ခန္ဓာပိုင်စိုးခြင်း
Vol. 100 Ch. 1380
သည်ရှေးဟောင်းကြယ်အဖွဲ့အစည်း၏ ကျယ်ပြောသောဟင်းလင်းပြင်ကြားတွင် မိုးကြိုးများနှင့် ပြည့်နှက်နေသော ကြယ်နယ်မြေတစ်ခု ရှိလေသည်။ ထိုနေရာမှာ ကျော်ကြားသောပြန့်ကြဲမိုးကြိုးကလန် တည်ရှိရာ နေရာပင်။
အဝေးမှ ကြည့်ပါက ပြန့်ကြဲမိုးကြိုးကလန်၏ ကြယ်နယ်မြေသည် ဧရာမမိုးကြိုးကန်ကြီးတစ်ခုနှင့် ဆင်တူသည်။ အဝေးကပင် လူတစ်ယောက်သည် ထာဝရမိုးကြိုးများ၏ မိုးကြိုးတုန်ဟည်းသံများကို ကြားရနိုင်ပေသည်။
တုန်ဟည်းသံများသည် ရုန့်ရင်းကြမ်းတမ်းလှ၏။ သားရဲများအားလုံးမှာ ထိုဧရိယာကို ရှောင်ကွင်းလေ့ ရှိသည်။ တစ်စုံတစ်ယောက်သည် ပြန့်ကြဲမိုးကြိုးကလန်၏ တုန်ကင်မပါဘဲ အနားတိုးလာပါက ချက်ခြင်း တိုက်ခိုက်ခြင်း ခံရမည် ဖြစ်၏။
မိုးကြိုးတန်းသန်းချီ တစ်ပြိုင်နက်တည်း တိုက်ခိုက်မှုုက တုန်လှုပ်ဖွယ်ရာစွမ်းအား မဟုတ်လား။ ထိုအချက်ကြောင့် ပြန့်ကြဲမိုးကြိုးကလန်သည် တတိယအဆင့်ကျင့်ကြံသူတစ်ယောက် မရှိပါဘဲ ဒီရှေးဟောင်းကြယ်အဖွဲ့အစည်း၌ ကလန်ကြီးများထဲမှ တစ်ခုအပါအဝင် ဖြစ်နေခြင်းပင်။
အလားတူပင် ပြန့်ကြဲမိုးကြိုးကလန်၌ တောက်ပသောအတိတ်ရက်များလည်း ရှိ၏။ ဟိုးလွန်ခဲ့သောနှစ်ပေါင်းမရေမတွက်နိုင်သောအချိန်က သူတို့သည် ချိပ်ပိတ်နယ်မြေအစီအရင်၏ ရတနာတစ်ခုကို နေရာချသော ကလန်များထဲမှ တစ်ခုပါ ဖြစ်ခဲ့၏။
ပြန့်ကြဲမိုးကြိုးကလန်၌ ထာဝရမိုးကြိုးတန်းတစ်ခု ပိုင်ဆိုင်၏။ ၎င်းသည် အချိန်အစဦးကတည်းက တည်ရှိခဲ့ကာ လေဟာနယ်အတွင်းမှ ထွက်ပေါ်လာခဲ့တာ ဖြစ်သည်။ ၎င်းသည် အတောမသပ်တုန်ဟည်းနေ၏။ ပြန့်ကြဲမိုးကြိးကလန်သည် ထိုမိုးကြိုးတန်းကို ပူဇော်သမှုပြုရန် ထိုနေရာတွင် ကျောင်းဆောင်တစ်ဆောင် တည်ဆောက်ထားကြ၏။
