ပြိုင်ဘက်
Vol. 101 Ch. 1384
ထိုခပ်ပိန်ပိန်ကျင့်ကြံသူသည် စကားလုံးများ အပြွတ်လိုက် ပြောလိုက်ခြင်းပင်။ သူ့အောက်ရှိ ကလန်ဝင်များအားလုံးသည် ပါးစပ်ဟောင်းလောင်း ဖြစ်ကုန်ကြ၏။ သူတို့သည် သူတို့၏ ထည်ဝါလွှမ်းမိုးနိုင်သော ကလန်ခေါင်းဆောင်ဖြစ်သူက အခုလိုပုံစံမျိုး ပြောဆိုသည်ကို လုံးဝ မတွေ့မြင်ဖူးခဲ့သည် မဟုတ်လား။
ထိုခပ်ပိန်ပိန်ကျင့်ကြံသူ၏ စကားများကို ကြားလိုက်ရသည့်အခါ အမြဲလိုလို တည်ငြိမ်နေသော ဝမ်လင်းပင် ထူးဆန်းစွာ ပြုံးမိ၏။
ထိုခပ်ပိန်ပိန်ကျင့်ကြံသူက မုသားဆိုသည့်အမူအရာ တစ်စက်လေးပင် မဖော်ပြပေ။ သူ ပြောခဲ့သော ဖော်လံဖားစကားလုံးများက သဘာဝကျကာ မှန်နေသည့်အလား။ သူ့အပြောအဆိုနှင့်ပုံစံကြောင့် ဝမ်လင်းအဖို့ ထိုသူ၏ ကျင့်ကြံမှုကို ဖျက်စီးပစ်ဖို့ တိုက်ခိုက်ရန်ပင် ခက်ခဲစေတော့၏။
ဝမ်လင်း၏ ဉာဏ်ပညာဖြင့် သူက ထိုခပ်ပိန်ပိန်လူ၏ အစီအစဉ်အားလုံးကို ဖြတ်မြင်နိုင်ပေသည်။ ထိုသူက သူ မခုခံနိုင်သည်ကို သိ၍ ဒီနည်းလမ်းဖြင့် သူ့ကျင့်ကြံမှုကို ဆက်ထိန်းသိမ်းနိုင်ရန် လုပ်ဆောင်လိုက်ခြင်းသာ။
“မင်း နာမည်ဘယ်သူလဲ…” ဝမ်လင်းသည် မြေပြင်ထက်သို့ လွင့်ဝဲကာ ဆင်းသက်လာ၏။ သူက ကောင်းကင်ဘုံမိုးကြိုးကလန်၏ ရင်ပြင်ဗဟိုချက်တွင် ရပ်နေလိုက်သည်။
“ဖြေပါ့မယ်။ ကျွန်တော့် နာမည်က ကျုံးသဟုန်ပါ။ ကျုံလေးပါ။ ဟုန်လေးပါ။ ဂျူနီယာက အမြဲတမ်း ပုဂ္ဂိုလ်တစ်ယောက်ကိုပဲ လေးစားပါတယ်…။ စီနီယာရဲ့ လမ်းကြောင်းကို အကျွန့်အနေနဲ့ ရှင်းပြခွင့်ပြုပါ…အကျွန့်ကို…” ထိုခပ်ပိန်ပိန်ကျင့်ကြံသူသည် ဆက်၍ ဖော်လံဖားမည် ပြုစဉ် ဝမ်လင်းက ကြားဖြတ်ပြောလိုက်သည်။
“တော်လောက်ပြီ။ မင်း စုဆောင်းခဲ့သမျှ မိုးကြိုးသလင်းကျောက်တွေ အကုန် ငါ့ကိုပေးပါ…”
