← Chapters

အပြာရောင်ပိုးသားကလန်မှ ထွက်ခွာခြင်း

Vol. 100 Ch. 1376

အပြာရောင်ပိုးသားကလန်မှ ထွက်ခွာခြင်း

Vol. 100 Ch. 1376

ရှေးဟောင်းနတ်ဘုရားများ၏ ကျွန်ကလန်ဖြစ်သော လကလန်။

လကလန်သည် ရှေးဟောင်းနတ်ဘုရားများကို သစ္စာဖောက်ခဲ့ချိန်က သူတို့သည် ဆန်းကြယ်သောအုပ်စုတစ်စုထံမှ အကူအညီ ရရှိခဲ့ကြသည်။ ထိုသူများ၏ မန္တာန်များမှာ အလွန်တရာ တုန်လှုပ်ဖွယ်ကောင်းကာ ရှေးဟောင်းကြယ်အဖွဲ့အစည်းမှ လူများ၏ မန္တာန်များနှင့် လုံးဝ ကွာခြားသည်။ သူတို့သည် ချိပ်တံဆိပ်များ အသုံးပြုခြင်းတွင် အလွန်ကျွမ်းကျင်ကြသည်။

သူတို့၏ အကူအညီကြောင့်သာ လကလန်သည် ရှေးဟောင်းနတ်ဘုရားများကို သစ္စာဖောက်ရန် ဆန္ဒနှင့်ယုံကြည်ချက် ရှိခဲ့ခြင်းပင်။

သို့ရာတွင် ယနေ့ခေတ်ချိန်ထိ လကလန်သည် ထိုဆန်းကြယ်သောအုပ်စု၏ ကျင့်ကြံသူများ၏ နောက်ခံပုံရိပ်ကို ခန့်မှန်းနိုင်စွမ်း မရှိကြပေ။ လကလန်၏ တတိယအဆင့်ကျင့်ကြံသူ ဘိုးဘေးသည်ပင် ထိုသူများနှင့် ပတ်သတ်၍ အများကြီး မသိချေ။

ကောလဟာလအရ ထိုဆန်းကြယ်သောကျင့်ကြံသူများသည် ရုတ်တရက် ပေါ်လာခဲ့ကြပြီး ကလန်တော်တော်များများနှင့် အပေးအယူပြုလုပ်ခဲ့ဟန် ပေါ်သည်။ သို့သော် သူတို့သည် ရှေးဟောင်းအင်ပါယာကိုယ်လုပ်တော်များနှင့်တော့ သိပ်ပတ်သတ်မှု မရှိခဲ့ချေ။

ထိုသူများက လကလန်ကို ရှေးဟောင်းနတ်ဘုရားများ၏ စွမ်းအားကို စုပ်ယူနိုင်သော ထူးဆန်းသည့် မန္တာန်တစ်ခု ပေးခဲ့၏။

ဝမ်လင်းသည် စတင် စဉ်းစားကြည့်နေသည်။ သူက အဘိုးအို၏ မှတ်ဉာဏ်များကို ရှာဖွေခဲ့ပြီး ဖြစ်၍ ထိုမန္တာန်ကို ရရှိခဲ့သည်။ သို့သော် ၎င်းက မပြည့်စုံပေ။ ယင်းမန္တာန်ကို မြင့်မြတ်သောစိတ်ဝိညာဉ်မန္တာန်ဟု ခေါ်၏။ လူတိုင်း ထိုမန္တာန်ကို မကျင့်ကြံနိုင်ကြဘဲ ၎င်းမန္တာန်ကို ကျင့်ကြံနိုင်ဖို့အတွက် စိတ်ဝိညာဉ်မျိုးစေ့ဟု ခေါ်သော အရာများ လိုအပ်သည်။

ထိုထူးခြားဆန်းကြယ်သောသူများသည် လကလန်ဝင်များ၏ ခန္ဓာကိုယ်ထဲ၌ ယင်းမျိုးစေ့အချို့ကို ချန်ရစ်ပေးခဲ့ကြသည်။ ၎င်းမျိုးစေ့များသည် ကပ်ပါးပိုးနှင့်တူကာ လကလန်ဝင်များထံ၌ ကြီးထွားလာခဲ့သည်။

