အမဲလိုက်ခြင်း
Vol. 100 Ch. 1378
သို့ရာတွင် ထိုလက်ချောင်းသည် အံ့မခန်းအစွမ်းထက်၏။ အလင်းနှင့်အရိပ်ဒိုင်းသည် ပျက်စီးသွားပြီးနောက် လေနှင့်မိုးလောကသည် အချိန်မရွေးပျောက်ကွယ်သွားနိုင်သည့်ပုံ ပေါ်လေ၏။
ထိုလက်ချောင်းက လေနှင့်မိုးလောကပေါ်တွင် ဧရာမအခွက်ကြီးတစ်ခုကို ဖြစ်စေသည်။ ၎င်းလက်ချောင်းက သည်လောကကို ဝေးဝေးသို့ တွန်းထုတ်သွားရင်း အနှီလောကသည် ပိုမိုပြင်းထန်စွာ တုန်ယင်၏။
နို့နှစ်ဖြူရောင်အော်ရာသည် ထိုလက်ချောင်းအတွင်းရှိ အားကို ဖျက်စီးပစ်နိုင်ရန်အလို့ငှာ အရူးအမူး ခုခံသည်။
ဝမ်လင်းသည် လေနှင့်မိုးလောကသည် အချိန်ကြာမြင့်စွာ ခံနိုင်ရည် မရှိနိုင်တော့သည်ကို ရှင်းရှင်းလင်းလင်း ခံစားမိသည်။ သူက နောက်သို့ အလျင်အမြန် ဆုတ်၏။ ထိုအန္တရာယ်အခိုက်အတန့်တွင် သူ့မျက်လုံးထံမှ ရူးသွပ်ဟန် ပေါ်လာ၏။ သူက သူ့ညာလက်ကို ဝေ့ယမ်းကာ သူ့သိုလှောင်နေရာလွတ်ကို ဖွင့်လှစ်လိုက်သည်။
သူ့သိုလှောင်နေရာလွတ် ပေါ်လာသည်နှင့် လေနှင့်မိုးလောကသည် ဝမ်လင်း၏ခန္ဓာကိုယ်အတွင်း ရောက်သည့်အထိ မြန်ဆန်စွာ ပြန်ကျုံ့သွားသည်။ ၎င်းလောက ကာဆီးပေးထားခြင်း မရှိသည်နှင့် လက်ချောင်းက ဝမ်လင်း၏မျက်ခုံးနှစ်ခုကြားသို့ ဖိနှိပ်ချလာသည်။
သို့ပေမည့် ထိုလက်ချောင်း နီးကပ်လာသည်နှင့် ဝမ်လင်းက မာန်သွင်းလိုက်သည်။ ဧရာမရှေးဟောင်းနတ်ဘုရားလက်ချောင်းသည် သူ့သိုလှောင်နေရာလွတ်ထဲမှ ထိုးထွက်ကာ ဝမ်လင်းရှေ့တွင် ပိတ်ဆို့သည်။
ကျောက်စိမ်းကဲ့သို့ လက်ချောင်းက ရှေးဟောင်းနတ်ဘုရားလက်ချောင်းပေါ်သို့ တိုက်ရိုက် ကျဆင်းသွားလေသည်။ တုန်ဟည်းသံများ ဖြစ်ပေါ်ကာ ကြယ်ကွင်းပြင်သည်ပင် ၎င်းဘာသာ တုန်ယင်သွား၏။
ဝမ်လင်းက သွေးများစွာ အန်ထုတ်လိုက်ရ၏။ ရှေးဟောင်းနတ်ဘုရားလက်ချောင်းသည်လည်း နောက်ပြန်ကန်လာသည်။ မမြင်ရသောအလင်းတစ်ခုက ထိုလက်ချောင်းအရိုးကို ထွင်းဖောက်ကာ ဝမ်လင်း၏ရင်ဘက်ဆီသို့ ဦးတည်သည်။ ထိုအလင်းက သွေးမြူနှင့်အတူ ဝမ်လင်း၏ နောက်ကျောတိုင် ဖောက်ထွက်သွားသည်။