သဟုန်က တည်ငြိမ်ဟန်ပေါ်သော်လည်း သူသည် သူ့စဉ်းစားဉာဏ်လွတ်လောက်အောင် လန့်နေမိပေသည်။ အစောပိုင်းက သူသည် ကလန်ရင်ပြင်ထက်၌ လေးလံသောအရာလေးခု စောင့်ကျလာသံကို ပင်မခန်းမထဲတွင် ကျင့်ကြံနေစဉ် ကြားလိုက်ရ၏။ သူ့နတ်ဘုရားအာရုံကို ဖြန့်ကျက်ကြည့်လိုက်ရာ သူက ကလန်၏အကြီးအကဲခေါင်းဆောင်လေးယောက်သည် မြေပြင်ထက်သို့ လွှတ်ပစ်ခြင်း ခံလိုက်ရသည်ကို တွေ့မြင်ခဲ့ရသည်။ ထိုသူတို့၏ ကျင့်ကြံမှုမှာလည်း အချည်းနှီး ဖြစ်ကုန်ကြပေပြီ။ သူက မင်သက်သွားခဲ့သလို ဒေါသပုန်လည်း ထသွားခဲ့၏။
သို့ပေမည့် ထိုဒေါသမှာ ဝမ်လင်းကို တွေ့မြင်လိုက်ရချိန်တွင် လုံးဝ ကွယ်ပျောက်သွား၏။ သူသည် တုန်ယင်မိသွားသည်။ သူက စိတ်ဝိညာဉ်ပုံစံဖြစ်ပေါ်ခြင်းအစောပိုင်းအဆင့်တွင် ရှိ၏။ သူက အတွင်းနယ်မြေမှ ကျင့်ကြံသူများကဲ့သို့ နယ်ပယ်ကို မကျင့်ကြံသော်လည်း သူ့အမှတ်အသားသည် သုံးဆယ်ရာခိုင်နှုန်း အသက်ဝင်ခဲ့ပြီးလေပြီ။ ထို့အပြင် သူ့ကျင့်ကြံမှုအဆင့်ကြောင့် သူက အခြားကျင့်ကြံသူများနှင့်လည်း ဆက်ဆံရသည်။ သူ တွေ့ဆုံခဲ့ဖူးသော အမြင့်ဆုံးကျင့်ကြံမှုအဆင့်ရှိသူမှာ အာဏာတက်ခြင်းအဆင့်တွင်သာ ရှိခဲ့သည်။
သူက ဝမ်လင်းကို အာရုံခံမိသည့်အခါတွင်မူ လောကသည် ပျက်စီးတော့မည့်ကဲ့သို့ သူ ထိတ်လန့်သွားခဲ့ရသည်။ ထိုခံစားချက်သည် သူ အာဏာတက်ခြင်းအဆင့်ကျင့်ကြံသူကို တွေ့ခဲ့ရချိန်ကထက် အဆများစွာ ပိုအားကောင်းနေ၏။ ကံကောင်းစွာဖြင့် သူသည် အလိုက်အထိုက် သိသူ ဖြစ်၍ သူ့ကြောက်ရွှံ့မှုကို စိတ်လှုပ်ရှားမှုအဖြစ် ချက်ခြင်း ပြောင်းကာ သူ့ ဖော်လံဖားစကားများကို ချက်ခြင်း ထုတ်ဖော်ပြောလိုက်ခြင်းသာ။
သူက သူ့ဘဝတွင် ထိုကဲ့သို့ နည်းလမ်းကို သုံးကြိမ် အသုံးပြုခဲ့ဖူး၏။ ပထမဆုံးအကြိမ်က သူ အခြေခံတည်ဆောက်ခြင်းအဆင့်တွင် ဖြစ်ကာ အရေးအခင်းအန္တရာယ်တစ်ခုကို သူ ဖြေရှင်းခဲ့စဉ်က ဖြစ်သည်။ ဒုတိယတစ်ကြိမ်ကမူ သူ စဦးစိတ်ဝိညာဉ်အဆင့်တွင် ဖြစ်၏။ သူက အာဏာတက်ခြင်းအဆင့်ကျင့်ကြံသူ လက်မှ အသည်းအသန် အကြောက်အကန် ထွက်ပြေးခဲ့စဉ်က ဖြစ်၏။ ထိုစဉ်က သူသည် ယင်းနည်းလမ်းကြောင့် အကျိုးအမြတ်အချို့ပင် ရခဲ့သေး၏။ အခုကတော့ သူ တတိယအကြိမ်မြောက် အသုံးပြုလိုက်ခြင်းပင်။