လကလန်က ထိုမြင့်မြတ်သောစိတ်ဝိညာဉ်မန္တာန်ကို အသုံးပြုကာ စစ်ပွဲအတွင်း သေဆုံးသွားခဲ့ကြသော ရှေးဟောင်းနတ်ဘုရားများကို ဝါးမြိုခဲ့သည်။ သူတို့က ထိုမန္တာန်ကို အသုံးချကာ ရှေးဟောင်းကြယ်အဖွဲ့အစည်း၏ မဟာကလန်များထဲမှ တစ်ခုဖြစ်လာသည့်အထိ သူတို့ကလန်ကို မြင့်တင်ခဲ့ကြသည်။

စဉ်းစားနေလျက် ဝမ်လင်း၏အမူအရာမှာ သုန်မှုန်လာ၏။ သူက ပို သိလာလေလေ ထိုအဖြစ်သနစ်သည် ထူးဆန်းသည်ဟု ပို ခံစားမိလေပင်။ လောကကို မြူလွှာတစ်ခု ဖုံးအုပ်နေသည့်သဘောမျိုးပင်။ သူသာ ထိုမြူလွှာကို မဖယ်ရှားနိုင်ပါက သူသည် အရာအားလုံးကို မြင်နိုင်စွမ်း ရှိလိမ့်မည် မဟုတ်ချေ။

သူ့မျက်လုံးသည် လက်ခနဲ ဖြစ်သွားပြီး ညာလက်ကို ဝေ့ယမ်းကာ ရှေးဟောင်းနတ်ဘုရားလက်ချောင်းအရိုးကို သူ့သိုလှောင်နေရာလွတ်အတွင်း ပြန်ထည့်သိမ်းလိုက်၏။ ထိုကဲ့သို့ ပြုလုပ်ပြီးသည့်နောက် ဝမ်လင်းသည် မြေပြင်ထက်ကို ကြည့်ကာ ခြေတစ်လှမ်း လှမ်းသည်။ သူက သည်ဂြိုဟ်ကနေ ထွက်ခွာလာပြီး ဟင်းလင်းပြင်၌ ပေါ်လာသည်။

ဝမ်လင်းသည် ဟင်းလင်းပြင်၌ လွင့်မြောနေစဉ် ကြယ်များသည် တောက်ပလျက် ရှိ၏။ သူသည် ဝတ်စုံဖြူအမျိုးသမီး၏ မြင်ကွင်းကို ပြန်ပုံဖော်ကြည့်နေသည်။ သို့ပေမည့် သူ့စိတ်ထဲတွင်တော့ ထင်မြင်ယူဆချက်တစ်ခု ရှိနေခဲ့ပေပြီ။

အချိန်အတန်ကြာပြီးနောက် ဝမ်လင်းက သူ့ထင်မြင်ချက်ကို ပြန်ဖိနှိပ်ထားလိုက်သည်။ သူသည် အပြာရောင်တောင်ရှိရာသို့ ငြိမ်သက်စွာ လှမ်းကြည့်သည်။ သူက လီချန်မေနှင့်တာအိုသခင်အိပ်မက်ပြာတို့ ထိုတောင်ပေါ်တွင် ရှိနေသည်ကို ခပ်ရေးရေး မြင်နေရဟန် တူသည်။

သူ့ထံမှ စိတ်ရှုပ်ထွေးဟန်အကြည့်တစ်ခု လှစ်ပေါ်ပြီးနောက် သူ သက်ပြင်းချမိ၏။ ထို့နောက် သူသည် အလင်းတန်းတစ်ခုအဖြစ်ပြောင်းကာ အပြာရောင်ပိုးသားကလန်၏ အစွန်းအဖျားထံ ဦးတည် ပျံသန်းတော့သည်။

သူ အပြာရောင်ပိုးသားကလန်မှ မထွက်လာခင်တွင် ဝမ်လင်း၏ခြေထောက်အောက်၌ လှိုင်းဂယက်များ ပေါ်လာပြီး သူသည် လောကနှင့်တစ်သားတည်း ပေါင်းစည်းကာ သဲလွန်စမရှိ ပျောက်ကွယ်သွားတော့သည်။

လှိုင်းဂယက်များ အတော်ဝေးဝေးထိ ပျံ့နှံ့သွားလျက် တဖြည်းဖြည်းဖြင့် သည်ကြယ်နယ်မြေမှ ပျောက်ကွယ်သွားတော့သည်။