ကျောင်းဆောင်၏ တည်နေရာသည် ပြန့်ကြဲမိုးကြိုးကလန်၏ တော်ဝင်ကုန်းမြေ ဖြစ်ကာ အစောင့်အကြပ်များလည်း ထူထပ်စွာချထား၏။ ထို့အတွက် သာမန်လူများ အနားရောက်လို့ဖို့မှာ အလွန်တရာ ခက်ခဲပေမည်။ ထိုနေရာတွင် ကလန်၏အကြီးအကဲများလည်း အမြဲတစေ ရှိနေသည်။ သူတို့ထဲ၌ တတိယအဆင့်ကျင့်ကြံသူ မပါဝင်သော်လည်း ပဥ္စမအဆင့်ကောင်းကင်ဘုံဒုက္ခကျင့်ကြံသူတစ်ယောက် ရှိ၏။ ထိုသူသည် တတိယအဆင့်ကျင့်ကြံသူများအောက်တွင် အသန်မာဆုံး ဖြစ်သည်။
ဝမ်လင်းအတွက်မူ ပြန့်ကြဲမိုးကြိုးကလန်မှာ သံမဏိနရံတစ်ခုနှင့် အလားသဏ္ဌာန်တူ၏။ ထိုနေရာတွင် အစွမ်းထက်ကျင့်ကြံသူများစွာ ရှိနေသည် မဟုတ်လား။
ပြန့်ကြဲမိုးကြိုးကလန်ဝင်တိုင်းသည် မိုးကြိုးတာအိုကို ကျင့်ကြံကြ၏။ သူတို့သည် မိုးကြိုးအမျိုးအစားခြောက်ခု ရှိသည်ဟု ယုံကြည်ထားကြ၏။ သူတို့သာ ထိုခြောက်မျိုးလုံးကို ကျင့်ကြံနိုင်ခဲ့ပါက လောကကို ထက်ပိုင်းခွဲကာ ရှေးဟောင်းမိုးကြိုး၏ အစစ်အမှတ်အဓိပ္ပာယ်ကို အမွေဆက်ခံနိုင်ပေလိမ့်မည်သာ။ ထို့နောက် သူတို့သည် မိုးကြိုး၏ဇစ်မြစ်ကို ရရှိလာပြီး တတိယအဆင့်သို့ တက်လှမ်းနိုင်မည် ဟူ၏။
သို့ပေမည့် ရှေးဟောင်းအချိန်များကတည်းက တတိယအဆင့်သို့ ဝင်ရောက်နိုင်သည့်သူမှာ အလွန်တရာ နည်းပါးလှ၏။ ပြန့်ကြဲမိုးကြိုးကလန် တည်ရှိခဲ့သော နှစ်ပေါင်းမရေမတွက်နိုင်သော ကာလလွန်လာခဲ့သည်တောင်မှ သူတို့၏ အတိတ်တုန်းက တောက်ပသောနေ့ရက်များ၌ တတိယအဆင့်ကျင့်ကြံသူတစ်ယောက်သာ ရှိခဲ့ဖူးပေသည်။
သို့သော်လည်း တတိယအဆင့်ကျင့်ကြံသူတစ်ယောက် မရှိပါဘဲဖြင့်တောင် ပြန့်ကြဲမိုးကြိုးကလန်သို့ ချိုးဖောက်ဝင်ရောက်ဖို့မှာ ကောင်းကင်ဘုံကို တက်သည်ထက် ခက်ခဲပေလိမ့်မည်။
ဝမ်လင်းသည် ပြန့်ကြဲမိုးကြိုးကလန်၏ ကြယ်နယ်မြေရှေ့တွင် မားမားရပ်နေ၏။ သူ့ရှေ့တွင် တလက်လက် တဖျပ်ဖျပ် တဝုန်းဝုန်း မိုးကြိုးတို့ ရှိနှင့်၏။ယင်းသည် မိုးကြိုးတန်းများစွာနှင့် မိုးကြိုးကန်တစ်ခုအသွင် ဆောင်သည်။ ၎င်းမိုးကြိုးတန်းများသည် ငွေရောင်မြွေများ ကခုန်နေသည့်အလား။
