← Chapters

လှည့်ဖြားခြင်း

Vol. 100 Ch. 1379

လှည့်ဖြားခြင်း

Vol. 100 Ch. 1379

တခြားကျင့်ကြံခြင်းဂြိုဟ်မှ နတ်ဆိုးကင်းမြှီးကောက်ကလန်သည်လည်း ထိုအရေးအခင်းကို သတိပြုမိသွားကာ ကျင့်ကြံသူအမြောက်အများ ပျံသန်းထွက်လာကြ၏။

သို့ရာတွင် ဝတ်စုံဖြူအမျိုးသမီးသည် သူမနှင့် သူမနောက်လိုက်လာသော အလင်းအရိပ်ကြီးသာ ရှိသည်ဟု ခံစားမိရ၏။ လက်သီးချက်ကြီးကလည်း နီးကပ်လာပေပြီ။ မည်သူကမျှ ထိုလက်သီးချက်ကို မဟန့်တားနိုင်ပုံ ရသည်။

ထိုကဲ့သို့ ကျဉ်းတည်းကျပ်တည်းအခိုက်တွင် သူမသည် နို့နှစ်ဖြူရောင်အော်ရာကို ပိုမို ထုတ်လွှတ်၏။ လက်သီးချက် ရောက်ရှိလာချိန်တွင် နို့နှစ်ဖြူရောင်အော်ရာသည် သူမ၏မျက်ခုံးနှစ်ခုကြားသို့ တရကြမ်း တိုးဝင်၏။ သူမ၏မျက်ခုံးနှစ်ခုကြားတွင် အမှတ်အသားတစ်ခု ပေါ်ပေါက်လာသည်။

ထိုအမှတ်အသားသည် အနီ၊အဝါ၊အပြာရောင် အလင်းသုံးလိုင်း ပါရှိ၏။ ၎င်း ပေါ်လာသည်နှင့် သူမ မေ့ပစ်ထားသော မှတ်ဉာဏ်တစ်ခုသည် သူမ၏စိတ်အတွင်းသို့ တဖျပ်ဖျပ် ဖြစ်ပေါ်သည်။

ထိုမှတ်ဉာဏ်ထဲ၌ သူမသည် မြေပြင်ထက်တွင် ထိုင်နေကာ မြစ်ကလန်၏ သူတော်စင်မအဖြစ် ရွေးချယ်ခံရသည်။ ထိုရာထူးကို လက်ခံသည့်နေ့တွင် သူမရှေ့၌ ကျောက်စိမ်းကဲ့သို့လက်တစ်ဖက် ပေါ်လာခဲ့၏။ ထိုလက်သည် နွေးထွေးကာ သူမ၏ နှဖူးကို ထိမိချိန်တွင် ၎င်းလက်က သူမ၏ကလန်အမှတ်အသားကို ပယ်ဖျက်ပစ်လိုက်သည်။

“ဒီနေ့ကစပြီး နင်ဟာ ငါ့ကိုယ်ပွားတွေထဲက တစ်ယောက် ဖြစ်လာလိမ့်မယ်။ နင့်ရဲ့ ခန္ဓာကိုယ်ကို အသုံးပြုပြီး ငါ့ကိုယ်ပွားတစ်ယောက်အနေနဲ့ ငါ့ကုသမှုကို ကူညီပေးရမယ်။ နင်က ငါ့ အပူဇော်ခံမီးတောက်တပည့်လည်း ဖြစ်လာရလိမ့်မယ်…”

ထိုမှတ်ဉာဏ်သည် သူမ၏စိတ်ထဲတွင် တဖျပ်ဖျပ် ပေါ်၏။ သို့သော် အခုချိန်တွင် သူမ အများကြီးတွေးနေဖို့ အချိန်မရှိပေ။ ထိုအမှတ်အသား ပေါ်လာသည်နှင့် နို့နှစ်ဖြူရောင်အော်ရာသည် ဝဲကတော့တစ်ခုအသွင် ဖြစ်တည်သည်။ ထိုဝဲကတော့တွင် ဝမ်လင်း၏လက်သီးချက်ကို တွန်းလှန်သည်။