ဝမ်လင်း ထွက်လာခဲ့လေပြီ။

သူ ထွက်လာချိန်တွင် အပြာရောင်တောင်ပေါ်တွင်တော့ တာအိုသခင်အိပ်မက်ပြာက ကုချင်းကို ခေါင်းငုံ့ကာ တီးခတ်နေ၏။ လီချန်မေက ဘာတစ်ခုကိုမျှ သတိမပြုမိသည့်ပုံဖြင့် တိတ်ဆိတ်စွာ ကျင့်ကြံနေသည်။

ဝမ်လင်းသည် လောကနှင့်တစ်သားတည်း ပေါင်းစည်းရန် ဟင်းလင်းပြင်ကွေးညွတ်ခြင်းကို အသုံးပြုလိုက်၏။ အသက်ရှုစာအနည်းငယ် ကြာပြီးနောက် ရှေးဟောင်းကြယ်အဖွဲ့အစည်း၏ တစ်နေရာတွင် လှိုင်းဂယက်များ ပေါ်လာလေ၏။ ထိုလှိုင်းဂယက်များထံမှ ပုံရိပ်တစ်ခု ထွက်ပေါ်လာတော့မည်ဟန် ရသည်။

ထိုလှိုင်းဂယက်များ၏ အပြင်ဘက်တွင်တော့ ဝတ်စုံဖြူအမျိုးသမီးတစ်ယောက်က လွင့်မြောလျက် ရှိ၏။ ထိုအမျိုးသမီး မည်သည့်အချိန်က ပေါ်လာခဲ့မှန်း မသိရပါ။

သူမက လှိုင်းဂယက်များကို တည်ငြိမ်စွာကြည့်ကာ အတွင်းရှိပုံရိပ် ထွက်ပေါ်လာမည်ကို စောင့်နေသည်။

သို့ပေမည့် ထိုအခိုက်တွင် လှိုင်းဂယက်များသည် ရုတ်တရက် ပြောင်းလဲကာ ထွက်ပေါ်လာမည့် ပုံရိပ်က နောက်ထပ်ခြေတစ်လှမ်း လှမ်းသွားဟန် ထင်ရသည်။

ချက်ခြင်းပင် လှိုင်းဂယက်များသည် ပျံ့နှံ့ကာ အားနည်းသည်ထက်အားနည်းသွားပြီး ယင်းတို့ဖြစ်ပေါ်ခဲ့သောနေရာမှာ ပျောက်ကွယ်သွားတော့သည်။

ယင်းအဖြစ်က ဒုတိယကြိမ်အဖြစ် ထိုအမျိုးသမီး၏မျက်လုံးထံမှ ထူးဆန်းသောအလင်းတစ်ခုကို လှစ်ဟပေါ်စေသည်။ သူမသည် လှိုင်းဂယက်များ ပျောက်ကွယ်သွားသောနေရာသို့ တိတ်ဆိတ်စွာ ကြည့်၏။ ထို့နောက် သူမ၏ခန္ဓာကိုယ်သည် တဖြည်းဖြည်း ဗလာနိတ္ထိအဖြစ်သို့ ပြောင်းလဲသည်။

ရှေးဟောင်းကြယ်အဖွဲ့အစည်း၏ အခြားနေရာတစ်ခုတွင် ထိုဝတ်စုံဖြူအမျိုးသမီး ပြန်ပေါ်လာ၏။ သူမ ပြန်ပေါ်လာသည်နှင့် သူမရှေ့တွင် လှိုင်းဂယက်များ ပဲ့တင်ထပ်သည်။

သို့ရာတွင် အရင်တစ်ခေါက်ကလိုပင် လှိုင်းဂယက်များသည် ပေါ်လာသည်နှင့် အပြင်းအထန် တုန်ခါကုန်သည်။ သို့ပေမည့် သည်တစ်ကြိမ်တွင်တော့ ထိုအမျိုးသမီးက သူမ၏ညာလက်ကို မြှောက်ကာ ဝေ့ယမ်းလိုက်လေသည်။