အကြည့်တစ်ချက်ဖြင့်ပင် ၎င်းမိုးကြိုးများသည် ကျင့်ကြံသူအများစု၏ စိတ်နှလုံးကို လှုပ်ခါစေနိုင်ကာ ရှေ့သို့ တစ်လှမ်းပင် မတိုးဝံ့အောင် ဖြစ်စေပေလိမ့်မည်။ သည်နေရာမှာ ဝမ်လင်း အလုံးစုံကောင်းကင်နှင့် တွေ့ကြုံခဲ့ရသော မိုးကြိုးကန်ထက် အဆများစွာ ပိုအားကောင်း၏။
သူ အနားမရောက်ခင်မှာပင် သူက သံလိုက်ဓာတ်အားတစ်ခု၏ ဆွဲငင်ခြင်းခံရသည့်အတွက် သူ့ခန္ဓာကိုယ်ပေါ်မှ အမွှေးအမျှင်များ ထောင်မတ်သည်ကို ရှင်းလင်းစွာ ခံစားမိသည်။ မိုးကြိုးကန်၏ အပြင်ဘက် ဟင်းလင်းပြင်သည်ပင် မိုးကြိုးစွမ်းအားနှင့် ပြည့်နှက်နေကာ တခါတရံ မိုးကြိုးတို့ ပေါက်ကွဲလေ့ ရှိသည်။
ဝမ်လင်း အလုံးစုံကောင်းကင်ကြယ်အဖွဲ့အစည်းတွင် ရှိခဲ့စဉ်အချိန် အတိတ်ကာလတုန်းကသာ ဆိုပါက သူသည် ရှေးဟောင်းမိုးကြိုးနဂါး၏ ခန္ဓာကိုယ်တစ်ဝက်ကို ဝါးမြိုခဲ့ပြီး ရှေးဟောင်းမိုးကြိုးနဂါးမူလစိတ်ဝိညာဉ်ကို ပိုင်ဆိုင်ခဲ့လျှင်တောင် သူ့အတွက် သည်နေရာသို့ ဝင်ရောက်နိုင်ရန်မှာ ခက်ခဲလွန်းပေမည်။ သူသည် နောက်ပြန်ဆုတ်ရနိုင်၏။ သို့မဟုတ်ပါက ပြန့်ကြဲမိုးကြိုးကလန် သူ့ကို ဘာမှ မလုပ်ခင်မှာပင် သူသည် ဤမိုးကြိုးတို့ကြောင့် သေဆုံးသွားရနိုင်သည်။
သို့ရာတွင် ပြန့်ကြဲမိုးကြိုးကလန်ရုပ်တုထံမှ မိုးကြိုးစွမ်းအားကို စုပ်ယူပြီးသည့်နောက်၊ တာအိုသစ်သီးကို ဝါးမြိုပြီးသည့်နောက် သူ့မိုးကြိုးအနှစ်သာရကို မွေးဖွားပြီးသည့်နောက်တွင်မူ ဝမ်လင်း၏ မိုးကြိုးအပေါ် ထိန်းချုပ်နိုင်စွမ်းမှာ ကြောက်မက်ဖွယ်အဆင့်သို့ ရောက်နေခဲ့ပေပြီ။ သူသည် ရှေ့တည့်တည့်သို့ ငြိမ်သက်စွာ ကြည့်နေ၏။ အချိန်အတန်ကြာပြီးနောက် သူက ပြန့်ကြဲမိုးကြိုးကလန်၏ ကြယ်နယ်မြေအတွင်း ဝင်ရောက်လာခဲ့သည်။
ပြန့်ကြဲမိုးကြိုးကလန်၏ ပိုင်နက်အစပ်တွင် ထွေထွေထူးထူး အစောင့်အကြပ်များ ရှိမနေပေ။ ထာဝရမိုးကြိုးသည်ပင် အကောင်းဆုံးအကာအကွယ်ပင် မဟုတ်လား။ ဝမ်လင်းသည် ရှေ့သို့ တဖြည်းဖြည်းချင်း တိုးလာ၏။ သူ ရောက်ရှိလာမှုသည် ပြန့်ကြဲမိုးကြိုးကလန်ထံမှ မည်သည့်အာရုံစိုက်လာမှုကိုမှ မစွဲဆောင်ပေ။