လက်ချောင်းသည် ထိုရှေးဟောင်းနတ်ဘုရားလက်ချောင်းနှင့် ထိပ်တိုက်တွေ့ချိန်၌ ရုတ်တရက် တုန်ယင်၏။ ၎င်းသည်လည်း ပြင်းထန်သောဖိသိပ်အားတစ်ခုကို တောင့်ခံလိုက်ရသည့်အလား။ ထိုလက်ချောင်းမှာ မှုန်ဝါးလာ၏။ လွင့်ပျောက်လုနီးနီး ဖြစ်လာသည်။
ပြင်းထန်သောနာကျင်မှု ဝမ်လင်းထံ လှိုက်တက်၏။ အခြားတစ်ယောက်ယောက်သာ ဖြစ်ပါက သူသည် ယခုလိုအခြေအနေတွင် ကျိန်းသေပေါက် ထွက်ပြေးမည်သာ။ သို့သော် ဝမ်လင်းကမူ ထိုသို့ လုပ်မည် လူစားမျိုး မဟုတ်ပါ။ သူက နာကျင်မှုကို လစ်လျူရှုလျက် သူ့ညာလက်ကို ပင့်မြှောက်သည်။ သူ့အမူအရာမှာ ကြမ်းကြုတ်နေ၏။ သွေးအလင်းက သွေးဓားပေါ်သို့ စုဝေးလာကာ သူသည် ထိုကျောက်စိမ်းလက်ချောင်းကို ကြမ်းတမ်းစွာ ပိုင်းဖြတ်ချလိုက်သည်။
သွေးဓားသည် ဖျပ်ခနဲ ယင်းလက်ချောင်းပေါ်သို့ ကျရောက်သွားသည်။ သွေးဓား နီးကပ်လာသည်နှင့် ထိုလက်က ၎င်းဓားကို ဖမ်းရန် ဆန့်ထွက်လာသည်။ သို့ပေမည့် သွေးဓားသည် ယင်းလက်ကို တိုက်ရိုက် ဖောက်ထွင်းသွားသည်။
ထိုလက် နှစ်ပိုင်းကွဲထွက်ကာ လောကတွင် တစ်ခါမှ မပေါ်လာသည့်အလား ပျောက်ကွယ်သွားတော့သည်။ ဝတ်စုံဖြူအမျိုးသမီး ရှေ့ရှိ အဖြူရောင်ကျောက်စိမ်းမှလည်း တစစီဖြစ်ကာ ဖုန်မှုန့်ဖြစ်သွားလေသည်။
ဝတ်စုံဖြူအမျိုးသမီးက လုံးဝ ဖြူဖပ်ဖြူရော ဖြစ်နေပေပြီ။ သူမက သွေးအန်လိုက်ရသည်။ သူမသည် အလျင်အမြန် နောက်ဆုတ်ကာ ထွက်ပြေးနိုင်ရန် လောကနှင့်တစ်သားတည်း ပေါင်းစပ်လိုက်သည်။
“နင် မလွတ်မြောက်နိုင်ပါဘူး…” ဝမ်လင်း၏ရင်ဘက်သည် သွေးအလိမ်းလိမ်း ဖြစ်ကာ သွေးတစ်စက်စက် ကျနေသည်။ လက်ချောင်းကို အလင်းနှင့်အရိပ်ဒိုင်း၊ လေနှင့်မိုးလောကနှင့် ရှေးဟောင်းနတ်ဘုရားလက်ချောင်းအရိုးတို့က ပိတ်ဆို့ပေးခဲ့သော်လည်း ထိုလက်ချောင်း၏ အရိပ်အမြွက်သည် ဝမ်လင်း၏ရင်ဘက်ကို ဖောက်ထွက်သွားခဲ့ပေသည်။ သာမန်ကျင့်ကြံသူတစ်ယောက်သာ ဖြစ်ပါက သူတို့သည် မသေဆုံးလျှင်ပင် ဒဏ်ရာအပြင်းအထန် ရသွားပေလိမ့်မည်။
သို့ရာတွင် ဝမ်လင်းက ရှေးဟောင်းနတ်ဘုရားတစ်ပါး ဖြစ်ကာ ပြန်လည်ကုသနှုန်းတွက် အစွမ်းထက်သူ မဟုတ်လား။ ချက်ခြင်းပင် ဝမ်လင်း၏ဒဏ်ရာသည် ကုသမည့်အရိပ်လက္ခဏာများ ပြသလာသည်။ ဝတ်စုံဖြူအမျိုးသမီး ထွက်ပြေးနေစဉ် ဝမ်လင်းသည် သူ့ရတနာများအားလုံးကို သိမ်းဆည်းကာ နောက်ကနေ လိုက်လံတော့၏။