လှိုင်းဂယက်များသည် ထက်ပိုင်းခုတ်ပိုင်းခံရ၏။ထို့နောက် တစစီဖြစ်သွားတော့သည်။

ထိုသို့ဖြစ်သွားသည်နှင့် မူလစွမ်းအင်သည် မုန်တိုင်းတစ်ခုအလား မြင့်တက်ကာ ပေသောင်းချီဧရာမဝဲကတော့အသွင် ဖြစ်ပေါ်သည်။ မူလစွမ်းအင်အားလုံး စုပ်ယူခြင်း ခံရ၏။ တည်နေရာရွှေ့ပြောင်းခြင်းမန္တာန်အားလုံးမှာ သည်ဝဲကတော့ရှေ့တွင် အသုံးဝင်တော့မည် မဟုတ်ပေ။

ထိုလှိုင်းဂယက်များ တစစီဖြစ်သွားကာ ဝဲကတော့ပေါ်လာချိန်တွင် ဝမ်လင်း၏ပုံရိပ်သည် လေဟာနယ်အတွင်းမှ ထွက်ပေါ်လာသည်။ သူ့မျက်လုံးထဲတွင်မူ ဖုံးကွယ်နေသော သူ့အနှစ်သာရငါးခု ရှိ၏။ ထိုကြောင့် သူသည် ဝဲကတော့ထဲမှ ဝတ်စုံဖြူအမျိုးသမီးကို တွေ့မြင်နေရသည်။

“သင်က ငါ ထွက်သွားမှာကို အကြိမ်တော်တော်များများ ဟန့်တားခဲ့တယ်။ သင့် ရည်ရွယ်ချက်က ဘာလဲ…” ဝမ်လင်း၏အသံသည် ပွင့်လင်းကာ တည်ငြိမ်သည်။

ထိုအမျိုးသမီးသည် စကားမဆိုပေ။ သူမသည် ညာလက်ကို ပင့်မြှောက်၍ ဝမ်လင်းထံသို့သာ လက်ညွှန်လိုက်သည်။

ထိုလက်ညွှန်ချက်နှင့်အတူ လေဟာနယ်အတွင်းမှ ဝဲကတော့သည် ပိုမိုမြန်ဆန်စွာ လှည့်ပတ်လာကာ အကန့်အသတ်ထိ ရောက်လာပြီး ဝမ်လင်းထံ ပျံသန်းဝင်လာသည်။

ဝမ်လင်းသည် ထိုဝဲကတော့မှ လွတ်မြောက်အောင် မချိုးဖျက်နိုင်သကဲ့သို့ ခံစားလိုက်ရ၏။ သူက သူ့ညာလက်ကို ဝေ့ယမ်းလိုက်ရာ သူ့လက်ချောင်းများကြားတွင် သမင်အရိပ်နှစ်ခု ပေါ်လာ၏။ ရုတ်တရက် ဆယ်သန်းသောဓားအရိပ်များ ပေါက်ကွဲထွက်လာကာ ပြင်းထန်သောအားတစ်ခုကို ဖန်တီး၍ ပတ်ဝန်းကျင်မှ ဝဲကတော့ကို ရိုက်ခတ်သည်။

တုန်ဟည်းသံများ ပဲ့တင်ထပ်၏။ ဝဲကတော့သည် ထိုဓားအရိပ်များ၏ ဖိသိပ်အားအောက်တွင် တဒင်္ဂ ရပ်တန့်သွားသည်။ ဝမ်လင်းသည် နောက်သို့ အမြန်ဆုတ်၏။ သူက ဝဲကတော့ထဲကနေ ထွက်သွားရန် ပြင်သည်။

ဝတ်စုံဖြူအမျိုးသမီးက နောက်သို့ အမြန်ဆုတ်နေသော ဝမ်လင်းကို တည်ငြိမ်စွာ ကြည့်၏။ ထို့နောက် သူမက ရှေ့သို့ လက်ညွှန်လိုက်သည်။ ဤသို့ဖြင့် ဝမ်လင်းနောက်တွင် ဧရာမအရိပ်လက်ကြီးတစ်ခု ပေါ်လာသည်။ ထိုလက်က ကျောက်စိမ်းဖြင့် ပြုလုပ်ထားသည့်အလား ဝမ်လင်းထံ ကြမ်းတမ်းစွာ ဆန့်ထွက်လာ၏။