သဟုန်၏ အမြင်၌ သူ့မန္တာန်များအားလုံးထက် ထိုမမြင်ရသော ဖော်လံဖားပညာရပ်က သူ၏အစစ်အမှန်ဝှက်ဖဲသာ။ ထိုနည်းလမ်းက သူ့ကို သေရေးရှင်ရေးအခိုက်အတန့်များကနေ ကယ်တင်ပေးနိုင်ခဲ့သည်။ ထို့ကြောင့် သူသည် ယင်းကဲ့သို့ ပြောဆိုနိုင်ရန် ကြိတ်၍ လေ့ကျင့်ခဲ့၏။ ၎င်းဖော်လံဖားနည်းလမ်းမှာ သူ့ဝှက်ဖဲတည်း။ ထို့ကြောင့် သူက ၎င်းနည်းလမ်းကို နောက်ဆုံးအချိန်တွင်သာ အသုံးပြုသည်။
သူက ဝမ်လင်း၏အမိန့်ကို ကြားလိုက်ရသည့်အခါ ချက်ခြင်းပင် ချိပ်ဟန်တစ်ခု ဖြစ်စေကာ သူ့မျက်ခုံးကြားရှိ အမှတ်အသားကို ရိုက်ချလိုက်၏။ လင်းလက်သွားပြီးနောက် မိုးကြိုးသလင်းကျောက်များနှင့် လဲလှယ်နိုင်သော ပစ္စည်းများ ပျံသန်းထွက်လာပြီး အဆုံးသပ်တွင် တောင်အသေးစားပမာဏလောက်ထိ ပုံထပ်လာခဲ့သည်။
“စီနီယာ…ဒါက ဒီနှစ်တွေမှာ ဂျူနီယာစုဆောင်းခဲ့သမျှ အကုန်ပါပဲ။ ဒါတွေက သိပ်အဖိုးမတန်ပေမယ့်လည်း အတော်လေးတော့ များလှပါတယ်။ ဂျူနီယာ ခန့်မှန်းကြည့်တာတော့ ဒီပစ္စည်းတွေဟာ မိုးကြိုးသလင်းကျောက်ငါးသောင်းလောက် တန်ကြေးရှိနိုင်ပါတယ်…”
ထိုသို့ပြောပြီးနောက် သူသည် ဝမ်လင်း၏အမူအရာကို သေသေချာချာ လေ့လာကြည့်၏။ သူက ဝမ်လင်း မျက်မှောင်ကြုတ်သွားသည်ကို တွေ့မြင်သည့်အခါ ချက်ခြင်း ထိတ်လန့်သွား၏။ ထို့နောက် သူက အံတင်းတင်းကြိတ်ကာ ခပ်သွက်သွက် ပြောလိုက်သည်။
“စီနီယာ…ဂျူနီယာ့ရှိမှာ သင့်ကို ပေးဖို့အတွက် ရတနာအချို့ ရှိပါသေးတယ်…” ထိုသို့ပြောပြီးနောက် သူ့အမှတ်အသားကို ထပ်မံ ရိုက်လိုက်ရာ နောက်ထပ်ပစ္စည်းသုံးခုကျော် ပျံသန်းထွက်လာ၏။
ပထမတစ်ခုသည် လက်မောင်းလုံးခန့်ထူသော သစ်ကိုင်းတစ်ခုပင်။ ထိုသစ်ကိုင်းက မိုးကြိုးကြောင့် လင်းလက်နေ၏။ ဒုတိယတစ်ခုမှာ အစိမ်းရောင်တောက်ပနေသော ဆေးလုံးတစ်လုံး ဖြစ်သည်။ တတိယပစ္စည်းကမူ ရှေးဟောင်းကြေးမုံတစ်ချပ် ဖြစ်၏။
