ပြန့်ကြဲမိုးကြိုးကလန်
Vol. 101 Ch. 1381
မိုးကြိုးသည် ရုတ်တရက်သည် သက်ဆင်းလာကာ ထိုလူငယ်ထံ ဝင်ရောက်သွားကာ သူ့ကို တုန်ယင်သွားစေသည်။ သူ့ပျောက်ကွယ်နေသော စိတ်ဝိညာဉ်နှင့် အသက်ဓာတ်မှာ ရုတ်တရက် ရပ်တန့်ကာ အလျင်အမြန် ပြန်ဖွဲ့တည်လာသည်။
သူ့မျက်ခုံးနှစ်ခုကြားမှ သူ ဆုတ်ဖြဲပစ်ခဲ့သော ဒဏ်ရာမှာလည်း မြန်မြန်ဆန်ဆန် ကုသပြီးဖြစ်ကာ သူ့ရင်ဘက်ပေါ်ရှိ ဒဏ်ရာများပင် အချိန်တိုအတွင်း ပြန်ကောင်းမွန်လာ၏။ သူ့မျက်ခုံးနှစ်ခုကြားတွင် မိုးကြိုးအမှတ်အသား ပြန်ပေါ်လာကာ တစ္ဆေအလင်းကို ပေးသည်။
အချိန်အတန်ကြာပြီးနောက် လူငယ်သည် မျက်လုံး ဖြည်းဖြည်းချင်း ဖွင့်လာ၏။
သူ့မျက်လုံးထဲတွင် သူရဲဘောကြောင်ခြင်းနှင့် ဝမ်းနည်းမှုတို့ပါ ဆက်မရှိတော့သည့်အပြင် အေးစက်မှု၊ရင့်ကျက်မှုတို့ အစားထိုးလာခဲ့သည်။ ထိုမျက်လုံးတစ်စုံသည် လောကရှိ အရာအားလုံးကို တွေ့မြင်ကာ ဘဝ၏အစစ်အမှန်အဓိပ္ပာယ်ကို ရှာဖွေ၍ နှစ်ပေါင်းများစွာ ရှင်သန်ခဲ့မှုတို့ ပါဝင်နေသည်။
ထိုလူငယ် မတ်တပ်ထရပ်လာချိန်တွင် သူ့ထံမှ အေးစက်စက်အော်ရာတစ်ခု ထွက်ပေါ်သည်။
“ဒီခန္ဓာကိုယ်က မဆိုးဘူးပဲ…”
သူ့ခန္ဓာကိုယ်အတွင်း၌ အစွမ်းထက်ကျင့်ကြံမှု ရွှေ့လျားကာ အဘက်ဘက်မှ မူလစွမ်းအင်များ စုဝေးလာကြသည်။ သို့ပေမည့် သူ့ခန္ဓာကိုယ်ကမူ အမြုတေဖွဲ့တည်ခြင်းအဆင့်တွင်သာ ရှိနေသည်။ သူ့ကျင့်ကြံမှုအဆင့် တိုးလာခဲ့တာ မရှိပေ။ သူသည် ဝမ်လင်းသာ ဖြစ်၏။
ပို၍ တိတိပပဆိုပါက ဝမ်လင်း၏ နတ်ဘုရားအာရုံအစိတ်အပိုင်းတစ်ခုက သည်ခန္ဓာကိုယ်ကို အပိုင်စီးလိုက်ခြင်းပင်။ သူ့မူလခန္ဓာကိုယ်ကတော့ အတောမသတ်မိုးကြိုးကန်နှင့် ပေါင်းစပ်နေလျက် ရှိနေသည်။
ဝမ်လင်းသာ သည်ထာဝရမိုးကြိုးကို တိုက်ရိုက်စုပ်ယူလိုက်ပါက သူ့အတွက် စောင့်နေမည့်တစ်ခုတည်းသော အရာမှာ သေခြင်းတရားသာ ဖြစ်ပေလိမ့်မည်။