တုန်ဟည်းသံများ မြည်ဟိန်း၏။ ဟင်းလင်းပြင်ကိုယ်တိုင် တုန်ခါလာသည်။ ဝတ်စုံဖြူအမျိုးသမီးသည် သွေးအန်လိုက်ရပြီး အဝေးသို့ လွင့်ထွက်သွား၏။ သူမ လွင့်ထွက်သွားနေရင်း နို့နှစ်ဖြူရောင်အော်ရာတစ်ခုသည် သူမကို ဝန်းရံပေးကာ အရံအတားအားလုံးကို ချိုးဖျက်စေပြီး လောကနှင့်တစ်သားတည်း ပေါင်းစပ်သွားစေသည်။

ဝမ်လင်း၏ညာလက်မှာ ထုံထိုင်းသွားသည်။ သူ့မျက်လုံးထံမှ ထူးဆန်းသောအလင်းတစ်ခု ပေါ်လာသည်။ ထိုဝတ်စုံဖြူအမျိုးသမီး ပျောက်ကွယ်သွားသည်နှင့် သူလည်း ခြေတစ်လှမ်းလှမ်းကာ ပျောက်ကွယ်သွားတော့သည်။

သူ ထွက်သွားသည့်နောက် အလင်းပါ ပျောက်ကွယ်သွားပြီး မရေမတွက်နိုင်သော အလောင်းများသာ သည်နေရာတွင် ကျန်ခဲ့လေ၏။ နောက်ကျမှ ရောက်လာကြသော နတ်ဆိုးကင်းမြှီးကောက်ကလန်ဝင်များအားလုံးသည် ထိုအဖြစ်သနစ်ကြောင့် ကြီးစွာ တုန်လှုပ်မိကုန်သည်။

ရှေးဟောင်းကြယ်အဖွဲ့အစည်း၏ အရှေ့ဘက်ပိုင်းတွင် လှိုင်းဂယက်များ ပေါ်လာလျက် နို့နှစ်ဖြူရောင်အော်ရာ ဝန်းရံထားသော ဝတ်စုံဖြူအမျိုးသမီး လှမ်းထွက်လာသည်။ သူမသည် ဆီကုန်ခါနီး မီးအိမ်တစ်ခုကဲ့သို့ ဖြစ်နေပေပြီ။ သူမပေါ်လာသည့်နောက် အချိန်ဆွဲမနေဘဲ နောက်ဆုံးခြေလှမ်းကို လှမ်းသည်။

“ဒါ နောက်ဆုံးတစ်ခေါက်ပဲ။ ငါ အဲ့နေရာကို ရောက်သွားတာနဲ့ ငါ အသက်ရှင်ပြီ…”

သို့ပေမည့် သူမ ညာခြေထောက်ကို ပင့်မြှောက်လိုက်ချိန်တွင် လောကသည် တုန်ယင်ကာ ဟင်းလင်းပြင်မှာ လှုပ်ခါ၏။ သွေးအလင်းသည် လေဟာနယ်အတွင်းမှ ထိုးထွက်လာကာ သူမထံသို့ တိုးဝင်လာသည်။

ဝတ်စုံဖြူအမျိုးသမီးသည် ပေါ်ထွက်လာသော ဝမ်လင်းကို ကြည့်ပင် မကြည့်ပေ။ သွေးဓား ရောက်ရှိလာချိန်၌ သူမ၏ခန္ဓာကိုယ်မှာ ဝေဝါးသွားခဲ့ပြီး ဖြစ်၏။ ထိုသွေးဓားက မည်မျှ ကြိုးစားပါစေ သူမကို ဒဏ်ရာ ရစေနိုင်တော့မည် မဟုတ်ပေ။