ထိုအမျိုးသမီး ထွက်ပြေးသွားစဉ်က ဖြစ်ပေါ်ခဲ့သော လှိုင်းဂယက်များကို ရှာဖွေပြီးနောက် ဝမ်လင်းသည် လောကနှင့်တစ်သားတည်း ပေါင်းစပ်လိုက်၏။ သူက ထိုလှိုင်းဂယက်များ၏ လမ်းကြောင်းအတိုင်း သူမနောက်သို့ လိုက်လံလေသည်။
ထိုအဖြစ်သည် အရင်ကနှင့် လုံးဝ ပြောင်းပြန် ဖြစ်သွားခြင်းပင်။ အစတုန်းက အမဲလိုက်ခံခဲ့ရသူ ဝမ်လင်းသည် အခု အမဲလိုက်သူအဖြစ် ပြောင်းလဲသွားခဲ့ပေပြီ။ ဝတ်စုံဖြူအမျိုးသမီးသည် ကြောက်လန့်တကြား ထွက်ပြေးလေ၏။ ဝမ်လင်ကလည်း သူမနောက်သို့ အသည်းအသန် လိုက်လာသည်။
“ဒီအမျိုးသမီးရဲ့ ကျင့်ကြံမှုက ထူးဆန်းတယ်။ သူမဟာ ကိုယ်ပွားတစ်ယောက် ဖြစ်နေပေမဲ့လည်း အသွေးအသား ပိုင်ဆိုင်ထားတယ်။ ဒါသာ အမှန်ဆိုရင် သူမ အမှန်တကယ် သေဆုံးနိုင်လိမ့်မယ်။ ငါက သူမကို ဒဏ်ရာ အပြင်းအထန်လောက်ပဲ ရစေပြီး မသတ်နိုင်ခဲ့ရင် ငါ့အတွက် အနာဂတ်မှာ ပြဿနာ ဖြစ်လာနိုင်တယ်…”
ဒါ့အပြင် သူမရှိမှာ လျှို့ဝှက်ချက်အချို့ ရှိနိုင်တယ်။ သူမ စောနက အသုံးပြုလိုက်တဲ့ မန္တာန်ဟာ သူမရဲ့ မူလခန္ဓာကိုယ်ရဲ့ စွမ်းအားကို ဆင့်ခေါ်လိုက်တာ ရှင်းနေတာပဲ။ ငါ့မန္တာန်တွေဟာ အပြာရောင်ပိုးသားကလန်မှာ ရှိနေခဲ့စဉ်အတွင်း ပိုအားကောင်းမလာခဲ့ဘူးဆိုရင် စောနက တိုက်ပွဲမှာ ငါ သေကောင်းသေသွားနိုင်တယ်။ ဒီအမျိုးသမီးဟာ ငါ့ထက်လည်း ဒီရှေးဟောင်းကြယ်အဖွဲ့အစည်းနဲ့ ပိုပြီး ရင်းနှီးကျွမ်းဝင်သေးတယ်။ ဒါ့ကြောင့် ငါ သူမကို တတ်နိုင်သမျှ မြန်မြန် သတ်ပစ်မှ ဖြစ်မယ်။ သူမသာ ငါ မရှာနိုင်တဲ့ တချို့နေရာတွေရှိ ထွက်ပြေးသွားခဲ့ရင် အဲ့ကျ ငါလုပ်ခဲ့သမျှဟာ အချည်းနှီး ဖြစ်သွားလိမ့်မယ်…”
ဝမ်လင်းသည် လောကနှင့်တစ်သားတည်း ဆက်တိုက် ဆိုသလို ပေါင်းစပ်ကာ ဝတ်စုံဖြူအမျိုးသမီးနောက်သို့ အမဲလိုက်နေသည်။
ရှေးဟောင်းကြယ်အဖွဲ့အစည်းရှိ ကြယ်များကြားတွင် လှိုင်းဂယက်များ ပဲ့တင်ထပ်သည်။ ဝတ်စုံဖြူအမျိုးသမီးသည် ဒယီးဒယိုင် ထွက်လာသည်။ သူမ၏မျက်နှာထက်တွင် ထိတ်ပျာလန့်မှုတို့ ပေါ်နေ၏။ သူက သည်နေရာကနေ တည်နေရာရွှေ့ပြောင်းရန် ဟန်ပြင်လိုက်သည်။
