← Chapters

ကိုယ်ပွား

Vol. 100 Ch. 1377

ကိုယ်ပွား

Vol. 100 Ch. 1377

တုန်ဟည်းသံများ ပဲ့တင်ထပ်၏။ ဟင်းလင်းပြင်ကိုယ်တိုင် အထက်အောက် ပြောင်းပြန်ဖြစ်သွားသည်။ ဒီဟင်းလင်းပြင်တွင် ကောင်းကင်နှင့်မြေကြီးဟူ၍ မရှိပေ။ သို့သော် ဝမ်လင်း၏စိတ်ထဲတွင်မူ ၎င်း၏ကိုယ်ပိုင်လောက ပါဝင်နေသည်။ ထိုအခိုက်မှာ အရိပ်တစ်ခု ပေါ်လာ၏။

ထိုအရိပ်သည် တိမ်ထုတစ်ခုနှင့် ဆင်တူသည်။ ၎င်းက တဝီဝီလှည့်ပတ်ကတာ တုန်ဟည်းသံပေးလျက် ပျံ့နှံ့သည်။ ထို့နောက် တိမ်တိုက်၏ တစိတ်တပိုင်းက ကျုံ့လာကာ မြေပြင်ထု ဖြစ်လာသည်။ ကျန်အပိုင်းကတော့ မြောလွင့်လျက် ကောင်းကင်အသွင် ဖြစ်တည်သည်။

ကောင်းကင်နှင့်မြေကြီး ပေါ်လာခဲ့ပြီ။

ချက်ခြင်းလိုလို ဖြစ်ပွားလာခြင်းပင်။ အမျိုးသမီးက သူမ၏မန္တာန်နှင့်အတူ ချဉ်းကပ်လာနေရင်း ဝမ်လင်းက သူ့လက်ကို တစ်ချက်ဝေ့ယမ်းလိုက်ရာ မြေပြင်သည် ကောင်းကင် ဖြစ်သွား၏။ ကောင်းကင်သည်လှည့်လည်ကာ မြေပြင် ဖြစ်လာသည်။

ဝတ်စုံဖြူအမျိုးသမီးသည်ပင် ထိုကဲ့သို့ အထက်အောက်ပြောင်းပြန်ဖြစ်မှုနှင့်အတူ လိုက်ပါ ရွှေ့လျားရ၏။

“နင် ငါ့နောက်ကို တစ်လမ်းလုံး လိုက်လာခဲ့ပြီး ငါ့ကို သတ်ချင်နေခဲ့တယ်။ ဒါ့ကြောင့် နင် သေဖို့ ထိုက်တန်တယ်…” ဝမ်လင်းက သူ့ညာလက်ကို ခပ်ကြမ်းကြမ်း ဖိချလိုက်သည်။ ကောင်းကင်ဖြစ်လာသော မြေပြင်က ချေမွပစ်ရန် သက်ဆင်းလာ၏။

မြေပြင်ထု သက်ဆင်းလာနေရင်း လောကသည် တုန်ယင်ကာ အံ့မခန်းဖိသိပ်အားတစ်ခု ပေါ်လာ၏။ ထိုအမျိုးသမီး၏အမူအရာသည် ပြောင်းလဲသွားတော့သည်။

“တာအိုသခင်အိပ်မက်ပြာရဲ့ ကောင်းကင်ဘုံပြောင်းပြန်တံဆိပ်တုံး…။ သူက ဒီမန္တာန် နင့်ကို သင်ပေးလိုက်တာပဲ…” ထိုအမျိုးသမီးက ရှေ့တိုးနေရာကနေ ရပ်တန့်၏။ သူမခန္ဓာကိုယ်မှာ ပြောင်းပြန်ဖြစ်သွားသည်။ ထို့နောက် သူမ၏လက်နှစ်ဖက်ဖြင့် ချိပ်ဟန်တစ်ခုကို ဖြစ်စေကာ တစ်ခုခုကို ခပ်တိုးတိုး ရေရွတ်သည်။ သူမ၏ခန္ဓာကိုယ်မှ အဖြူရောင်အလင်း ထွက်ပေါ်လာကာ ဝမ်လင်း၏မန္တာန်ကို ခုခံသည်။