ထို့အတွက်ကြောင့် ဝမ်လင်းသည် အစီအစဉ်တစ်ခု ချထားသည်။ သူသည် ထာဝရမိုးကြိုးကို စုပ်ယူနိုင်ဖို့အတွက် ပြန့်ကြဲမိုးကြိုးကလန်ဝင်တစ်ယောက်၏ ခန္ဓာကိုယ်ကို ပိုင်စိုးရန် ရည်ရွယ်ထားခဲ့၏။ သူက ထိုကဲ့သို့ ဟန်ဆောင်လျှင်ပင် ပြဿနာရှိလိမ့်မည် မဟုတ်ပေ။ အကြောင်းမှာ သူသည် မိုးကြိုးကို ထိန်းချုပ်နိုင်သူ ဖြစ်သောကြောင့်ပင်။
အထူးသဖြင့် သူ ပိုင်စိုးမည့်သူမှာ မသေသေးသူ ဖြစ်ရပေမည်။ ထိုမှသာ သူ့အစီအစဉ်သည် မချွတ်ချော်နိုင်မည် ဖြစ်၏။ ဝမ်လင်းသည် ထိုသူ၏အသက်ကိုလည်း တိုက်ရိုက်ကယ်တင်ပေးရာပင် ရောက်သွားသေး၏။ ဝမ်လင်း ထာဝရမိုးကြိုးကို စုပ်ယူပြီး ပြန်ထွက်သွားသည့်နောက်တွင် ထိုသူသည် သူ့ခန္ဓာကိုယ်ကို ပြန်လည်ထိန်းချုပ်နိုင်မည် ဖြစ်၏။ ဝမ်လင်း ထိုသူ့ခန္ဓာကိုယ်ကို အချိန်မည်မျှ ကြာကြာပိုင်စိုးမည့်အပေါ် မူတည်ကာ သူ့အတွက်လည်း ကံကောင်းမှုကြီး ရသွားနိုင်ပေသည်။
ဝမ်လင်း၏ ကျင့်ကြံမှုအဆင့်ဖြင့် သူက ပိုင်စိုးပြီးနောက် ထိုခန္ဓာကိုယ်နှင့်အသားကျဖို့မှာ ပြဿနာ မဟုတ်ပေ။
ထိုလူငယ်၏ခန္ဓာကိုယ်ကို ပိုင်စိုးပြီး၊ သူ့မှတ်ဉာဏ်များကို ရှာဖွေကြည့်ပြီးနောက် ဝမ်လင်းက ထိုသူ၏နာမည်မှာ ယုဖေဖြစ်မှန်း သိလာ၏။ ထိုသူမှာ ပြန့်ကြဲမိုးကြိုးကလန်၏ သာမန်ကလန်ဝင်တစ်ယောက်မျှသာ။ သူ့မိဘများမှာ သူ့ဘဝအစောပိုင်းတွင်ပင် သေဆုံးသွားခဲ့ကြပြီး သူ တစ်ယောက်တည်း ကျန်ရစ်ခဲ့၏။ အခက်အခဲများစွာ တွေ့ကြုံခဲ့ရပြီးနောက် သူက အမြုတေဖွဲ့တည်ခြင်းအဆင့် ရောက်လာခဲ့ပြီး သူ့မိဘများ သူ့အတွက် ချန်ထားခဲ့သော လှိုဏ်ဂူတစ်ခုကို အမွေရခဲ့သည်။
ထိုလှိုဏ်ဂူမှာ စိတ်ဝိညာဉ်သွေးကြောတစ်ခု ဘေးတွင် ရှိသဖြင့် အတော်လေး ကောင်းမွန်သည်ဟု ယူဆ၍ ရသည်။ သို့ပေမည့် သူ့ကျင့်ကြံမှုအဆင့်ကြောင့် သူက ၎င်းလှိုဏ်ဂူကို အချိန်ကြာကြာ ထိန်းသိမ်းထားနိုင်စွမ်း မရှိပေ။ သူ ယင်းလှိုဏ်ဂူကို အမွေဆက်ခံခဲ့ရပြီးနောက် အလုယူခံခဲ့ရပြီး အတင်းအကြပ် နှင်လွှတ်ခံခဲ့ရသည်။