သို့ပေမည့် သူမ၏အမူအရာသည် ပြောင်းလဲသွားသည်။ သူမသည် အံတင်းတင်းကြိတ်ကာ လောကနှင့်တစ်သားတည်း ပေါင်းစည်းရန်သာ ရွေးချယ်လိုက်တော့၏။ သူမ ထွက်သွားသည့်နောက် လှိုင်းဂယက်များ ပေါ်လာကာ ဝမ်လင်း၏ပုံရိပ် ဝိုးတဝါးပေါ်၏။ သို့ရာတွင် သူသည် ပေါ်ထွက်မလာဘဲ တဖန်ပြန်ပျောက်ကွယ်သွားသည်။
ဝတ်စုံဖြူအမျိုးသမီးသည် ဝမ်လင်း သူမနောက်သို့ နီးကပ်စွာ လိုက်လာနေသည်ကို သိ၏။ သူမသည် ဖိအားများကာ အတော်လေး စိတ်ပူပန်နေသည်။
အခုချိန်တွင် သူမသည် ပူပန်သထက် ပူပန်လာနေမိသည်။
“နောက်ထပ် သုံးနေရာလောက်ပဲ။ အဲ့ကျင်ရင် ငါ ဘေးကင်းပြီ။ သုံးနေရာလောက်လေးပဲ…”
ဝတ်စုံဖြူအမျိုးသမီးသည် ဟင်းလင်းပြင်တွင် ပေါ်လာသည်။ သူမ၏မျက်နှာသည် ဖြူရောနေ၏။ သူမ ပေါ်လာသည်နှင့် သူမခြေထောက်အောက်တွင် လှိုင်းဂယက်များ ပေါ်လာကာ ဆက်လက် ထွက်ခွာရန် ပြင်သည်။ ထိုစဉ် မိုးကြိုးတုန်ဟည်းသံများ ပဲ့တင်ထပ်သည်။ အဆုံးမဲ့မိုးကြိုးများသည် အဘက်ဘက်မှ ထွက်ပေါ်လာကာ ဝဲကတော့တစ်ခုအသွင် ဖွဲ့၍ ဒီနေရာရှိ မူလစွမ်းအင်ကို တွန့်ခေါက်စေကာ သူမ ထွက်ခွာသွားမည်ကို ဟန့်တားသည်။
ထိုအမျိုးသမီး၏ အမူအရာသည် ပြောင်းလဲသွားစဉ် ဝမ်လင်းသည် အေးစက်စက်အကြည့်ဖြင့် လေဟာနယ်အတွင်းမှ လှမ်းထွက်လာ၏။ သူက စကားပင် မဆိုဘဲ သူ့ညာလက်ကို ဝေ့ယမ်းလိုက်သည်။ တိမ်စိုင်များ ကောင်းကင်နှင့်မြေကြီးထက်တွင် ပေါ်လာ၏။ ကောင်းကင်ဘုံပြောင်းပြန်တံဆိပ်တုံး။
လောကသည် ပြောင်းပြန်ဖြစ်သွားကာ ကောင်းကင်နှင့်မြေကြီးသည် ထပ်၍ တုန်ဟည်းသံတို့ မြည်ဟိန်းသည်။ ကောင်းကင်နှင့်မြေကြီး ထပ်သွားချိန်တွင် ဝတ်စုံဖြူအမျိုးသမီးသည် သွေးအန်လိုက်ရလေ၏။ သူမက နောက်သို့ အလျင်အမြန် ဆုတ်သည်။သို့သော် သွေးအလင်းတစ်ချက် လင်းလက်ကာ သွေးဓားသည် သူမ၏နောက်ကျောကို ထွင်းဖောက်သွားသည်။
သူမသည် နာကျင်စွာ အော်ဟစ်လိုက်ရ၏။ သူမ၏ ဝတ်စုံဖြူမှာလည်း သွေးများ စွန်းထင်းကုန်သည်။ သူမဘေးပတ်လည်တွင် တွန့်ခေါက်ပျက်စီးမှုများစွာ ပေါ်လာကာ မရေမတွက်နိုင်သောပုံရိပ်များ လင်းလက်၏။