သို့ပေမည့် ကောင်းကင်ဘုံပြောင်းပြန်တံဆိပ်တုံးသည် တာအိုသခင်အိပ်မက်ပြာ၏ မဟာမန္တာန်များထဲမှ တစ်ခု မဟုတ်လား။ ထိုအခိုက်တွင် ကောင်းကင်ဖြစ်လာသော မြေပြင်မှာ ရိုက်ချလာခဲ့လေပြီ။

ဝတ်စုံဖြူအမျိုးသမီး ဖန်တီးထားသော ဟင်းလင်းပြင်အက်ကြောင်းသည် ချက်ခြင်း ပျက်စီးသွား၏။ သူမ၏ခန္ဓာကိုယ်မှ အဖြူရောင်အလင်းလည်း လွင့်ပါးသွားသည်။ ဤအန္တရာယ်အခိုက်အတန့်၌ သူမသည် ပါးစပ်ဟကာ အဖြူရောင်ကျောက်စိမ်းပြားတစ်ခုကို ထွေးထုတ်လိုက်သည်။ ထိုကျောက်စိမ်းပြား ပေါ်လာသည်နှင့် လောကသည် တုန်ယင်ကာ ထိုကျောက်စိမ်းပြားသည် အမျိုးသမီးရှေ့တွင် လွင့်ဝဲလျက် အဖြူရောင်အရံအတားတစ်ခုအသွင် ဖြစ်ပေါ်သည်။

မိုးကြိုးတုန်ဟည်းသံများ ကြယ်များကြား ပျံ့နှံ့သည်။ ဤအခိုက်တွင် ကောင်းကင်နှင့်မြေကြီးသည် တစ်ခုနှင့်တစ်ခု ထပ်ကာ ပိုပြင်းထန်သောဖိအားကို ဖန်တီး၏။ ဟင်းလင်းပြင်ကိုယ်တိုင် ပျက်စီးတော့မည့်အလား ဟင်းလင်းပြင်အက်ကြောင်းများစွာ ပေါ်လာလေ၏။

ခဏအကြာတွင် အရာအားလုံး ပျောက်ကွယ်သွားသည်။ ကောင်းကင်နှင့်မြေကြီး ထပ်သွားချိန်၌ အစောပိုင်းက ပေါ်ထွက်လာခဲ့သော လောကမှာ ပျောက်ကွယ်သွား၏။ သို့ရာတွင် ၎င်းလောက ဖန်တီးခဲ့သော အဖျက်အစီးအော်ရာကတော့ ကျန်ရစ်နေဆဲသာ။

အမျိုးသမီး၏မျက်နှာသည် ဖြူရောနေကာ သူမ၏မျက်လုံးထဲတွင် သတ်ဖြတ်လိုစိတ် ပြည့်လာသည်။ သူမပတ်လည်ရှိ ကျောက်စိမ်းပြားက ဝန်းရံပေးထားသဖြင့် သူမသည် ကောင်းကင်ဘုံပြောင်းပြန်တံဆိပ်တုံးကြောင့် အသတ်မခံလိုက်ရပေ။

“တတိယကောင်းကင်ဘုံဒုက္ခအဆင့်လောက် ကျင့်ကြံမှုနဲ့ ကိုယ်ပွားတစ်ယောက်ကို စေလွှတ်ပြီး ငါ့ကို သတ်ဖို့ ကြိုးစားဝံ့တယ်လား…။ နင့်ရှိမှာ ထောက်လှမ်းရခက်ခဲတဲ့ ထူးဆန်းတဲ့ ခန္ဓာကိုယ်တစ်ခုသာ မပိုင်ဆိုင်ထားဘူးဆိုရင် ငါ နင့်ကို ဟိုးလွန်ခဲ့တဲ့အချိန်ထဲက သတ်ပစ်ပြီးနေလောက်ပြီ…”