ဝတ်စုံဖြူအမျိုးသမီးသည် ပျောက်ကွယ်ခါနီး ဖြစ်နေရင်း သူမက အေးစက်စက်စကားလုံးများကို ဆိုသည်။ “ငါ နင့်ကို အခုတော့ ခွင့်လွှတ်ပေးလိုက်ဦးမယ်။ ဒါပေမဲ့ နောက်တစ်ကြိမ်ကျရင်တော့ နင် သေချာပေါက် သေစေရမယ်။ နင့် နတ်ဘုရားစွမ်းအားကို လုံလုံခြုံခြုံထားထားပါ။ ငါတို့နှစ်ယောက် ထပ်တွေ့ရဖို့ သိပ်ကြာမှာ မဟုတ်ဘူး…”

သို့ရာတွင် သူမစကားများကို ပြန်ဖြေလိုက်သည်က ဝမ်လင်း၏ အေးစက်စက်အသံတစ်ခုပင်။

ရပ်တန့်ခြင်း။

သူ ထိုသို့ ပြောလိုက်သည့်နောက် လောကသည် လှုပ်ရှားမှုကနေ ရပ်တန့််သွား၏။ ဝေဝါးနေသော အမျိုးသမီးမှာလည်း ရပ်တန့်သွားရသည်။ သူမ၏မျက်လုံးထဲရှိ အေးစက်မှုပင် ထိုအတိုင်း ရှိလို့နေသည်။

လောကရှိ အရာအားလုံး ရပ်တန့်သွား၏။ ထိုကဲ့သို့ ရပ်တန့်သွားစဉ် ဝမ်လင်းသည် ခြေလှမ်းကာ သူ့ညာလက်ကို ထိုဝတ်စုံဖြူအမျိုးသမီးထံ ဆန့်ထုတ်သည်။ သူ့မျက်လုံးထဲရှိ အနှစ်သာရငါးခုမှာ အလျင်အမြန် လှည့်ပတ်ကာ ၎င်းထံမှ အစိတ်အပိုင်းတစ်ခုသည် သူ့ညာလက်အတွင်းသို့ ဝင်ရောက်လာ၏။

ယင်းအတွက်ကြောင့် သူသည် လှိုင်းဂယက်များကို ထွင်းဖောက်ကာ သူမ၏တဝတ်တပျက် ဝေဝါးနေသော ခန္ဓာကိုယ်ကို ဖမ်းဆုပ်လိုက်နိုင်သည်။ ထို့နောက် သူသည် လေဟာနယ်အတွင်းမှ သူမကို ဆွဲထုတ်ယူလိုက်သည်။

“ငါ မင်းကို ပြောပြီးပြီး မင်း မလွတ်နိုင်ဘူးလို့…” ထိုဝတ်စုံဖြူအမျိုးသမီးကို ဆုပ်ကိုင်ထားလျက် ရပ်တန့်ခြင်းမန္တာန်အစွမ်းမှာ ပြေလျော့ပျောက်ကွယ်သည်။ ထိုအမျိုးသမီး၏ခန္ဓာကိုယ်မှာ ဝေဝါးနေရာကနေ အကောင်အထည်ပေါ်လာ၏။ သူမ၏မျက်လုံးထဲတွင် မယုံကြည်နိုင်မှုနှင့် အလွန်အမင်းကြောက်လန့်မှုတို့ ပြည့်နှက်လေသည်။

ဝမ်လင်းကား ပုံမှန်အရွယ်အစားတိုင်း ပြန်ဖြစ်သွားပေပြီ။ သူ့ညာလက်ဖြင့် ထိုအမျိုးသမီးကို ဆုပ်ကိုင်ထားသည်။ သူ့ဘယ်လက်ကို ပင့်မြှောက်ကာ သူမ၏စိတ်ဝိညာဉ်ကို ရှာဖွေ၏။သို့သော် နို့နှစ်ဖြူရောင်အော်ရာသည် တရကြမ်း ထွက်လာသည်။ ၎င်းက ဝမ်လင်းကို တိုက်ခိုက်ခြင်း မဟုတ်ပေ။ ထိုအမျိုးသမီးကို ဖျက်စီးပစ်လိုက်ခြင်းပင်။