ယင်းဧရာမလက်သည် ရုတ်တရက် ပေါ်လာကာ အလွန်မြန်၏။ ၎င်းက ဝမ်လင်းကို ပေါ်လာသည်နှင့် ချက်ခြင်း ဖမ်းဆုပ်လိုက်ကာ တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်လိုက်သည့်အလား။

တစ်ချိန်တည်းမှာ ထိုအမျိုးသမီးကပါ ဝမ်လင်းရှေ့သို့ ချက်ခြင်းလိုလို ရောက်ရှိလာသည်။ သူတို့နှစ်ယောက်ကြား အကွာအဝေးမှာ ငါးပေပင် မလိုတော့ပေ။

အဖြစ်အပျက်များသည် မြန်လွန်း၏။ မယုံကြည်နိုင်လောက်အောင်ပင်။ ဝမ်လင်းက သူမကို ပြန်တိုက်ခိုက်နိုင်ရန် စွမ်းအား မရှိသည့်အလား။

ဝမ်လင်းသည် ရုန်းကန်ခြင်းမရှိ ထိုလက်၏ ဖမ်းဆုပ်ခြင်းကို ခံလိုက်ရသည်။ သူသည် သူ့ရှေ့ရှိ ဝိုးတဝါး ဝတ်စုံဖြူအမျိုးသမီးကို ကြည့်ကာ ပြောလိုက်သည်။ “နင်က ဘယ်သူလဲ…”

ဝတ်စုံဖြူအမျိုးသမီးက ဝမ်လင်းကို ကြည့်ကာ ပထမဆုံးအကြိမ်အဖြစ် စကားပြောလိုက်သည်။ “အပြာရောင်ကိုယ်လုပ်တော်…လျိုလန်…”

သူမအသံမှာ သာယာနာပျော်ဖွယ် ကောင်းလှကာ ထူးဆန်းသော ညှို့ဓာတ်တစ်ခုလည်း ပါနေသည်။

“ရှေးဟောင်းအင်ပါယာကိုယ်လုပ်တော် ရှစ်ယောက်ထဲက တစ်ယောက်…” ဝမ်လင်း၏မျက်လုံးသည် ကျဉ်းမြောင်းသွား၏။

ဝတ်စုံဖြူအမျိုးသမီးသည် ခေါင်းညိတ်သည်။ ထို့နောက် သူမသည် ဝမ်လင်းနှင့် လက်မအနည်းငယ်အကွာထိ တိုးလာ၏။ သူမ၏ခန္ဓာကိုယ်မှ ကိုယ်သင်းရနံ့တစ်ခု ထွက်ပေါ်ကာ ဝမ်လင်း၏နှာခေါင်းထဲ တိုးဝင်လာသည် ထင်ရသည်။ သို့သော် ဝမ်လင်းက ဘာနံ့မှ မရပေ။

“အစတုန်းကတော့ ငါက နင့်နတ်ဘုရားစွမ်းအားကို မစုပ်ယူချင်ခဲ့ဘူး။ ဒါပေမဲ့ အခု နင်က ငါ့ကို မြင်နိုင်မှတော့ ငါ ထပ်မစောင့်နိုင်တော့ဘူး…” ဝတ်စုံဖြူအမျိုးသမီးသည် သူမ၏ ပါးစပ်ကိုဟလိုက်၏။ သူမနှင့်ဝမ်လင်းတို့သည် မျက်နှာချင်းထိလုနီးပါး ဖြစ်ကာ သူမသည် ဆက်လက်ဝေဝါးမနေတော့ပေ။ ထို့ကြောင့် သူမ၏ ပုံပန်းအသွင်သည် ဝမ်လင်း၏မျက်လုံးထဲ၌ ရှင်းလင်းစွာ ပေါ်လာသည်။

ဝမ်လင်းက သူမ၏ရုပ်သွင်ကို ရှင်းလင်းစွာ တွေ့မြင်လိုက်ရသည့်အခါ သူ့မျက်လုံးသူငယ်အိမ်ပင် ကျုံ့သွား၏။ သူ့စိတ်ထဲတွင် မိုးကြိုးပစ်ချလိုက်သည့်အလား။ သူက တခဏတာ မင်သက်တွေဝေသွားမိသည်။