“ငါ နင့်ကို ပထမဆုံးတွေ့ထဲက ငါစဉ်းစားနေတဲ့ တစ်ခု ရှိတယ်။ နင်သာ တတိယအဆင့်ကျင့်ကြံသူတစ်ယောက် ဆိုရင် နင်က ငါ့ကို ဘယ်လိုလုပ် အလွတ်တကူ လွှတ်ပေးပါ့မလဲ…။ နင့်ခန္ဓာကိုယ် အစစ်အမှန်နဲ့ဆိုရင် နင် ဒီလောက်နီးကပ်နေတဲ့အချိန်မှာတောင် ငါ နင့် ကိုယ်သင်းရနံ့ကို မရဘဲ ဘယ်နေပါ့မလဲ။ နင့်အစစ်အမှန် ခန္ဓာကိုယ်နဲ့ဆိုရင် နင်က ကောင်းကင်ဘုံပြောင်းပြန်တံဆိပ်တုံး မန္တာန်ကို ခုခံဖို့ ဘာကြောင့် ရတနာတစ်ခု လိုပါ့မလဲ…”

ဝမ်လင်းက ပြုံး၏။ သူ့စကားလုံးများသည် ထိုဝတ်စုံဖြူအမျိုးသမီးထံ ဓားသွားများအလား တိုးဝင်၏။

ယင်းတို့သည် သူ့စိတ်ထဲရှိ ထင်မြင်ချက်များသာ ဖြစ်သည်။ သူက ထိုထင်မြင်ချက်ကို သေချာစေဖို့ရာအတွက် ထွက်မပြေးခဲ့ခြင်းပင်။ ထိုအစား သည်အမျိုးသမီးနှင့် တိုက်ခိုက်ရန် ဆုံးဖြတ်ခဲ့တာ ဖြစ်သည်။

သူမကသာ တတိယအဆင့်ကျင့်ကြံသူတစ်ယောက် ဖြစ်နေပါက သူသည် ဟင်းလင်းပြင်ကွေးညွတ်ခြင်းကို အသုံးပြုလျှင်ပင် လွတ်မြောက်နိုင်ဖို့ ခက်ခဲပေဦးမည်သာ။ သို့ပေမည့် သူမသည် ထိုကဲ့သို့အဆင့် မဟုတ်သည့်အတွက် ဝမ်လင်းကို လွယ်လွယ်ကူကူ စော်ကား၍ ရလိမ့်မည် မဟုတ်ပေ။

“နင်က ခန္ဓာကိုယ်မရှိတဲ့ ကိုယ်ပွားတစ်ယောက်ပဲ။ နင်က ငါ့ နတ်ဘုရားစွမ်းအားကို စုပ်ယူချင်သေးတယ်။ ငါ့ချစ်သူအဖြစ်လည်း ထင်ယောင်ထင်မှားဖြစ်အောင် ဟန်ဆောင်လိုက်သေးတယ်။ ဒီအတွက်နဲ့တင် နင် သေရမယ်…”

ထိုသို့ ပြောပြီးနောက် ဝမ်လင်းသည် ရှေ့သို့ ခြေတစ်လှမ်း လှမ်း၏။ လေနှင့်မိုးလောကသည် ရုတ်တရက် ပေတစ်သောင်းထိ ပျံ့နှံ့သွား၏။ ထိုလောကထဲရှိ အစိတ်အပိုင်းမြေများမှ တိုက်ပွဲစိတ်ဝိညာဉ်ျားသည် ပျံသန်းထွက်လာကာ ဝတ်စုံဖြူအမျိုးသမီးထံ တိုးဝင်လာကြသည်။

အမျိုးသမီး၏အမူအရာမှာ သုန်မှုန်နေသည်။ သူမသည် ဝမ်လင်း၏စွမ်းရည်ကို လျှော့တွက်မိခဲ့တာ ဝန်ခံရပေမည်။ သူမက ဝမ်လင်းကို မတော်တဆ တွေ့ခဲ့ကာ သေချာစေမည့် အစီအစဉ်တစ်ခု ရှိခဲ့၏။ သို့ပေမည့် သူမသည် ဝမ်လင်းက သူမကို ပထမဆုံးတွေ့ဆုံမှုမှာတင် သတိပြုမိသွားလိမ့်မည်ဟု သူမ မထင်ထားမိခဲ့ပေ။ အခု ဒုတိယအကြိမ် တွေ့ဆုံမှုတွင်လည်း တိုက်ခိုက်ရာ၌ အသာစီးမရဘဲ ရှိနေပြန်သည်။