ထိုပုံရိပ်များအတွင်း မြေပြင်ထက်တွင် ဒူးထောက်နေသော အမျိုးသမီးတစ်ယောက် ရှိ၏။ သူမ၏ ကျောက်စိမ်းကဲ့သို့လက်က လေဟာနယ်ထံမှ ဆန့်ထွက်သည်။ ထိုလက်က သူမ၏မျက်ခုံးနှစ်ခုကြားမှ အဖြူရောင်ကျောက်စိမ်းကို ဖိချသည်။
တွန့်ခေါက်သောပုံရိပ်များ ပျက်စီးသွားသည့်အခိုက်တွင် ပေါကြွယ်သော နို့နှစ်ဖြူရောင်အော်ရာတစ်ခု သူမ၏ဦးခေါင်းထက်မှ ထွက်ပေါ်လာသည်။ ထိုအော်ရာမှာ အထည်အဒြပ်ရှိလုနီးနီးဖြစ်ကာ ခပ်ရေးရေး ရွှေရောင်မျဉ်းလိုင်းတစ်ခုပင် လှစ်ပေါ်နေသေးသည်။
ဝမ်လင်းက ထိုနို့နှစ်ဖြူရောင်အော်ရာနှင့် မစိမ်းပါ။ ယင်းသည် အပူဇော်ခံမီးတောက် ဖြစ်၏။
သို့ပေမည့် ထိုအမျိုးသမီး၏ အပူဇော်ခံမီးတောက်မှာ အလွန်ပေါများလှသဖြင့် ဝမ်လင်းကို အံ့အားသင့်သွားစေသည်။ သူမ၏အပူဇော်ခံမီးတောက်က ဝမ်လင်း၏လေနှင့်မိုးလောကရှိ အပူဇော်ခံမီးတောက်၏ သုံးဆယ်ရာခိုင်နှုန်းလောက်ကို ယှဉ်နိုင်ဖို့ လုံလောက်နေပေ၏။
ထိုနို့နှစ်ဖြူရောင်အော်ရာ သူမ၏ခန္ဓာကိုယ်ထဲ ပြည့်နှက်လာသည့်အခါ သွေးဓားကြောင့် ဖြစ်ပေါ်သွားသော သူမ၏ဒဏ်ရာမှ သွေးများစီးကျသည်မှာ ရပ်တန့်သွားတော့၏။ သွေးစိမ့်ထွက်ခြင်း ရပ်တန့်သွားခဲ့ချိန်တွင် သူမသည် နောက်သို့ ပူပန်တကြီး ဆုတ်သည်။ နို့နှစ်ဖြူရောင်အော်ရာ ဝန်းရံထားလျက် သူမက တွန့်ခေါက်ပုံပျက်သော မူလစွမ်းအင်များကို လစ်လျူရှုကာ လောကနှင့်တစ်သားတည်း ပေါင်းစည်းသည်။
“ဒီအမျိုးသမီးသာ ငါ့လေနဲ့မိုးလောကရဲ့ စိတ်ဝိညာဉ်တစ်ခု ဖြစ်လာခဲ့ရင်…” ဝမ်လင်းစိတ်နှလုံး ခုန်ပေါက်သွားမိ၏။ ထိုအမျိုးသမီး ထွက်သွားသည်နှင့် သူလည်း တစ်ချိန်တည်းလိုလို ပျောက်ကွယ်ကာ နောက်သို့ ထပ်မံ လိုက်လံတော့သည်။
ရှေးဟောင်းကြယ်အဖွဲ့အစည်း၏ အနောက်မြောက်ပိုင်း၌ ကျင့်ကြံခြင်းဂြိုဟ်တစ်လုံး ရှိ၏။ ထိုဂြိုဟ်တွင် နတ်ဆိုးကင်းမြှီးကောက်ကလန် တည်ရှိသည်။ ၎င်းကလန်မှ ကလန်ကြီး တစ်ခု မဟုတ်သော်လည်း ရက်စက်မှုကြောင့် ကျော်ကြားလှသည်။
နတ်ဆိုးကင်းမြှီးကောက်ကလန်၏ ကြယ်နယ်မြေ၏ အပြင်ဘက်တွင် လှိုင်းဂယက်များ ဖြစ်ပေါ်လာသည်။ ဝတ်စုံဖြူအမျိုးသမီးသည် လှမ်းထွက်လာ၏။ သူမပါးစပ်ထောင့်တွင် သွေးများ စီးကျနေသည်။ သူမ ပေါ်လာသည့်နောက် သူမသည် တွေဝေနှေးဖင့်မနေဘဲ ချက်ခြင်းပင် လောကနှင့်တစ်သားတည်း ပေါင်းစည်းလိုက်ပြန်သည်။