ထိုအမျိုးသမီး၏မျက်နှာမှာ လီမူဝမ်၏မျက်နှာ ဖြစ်နေပေသည်။

ဝမ်လင်း မိန်းမောသွားကာ သူ့စိတ်လှုပ်ခါသွားသည့်အခိုက်တွင် ထိုအမျိုးသမီး၏ နှုတ်ခမ်းမှာ တုန်ခါ၏။ သူမသည် အသက်ရှုထုတ်လိုက်ပြီးနောက် ညင်သာစွာ ပြန်ရှိုက်သွင်းလိုက်သည်။

သူမ ရှိုက်သွင်းလိုက်သည်နှင့် ဝမ်လင်း၏မျက်ခုံးနှစ်ခုကြားမှ ရှေးဟောင်းနတ်ဘုရားကြယ်များ ပေါ်လာကာ မြန်ဆန်စွာ လှည့်လည်တော့သည်။ သူ့ကြယ်များထံမှ ခပ်ဖျော့ဖျော့ ရွှေရောင်အခိုးငွေ့များ ထွက်လာသည်။

ထိုအမျိုးသမီး၏ မူလက တည်ငြိမ်နေသော အမူအရာသည် ရုတ်တရက် စိတ်လှုပ်ရှားမှုနှင့် လောဘတတ်ဟန် ဖြစ်ပေါ်သည်။ ရွှေရောင်အခိုးငွေ့က သူမ၏ပါးစပ်အတွင်းသို့ ရှိုက်သွင်းခံရလုလု ဖြစ်လာသည်။

သို့ပေမည့် ထိုအခိုက်အတန့်၌ ဝမ်လင်း၏မျက်လုံးထဲရှိ မိန်းမောမှုသည် ပျောက်ကွယ်သွားကာ ကြည်လင်မှု ပြန်ရလာသည်။

“လောက…” အေးစက်စက်လေကဲ့သို့ လောကတစ်ခု ပေါ်လာ၏။ ဝမ်လင်း၏ခန္ဓာကိုယ်မှ ဖျပ်ခနဲ လင်းလက်သည်။ အနက်ရောင်အလင်းတစ်ခု သူ့ထံမှ ပျံ့နှံ့လာ၏။

ဝမ်လင်း၏ အပူဇော်ခံမီးတောက်ပါဝင်သော လေနှင့်မိုးလောကသည် ပေါက်ကွဲထွက်လာခဲ့ချေပြီ။

ဝတ်စုံဖြူအမျိုးသမီးမှာ ဝမ်လင်းနှင့် နီးကပ်လွန်းစွာ ရှိနေ၏။ တစ္ဆေအလင်းတစ်ခု လင်းလက်ရင်း လေနှင့်မိုးလောကသည် ရုတ်တရက် ပေတစ်သောင်းထိ ချဲ့ကားသွားလေ၏။ ထိုအမျိုးသမီးသည် ဤလေနှင့်မိုးလောကကြောင့် နောက်သို့ မလွင့်စင်ဘဲ မနေနိုင် ဖြစ်သွားရသည်။

သူမ၏အမူအရာသည် ရုတ်တရက် ပြောင်းလဲသွားလေ၏။

တစ်ချိန်တည်းမှာ လေနှင့်မိုးလောက ချဲ့ကားသွားစဉ် ရွှေရောင်အခိုးငွေ့များသည် ရုတ်ချည်း ပြန်ကျုံ့လာ၏။ ဘယ်အခိုးငွေ့တစ်ခုမျှ ထိုအမျိုးသမီး၏ ရှိုက်သွင်းခြင်း မခံလိုက်ရဘဲ သူ့ရှေးဟောင်းနတ်ဘုရားကြယ်များအတွင်းသို့ ပြန်ဝင်ရောက်သွားတော့သည်။

ကြောက်မက်ဖွယ်သွေးအလင်းနှင့်အတူ သွေးဓားသည် ဝမ်လင်းပတ်လည်သို့ ပျံသန်း၏။ ၎င်းက ဝမ်လင်းကို ဆုပ်ကိုင်ထားသော ကျောက်စိမ်းလက်ကို ဖောက်ထွက်သည်။ ထိုလက်သည် ပျက်စီးသွားရပြီး ဝမ်လင်းသည် ချိုးဖျက်လာနိုင်လေ၏။