“ကံမကောင်းစွာနဲ့ ငါ့မူလခန္ဓာကိုယ်က မလာနိုင်ဘူး…။ မဟုတ်ရင်…” သူမ၏မျက်လုံးထဲတွင် အေးစက်မှုတစ်ခု ဖြတ်ပြေးသွားသည်။ သို့ရာတွင် ထိုအခိုက်၌ သူမသည် လေနှင့်မိုးလောကအတွင်း၌ တိုက်ပွဲစိတ်ဝိညာဉ်များကို တွေ့မြင်လိုက်ရ၏။ သူမ၏အမူအရာမှာ တဖန် ထပ်ပြောင်းလဲသွားသည်။

“ဒါ…ဒါက…” သူမ တုန်လှုပ်မိနေစဉ် မရေမတွက်နိုင်သော စိတ်ဝိညာဉ်များ တဟုန်ထိုး ထိုးထွက်လာကာ သူမကို ဝန်းရံ၏။ ထိုစိတ်ဝိညာဉ်များ တိုက်ခိုက်လာချိန်၌လည်း ယင်းတို့ပတ်လည်တွင် နို့နှစ်ဖြူရောင်အော်ရာတစ်ခု ရှိနေသည်။

တုန်ဟည်းသံများ ပဲ့တင်ထပ်၏။ ဝတ်စုံဖြူအမျိုးသမီးသည် အလျင်အမြန် နောက်ဆုတ်သည်။ သူမလက်နှစ်ဖက်ဖြင့် ချိပ်ဟန်တစ်ခုကို အမြန်ဖြစ်ပေါ်စေကာ လေဟာနယ်ထံ ညွှန်လိုက်သည်။ သူမ၏လက်ကြားကနေ အနက်ရောင်အလင်းတစ်ခု ပေါ်လာကာ သူမ၏လက်ထဲ၌ တဖျပ်ဖျပ်လင်းလက်သည်။

“စိတ်ဝိညာဉ်ဖျက်စီးခြင်းအလင်း…” သူမ၏မျက်လုံးထဲ၌ သတ်ဖြတ်လိုစိတ် လှစ်ခနဲ ဖြစ်ပေါ်ကာ သူမသည် လက်ဝေ့ယမ်းသည်။ အနက်ရောင်အလင်းက တိုက်ပွဲစိတ်ဝိညာဉ်များထံ တိုးဝင်သွားရုံရှိသေး လေနှင့်မိုးလောကသည် ရုတ်တရက် ပျောက်ကွယ်ကာ ထိုအလင်းကို ခုခံနိုင်ရန် မရေမတွက်နိုင်သောလောကငယ်များအဖြစ် ပြောင်းလဲသွားသည်။ ထိုလောကငယ်များတွင် တိုက်ပွဲစိတ်ဝိညာဉ်တစ်ခုစီက ဝန်းရံထားသည်။

မိုးကြိုးတုန်ဟည်းသံများ လောကအနှံ့ ပဲ့တင်ထပ်သည်။ ထိုအနက်ရောင်အလင်းကြောင့် တိုက်ပွဲစိတ်ဝိညာဉ်များ နောက်ဆုတ်ရသည်။ သို့သော် မည်သည့်စိတ်ဝိညာဉ်မျှ ထိခိုက်သွားခြင်း မရှိပေ။

ဝတ်စုံဖြူအမျိုးသမီးက နောက်သို့ ဆက်တိုက်ဆုတ်နေ၏။ မျက်စိတစ်မှိတ်အတွင်း သူမသည် ပေထောင်ချီအထိ ဆုတ်သွား၏။ ဝမ်လင်းက ရှေ့သို့ လှမ်းကာ သူမထံ လှမ်းဝင်လာသည်။ သူမထံ၌ အကာအကွယ်ကျောက်စိမ်းပြားတစ်ခု ရှိ၏။ ထို့ကြောင့် သူမသည် ဒဏ်ရာရသွားမည်ကို မစိုးရိမ်ပေ။ သူမက ညာလက်ကို ထပ်မံမြှောက်ကာ ပိုများသောအနက်ရောင်အလင်းများ စုစည်းလာပြီး အနက်ရောင်ဓားရှည်တစ်လက်အဖြစ် ဖွဲ့စည်းသည်။