ဝမ်လင်းသည် ခုနစ်မိနစ်ခန့်ဖြင့် ကီလိုမီတာငါးဆယ်လောက်ကို ဖြတ်သန်းလာခဲ့ပေပြီ။ သူ ခြေလှမ်းတိုင်း သူ့ခန္ဓာကိုယ်မှ အမွှေးအမျှင်များ တုန်ယင်ရ၏။ မိုးကြိုးအရိပ်အယောင်များ သူ့ကိုယ်တိုင်း တိုးဝင်ကြသည်။
သူ့စိတ်မှာ ပျော်ရွှင်ခြင်း၊ဝမ်းနည်းခြင်းမရှိဘဲ တည်ငြိမ်နေ၏။ သူသည် ဗလာကင်းမဲ့သောနယ်မြေတစ်ခုအတွင်းသို့ ဝင်ရောက်လာသကဲ့သို့ပင်။ သူ့ရှေ့တွင် ပြန့်ကြဲမိုးကြိုးကလန်ဟူ၍ မရှိ၊ အတိုင်းမသိမိုးကြိုးကန်တစ်ခုသည် ရှိနေသည့်အလား။ ထိုမိုးကြိုးကလန်၏ ဗဟိုချက်တွင် ထာဝရမိုးကြိုး ရှိ၏။
ကီလိုမီတာငါးဆယ်လောက်ကို ဖြတ်သန်းလာပြီးနောက် သူသည် မိုးကြိုးကန်အတွင်း ခြေချလာခဲ့ပြီ။ မိုးကြိးကန်သည် ဟိန်းမြည်လျက် ဝမ်လင်း၏အမြင်တွင် မိုးကြိုးတို့နှင့် ပြည့်နှက်သည်။
မိုးကြိုးတန်းများသည် မိုးကြိုးကန်ကို ဖြတ်၍ ဝမ်လင်းကို ဝန်းရံကြကာ မိုးကြိုးဟိန်းသံတို့ကို ဖန်တီးသည်။ ဝမ်လင်း၏ ဘယ်ခြေထောက်မှာ မိုးကြိုးကန်အတွင်း ရောက်ရှိနေ၏။ သူ့ခန္ဓာကိုယ်တစ်ဝက်မှာလည်း ထိုနည်းတူသာပင်။
မိုးကြိုးတန်းများသည် ငွေရောင်မြွေများစွာအလား သူ့ဘယ်ခြေထောက်ထံ တရကြမ်း တိုးဝင်လျက် ရှိသည်။ ၎င်းတို့သည် သူ့ကို ဝန်းရံကြ၏။ အခြားတစ်ယောက်ယောက်သာ ဖြစ်ပါက သူတို့၏ခန္ဓာကိုယ်သည် ချက်ခြင်း ပေါက်ကွဲကာ မူလစိတ်ဝိညာဉ်သည်ပင် ထိုအံ့မခန်းမိုးကြိုးကို တောင့်မခံနိုင်ဘဲ ကွယ်ပျောက်သွားရနိုင်သည်။
ဝမ်လင်းကမူ မျက်လုံးမှိတ်ထား၏။ သူ့ခန္ဓာကိုယ်မှာ မိုးကြိုးတို့ ဖုံးအုပ်နေသည်။ မိုးကြိုးကန်သည် ဧရာမပါးစပ်ကြီးအလား ဝမ်လင်းကို ဝါးမြိုပစ်နေသလိုပင်။ ထိုအဖြစ်က သူ့ကို အတောမသပ်နိုင်သည့် မိုးကြိုးများဖြင့် ဖုံးအုပ်နေစေသည်။