“ဒီပစ္စည်းသုံးခုဟာ ဂျူနီယာအနေနဲ့ စီနီယာ့အတွက် အထူးတလေ ပြင်ဆင်ထားခဲ့တဲ့အရာတွေပါ။ ဒီသုံးခုတည်းနဲ့တင် မိုးကြိုးသလင်းကျောက် တစ်သောင်းလောက်နဲ့ လဲလှယ်နိုင်ပါလိမ့်မယ်…”
ဝမ်လင်းသည် သဟုန်ကို အပြုံးမမည်သောအပြုံးဖြင့် ကြည့်သည်။ သူ့အကြည့်က သဟုန်၏ ဦးရေပြားကို ထံထိုင်းသွားစေသည်။ သူက စကားပြောရန် ပြင်လိုက်စဉ်တွင် ဝမ်လင်းက သူ့အင်္ကျီလက်အိုးကို ဝေ့ယမ်းလိုက်ရာ မိုးကြိုးသလင်းကျောက်နှင့် လဲလှယ်နိုင်သောအရာအားလုံးမှာ ပျောက်ကွယ်သွားတော့သည်။
မည်သူကမျှ သူ ဟင်းလင်းပြင်အက်ကြောင်းတစ်ခုကို ဖွင့်လှစ်လိုက်သည်ကို သတိမမူမိလိုက်ကြပေ။
“သခင်…နောက်ဆုံးတော့ သင် ငါ့ကို သတိရမိပြီပေါ့။ အား…ဒီကောင်လေးရှုက လျိုကျင်းပြောင်ကို ဒီနှစ်တွေမှာ သင်ခန်းစွာ ပေးနေခဲ့တာ၊ လုံးဝ မပျင်းမရိခဲ့ရဘူး…”
ရှုလီကော၏ အသံက သိုလှောင်အက်ကြောင်းထဲမှ ထွက်ပေါ်လာသောလည်း လူတိုင်းကတော့ ယင်းအသံသည် လေဟာနယ်အတွင်းမှ ထွက်လာသည်ဟုသာ ထင်ကြသည်။
တစ်ချိန်တည်းမှာပင် ရှုလီကောသည် ဒီကောင်းကင်ဘုံမိုးကြိုးကလန်တွင် ပေါ်လာလေသည်။
သဟိုင်သည် ရှုလီကော၏အသံကို ကြားလိုက်ရသည့်နောက် သူ့ဘဝတွင် အစွမ်းထက်ဆုံး ရန်သူတော်တစ်ယောက်ကို တွေ့လိုက်ရသကဲ့သို့ သူ့မျက်လုံးမှာ ကျဉ်းမြောင်းသွားသည်။
“သခင် ငါ သင့်အမိန့်အတိုင်း လိုက်နာခဲ့ပြီး လျှိုကျင်းပြောင်ကို နှိပ်စက်နေခဲ့တာပါ…”
ရှုလီကောသည် ပေါ်လာသည်နှင့် သူက ဘေးပတ်လည်သို့ ကြည့်ပင်မကြည့်ပေ။ သူက မျက်နှာချိုသွေးကာ လက်နှစ်ဖက်ကို ပွတ်သပ်လျက် ဝမ်လင်းကို သနားစဖွယ်အမူအရာဖြင့် ကြည့်နေသည်။
ဝမ်လင်း၏အမူအရာသည် ပုံမှန်အတိုင်းသာ။ သို့သော် သဟုန်ကတော့ နှလုံးတစ်ချက် ခုန်ပေါက်သွားသလို ခံစားလိုက်ရ၏။ သူက ရှုလီကောကို ရန်လိုဟန်ဖြင့် စိုက်ကြည့်လိုက်သည်။ သူက ရှုလီကောမှာ သူ့အတွက် အစွမ်းထက်ရန်သူတော်ဟု ခံစားမိရ၏။ ထိုလူသည် သူ့လိုပင် ဖော်လံဖားပညာရပ်တွင် ကျွမ်းကျင်နေသူ ဖြစ်သည်မှာ သေချာနေပေပြီ။