၎င်းဓား ပေါ်လာသည်နှင့် လောကသည် အရောင်ပြောင်းလဲ၏။ သူမက ဝမ်လင်းထံသို့ ကြည့်ကာ ညာလက်ကို ဝေ့ယမ်းလိုက်၏။ ဓားရှည်သည် ဝမ်လင်းထံ တိုက်ရိုက် ပျံသန်းလာ၏။

ဝမ်လင်း၏မျက်လုံးသည် တလက်လက်ဖြစ်သွား၏။ အနက်ရောင်ဓားရှည် ရောက်လာသည်နှင့် သူ့လက်နှစ်ဖြင့် ချိပ်ဟန်တစ်ခု ဖြစ်စေကာ တိုးညင်းစွာ ပြောသည်။ “အလင်းနဲ့အရိပ်ဒိုင်း…”

သူ ထိုကဲ့သို့ ပြောလိုက်သည့်နောက် ဟင်းလင်းပြင်ရှိ အလင်းဓာတ်အားလုံး စတင် စုဝေးလာကြ၏။ ကြယ်အလင်းများနှင့် မျက်စိဖြင့် မမြင်ရသောအလင်းများ အပါအဝင် အလင်းအားလုံးသည် ဝမ်လင်းပတ်လည်သို့ အရူးအမူး စုဝေးလာကြသည်။

အလင်း စုဝေးနေလျက် ဧရာမအလင်းအရိပ်တစ်ခု ပေါ်လာသည်။ ဓားရှည်သည် အနားရောက်လာကာ ထိုအလင်းအရိပ်နှင့် ချက်ခြင်း ထိပ်တိုက်တွေ့သည်။

ကောင်းကင်ဘုံတုန်ခါစေလောက်သော တုန်ဟိန်းသံများ ပဲ့တင်ထပ်ကာ ပျံ့လွင့်၏။ အလင်းအရိပ်သည် ထိုဓားရှည်နှင့် ထိပ်တိုက်တွေ့သည့်အခါ တောက်ပသွား၏။ အလင်းအရိပ်၏ ပမာဏများစွာသည် ပျက်စီးသွားရင်း တန်ပြန်ကန်အားတစ်ခုက အနက်ရောင်ဓားရှည်ကို လည်ထွက်သွားစေပြီး ဝတ်စုံဖြူအမျိုးသမီးထံ ပြန်တိုးဝင်သွားစေ၏။

ဝတ်စုံဖြူအမျိုးသမီးက ဝမ်လင်း၏အလင်းနှင့်အရိပ်ဒိုင်းကို တွေ့မြင်လိုက်ရသည်နှင့် သူမ၏မျက်လုံးသူငယ်အိမ်မှာ ကျုံ့သွား၏။ သူမသည် နောက်သို့ အလျင်အမြန် ဆုတ်သည်။ သို့သော် ဓားရှည်က မြန်လွန်းသဖြင့် သူမခန္ဓာကိုယ်ပတ်လည်ရှိ အရံအတားပေါ်သို့ ကျရောက်သွားသည်။

တုန်ဟည်းသံများ ပဲ့တင်ထပ်၏။ သူမ၏မျက်နှာသည် ပိုဖြူရောလာသည်။ သူမကို ကာကွယ်ပေးထားသော ကျောက်စိမ်းပြားသည် သာ၍ မှိန်ဖျော့လာသည်။ သို့ပေမည့် ထိုမျှနှင့် မပြီးသေးပေ။ တန်ပြန်ကန်ထွက်လာသော ဓားရှည်နောက်တွင် ဝမ်လင်းကပါ တိုးဝင်လာလေ၏။