ဝမ်လင်းသည် သူ့ဘယ်ခြေထောက်ကို မိုးကြိုးကန်အတွင်း လှမ်းထားလျက် မလှုပ်မယှက် ရှိနေ၏။ မိုးကြိုးတုန်ဟည်းသံတို့ကမူ ဆက်တိုက် ပဲ့တင်ထပ်နေသည်။ အချိန် ဖြည်းဖြည်းချင်း ကုန်လာ၏။ မျက်စိတစ်မှိတ်အတွင်း ဆယ့်ငါးမိနစ် ကုန်လွန်သွားခဲ့လေပြီ။
ချက်ခြင်းပင် ဒီမိုးကြိုးကလန်၌ ကြီးမားသောလှိုင်းထန်ကာ ဟိန်းမြည်သံ ပဲ့တင်ထပ်၏။ ဝမ်လင်းသည် ရုတ်တရက် မျက်လုံးဖွင့်လာသည်။ သူ့မျက်လုံးတစ်လုံးအတွင်း၌ မိုးကြိုးအမှတ်အသားတစ်ခု တလက်လက် လင်းလက်နေသည်။ မျက်စိတစ်မှိတ်အတွင်း ယင်းအမှတ်အသားသည် အကြိမ်ရေထောင်ချီ လင်းလက်သွားသည်။
ထိုအမှတ်အသား လင်းလက်သွားတိုင်း မိုးကြိုးတုန်ဟည်းသံသည် ပိုအားကောင်းလာ၏။ သိပ်မကြာခင်တွင် မိုးကြိုးတုန်ဟည်းသံသည် အရာအားလုံးကို အစားထိုးသွားတော့သည်။ ဝမ်လင်းသည် ရှေ့သို့ ခြေတစ်လှမ်း လှမ်းကာ ပြန့်ကြဲမိုးကြိုးကလန်ထဲ ဝင်ရောက်သည်။
သူ ဝင်ရောက်လိုက်ချိန်၌ ပြန့်ကြဲမိုးကြိုးကလန်အတွင်းမှ မိုးကြိုးကန်သည် အပြင်းအထန် ဟိန်းသံပေးကာ မိုးကြိုးမြောက်များစွာ အရူးအမူး ဖြစ်ကုန်၏။
ဝမ်လင်း ဖြည်းဖြည်းချင်း ရှေ့ဆက်သွားသည်။ သူ ရှေ့သို့ ဆက်သွားနေရင်း သူ့ခြေထောက်အော်ကမှ မိုးကြိုးအားလုံးသည် မြူးကြွလာကာ သူ့ခန္ဓာကိုယ်အတွင်းသို့ ဝင်ရောက်လာကြသည်။ ဝမ်လင်းသည် သူ့ညာမျက်လုံးတွင် မိုးကြိုးကို စုဝေးလျက် သူ့မိုးကြိုးအမှတ်အသားကို ပိုထင်ရှားသထက် ထင်ရှားလေစေသော မိုးကြိုးကောင်းကင်ဘုံသားတစ်ယောက်အလား။
သူ ရှေ့သို့ တိုးလာသည်မှာ အချိန်မည်မျှကြာမှန်း မသိပြီးနောက် သူသည် ပြန့်ကြဲမိုးကြိုးကလန်၏ အတွင်းဘက်သို့ ဝင်ရောက်လာခဲ့ပေပြီ။ သည်နေရာရှိ မိုးကြိုးများသည် ပိုပြင်းထန်စွာ မြည်ဟည်းကြ၏။ အရာအားလုံးမှာ မိုးကြိုးဖြင့် ဖုံးလွှမ်းနေသည်။ သည်နေရာတွင် နတ်ဘုရားအာရုံပင် ထွင်းဖောက်နိုင်ခြင်း မရှိဘဲ အမြင်အာရုံကို ပိတ်ပင်ထားသည်။