သူမ၏စိတ်ဝိညာဉ်ကို ရှာဖွေနိုင်ခြင်း မရှိသည့်အခါ ဝမ်လင်းက သူမ၏စိတ်ဝိညာဉ်ကို လက်လွှတ်ဖို့ ပို၍ အင်တင်တင် ဖြစ်သွား၏။ နို့နှစ်ဖြူရောင်အော်ရာက သူမကို ဖျက်စီးပစ်ခါနီးတွင် သွေးအလင်း ဖျပ်ခနဲ လင်းလက်ကာ သွေးဓားသည် ထိုအမျိုးသမီးကို ထွင်းဖောက်သွားသည်။ သူက နို့နှစ်ဖြူရောင်အော်ရာ မလုပ်ဆောင်နိုင်ခင်မှာပင် သူမ၏မူလစိတ်ဝိညာဉ်ကို ဖျက်စီးပစ်လိုက်ခြင်းပင်။

ယင်းက ပြန်လည်မွေးဖွားခြင်းစက်ဝန်းထံမှ စိတ်ဝိညာဉ်ကို လုယူခြင်းပင်။ အပြာရောင်ကိုယ်လုပ်တော်ထံမှ အပူဇော်ခံမီးတောက်များကို လုယူခြင်းဆိုလည်း ဟုတ်သည်။

ထိုအမျိုးသမီးသည် နောက်ဆုံးအကြိမ် တုန်ယင်ပြီးနောက် လုံးဝ သေဆုံးသွားတော့သည်။ ယင်းအမျိုးသမီး၏ စိတ်ဝိညာဉ်သည် ဝမ်လင်း၏ လေနှင့်မိုးလောကတွင် ပေါ်လာ၏။ သူမ၏စိတ်ဝိညာဉ်ထံမှ အားကောင်းသော အပူဇော်ခံမီးတောက်တစ်ခု ထွက်ပေါ်နေကာ ဝမ်လင်း၏ စုပ်ယူခြင်း ခံလိုက်ရသည်။

ထိုအမျိုးသမီး သေဆုံးသွားသည့်နောက်တွင် သူမ၏အသွေးအသားသည် သွေးကန်အဖြစ် အရည်ပျော်ကျသွား၏။ သို့ပေမည့် ရွှေရောင်အမျှင်တန်းတစ်ခုသည် ထိုအသွေးအသားပုံမှ ပျံသန်းထွက်လာပြီး လေဟာနယ်အတွင်း တိုးဝင်သွားသည်။

ထိုရွှေရောင်အမျှင်တန်းသည် အပြာရောင်ကိုယ်လုပ်တော်၏ ကိုယ်ပွားအဖြစ် သန့်စင်မွန်းမံနေခြင်းကြောင့် ဖြစ်ပေါ်လာခဲ့သောအရာပင်။ ခုချိန်တွင် ထိုဝတ်စုံဖြူအမျိုးသမီး (ဝါ) အပြာရောင်ကိုယ်လုပ်တော်၏ကိုယ်ပွား သေဆုံးသွားခဲ့ပြီ ဖြစ်သည့်အတွက် ယင်းရွှေရောင်အမျှင်တန်းသည် လေဟာနယ်ကို ချိုးဖျက်ကာ အပြာရောင်ကိုယ်လုပ်တော်ထံ ပြန်ရောက်ရန် ဟန်ပြင်သည်။

ဝမ်လင်းက သူ့ခေါင်းကို ရုတ်တရက် မော့ကာ သွေးဓားဖြင့် ထိုရွှေရောင်အမျှင်တန်းထံ ဝေ့ယမ်းလိုက်၏။ သို့ရာတွင် မဖျက်စီးနိုင်သောသွေးဓားက ထိုအမျှင်တန်းကို ဖြတ်ကျော်သွားသော်လည်း ၎င်းအမျှင်တန်းကို တစ်စက်လေးပင် ထိခိုက်သွားအောင် မလုပ်နိုင်ပေ။