သူက သူ့ညာလက်ကို မြှောက်လိုက်ရာ ကြောက်မက်ဖွယ်သွေးအလင်း ပေါ်လာသည်။ သူ့လက်ထဲတွင် သွေးဓား ပေါ်လာသည်။ သူက ကြမ်းတမ်းစွာ ခုတ်ပိုင်းချလိုက်၏။

“ငါ့အတွက် သေလိုက်တော့…”

သူ ထိုကဲ့သို့ မာန်သွင်းလိုက်ရင်း သွေးအလင်းသည် ဟင်းလင်းပြင်တွင် လင်းထိန်သွားကာ ကြောက်မက်ဖွယ်သတ်ဖြတ်လိုစိတ်တစ်ခုက ဝတ်စုံဖြူအမျိုးသမီးထံ ဦးတည်သည်။ သူမ၏အမူအရာသည် တဖန်ပြောင်းလဲသွားပြန်သည်။ သူမသည် စိတ်ပူပန်စွာဖြင့် ချိပ်ဟန်များဖြစ်စေကာ မရေမတွက်နိုင်သော အကာအကွယ်အလွှာများကို သူမရှေ့တွင် ပေါ်လာစေသည်။

သို့ရာတွင် သွေးဓားသည် မြန်လွန်း၏။ အတားအဆီးအလွှာများကို ချက်ခြင်း ထွင်းဖောက်ကာ အကာအကွယ်ကျောက်စိမ်းပြားနှင့် ထိပ်တိုက်တွေ့သည်။ မိုးကြိုးပစ်သံတမျှ တုန်ဟည်းသံများ လောကတွင် ဟိန်းမြည်လာလေ၏။ ကျောက်စိမ်းပြားထံမှ အက်ကွဲသံတစ်ခု ထွက်ပေါ်လာကာ ၎င်းပေါ်တွင် အက်ရာထင်သွားသည်။

ဝတ်စုံဖြူအမျိုးသမီးက ပါးစပ်အပြည့် သွေးအန်လိုက်ရ၏။ သူမသည် နောက်ဆုတ်သည်။ သူမ၏ခန္ဓာကိုယ်သည် ဝေဝါးလာကာ ပျောက်ကွယ်သွားသည်။

ထိုအမျိုးသမီး သွေးအန်လိုက်သည်ကို တွေ့မြင်သည့်အခါ ဝမ်လင်းသည် မျက်မှောင်ကြုတ်သွား၏။ သူသည် တခဏတာ မင်သက်သွားမိသည်။ သူ့ထင်မြင်ချက်အရ သူမသည် ကိုယ်ပွားသာဖြစ်၍ အထည်ဒြပ်မရှိပေ။ သို့ပေမည့် အခုကြည့်ရသည်မှာ သူမထံ၌ သွေးပိုင်ဆိုင်ထားသည်။

သို့ပေမည့် တိုက်ပွဲအတွင်း ဖြစ်နေသဖြင့် သူ့အတွက် စဉ်းစားနေဖို့ အချိန်မရှိပေ။ ဝမ်လင်း၏မျက်လုံးထဲတွင် သတ်ဖြတ်လိုစိတ် ဖြစ်ပေါ်ကာ သူသည် သွေးဓားနှင့်အတူ တိုးဝင်လာ၏။ သူ့မျက်လုံးထဲတွင် အနှစ်သာရငါးခု လှည့်ပတ်စေကာ သူက ဘေးပတ်လည်ကို ကြည့်သည်။ ထိုအခါ သူသည် ထိုဝတ်စုံဖြူအမျိုးသမီးကို ထပ်မံ ရှာတွေ့သွားသည်။