ဝမ်လင်းက ထိုင်ချလိုက်၏။ သူက စတင်ကျင့်ကြံသည်။ ပိုပိုများပြားသော မိုးကြိုးများ သူ့ခန္ဓာကိုယ်ထဲ၌ စုဝေးလာကြသည်။ မိုးကြိုးသည် အဘက်ဘက်မှ စုဝေး၏။ တုန်ဟည်းသံများက မိုးကြိုးကလန်တစ်ခုလုံးကို တဝီဝီမြည်ဟိန်းလည်ပတ်စေသည်။
ဝမ်လင်း၏အော်ရာသည် တဖြည်းဖြည်း ဖျော့လာကာ နောက်ဆုံးတွင် လုံးဝ ပျောက်ကွယ်သွား၏။ သူသည် နေရာတိုင်ပင် ထိုင်နေလျက် ရှိသော်လည်း တစ်စုံတစ်ယောက်သည် သူ့ရှေ့တွင် ရှိနေလျှင် သူတို့သည် သူ့ကို ထောက်လှမ်းနိုင်စွမ်း ရှိကြလိမ့်မည် မဟုတ်ပါ။
ထိုအခိုက်အတန့်၌ ဝမ်လင်းသည် မိုးကြိုးတန်းတစ်ခု ဖြစ်လာကာ သည်မိုးကြိုးကန်နှင့် ပေါင်းစည်း၏။ ထို့ကြောင့် သူသည် ဤမိုးကြိုးကလန်၏ အစိတ်အပိုင်းတစ်ခု မဟုတ်ဟု မပြောနိုင်တော့ပေ။
အချိန်အတန်ကြာပြီးနောက် မိုးကြိုးအမှတ်အသားတစ်ခုသည် ဝမ်လင်း၏မှိတ်ထားသော ညာမျက်လုံးထံမှ ပျံသန်းထွက်လာ၏။ ၎င်းသည် မြန်လွန်း၏။ ချက်ခြင်း မိုးကြိုးကန်အတွင်း ဝင်ရောက်သွားသည်။ ၎င်းသည် အဝေးသို့ အလျင်အမြန် ကူးခတ်သွားလေသည်။
သည်မိုးကြိုးအမှတ်အသားသည် သာမန်မိုးကြိုးတန်းတစ်ခုနှင့် တူ၏။ သို့သော် ၎င်း ရွှေ့လျားသွားစဉ် မိုးကြိုးကန်ထဲရှိ မိုးကြိုးများသည် လမ်းဖယ်ပေးကာ ၎င်းကို စောင့်ကြပ်ပေးကြသည်။ ထိုအဖြစ်က သည်မိုးကြိုးအမှတ်အသားကို ပိုမြန်ဆန်စွာ ရှေ့ရောက်စေသည်။
အတိုင်းမသိမိုးကြိုးကန်သည် ဧရာမအဝန်းအဝိုင်းကြီးတစ်ခုလိုပင်။ အနက်ဆုံးပိုင်းတွင် မိုးကြိုးများ ရှိမနေ၊ ကျင့်ကြံခြင်းဂြိုဟ်ဆယ့်ခြောက်ခုသာ ရှိသည်။
အဝေးမှ ကြည့်ပါက ထိုကျင့်ကြံခြင်းဂြိုဟ်များသည် မိုးကြိုးတို့နှင့် ပြည့်ဖုံးသည်။
ယင်းဂြိုဟ်များသည် စက်ဝန်းတစ်ခုအသွင် တည်ရှိကြသည်။ ဗဟိုတွင် ပျက်စီးနေသော ကုန်းမြေတစ်ခု ရှိသည်။ ကုန်းမြေ၏ အနားစွန်းများသည် မညီမညာဖြစ်ကာ ကျောက်စကျောက်နများသည် အစွန်းတွင် လွင့်မြောလျက် ရှိကြသည်။