ရွှေရောင်အမျှင်တန်းသည် ဤလောကမှ မပိုင်ဆိုင်သည့် အရာတစ်ခု ဖြစ်ဟန်ရ၏။ ၎င်းသည် အကောင်အထည်ပုံစံ မရှိသလို ရတနာလက်နက်များဖြင့်လည်း ၎င်းကို ထိခိုက်အောင် မလုပ်နိုင်ပေ။ ရွှေရောင်အမျှင်တန်းက ပိုဝေးသောနေရာသို့ ပျံသန်းသွားကာ ပျောက်ကွယ်သွားတော့ပေမည်။

ထိုအခိုက်၌ ဝမ်လင်း၏စိတ်သည် တုန်ယင်၏။ သူ့သိုလှောင်နေရာလွတ်မှာ သူ့ဆန္ဒမပါဘဲ ပွင့်ဟလာ၏။ ထို့နောက် အမျိုးသမီးတစ်ယောက် လှမ်းထွက်လာသည်။ ထိုအမျိုးသမီးသည် ငွေ‌ရောင်ဝတ်စုံကို ဝတ်ဆင်ထား၏။ သူမမှာ ငွေရောင်အလောင်းကောင်ပင်။

သူမက သိုလှောင်နေရာလွတ်ထဲမှ လှမ်းထွက်လာပြီး ရွှေရောင်အမျှင်တန်းကို စိတ်ရှုပ်ထွေးစွာ ကြည့်၏။ ထိုရွှေရောင်အမျှင်တန်း လေဟာနယ်ကို ချိုးဖျက်ကာ ပျောက်ကွယ်သွားတော့မည်ကို ကြည့်ကာ သူမသည် လက်မြှောက်ကာ ညင်သာစွာ ဆန့်ထုတ်လိုက်၏။

ဟင်းလင်းပြင်သည် တုန်ခါကာ အချိန်သည် ပြောင်းပြန်စီးဆင်းသွားသလား ထင်မှတ်ရ၏။ ပျောက်ကွယ်နေသော ရွှေရောင်အမျှင်တန်းက တဖန် ပြန်ပေါ်လာ၏။ ၎င်းက ဆက်တိုက်ရုန်းကန်နေသော်လည်း အချည်းနှီးသာ၊ ၎င်းသည် ငွေရောင်အမျိုးသမီး၏ ဖမ်းယူခြင်း ခံလိုက်ရပေသည်။

ရွှေရောင်အမျှင်တန်းက ထိုငွေရောင်အမျိုးသမီး၏လက်အတွင်း ကျရောက်သွားသည်နှင့် ၎င်းက အပြင်းအထန် တုန်ယင်ပြီး မရုန်းကန်ဝံ့တော့ချေ။ ငွေရောင်အမျိုးသမီးက ဒီရွှေရောင်အမျှင်တန်းကို အချိန်အကြာကြီး ကြည့်နေ၏။ သူမ၏မျက်လုံးထဲတွင် စိတ်ရှုပ်ထွေးမှု ရှိလို့နေဆဲ။ သူမက ၎င်းကို ညင်သာစွာ ညှစ်ချေလိုက်၏။

ထိုအခါ ရွှေရောင်အမျှင်တန်းသည် ရွှေရောင်မြူလွှာတစ်ခုအဖြစ် ပြိုပျက်ကာ သူမ၏ ဒွာရပေါက်များအတွင်းသို့ ဝင်ရောက်သွားတော့၏။

ဝမ်လင်းသည် သူ့ရှေ့ရှိ ဖြစ်ပျက်သမျှကို ကြည့်နေသည်။ သူက ငွေရောင်အမျိုးသမီး၏ နောက်ခံပုံရိပ်နှင့် ပတ်သတ်၍ စဉ်းစားနေခဲ့မိသည်မှာ ကြာပေပြီ။ သို့သော် သူသည် သူမ မည်သူမည်ဝါမှန်း သိနိုင်ရန်အတွက် သူ သိထားသည့် သဲလွန်စမှာ နည်းပါးလွန်းလှ၏။

