင် ပဲ့တင်ထပ်သည်။
အသံလှိုင်းများ၊ ပေါက်ကွဲမှုမှ တုန်ခါလှိုင်းများသည် ဝမ်လင်း၏ခန္ဓာကိုယ်ကို ရိုက်ချလာ၏။ အံ့မခန်းအဖျက်အစီးအားတစ်ခုကို ဖြစ်ပေါ်သည်။ ဝမ်လင်း၏စိတ်ထဲတွင် သေရေးရှင်ရေးအာရုံတစ်ခု မြောက်တက်လာ၏။ သူက သူ့လက်ကို နှေးဖင့်ခြင်းမရှိ မဆိုင်းမတွ ဝေ့ယမ်းရာ အဘက်ဘက်မှ အလင်းများကို စုဝေးစေသည်။
ဝမ်လင်း၏ခန္ဓာကိုယ် ပတ်လည်၌ ဧရာမအရိပ်တစ်ခု ပေါ်လာ၏။ အဖျက်အစီးအားရောက်လာချိန်တွင် ၎င်းသည် သူ့ပတ်လည်ရှိ ထိုအလင်းအရိပ်နှင့် ထိပ်တိုက်တွေ့သည်။
မိုးကြိုးပစ်သံတမျှ တုန်ဟည်းသံတို့ မြည်ဟီးသည်။ ဖိသိပ်အားမှာ ကောင်းကင်လှုပ်ခါလောက်၏။ သည်အခိုက်တွင် အဖျက်အစီးအော်ရာတစ်ခု ဝမ်လင်းထံ တရကြမ်း တိုးဝင်လာသည်။ သို့ရာတွင် ၎င်းသည် သူ့ဘေးပတ်လည်ရှိ အလင်းအရိပ်နှင့် တွေ့ဆုံသွားသည့်အခါ အလင်းအရိပ်ထံမှ ပြင်းထန်စွာလင်းလက်မှုကို ပေး၍ ထိုအားကို မထင်မှတ်စွာဖြင့် ကန်ပြန်သွားစေသည်။
ထိုကန်ပြန်အားကြောင့် အဖျက်အစီးအားသည် အပြာရောင်ပိုးသားကလန်မှ ချောထွက်ကာ အဆုံးမဲ့ဟင်းလင်းပြင်ထံ လမ်းလွှဲသွားလေ၏။
မိုးကြိုးတုန်ဟည်းသံများ ဆက်တိုက်ပဲ့တင်ထပ်သည်။ ဆယ့်ငါးမိနစ်ခန့်ကြာပြီးနောက်မှ ယင်းအဖျက်အစီးအားလှိုင်းသည် နောက်ဆုံးတွင် လုံးဝ ပျောက်ကွယ်သွားတော့သည်။ အလင်းအရိပ်လည်း ပျောက်ကွယ်သွားသည်။ ဝမ်လင်းသည် မချိပြုံးပြုံးမိသည်။ သူ့ရှေ့တွင် ဝဲကတော့စက်ဝန်းနှင့် ကောင်းကင်ဘုံချိပ်ပိတ်ခြင်းတံဆိပ်တုံးတို့မှာ ပြန်ကွာသွားကြပြီ ဖြစ်၏။
“ဒီပေါင်းစည်းမှုဟာ အတော်လေး အန္တရာယ်များတာပဲ…” ဝမ်လင်းသည် အတင်းအကြပ် ပေါင်းစည်းစေမှုက အခုလို တုန်လှုပ်ဖွယ်ဖိသပ်အားကို ဖန်တီးစေလိမ့်မည်ဟု မမျှော်လင့်ထားမိခဲ့ပေ။