ထိုပျက်စီးနေသောကုန်းမြေသည် လုံးဝနက်မှောင်ကာ မည်သည့်သက်ရှိမှ မရှိပေ။ သို့ရာတွင် ပြန့်ကြဲမိုးကြိုးကလန်ဝင်တိုင်းသည် ထိုကုန်းမြေမှာ သူတို့၏ တော်ဝင်မြေမှန်း သိရှိထားကြသည်။
ထိုကုန်းမြေထက်၌ မိုးထိမြင့်မားသောကျောင်းဆောင်တစ်ခု ရှိနေသည်။ မိုးကြိုးတန်းတစ်ခုသည် လေဟာနယ်အတွင်းကနေ ထွက်ကာ ထိုကျောင်းဆောင်၏ ထိပ်ဖျားကို ထိနေသည်။ ၎င်းသည် နှစ်ပေါင်းမရေမတွက်နိုင်အောင် ကြာလာသော်လည်း ဘယ်တော့မှ ပျောက်ကွယ်သွားခြင်း မရှိပေ။
ထိုမိုးကြိုးတန်းမှာလည်း လုံးဝ နက်မှောင်လျက် ရှိသည်။ သင်သည် အနီးကပ်သေချာ ကြည့်လျှင်တော့ ယင်းမိုးကြိုးတန်းအတွင်း၌ မရောင်မတွက်နိုင်သောအရောင်များ ရှိနေသည်ကို မြင်နိုင်ပေမည်။ ထိုအရောင်များ ပေါင်းစပ်ကာ သည်မိုးကြိုး ဖြစ်ပေါ်နေခြင်းပင်။
ကျင့်ကြံခြင်းဂြိုဟ် ဆယ့်ခြောက်ခုထဲမှ တစ်ခုသည် မြေဝါရောင်ရှိ၏။ ထိုကျင့်ကြံခြင်းဂြိုဟ်ပေါ်တွင် မရေမတွက်နိုင်သောလှိုဏ်ဂူများ ရှိလို့နေသည်။
လှိုဏ်ဂူထောင်သောင်းချီ ရှိကာ အကြီး၊အသေး စုံလှသည်။ ထိုနေရာသည် မိုးကြိုးကလန်၏ အရွယ်ရောက်သူများ ကျင့်ကြံရာနေရာပင်။
ပြန့်ကြဲမိုးကြိုးကလန်၌ လူတစ်ယောက်သည် အရွယ်ရောက်ကာ ကျင့်ကြံမှုအဆင့်တစ်ခု ရောက်သည်နှင့် သူတို့သည် မိခင်ဂြိုဟ်သုံးခုကနေ ထွက်ကာ ကျန်သည့် ကျင့်ကြံခြင်းဂြိုဟ် ဆယ့်သုံးခုထံ သွားရောက်ရ၏။ သူတို့သည် သူတို့၏ကိုယ်ပိုင်လှိုဏ်ဂူများကို ရှာရ၏။ ထိုလှိုဏ်ဂူမှာ လက်ဆောင်ရတာလည်း ဖြစ်နိုင်သည်။ ကိုယ်တိုင် ဖွင့်လှစ်နိုင်တာလည်း ဖြစ်နိုင်သည်။ သို့မဟုတ် တစ်ယောက်ယောက်ထံမှ လုယူတာလည်း ဖြစ်နိုင်သည်။
ကလန်ဝင်တိုင်းသည် တစ်ယောက်နှင့်တစ်ယောက် တိုက်ခိုက်နိုင်ကြ၏။ သို့သော် သတ်ဖြတ်ခြင်းကိုမူ ခွင့်မပြုထားပေ။ တစ်စုံတစ်ယောက်သည် ကလန်ဝင်အချင်းချင်း သတ်လိုက်ပါက အပြစ်ပေးခံရမည် ဖြစ်သည်။ သို့ပေမည့် အချိန်ကြာသည့်အထိ မည်သူမျှ မသေဆုံးဘဲ အရာရာသည် ချောမွတ်ကာ နေသားတကျ ဖြစ်နေ၏။ ထိုကဲ့သို့ ရက်စက်သည့်နည်းလမ်းဖြင့် ကလန်ဝင်မျိုးဆက်တိုင်းသည် ကျင့်ကြံရလေ့ ရှိသည်။