သို့ပေမည့် တာအိုပညာရှင်ရေက သူမကို တွေ့မြင်ခဲ့ရချိန်က တုန်လှုပ်၊ကြောက်လန့်သွားသည်ကို ထောက်၍ ဝမ်လင်းသည် ထိုငွေရောင်အမျိုးသမီးအလောင်း၏ နောက်ခံမှာ မရိုးရှင်းမှန်း သဘောပေါက်သည်။

“ဒီလိုလူမျိုးက ဘယ်လိုလုပ် ကျင့်ကြံခြင်းမဟာမိတ်ရဲ့ သန့်စင်ခြင်းခံထားရတဲ့ အလောင်းကောင် ဖြစ်လာခဲ့ရတာလဲ။ ကျင့်ကြံခြင်းမဟာမိတ်ကကော သူမရဲ့ခန္ဓာကိုယ်ကို ဘယ်လိုများ ရရှိခဲ့တာလဲ…”

ဝမ်လင်းသည် သူနှင့် ရင်းနှီးသော ထိုငွေရောင်အမျိုးသမီးအလောင်းကို ကြည့်၏။ သူမ၏မျက်လုံးထဲတွင်မူ စိတ်ရှုပ်ထွေးမှု ရှိနေဆဲဖြစ်ကာ သူမသည် အကွာအဝေးတစ်ခုရှိ ငေးကြည့်နေသည်။ မည်သူကမျှ သူမ ဘာတွေးနေသည်ကို သိနိုင်မည် မဟုတ်ပါ။

အချိန်အတန်ကြာပြီးနောက် ဝမ်လင်းက တည်ငြိမ်စွာ မေးလိုက်၏။ “နင် ဘယ်သူလဲဆိုတာ ပြန်မှတ်မိလာပြီလား…”

ငွေရောင်အမျိုးသမီးက ငြိမ်သက်စွာ စဉ်းစားနေ၏။ သူမက ဝမ်လင်းကို နောက်ပြန်လှမ်းကြည့်လိုက်သည်။ သူမ၏မျက်လုံးထဲရှိ စိတ်ရှုပ်ထွေးမှုသည် ပိုအားကောင်းလာသည်။ သူမသည် ညင်သာစွာ ခေါင်းယမ်းလိုက်၏။

“ဒီရွှေရောင်အမျှင်တန်းထဲက အော်ရာဟာ ငါ့အတွက် အလွန်ရင်းနှီးတယ်လို့ ခံစားမိခဲ့ရုံပါပဲ…”

ဝမ်လင်း၏မျက်လုံးသည် ထိုအမျိုးသမီးကို သေချာစူးစမ်းကြည့်လျက် တောက်ပသွား၏။ ရုတ်တရက် သူက ပြောလိုက်သည်။ “နင်က ရှေးဟောင်းအင်ပါယာကိုယ်လုပ်တော်ရှစ်ယောင်ထဲက တစ်ယောက်များ ဖြစ်နေမလား…”

သူက ထိုသို့ ပြောလိုက်ရင်း ထိုအမျိုးသမီး၏ မျက်လုံးထံ စိုက်ကြည့်နေသည်။

ထိုစကားများကို ကြားလိုက်ရသည့်နောက် သူမ၏မျက်လုံးထဲမှ စိတ်ရှုပ်ထွေးမှုသည် ပိုအားကောင်းလာသည်။ သူမက ခပ်တိုးတိုး ပြောလိုက်သည်။ “မမှတ်မိဘူး။ ငါ နိုးထလာကတည်းက ငါဟာ မမှတ်မိနိုင်တော့ဘူး…”