သူသာ အခုချိန်တွင် လက်လျှော့လိုက်ပါက နှမြောစရာ ကောင်းသွားပေလိမ့်မည်။ ဝမ်လင်းသည် အင်တင်တင်ဖြင့် ဝဲကတော့စက်ဝန်းကို စူးစိုက်ကြည့်နေမိသည်။ ခဏအကြာတွင် သူ့မျက်လုံးသည် လက်ခနဲ ဖြစ်သွားပြီး သူက ကောင်းကင်ဘုံချိပ်ပိတ်ခြင်းတံဆိပ်တုံးကို ပြန်မြိုချလိုက်သည်။ ထို့နောက် သူ့ညာလက်ကို ဆန့်ထုတ်၏။ ဝဲကတော့စက်ဝန်းသည် သူ့ညာလက်ထံ ပျံသန်းဝင်လာ၏။ သူက တစ်ချက် ညှစ်ခြေလိုက်ရာ ၎င်းဝဲကတော့ ပျောက်ကွယ်သွားသည်။
တစ်ချိန်တည်းမှာ ဝမ်လင်းပတ်လည်တွင် တစ္ဆေအလင်းတစ်ခု လင်းလက်၏။ သူ့ခန္ဓာကိုယ်ကို ဝန်းရံသွားသည်။ အတွေးတစ်ချက်ဖြင့်ပင် ထိုအလင်းသည် မြင့်တက်ကာ သူ့ကို ဗဟိုပြုလျက် အရူးအမူး ပျံ့နှံ့သည်။ မျက်စိတစ်မှိတ်အတွင်း ၎င်းသည် ပေတစ်သောင်းလောက်အထိ ပျံ့နှံ့သွားသည်။
ပေတစ်သောင်းအတွင်းရှိ အရာအားလုံးသည် အပြင်ဘက်ကမ္ဘာနှင့် ကွဲထွက်လာသည်ဟု ထင်မှတ်ရသည်။ ယင်းက အခြားလောကတစ်ခု ဖြစ်လာသလိုပင်။ အမှန်တော့ လေဆင့်ခေါ်ခြင်းသည် ကောင်းကင်ကို ဖန်တီးကာ မိုးဆင့်ခေါ်ခြင်းသည် မြေပြင်ကို ဖန်တီး၍ ၎င်း၏ကိုယ်ပိုင်လောကတစ်ခုအသွင် ဖြစ်ပေါ်လာခြင်း မည်သည်။
သည်ပေတစ်သောင်းဧရိယာအတွင်း မည်သည့်မူလစွမ်းအင်မှ ရှိမနေပေ။ ဝမ်လင်း၏စိတ်ဆန္ဒတစ်ခုသာ ရှိ၏။ သည်ပေတစ်သောင်းအတွင်း သူကား ဒီလောက၏ အရှင်သခင်သာ။
“ငါ ဒါကို အတင်းအကြပ် မပေါင်းစည်းနိုင်မှတော့ နောက်တစ်နည်းနဲ့ ကြိုးစားကြည့်ရမယ်…” ပေတစ်သောင်းလောကအတွင်း ဝမ်လင်းသည် သူ့ပါးစပ်ကို ဟကာ ကောင်းကင်ဘုံချိပ်ပိတ်ခြင်းတံဆိပ်တုံးကို ပျံသန်းထွက်လာစေသည်။
ထိုတံဆိပ်တုံး ထွက်ပေါ်လာသည်နှင့် အပြာရောင်တောင်မှ ခုခံအားလောက်ကို သန်မာသော ကန်အားတစ်ခု မထင်မှတ်စွာ ပေါ်လာ၏။ သည်အားကို ကောင်းကင်ဘုံချိပ်ပိတ်ခြင်းတံဆိပ်တုံးသည် တောင့်မခံနိုင်သည့်အလား တစီစီအသံများ ထွက်ပေါ်၏။ မထင်မှတ်စွာဖြင့် ၎င်းတံဆိပ်တုံးပေါ်တွင်ပင် အက်ကြောင်းတစ်ခု ပေါ်လာသည်။