“နှစ်နေရာပဲ ကျန်တော့တယ်။ ငါ နှစ်ကြိမ်လုပ်ဆောင်ပြီးရင် အဲ့နေရာကို ရောက်ပြီ။ ဒါဆိုရင် ဘာအန္တရာယ်မှ ရှိမှာ မဟုတ်တော့ဘူး…”
သို့ရာတွင် သူမ လောကနှင်တစ်သားတည်း ပေါင်းစပ်သွားခါနီးအချိန်တွင် သွေးအလင်း လင်းလက်သွား၏။ ၎င်းအလင်းက လေဟာနယ်ကို ထွင်းဖောက်ဖြတ်ကျော်ကာ သူမ၏နှဖူးထက်သို့ ဦးတည်ဝင်လာသည်။ ယင်းအလင်းမှာ မြန်လွန်း၏။ ထိုအမျိုးသမီးအဖို့ ရှောင်ရန် သို့တည်းမဟုတ် လောကနှင့်တစ်သားတည်း ပေါင်းစပ်နိုင်ရန် အချိန်မရတော့ပေ။
ထိုကဲ့သို့ သေရေးရှင်ရေးအခိုက်တွင် နို့နှစ်ဖြူရောင်အော်ရာတစ်ခု ပျံ့နှံ့လာပြီး ပိတ်ဆို့သည်။ ၎င်းအော်ရာမှာ သွေးဓားနှင့် ထိပ်တိုက်တွေ့၏။
သွေးဓားက ထိုအော်ရာကို ထွင်းဖောက်သွားသည်။ သို့သော် ၎င်း၏ ဓားလမ်းကြောင်းကမူ ပြောင်းလဲသွားသဖြင့် သူမ၏နဖူးအစား ပုခုံးထက်ကိုသာ ထွင်းဖောက်သွားနိုင်တော့သည်။
သူမသည် နာကျင်စွာ အော်ဟစ်လိုက်ရပြီး နောက်ဆုတ်လျက် ရှေ့တည့်တည့်သို့ ကြမ်းတမ်းရက်စက်ဟန်ဖြင့် ကြည့်သည်။ ထိုအခိုက်တွင် ဝမ်လင်းသည် လေဟာနယ်အတွင်းမှ လှမ်းထွက်လာ၏။ သူ့ညာလက်ကို ထိုဝတ်စုံဖြူအမျိုးသမီးထံ ဆန့်ထုတ်လိုက်လေသည်။
“မင်း ဘယ်နေရာကို ပြေးမလို့လဲ…”
သူမ ဖမ်းမိခံရတော့မည်ကို တွေ့မြင်သည်နှင့် သူမသည် လျှာထိပ်ကို ကိုက်ကာ နို့နှစ်ဖြူရောင်အော်ရာထံသို့ သွေးများ ထွေးထုတ်လိုက်သည်။ တုန်လှုပ်ဖွယ်အော်ရာတစ်ခု မြည်ဟိန်းလာကာ ပြင်းထန်သောဖိသိပ်အားတစ်ခု ပျံ့နှံ့လာသည်။
ထိုဖိသိပ်အားကြောင့် ယင်းအမျိုးသမီး၏ခန္ဓာကိုယ်သည် လွင့်စင်ထွက်သွားကာ ဝမ်လင်း၏ဖမ်းဆုပ်မှုကို ရှောင်သွားလေ၏။ ထို့နောက် သူမသည် အောက်ဘက်ရှိ ကျင့်ကြံခြင်းဂြိုဟ်ထံ ဦးတည်သည်။
တစ်ချိန်တည်းမှာ သူမက ဗလုံးဗထွေးအော်ဟစ်လိုက်၏။
“နတ်ဆိုးကင်းမြှီးကောက်ကလန်ရဲ့ နေရာမလား။ ငါဟာ အပြာရောင်ကိုယ်လုပ်တော်ရဲ့ ကိုယ်ပွားတွေထဲက တစ်ယောက်ပဲ။ မြန်မြန်လာပြီး ဒီလူ့ကို တားဆီးကြ…”