ထိုကဲ့သို့ အဖြစ်အပျက် ဖြစ်ပွားခဲ့ပြီးနောက် နောက်နှစ်ရာအတွင်း သူ့ကျင့်ကြံမှုအဆင့်သည် ရပ်တန့်နေခဲ့တော့၏။ ပြန့်ကြဲမိုးကြိုးကလန်၏ ရုပ်ပိုင်းဆိုင်ရာ နည်းစနစ်ကြောင့် သူ့သက်တမ်းက အနည်းငယ် ပိုရှည်ခြင်းကြောင့်သာ မဟုတ်ပါက သူ အရင်ကတည်းက သေဆုံးသွားလောက်ပေပြီ။ သို့ပေမည့် ထိုနှစ်ပေါင်းနှစ်ရာမှာ သူ့အတွက် နာကျင်စရာ ကောင်းနေခဲ့၏။ သူက သူ့ကလန်၏ အနိုင်ကျင့်ခြင်း ခံရကာ သူ့ဘဝသည် သေသည်ထက် ဆိုးဝါးခဲ့ရသည်။
သူက စဦးစိတ်ဝိညာဉ်အဆင့်အောက် ကျင့်ကြံသူတစ်ယောက် ဖြစ်လာခဲ့သော်လည်း ထိုအဆင့်မှာ သူ့လှိုဏ်ဂူကို လုယူသွားခဲ့သော ကျင့်ကြံသူ၏ကျင့်ကြံမှုအဆင့်နှင့်တူတူသာ ရှိသေး၏။ ထိုလှိုဏ်ဂူအတွင်း၌ ယုဖေ၏မိဘများ သူ့အတွက် ချန်ထားခဲ့သော မိုးကြိုးသစ်သီးပင်တစ်ပင် ရှိနေသည်။
သို့ပေမည့် ထိုသစ်သီးကို ရင်မှည့်အောင် လုပ်ဖို့က ကျင့်ကြံသူတစ်ယောက်သည် အနည်းဆုံး အမြုတေဖွဲ့တည်ခြင်းအဆင့်တွင် ရှိရမည် ဖြစ်ပြီး မိုးကြိုးစွမ်းအားဖြင့် ယင်းအပင်ကို အားသစ်သွန်းလောင်းပေးရန် လို၏။
ယုဖေသည် သူ့ကျင့်ကြံမှုအဆင့်မှာ တန့်နေသည်ကို သိ၏။ သူ့သက်တမ်းမှာလည် အဆုံးသပ်ခါနီးနေပြီကို သိသည်။ တွေဝေခဲ့ပြီးနောက် သူက ထိုမိုးကြိုးသစ်သီးကိုးလုံးထဲမှ တစ်လုံးကို ဝါးမြိုခဲ့ပေသည်။ သို့သော် ထိုအဖြစ်က သူ့အပေါ်သို့ ကပ်ဘေးတစ်ခု ယူဆောင်လာခဲ့လေ၏။
ပြန့်ကြဲမိုးကြိုးကလန်တွင် ကလန်ဝင်များအချင်းချင်း တစ်ယောက်နှင့်တစ်ယောက် သတ်ခွင့် မရှိဟူသော စည်းမျဉ်းကြောင့်သာ မဟုတ်ပါက သူသည် သေဆုံးနေခဲ့လောက်ပေပြီ။ သို့သော်လည်း သူသည် အကြီးအကျယ် အရှက်ခွဲခံခဲ့ရသလို ဒဏ်ရာများလည်း အပြင်းအထန် ရရှိခဲ့၏။ သူက သူ့လှိုဏ်ဂူကို လုယူခဲ့သော စဦးစိတ်ဝိညာဉ်အဆင့်ကျင့်ကြံသူ၏ ကန်ထုတ်ခြင်းကိုပါ ခံခဲ့ရပေသည်။
ယုဖေ၏ မှတ်ဉာဏ်များမှာ သိပ်မများလှပေ။ အများစုကတော့ ဆိုးဆိုးဝါးဝါးအဖြစ်အပျက်များသာ။ သူက သူ့ကိုယ်သူ မုန်းတီးနေခဲ့သူတစ်ယောက်၊ သူ့ကလန်ကိုပါ မုန်းတီးနေသူ၊ သူ့ကလန်ဝင်များကိုလည်း မုန်းတီးနေသောသူတစ်ယောက် ဖြစ်ခဲ့သည်။ သူ့စိတ်နေစိတ်ထားမှာ ထိုကဲ့သို့ အမုန်းတရားများကြောင့် ပုံပျက်နေခဲ့၏။