ထိုအဖြစ်က ဝမ်လင်းကို တွေဝေသွားစေသည်။ သူသည် တွေဝေသွားမိရုံ ရှိသေး ပိုများသော အက်ကြောင်းများ ပေါ်လာ၏။ တံဆိပ်တုံးအတွင်းရှိ မရေမတွက်နိုင်သော စိတ်ဝိညာဉ်များ၏ ဗလုံးဗထွေးအော်ဟစ်သံများပါ ထွက်ပေါ်လာတော့သည်။
သည်ကောင်းကင်ဘုံချိပ်ပိတ်ခြင်းတံဆိပ်တုံးသည် မိုးကြိုးကောင်းကင်ဘုံနယ်မြေ၏ အစိတ်အပိုင်းမြေနှင့် ဖွဲ့စည်းထားသလို နတ်ဘုရားပြစ်ဒဏ်၏ သန့်စင်မွန်းမံထားခြင်းကိုလည်း ခံထားသည်။ ထို့ကြောင့် ၎င်းကို မဖျက်စီးနိုင်လုနီးနီးပင်။ သို့ပေမည့် ထိုကန်အားအောက်တွင် ထိုတံဆိပ်တုံးပေါ်တွင် အက်ရာများ ပေါ်လာကာ ပျက်စီးတော့မည့် အရိပ်အယောင်များ ပြသလာသည်။
ထိုအဖြစ်က ဝမ်လင်းကို ကြီးစွာ တုန်လှုပ်စေသည်။ သူသည် ထိုကန်အားသည် ကောင်းကင်ဘုံချိပ်ပိတ်ခြင်းတံဆိပ်တုံးကို ပျက်စီးစေလောက်သည့်အထိ မသန်မာသည်ကို သိသည်။ သို့သော် ကန့်သတ်ချက်အချို့ ရှိနေဟန် တူသည်။ ထိုအကန့်အသတ်ချက်သည် ဒီနေရာတွင် ကောင်းကင်ဘုံချိပ်ပိတ်ခြင်းတံဆိပ်တုံး တည်ရှိမှုကို ဟန့်တားထားသည့် သဘော ဖြစ်နေ၏။
“လေဆင့်ခေါ်ခြင်းနဲ့ မိုးဆင့်ခေါ်ခြင်းတို့မှာ ငါ့ဆန္ဒ ပါဝင်တယ်။ ကောင်းကင်ဘုံချိပ်ပိတ်ခြင်းတံဆိပ်တုံးမှာလည်း ငါ့ဆန္ဒ ပါဝင်တာပဲ။ ဒါပေမဲ့ ဒီနှစ်ခုဟာ မပေါင်းစပ်နိုင်ဘူးလား။ ငါ ဒါကို မယုံဘူး…”
ဝမ်လင်း၏အကြည့်သည် ခိုင်မာလာသည်။ သူသည် ဤလောကကို ကျုံ့ပစ်ဖို့ တွေဝေမနေတော့ပေ။
တုန်ဟည်းသံများ မြန်ဆန်စွာ ပဲ့တင်ထပ်သည်။ လောကသည် ဆက်ကျုံ့နေလျက် ကောင်းကင်ဘုံချိပ်ပိတ်ခြင်းတံဆိပ်တုံးပေါ်တွင် အက်ရာများ ပိုပေါ်လာကာ မရေမတွက်နိုင်သော အပိုင်းအစများအဖြစ်သို့ ပျက်စီးသွားသည်။
မရေမတွက်နိုင်သော အတားအဆီးများသည် ဒီလောကအတွင်းသို့ ပျံ့ကြဲကာ မထင်မှတ်စွာဖြင့် ကျုံ့လာနေသော လောက၏အစိတ်အပိုင်း ဖြစ်လာသည်။
ဝမ်လင်းကို ပို၍ တုန်လှုပ်မိစေသည်မှာ သူ သတ်ခဲ့သော လူများ၏ မရေမတွက်နိုင်သော စိတ်ဝိညာဉ်များပါ အစိတ်အပိုင်းများစွာအဖြစ် ပျံ့ကြဲသွားခြင်းပင်။
***