“ပြိုင်ဘက်ပဲ။ ဒီလူက ငါ့အတွက် ထိပ်တိုက်တွေ့ရတဲ့ပြိုင်ဘက်ပဲ…” သဟုန်သည် အသက်ခပ်ဝဝရှုသွင်းမိလိုက်သည်။
“သခင်…ငါ့ကို ခပ်မြန်မြန် ပြန်မပို့ပါနဲ့…။ ဒီကောင်လေးရှုက တကယ့်ကိုယ်ပဲ သစ္စာရှိပြီး အလုပ်ကြိုးစားကြောင်း ပြသပေးမှာပါ…” ရှုလီကောက နာကျင်နေဟန် ထုတ်ဖော်သည်။
သဟုန်က ရှုလီကောကို ကြည့်၏။ သူ့အမူအရာသည် ပို၍ အလေးအနက် ဖြစ်လာသည်။ “ဒီလူရဲ့အမူအရာမှာတောင် ဖော်လံဖားပညာရပ်ရဲ့ အစစ်အမှန်အဓိပ္ပာယ် ပါဝင်နေသကိုး…”
ဝမ်လင်းသည် အပြုံးမမည်သော အပြုံးကို ပြုံးသည်။ သူက ရှုလီကောနှင့် သဟုန်တို့ကို ကြည့်လိုက်သည်။ သူ ရှုလီကောကို ဆင့်ခေါ်လိုက်ခြင်းမှာ ဒီသဟုန်နှင့် ဆက်နွှယ်နေပေသည်။
“ကြည့်ရတာ ဒီပြန့်ကြဲမိုးကြိုးကလန်မှာ ရှုလီကောက ငါ့အတွက် မိုးကြိုးသလင်းကျောက်တွေကို ပိုကောင်းကောင်း စုဆောင်းပေးနိုင်လောက်တယ်…”
ဝမ်လင်းသည် သူ့စိတ်ကိုယ်သူ ပြင်ဆင်ကာ အနည်းငယ် ခေါင်းညိတ်ပြလိုက်ပြီး ဖြည်းဖြည်းချင်း ပြောလိုက်သည်။ “မင်း ကောင်းကောင်းလုပ်နိုင်ခဲ့ရင် ငါတို့ ဒီအကြောင်းကို ပြောနိုင်ပြီ…”
ထိုသို့ဖြင့် ဝမ်လင်းသည် ရှုလီကောကို အမိန့်တစ်ခု ပေးလိုက်၏။ ရှုလီကောသည် နားထောင်နေရင်း စိတ်လှုပ်ရှားမှုကြောင့် သူ့ခန္ဓာကိုယ်မှာ တုန်ယင်လာ၏။ ဝမ်လင်း၏ စကားစအဆုံးသပ်သွားသည့်နောက် သူက စိတ်လှုပ်ရှားစွာ မော့ကြည့်လျက် ရယ်မောလေတော့၏။
“သင့်ရဲ့ဘိုးဘိုး…အား မဟုတ်ဘူး။ ကောင်လေးရှုထက် ပိုကောင်းအောင် ဒီလိုကိစ္စမှာ ဘယ်သူမှ လုပ်နိုင်မှာ မဟုတ်ဘူး။ သခင်…စိတ်ချသာနေပါ။ မိုးကြိုးသလင်းကျောက်သန်းချီလောက်ကများ…ဒီအတွက် ကျွန်တော်နဲ့သာ လွှဲလိုက်…”