ဝမ်လင်း၏နတ်ဘုရားအာရုံသည် ယုဖေ၏မှတ်ဉာဏ်အတွင်း ရှိနေ၏။ သူ့မျက်လုံးသည် တလက်လက် ဖြစ်သွားသည်။
“မိုးကြိုးသစ်သီး…ကလန်အမှတ်အသားကို အစွမ်းပိုထက်စေတဲ့ဟာ…”
ဝမ်လင်းသည် ဒီရှေးဟောင်းကြယ်အဖွဲ့အစည်းသို့ ရောက်လာခဲ့ပြီးနောက် သူက သည်နေရာရှိ ကျင့်ကြံသူအများအပြားကို ဝါးမြိုပစ်ခဲ့ပြီး ကျင့်ကြံခြင်းနည်းလမ်းများကိုလည်း သဘောပေါက်လာခဲ့၏။
ဤရှေးဟောင်းကြယ်အဖွဲ့အစည်းသည် အတွင်းနယ်မြေနှင့် လုံးဝ ကွဲပြားပေ၏။ သူတို့သည် နယ်ပယ်များကို မကျင့်ကြံကြ။ ထိုအစား လူတစ်ယောက်၏ ကျင့်ကြံမှုမှာ သူတို့၏မျက်ခုံးနှစ်ခုကြားရှိ အမှတ်အသားထံ စုဝေးကြသည်။ ထိုအမှတ်အသားသည် အမွေအနှစ်တစ်ခုပင်။ ယင်းအမှတ်အသား ပိုသန်မာလေလေ သူတို့၏ကျင့်ကြံမှုအဆင့်လည်း ပိုမြင့်မားလေ ဖြစ်လိမ့်မည်။
ဝမ်လင်းသည် သူ့မျက်ခုံးနှစ်ခုကြားမှ မိုးကြိုးအမှတ်အသားကို ထိလိုက်၏။ ထိုအမှတ်အသားမှာ ဝမ်လင်းကိုယ်တိုင် ပြုလုပ်လိုက်သော အမှတ်အသားဖြစ်၏။ ၎င်းက ပြန့်ကြဲမိုးကြိုးကလန်၏ အမှတ်အသားနှင့် ချွတ်ဆွတ်တူသော်လည်း အဓိပ္ပာယ်ကမူ အလွန်ကွာခြား၏။
ပြန့်ကြဲမိုးကြိုးကလန်၏ အမှတ်အသားသည် ထာဝရမိုးကြိုးထံမှ လာ၏။ ထာဝရမိုးကြိုးက ဖန်တီးသူတစ်ယောက် ဖြစ်မည်ဆိုပါက ယင်းအမှတ်အသားများသည် ဖန်တီးခံများသာ။
သို့ရာတွင် ဝမ်လင်း၏အမှတ်အသားကမူ သူ့ဟာသူ ပြုလုပ်ထားခြင်း မည်၏။ ၎င်းက ပြန့်ကြဲမိုးကြိုးကလန်၏ အမှတ်အသားထက် အဆင့်အတန်းများစွာ မြင့်၏။ ၎င်းသည် ထာဝရမိုးကြိုးနှင့် အဆင့်တူတွင် ရှိသည်။
“ငါ ဒီမိုးကြိုးသစ်သီးကို လေ့လာဖို့ လိုလိမ့်မယ်။ ပြန့်ကြဲမိုးကြိုးကလန်အတွက်ကတော့ ဒီယုဖေရဲ့ ကျင့်ကြံမှုအဆင့်ဟာ နိမ့်လွန်းနေတယ်။ ဒါ့ကြောင့် ငါ ဒီကလန်အကြောင်း အများကြီး မသိရသေးဘူး။ ဖြစ်နိုင်တာက စဦးစိတ်ဝိညာဉ်ကျင့်ကြံသူတွေဆိုရင်တော့ ပိုသိနေလိမ့်မယ်…”
ဝမ်လင်းသည် စဉ်းစားရင်း သူ့မှတ်ဉာဏ်ထဲမှ လှိုဏ်ဂူ၏တည်နေရာထံ ဦးတည်သွားသည်။