အစောပိုင်းက ဖြစ်ပျက်ခဲ့သမျှ အရာအားလုံးသည် ဝမ်လင်းအစီအစဉ်၏ အစိတ်အပိုင်းသာ ဖြစ်သည်။ သူသည် ထိုအမျိုးသမီးနောက်ခံပုံရိပ်နှင့် သူမ၏ရည်ရွယ်ချက်ကို သိချင်ခဲ့သည်။

ထိုအချက်များကို သိဖို့အတွက် သူက တည်ငြိမ်စွာဖြင့် သူမ တည်တည်ငြိမ်ငြိမ် ထိပ်တိုက်ရင်ဆိုင်ခဲ့ခြင်း ဖြစ်သည်။

ပို၍ အရေးကြီးသည်မှာ သူက ထိုအမျိုးသမီးကို သူ ပထမဆုံးတွေ့မြင်ခဲ့ရချိန်က သူ့ တင်ကြိုထင်မြင်ချက်တစ်ခုကိုလည်း သေချာစေဖို့အတွက် စွန့်စားမှု ပြုလုပ်ခဲ့ခြင်းပင်။

ယင်းဝတ်စုံဖြူအမျိုးသမီးက လေနှင့်မိုးလောကကြောင့် ပေတစ်သောင်းအကွာထိ လွင့်စင်သွားသော်လည်း သူမ၏မျက်လုံးထဲတွင် အေးစက်မှုတစ်ခု ဖြတ်ပြေးသွား၏။ သူမက ညာလက်ကို ဝေ့ယမ်းလိုက်ရာ လေဟာနယ်တွင် ဧရာမဟင်းလင်းပြင်အက်ကြောင်းတစ်ခု ပေါ်လာလေ၏။ ထိုအက်ကြောင်းသည် ၎င်း၏လမ်းကြောင်းရှိ အရာအားလုံးကို ဝါးမြိုပစ်မည့်ဟန်ဖြင့် ဝမ်လင်းထံ တိုးဝင်လာသည်။

သူမသည်လည်း ရှေ့တိုးလာ၏။

ဝမ်လင်းက လေနှင့်မိုးလောကကို ကျုံ့စေကာ သူ့ပတ်လည် ပေတစ်ရာတွင် အရံအတားတစ်ခု ဖြစ်စေလျက် နှာခေါင်းရှုံ့လိုက်၏။ တစ်ချိန်တည်းမှာ သူက သူ့ညာလက်ချောင်းကို ပင့်မြှောက်ကာ အေးစက်စက်ဆိုလိုက်သည်။ “နင်က နင့်မူလခန္ဓာကိုယ်နဲ့ လာခဲ့ရင်တော့ ငါ နင့်ပြိုင်ဘက် မဟုတ်နိုင်ဘူး။ ဒါပေမဲ့ ဒီကိုယ်ပွားလောက်ကတော့ ငါ့မျက်လုံးရှေ့မှာ မထိုက်တန်သေးဘူး…”

ဝမ်လင်း ထိုကဲ့သို့ ပြောလိုက်ချိန်တွင် အမျိုးသမီး၏အမူအရာသည် ကြီးစွာ ပြောင်းလဲသွား၏။ သူမသည် ဝမ်လင်းက သူမဟာ ကိုယ်ပွားတစ်ခုသာ ဖြစ်ကြောင်းကို ဖြတ်မြင်နိုင်စွမ်း ရှိလိမ့်မည်ဟု လုံးဝ မမျှော်လင့်ထားခဲ့ပေ။

ထိုဝတ်စုံဖြူအမျိုးသမီးက ချဉ်းကပ်လာရင်း ပြောလိုက်၏။ “ငါ ကိုယ်ပွားဖြစ်ကြောင်းကို တာအိုသခင်အိပ်မက်ပြာက နင့်ကို ပြောလိုက်တာပဲ ဖြစ်ရမယ်…”

“ကောင်းကင်ဘုံပြောင်းပြန်တံဆိပ်တုံး…” ဝမ်လင်းက သူ့ညာလက်ဖြင့် ရိုက်ချလိုက်၏။ ဝမ်လင်း၏မျက်လုံးသူငယ်အိမ်ထဲရှိ လောကသည် ပြောင်းလဲ၏။ ထိုအခါ အပြင်ဘက်လောကမှာလည်း ၎င်းနှင့်အတူ အလျင်အမြန် လိုက်ပါပြောင်းလဲလေသည်။

***

All Chapters