သူမ၏အမူအရာတွင် နာကျင်ဟန် ဖြစ်ပေါ်နေ၏။ သူမသည် ခေါင်းယမ်းကာ သိုလှောင်နေရာလွတ်ထံ ပြန်ဦးတည်လာတော့သည်။ ဝမ်လင်း၏ သိုလှောင်နေရာလွတ်မှာ သူမ တိတ်ဆိတ်စွာ ကျင့်ကြံနိုင်ပြီး သူမအကြောင်းကို မတွေးမိစေသော နေရာတစ်ခု ဖြစ်နေသည့်အလား။

သို့ပေမည့် သူမ သိုလှောင်နေရာလွတ်ထဲ ဝင်ရောက်ခါနီးတွင် သူမသည် ရပ်တန့်သွားသည်။ သူမ၏ စိတ်ရှုပ်ထွေးနေသော မျက်ဝန်းထဲတွင် ကြည်လင်မှု ဖျပ်ခနဲ ပေါ်သွား၏။ သူမသည် ချီတုံချတုံ ဖြစ်နေပြီးနောက် ဝမ်လင်းထံ ပြန်လှည့်သည်။

“ငါ တော်တော်များများကို မမှတ်နိုင်တော့ပေမယ့်လည်း တစ်ခုခုကိုတော့ ခပ်ရေးရေး မှတ်မိနေတယ်။ ငါ နင့်ရဲ့ ခန္ဓာကိုယ်ထဲမှာ အပူဇော်ခံမီးတောက်အချို့ ရှိနေတာကို မြင်ရတယ်။ ဒီအပူဇော်ခံမီးတောက်ဟာ အဆိပ်တစ်မျိုးပဲတော့ ငါ ဝိုးဝဝါး မှတ်မိတယ်။ ဒိအဆိပ်ဟာ ကောင်းကင်ဘုံ…လှည့်ဖြားခြင်း အဆိပ် ဖြစ်တယ်။ ငါ ဒီအဆိပ်ကြောင့် အရာရာကို ဆုံးရှုံးခဲ့ရတာ ထင်တယ်…”

ထို့နောက် ယင်းငွေရောင်အမျိုးသမီး ဝင်ရောက်သွားပြီးနောက် သိုလှောင်နေရာလွတ်အက်ကြောင်းသည် ပြန်ကျုံ့သွားကာ ပျောက်ကွယ်သွားတော့သည်။

သို့ရာတွင် သူမ၏စကားလုံးများကမူ ဝမ်လင်းစိတ်ကို လှိုင်းထန်သွားစေသည်။ သူ့မျက်လုံးသည် တောက်ပ၏။ ချိပ်ပိတ်နယ်မြေအရှင်သခင်၊ တာအိုပညာရှင်ရေ၊ တာအိုသခင်အိပ်မက်ပြာ တို့ထံမှ သူ သိရှိခဲ့သည်မှာ အပူဇော်ခံမီးတောက်သည် တတိယအဆင့်သို့ ရောက်ဖို့ သော့ချက်၊ သူ့အနှစ်သာရများကို အားဖြည့်ပေးနိုင်သည့် သော့ချက် ဖြစ်သည်ဟူ၍ပင်။

ဝမ်လင်းကိုယ်တိုင်လည်း ထိုအချက်ကို တဖြည်းဖြည်း လက်ခံလာခဲ့၏။ သို့သော် ခုချိန်တွင်မူ ငွေရောင်အမျိုးသမီးထံမှ ကြားလိုက်ရသော စကားများကမူ လုံးဝဆန့်ကျင်ဘက် ဖြစ်လို့နေ၏။

အချို့အမည်မသိအကြောင်းရင်းများကြောင့် ဝမ်လင်းသည် စိမ့်ခနဲ ခံစားလိုက်ရ၏။ သူသည် ကောင်းကင်ထက်သို့ မော့ကြည့်ကာ စတင်စဉ်းစားလေ၏။

“အဆိပ်…လှည့်ဖြားခြင်း…”