သည်ကျင့်ကြံခြင်းဂြိုဟ်မှာ ကြီးမားလှ၏။ ဝမ်လင်းသည် တည်နေရာရွှေ့ပြောင်းခြင်း မပြုပေ။ သူက မြေပြင်အထက်ကနေသာ ပျံသန်းလာ၏။ သူ့နတ်ဘုရားအာရုံကို ခပ်ရေးရေး ဖြန့်ကျက်ကာ သူသည် စတင်စူးစမ်းနေသည်။
သိပ်မကြာခင်တွင် အလင်းတန်းသုံးခု သူ့ရှေ့တွင် ပေါ်လာ၏။ ထိုသူတို့မှာ အမျိုးသားတစ်ယောက်နှင့် အမျိုးသမီးနှစ်ယောက်ပင်။ အမျိုးသားက အဖြူရောင်ဝတ်ရုံကို ဝတ်ဆင်ထားကာ ကြည့်ကောင်းလှသည်။ သူ့ဘေးမှ အမျိုးသမီးနှစ်ယောက်မှာလည်း လှပကြသည်သာ။
သူတို့သုံးယောက်သည် ဓားပျံများစီးနင်းကာ ပျံသန်းလာကြ၏။ သူတို့က စကားစမြည် ပြောနေကြဟန် ပေါ်သည်။ အမျိုးသား၏ ကျင့်ကြံမှုက အမြုတေဖွဲ့တည်ခြင်းနောက်ဆုံးအဆင့်တွင် ရှိ၍ အမျိုးသမီးနှစ်ယောက်ကမူ အမြုတေဖွဲ့တည်ခြင်း အစောပိုင်းအဆင့်များ ဖြစ်သည်။
ထိုအမျိုးသားက စကားဆိုနေရင်း သူ့အကြည့်က ဝမ်လင်းထံ ရောက်လာ၏။ သူက သူ့ကိုပင် မကြည့်ဘဲ ပျံသန်းနေသော ဝမ်လင်းကို တွေ့မြင်သည့်အခါ မျက်မှောင်ကြုတ်သွားသည်။
“ယုဖေ…ဒီကို လာခဲ့စမ်း…”
ဝမ်လင်းသည် မကြားဟန်ဆောင်ကာ သူ့နတ်ဘုရားအာရုံကိုသာ ဖြန့်ကျက်ထား၏။ သူက ရှေ့သို့ ဆက်သွားနေရင်း သည်ဂြိုဟ်၏ အချို့လျှို့ဝှက်ချက်များကို ရှာဖွေနေဟန် ပေါ်သည်။ ဝတ်စုံဖြူအမျိုးသားက ဝမ်လင်းက သူ့ကို လစ်လျူရှုထားဆဲ ဖြစ်သည်ကို တွေ့သည့်အခါ သူ့မျက်လုံးထဲတွင် အေးစက်မှု ဖြတ်ပြေးသွား၏။ သူက အေးစက်စက်နှာခေါင်းရှုံ့လိုက်ကာ ဝမ်လင်းထံ လှည့်လာသည်။ သူ့ညာလက်ကို ဝေ့ယမ်းလိုက်၏။ မိုးကြိုးဓားတစ်ချောင်း သူ့သိုလှောင်အိတ်အတွင်းမှ ထွက်ပေါ်လာသည်။ ထိုဓားက မိုးကြိုးကို ပေးစွမ်းလျက် ဝမ်လင်းရှိ တိုးဝင်လာလေသည်။
“ယုဖေ…မင်းက ဒီအရှင်ကို တွေ့တာတောင် လေးစားမှု မပေးရလောက်အောင် သတ္တိသိပ်ရှိနေတယ်ပေါ့…”
မိုးကြိုးဓားရှည်သည် ကျယ်လောင်စွာ မြည်၏။ သို့သော် ၎င်းဓားသည် ဝမ်လင်းနား ရောက်သွားချိန်တွင် တုန်ယင်ကာ လေထဲတွင်ပင် ရပ်တန့်သွားသည်။ ဝမ်လင်းက သူ့နတ်ဘုရားအာရုံကို ပြန်ရုတ်သိမ်းကာ ထိုဝတ်စုံဖြူအမျိုးသားထံ အေးစက်စက် လှမ်းကြည့်သည်။