အားနည်းသူသည် ဖယ်ရှားခံရမည်သာ။
ဤအခိုက်တွင် ထိုမြေဝါရောင်ဂြိုဟ်ပေါ်တွင် ဝတ်စုံနက်နှင့် လူငယ်တစ်ယောက် ရှိနေ၏။ သူ့ရင်ဘက်၌ သွေးစိမ့်ထက်နေသော ဒဏ်ရာတစ်ခု ရှိသည်။ သူသည် ခေါင်းငုံ့ထား၏။
သူ့ခုလက်ရှိ စိတ်ခံစားချက်မှာ ဝမ်းနည်းရိပ်သန်းနေသည်။
“ပါရမီမကောင်းတဲ့အတွက် ငါ့ကိုယ်ငါ မုန်းတယ်။ ကျင့်ကြံသူတစ်ယောက် ဖြစ်လာရတဲ့အတွက် ငါ့ကိုယ်ငါ မုန်းတယ်။ မိုးကြိုးကလန်ဝင် ဖြစ်ရတဲ့အတွက် ငါ့ကိုယ်ငါ မုန်းတယ်…”
ထိုလူငယ်သည် ခပ်တိုးတိုး ရေရွတ်လိုက်သည်။ သူ့အမူအရာမှာ ရှုံ့တွနေသည်။
သူ့စိတ်ခံစားမှုက သူ့ဒဏ်ရာများကို လှုပ်ခါသွားစေရာ သူ သွေးအန်လိုက်ရပြန်သည်။ သူသည် မြေပြင်ထက် လဲကျသွားကာ ကောင်းကင်ထက်ရှိ တလက်လက်မိုးကြိုးများကို ကြည့်မိနေသည်။ သူ့မျက်လုံးထဲရှိ ဝမ်းနည်းမှုသည် ပိုအားကောင်းလာသည်။
“ငါ ကျင့်ကြံသူတစ်ယောက် မဖြစ်လာချင်ဘူး။ ငါ သေမျိုးတစ်ယောက်ဘဝပဲလိုချင်တယ်…” လူငယ်သည် သူ့ညာလက်ကို ကြိုးစား၍ မြှောက်ကာ သူ့လက်ချောင်းများကို ကြည့်လိုက်သည်။ ခဏအကြာတွင် သူ့မျက်လုံးထဲ၌ ရူးသွပ်မှု ပြည့်လာ၏။ သူ့နောက်ဆုံးလက်ကျန် ခွန်အားဖြင့် သူသည် သူ့မျက်ခုံးနှစ်ခုကြားရှိ မိုးကြိုးအမှတ်အသားထံ လက်လှမ်းကာ ခပ်ကြမ်းကြမ်း ဆွဲထုတ်ပစ်သည်။
အသွေးအသားတို့ ပန်းထွက်ကုန်၏။ သူသည် သူ့မျက်ခုံးနှစ်ခုကြားရှိ မိုးကြိုးအမှတ်အသားကို အမှန်ပင် ဖျက်စီးပစ်နေခြင်းပင်။
သူက နာကျင်စွာပြုံး၍ မျက်လုံးဖြည်းဖြည်းချင်း မှိတ်သွား၏။
သူ မျက်လုံးမှိတ်လိုက်သည့်အခိုက်တွင် လေဟာနယ်ကို ဖြတ်၍ မိုးကြိုးတန်းတစ်ခုသည် ကောင်းကင်ထက်တွင် ပေါ်လာ၏။ တခဏတာ တုံ့ဆိုင်းသွားပြီးနောက် ထိုမိုးကြိုးတန်းသည် သူ့မျက်ခုံးနှစ်ခုကြားရှိ ဒဏ်ရာထံ တိုးဝင်လာတော့သည်။
***