သူက သွေးဓားကို‌ နောက်တစ်ကြိမ် ခုတ်ပိုင်းချလိုက်ပြန်၏။

“မူလခန္ဓာကိုယ်…ငါ့ကို ကယ်ပါ…” ဝတ်စုံဖြူအမျိုးသမီးက နောက်သို့ အလျင်အမြန် ဆုတ်လျက် မန္တာန်တစ်ခုကို စတင်ရွတ်ဆိုကာ သူမလက်ကို ဝေ့ယမ်းသည်။ အက်ရာထင်သွားသော ကျောက်စိမ်းပြားက လင်းထင်းစွာ တောက်ပသွားသည်။ ထိုအလင်းထဲမှ အဖြူရောင်ကျောက်စိမ်းလက်တစ်ဖက် ထွက်ပေါ်လာပြီး တိုးဝင်လာသော ဝမ်လင်းထံ ညွှန်သည်။

ထိုကျောက်စိမ်းလက်ထွက်ပေါ်လာမှုက လောကကိုပါ ရပ်တန့်သွားစေသည်။ အလင်းသည်ပင် မှိန်ဖျော့သွား၏။ ၎င်းလက်ရှေ့တွင် အရာရာသည် ဖြူရောလာဟန်တူသည်။ အရောင်မတောက်တော့ဟန် ရသည်။

၎င်းလက်ညွှန်လိုက်သော အရာအားလုံးမှာ ပျက်စီးသွားရမည်ဟု ထင်ရသည်။

ထိုလက်ချောင်း ကျဆင်းလာချိန်၌ ဝမ်လင်းသည် ရုတ်တရက် တာအိုပညာရှင်ရေနှင့် ရင်ဆိုင်ခဲ့ရစဉ်ကထက် အဆများစွာ ပိုအားကောင်းသော သေရေးရှင်ရေးအာရုံတစ်ခုကို ခံစားလိုက်ရသည်။ သူက ရုတ်တရက် ရပ်ကာ သူ့လက်ကို ချက်ခြင်း ဝေ့ယမ်းသည်။ ပေတစ်သောင်းလေနှင့်မိုးလောကသည် ချက်ခြင်း တစ်ခုတည်းအဖြစ်သို့ ပေါင်းစည်းကာ သူ့ခန္ဓာကိုယ်ကို ဝန်းရံသည်။

ထိုအခိုက်အတန့်၌ ဝမ်လင်းသည် အလင်းနှင့်အရိပ်ဒိုင်းကို ထပ်မံ အသုံးပြုလိုက်ခြင်းပင်။ အလင်းများစွာစုဝေးလျက် ဧရာမအလင်းအရိပ်တစ်ခု ပေါ်လာ၏။

ထိုစဉ် ကျောက်စိမ်းလက်၏ လက်ညှိုးက ဝမ်လင်းပတ်လည်ရှိ အလင်းအရိပ်နှင့် ထိပ်တိုက်တွေ့သည်။ အလင်းအရိပ်သည် တုန်ယင်သွားကာ ၎င်းလက်ညှိုးတိုက်ချက်ကို မခံနိုင်ဟန် ရသည်။ ၎င်းသည် စတင် ပျက်စီးလာ၏။

ထိုသို့ ပျက်စီးနေရင်း တန်ပြန်အားသည် ထိုးထွက်လာကာ သည်လက်ချောင်းကို ခုခံသည်။ သို့ပေမည့် လက်ချောင်းသည် တစ်စက်လေးပင် ရပ်တန့်မသွားဘဲ အလင်းအရိပ်ကို တိုက်ရိုက်ထွင်းဖောက်သည်။ ထိုအဖြစ်က အလင်းနှင့်အရိပ်ဒိုင်းကို လုံးဝ ကွယ်ပျောက်သွားစေသည်။

ဤကဲ့သို့ ကွယ်ပျောက်သွားခိုက်တွင် ၎င်းလက်ချောင်းသည် ဝမ်လင်းခန္ဓာကိုယ်ပတ်လည်ရှိ လေနှင့်မိုးလောကထံ ကျရောက်၏။ ထိုလောကပါ အပြင်းအထန် တုန်ယင်လျက် အတွင်းရှိ စိတ်ဝိညာဉ်များသည် အော်ဟစ်ကုန်ကြ၏။ သည်လက်ချောင်းကို ခုခံနိုင်ရန် ထိုစိတ်ဝိညာဉ်များထံမှ နို့နှစ်ဖြူရောင်အော်ရာ ထွက်ပေါ်လာသည်။

***

All Chapters