“မင်းက ငါ့ကို ပြောနေတာလား…”
ရိုးရှင်းသောစကားတစ်ခွန်းသာ။
ဝတ်စုံဖြူနှင့်လူက ရှေ့သို့ တရကြမ်း တိုးလာ၏။ သို့သော် သူက ဝမ်လင်းကို တွေ့မြင်သည့်အခါ သူ့အမြုတေသည် တုန်ဟိန်းသွားသကဲ့သို့ ခံစားလိုက်ရ၏။ သူသည် မိုးကြိုးပစ်ချခံလိုက်ရသည့်အလား။
ထိုကြောက်မက်ဖွယ်ခံစားမှုက သူ့အမြုတွေ လှုပ်ရှားမှုကိုပါ ရပ်တန့်သွားစေ၏။ သူ့အမြုတေပေါ်တွင် အက်ကြောင်းများ ပေါ်လာသည်။ သူက ဝမ်လင်း၏အကြည့်ကိုပင် မခံနိုင်သည့်အလား။ သူ့အမြုတေသည် ပေါက်ကွဲတော့မည် ဖြစ်သည်။
ထိုဝတ်စုံဖြူလူနောက်မှ အမျိုးသမီးနှစ်ယောက်ကလည်း ဝမ်လင်းကို လှောင်ပြောင်ကစားလိုဟန်ဖြင့် ကြည့်နေကြသည်။ သို့သော် ဝမ်လင်းလှည့်လာ၍ ရိုးစင်းသောစကားများကို ဆိုလိုက်ချိန်တွင်မူ သူတို့နှစ်ယောက်သည် လောကမှာ တုန်ယင်သွားသည်ဟု ခံစားလိုက်ရ၏။ တိမ်များပြန့်ကြဲကာ ကောင်းကင် ပြိုဆင်းသည့်အလား။
သူတို့သုံးယောက်သည် စိတ်အတွင်း၌ အော်သံတစ်သံကို ခံစားမိလိုက်ရ၏။ သို့သော် အပြင်ဘက်လောကမှာမူ လုံးဝ တိတ်ဆိတ်နေဆဲသာ။ ထိုတိတ်ဆိတ်မှုမှာ ထူးခြားဆန်းကြယ်၏။
ဝတ်စုံဖြူလူငယ်မှာ ဖြူရောသွားပြီး သူ့မျက်လုံးများ ပြာသွားသည်။ ထို့နောက် သူက အတိုင်းမသိကြောက်လန့်မှု ဖြစ်ပေါ်သည်။
ဝမ်လင်းသည် မျက်မှောင်ကြုတ်သွားသည်။ သူ့ကျင့်ကြံမှုအဆင့်ဖြင့် သူသည် ဒီပြင်ပနယ်မြေရှိ ဂျူနီယာများကို အနိုင်ကျင့်ဖို့ ဆန္ဒ မရှိပေ။ သူက သူ့အကြည့်ကို ပြန်ရုတ်သိမ်းကာ သူ့လမ်းသူ ဆက်သွားလေ၏။
သူ ထွက်သွားပြီးနောက် ဝတ်စုံဖြူလူငယ်မှာ သွေးအန်ထုတ်လိုက်ရ၏။ သူ့နောက်မှ အမျိုးသမီးနှစ်ယောက်လည်း ထို့အတူသာ။ သူတို့၏အမြုတေများပေါ်တွင်လည်း အက်ကွဲရာများ ဖြစ်ပေါ်ကုန်ကြကာ စတင်အရည်ပျော်သည်။
ထိုအမျိုးသမီးနှစ်ယောက်၏မျက်နှာသည် သေလောက်အောင် ဖြူရောနေသည်။ သူတို့၏ကျင့်ကြံမှုအဆင့်သည် အစောပိုင်းအမြုတေဖွဲ့တည်ခြင်းမှသည် အခြေခံတည်ဆောက်ခြင်းအဆင့်သို့ ချက်ခြင်း လျော့ကျသွားတော့သည်။