သူမ၏အသံ ပျံ့နှံ့လာချိန်တွင် ကျင့်ကြံသူများ တရကြမ်း ထွက်လာကြ၏။ ချက်ခြင်းပင် ဂြိုဟ်ထံမှ ကျင့်ကြံသူတစ်ထောင်နီးပါး ပျံသန်းလာကြသည်။
သူတို့သည် ပေါ်လာသည်နှင့် နှေးဖင့်မနေဘဲ ဝမ်လင်းထံ တိုးဝင်လာကြသည်။ ဝတ်စုံဖြူအမျိုးသမီးက ဆေးလုံးအချို့ကို ထုတ်ယူကာ သောက်သုံးလိုက်၏။ သူမသည် ဝမ်လင်းကို ရန်လိုစွာ ကြည့်လျက် ထွက်ခွာရန် လောကနှင့်တစ်သားတည်း ပေါင်းစပ်ရန် ပြင်သည်။
သို့သော် ဝမ်လင်းက သူမကို အဘယ်သို့ လွတ်မြောက်ခွင့် ပေးပါ့မည်နည်း။ သူ့ခန္ဓာကိုယ်သည် ချက်ခြင်းပင် ပေတစ်သောင်းအထိ ချဲ့ကားလာ၏။ သူက ရှေ့သို့ တိုးဝင်ကာ လူတိုင်းထံသို့ လက်သီးချက်တစ်လုံး ပစ်သွင်းလိုက်လေသည်။
လက်သီးတစ်ချက်ဖြင့်ပင် လောကသည် တုန်ယင်ကာ ကြယ်နယ်မြေတစ်ခုလုံးသည် ပျက်စီးသွားတော့မလား ထင်ရသည်။ ဧရာမအက်ကြောင်းကြီးတစ်ခု ရုတ်တရက် ပေါ်လာပြီး သည်ကြယ်နယ်မြေတစ်ခွင်ကို ထက်ပိုင်းပွင့်ဟ စေမည့်အလား ချဲ့ကားလာ၏။
လောကနှင့်တစ်သားတည်း ပေါင်းစပ်နေသော ဝတ်စုံဖြူအမျိုးသမီးသည် ထိုအက်ကြောင်းကြောင့် အတင်းပြန်ကန်ထွက်လာရ၏။ သူမ၏မျက်နှာမှာ သေလောက်အောင် ဖြူရောနေသည်။ သူမသည် နောက်သို့ အလျင်အမြန် ဆုတ်သည်။
ဝမ်လင်းသည် ရှေ့တိုးလာရင်း ကျင့်ကြံသူတစ်ထောင်ကျော်၏ မန္တာန်များ၊လက်နက်ရတနာများ ရောက်ရှိလာ၏။ ဝမ်လင်းက သူတို့ကို ကြည့်ပင်မကြည့်ဘဲ ရှေ့ဆက်တိုးသည်။ အဘက်ဘက်မှ အလင်းများ စုစည်းလာကာ အလင်းအရိပ်တစ်ခု သူ့ပတ်လည်တွင် ဖြစ်တည်သည်။
ထိုအလင်းအရိပ်ပေါ်သို့ ကျရောက်သည့်အခါ မန္တာန်အားလုံးနှင့် လက်နက်အားလုံသည် တန်ပြန်ကန်ထွက်ကုန်၏။
ဝမ်လင်းက ပေတစ်သောင်းအရွယ်အလင်းဘီလူးကြီးအသွင်အလား။ သူက ရှေ့သို့ ဆက်တိုးလာ၏။ ကျင့်ကြံသူများသည် သူတို့၏ တိုက်ခိုက်မှုကနေ တန်ပြန်ကန်အားကို ခံလိုက်ရပြီး ထိတ်လန့်တကြား အော်ဟစ်ကုန်ကြ၏။ အချို့ဆိုလည်း ဝမ်လင်၏ တိုးဝင်လာမှု ဖိသိပ်အားကြောင့် ခန္ဓာကိုယ်များ ပျက်စီးကုန်သည်။
လျှပ်တပြတ်အတွင်း ဝမ်လင်းသည် အနားတိုးဝင်လာရင်း နောက်ဆုတ်နေသော ဝတ်စုံဖြူအမျိုးသမီးထံ လက်သီးတစ်လုံး ပစ်သွင်းလိုက်လေ၏။
***