အနည်းငယ်စဉ်းစားပြီးနောက် ဝမ်လင်းသည် လောကနှင့်တစ်သားတည်း ပေါင်းစပ်လိုက်ပြန်၏။

“ဝတ်စုံဖြူအမျိုးသမီးကတော့ သေသွားခဲ့ပြီး ငါ့လေနဲ့မိုးလောကရဲ့ စိတ်ဝိညာဉ် ဖြစ်လာခဲ့ပြီ။ အခုချိန်မှာ ငါ အာရုံစိုက်ရမယ့်လူ မရှိသင့်တော့ဘူး။ ဒါဆို ငါ ငါ့အနှစ်သာရတွေကို ပြီးပြည့်စုံစေဖို့ လမ်းကြောင်းတစ်ခု ရှိလာရလိမ့်မယ်…”

ဝမ်လင်းသည် လောကနှင့်တစ်သားတည်း ပေါင်းစပ်ကာ သူ့နတ်ဘုရားအာရုံကို ဖြန့်ကျက်လိုက်၏။

“ငါ ဝါးမြိုပစ်ခဲ့တဲ့ ဒီပြင်ပနယ်မြေက ကျင့်ကြံသူတွေရဲ့ မှတ်ဉာဏ်တွေအရဆိုရင် ပြန့်ကြဲမိုးကြိုးကလန်မှာ တတိယအဆင့်ကျင့်ကြံသူတစ်ယောက်မှ ရှိမနေဘူး။ အဲ့ကလန်မှာ အချိန်စတင်ကတည်းက တည်ရှိခဲ့တဲ့ လျှပ်စီးတန်းတစ်ခုပဲ ရှိနေတယ်။ ဒီဟာက ပြန့်ကြဲမိုးကြိုးကလန်ရဲ့ တော်ဝင်ပစ္စည်းတစ်ခုပဲ။ ဒီကလန်ကို မိုးကြိုးအပေါ် ထိန်းချုပ်စေနိုင်တဲ့ ရင်းမြစ်ဆိုလည်း ဟုတ်တယ်..."

“ငါသာ ဒီမိုးကြိုးကို ဝါးမြိုနိုင်ခဲ့ရင် ငါ့မိုးကြိုးအနှစ်သာရဟာ ကြီးထွားတိုးတက်လာနိုင်လိမ့်မယ်။ အပူဇော်ခံမီးတောက်နဲ့ ပတ်သတ်လို့ကတော့…။ အဆုံးသပ်ကြရင် ဘယ်သူဟာ အမှန်ကို ပြောတဲ့သူ ဖြစ်မလဲ…”

ဝမ်လင်းသည် လေဟာနယ်ကွေးညွတ်ခြင်းကို အသုံးပြုကာ သည်တစိမ်းကြယ်နယ်မြေတွင် ပေါ်လာလေ၏။ သူ့မျက်လုံးထဲတွင် အေးစက်မှု ဖျပ်ခနဲ ပေါ်သည်။

“မှန်တာပဲ ဖြစ်ဖြစ်၊ မှားတာပဲဖြစ်ဖြစ် ငါ သေချာ သတိထားသင့်တယ်။ ငါဟာ ငါ့ကျင့်ကြံမှုမှာ ဘယ်တုန်းကမှ ဘာအပူဇော်ခံမီးတောက်ကိုမှ မမှီခိုခဲ့ဖူးဘူး။ ငါက ငါ့ကိုယ်ပိုင်တာအိုကို နားလည်ဆင်ခြင်ခဲ့ပြီး ငါ့အနှစ်သာရကိုတောင် ဒီအပူဇော်ခံမီးတောက်လို့ ခေါ်တဲ့ဟာအပေါ် မှီခိုခြင်းမရှိဘဲ ငါ့ဘာသာ ဖန်တီးခဲ့တာ…”

ဝမ်လင်းသည် လောကနှင့်တစ်သားတည်း ထပ်မံ ပေါင်းစပ်၏။ သူသည် ပြန့်ကြဲမိုးကြိုးကလန် ရှိရာသို့ ဦးတည်နေခြင်းပင်။

***

All Chapters