ဝတ်စုံဖြူလူငယ်၏ အမြုတေမှာလည်း တစစီ ဖြစ်သွား၏။ သူက ဝမ်လင်း ပျောက်ကွယ်သွားသော နေရာသို့ ထိန်လန့်ခြင်းကြီးစွာ ကြည့်လိုက်မိသည်။
“မင်း…မင်း…”
သူတို့သုံးယောက်သည် တစ်ယောက်နှင့်တစ်ယောက် ကြည့်မိလိုက်ကြ၏။ အချိန်အတန်ကြာသည့်အထိ စကားမဆိုနိုင် ဖြစ်ရသည်။ သူတို့သည် ခုထိပင် စိတ်နှလုံးသားအတွင်း၌ ကြောက်လန့်မှု မပြယ်နိုင်သေးပေ။
သိပ်မကြာခင်တွင် ယုဖေ၏မှတ်ဉာဏ်အတွင်းမှ လှိုဏ်ဂူသည် ဝမ်လင်းရှေ့တွင် ပေါ်လာခဲ့၏။ ထိုလှိုဏ်ဂူမှာ အမှန်ပင် ကောင်းမွန်လှကာ ဘေးတွင် စိတ်ဝိညာဉ်သွေးကြောတစ်ခု ရှိလို့နေသည်။ ဝမ်လင်းသည် လှိုဏ်ဂူအတွင်း၌ မြစ်ငယ်တစ်စင်းလည်း ရှိနေသည်ကို မြင်နိုင်၏။ ထိုမြစ်က စိတ်ဝိညာဉ်သွေးကြောကို ဖြတ်၍ စီးဆင်းကာ ကြည်လင်လှသည်။ ထိုမြစ်ထံမှ စိတ်ဝိညာဉ်စွမ်းအင်ပင် ခပ်ရေးရေး ထွက်ပေါ်လို့နေသည်။
ထိုလှိုဏ်ဂူကို ကာကွယ်ထားသော အတားအဆီးအချို့လည်း ရှိ၏။ သို့သော် ဝမ်လင်း၏အမြင်တွင်မူ ထိုအတားအဆီးများသည် သိသာစွာ အားနည်းလွန်းသည်။
သူ့အမူအရာသည် တည်ငြိမ်၏။ သူက လက်နှစ်ဖက်နောက်ပစ်လျက် တည်ငြိမ်စွာ လှမ်းလျှောက်လာသည်။ ခြေတစ်လှမ်းဖြင့်ပင် သူသည် ထိုအတားအဆီးများ၏ အပြင်ဘက်သို့ ရောက်ရှိလာသည်။ သူက ၎င်းအတားအဆီးများကို ဘာတစ်ခုမှ မပြုလုပ်ပေ။ သို့သော် ဝင်ပေါက်တစ်ခုသည် သူ့ဟာသူ ပွင့်ဟသွားလေ၏။
ဝမ်လင်းသည် ဘာအတားအဆီးမှ မရှိဘဲ လှိုဏ်ဂူအတွင်း လမ်းလျှောက်ဝင်လာ၏။ ဝမ်လင်းလှိုဏ်ဂူအတွင်း ဝင်ရောက်လာချိန်တွင် အတားအဆီးများ အသက်ဝင်ကာ မြည်ဟိန်း၍ ရောင်စုံတောက်ပသည်။
ဝမ်လင်းသည် ထိုတုန်ဟည်းမှုများကြား အေးအေးဆေးဆေး ဖြတ်လျှောက်လာ၏။
သူနှင့် ပေတစ်ရာတွင် အစိမ်းရောင်ဝတ်စုံဖြင့်အဘိုးအိုတစ်ယောက် ထိုင်နေ၏။ သူ့မျက်လုံးမှာ ပြူးကျယ်လျက် သူက တိုးဝင်လာနေသော ဝမ်လင်းကို စူးစိုက်ကြည့်သည်။ ထိုအဘိုးအိုမှာ လုံးဝ မင်သက်ကြောင်ရီမိနေသည်။ သူ့မျက်လုံးသူငယ်အတွင်းကကို ထိတ်လန့်မှု လှစ်ပေါ်နေ၏။
***