သဟုန်၏ မကောင်းသောခံစားချက်မှာ ပိုဆိုးလာ၏။ သူက အလျင်အမြန်ပင် ရှေ့သို့ ခြေလှမ်းအနည်းငယ် လှမ်းကာ ဝမ်လင်းကို လေးစားသမှုအပြည့်ဖြင့် ကြည့်ကာ ပြောလိုက်သည်။ “စီနီယာ…ဂျူနီယာ စကားမဆုံးသေးပါဘူး။ ဂျူနီယာမှာ မိုးကြိုးသလင်းကျောက် တစ်သောင်းနဲ့ လဲလှယ်နိုင်တဲ့ ရတနာတစ်ခု ပိုင်ဆိုင်ထားပါတယ်။ ဒီလိုရတနာမျိုးက စီနီယာလို လူမျိုးနဲ့ပဲ ထိုက်တန်တာပါ…”
ထိုသို့ ပြောပြီးနောက် သူက သူ့အမှတ်အသားကို ထပ်မံ ရိုက်လိုက်သည်။ ဖျပ်ခနဲ လင်းလက်မှုနှင့်အတူ ဓားပျံတစ်လက် ပျံသန်းထွက်လာ၏။ ယင်းဓားပျံထံမှ အေးစိမ့်မှုကို ပေးစွမ်းနေသည်။
ဝမ်လင်းသည် ပြုံးလျက် ခေါင်းအနည်းငယ် ညိတ်ပြလိုက်ပြီး ထိုဓားပျံကို သိမ်းဆည်းလိုက်သည်။
ရှုလီကောက သူ့ဘေးပတ်လည်ကို ကြည့်လိုက်၏။ ထို့နောက် သူက သဟုန်ကို ကြည့်သည်။ သူက ပတ်ဝန်းကျင်ရှိလူများကို အစောပိုင်းတုန်းက အာရုံမစိုက်ခဲ့ပေ။ သို့သော် ခုချိန်တွင် သူက တစ်ခုခုမှားနေပြီဟု ခံစားလိုက်ရ၏။
“ဒီလူ့ရှိက အရှက်မဲ့တဲ့ အငွေ့အသက် ခပ်ရေးရေး ပေးစွမ်းနေတယ်။ ဒါပေမဲ့ ဒီလိုအရည်အချင်းမျိုးမှာ မင်းရဲ့ ဘိုးဘိုးရှုကို ယှဉ်နိုင်ဖို့တော့ အဝေးကြီး လိုပါသေးတယ်။ မင်းရဲ့ဘိုးဘိုးရှုက ဒီမိစ္ဆာကောင်ကို မင်း မဝေးခင်ကတည်းက မျက်နှာချိုသွေးလာခဲ့တာကွ…”
ရှုလီကောသည် သဟုန်ကို ကြည့်ကာ ကြင်နာစွာ ပြုံး၍ ဆိုလိုက်၏။ “ဒီက ရောင်းရင်းကျင့်ကြံသူဟာ…”
သဟုန်ကလည်း ရှုလီကောလိုပင် တူညီစွာ ပြုံး၍ သူ့လက်နှစ်ဖက်ကို ယှက်ကာ ပြောလိုက်သည်။ “ကျွန်တော်က ကျုံးသဟုန်ပါ…”
သူတို့၏အကြည့်က ချက်ခြင်း တွေ့ဆုံ၏။ ရှုလီကော၏ မျက်နှာထက်မှ အပြုံးသည် မပြောင်းလဲသွားပေ။ သူက သူ့အကြည့်ကို ပြန်ရုတ်သိမ်းလိုက်၏။ သူက စကားပြောရန် ပြင်လိုက်စဉ် သဟုန်က ခြေတစ်လှမ်းဦးသွားကာ ပြုံးပြုံးချိုချိုဖြင့် ပြောလိုက်သည်။ “စီနီယာ…ဂျူနီယာရဲ့ ကောင်းကင်ဘုံမိုးကြိုးကလန်မှာ လူတွေအများကြီး ရှိနေတယ်။ သူတို့ ပိုင်ဆိုင်တဲ့ အရာတွေကို မိုးကြိုးသလင်းကျောက်တွေနဲ့ လဲလှယ်ပြီး စီနီယာကို ပေးဖို့အတွက် လုပ်ခိုင်းခွင့် ပြုပါအုံး…”
ထိုသို့ ပြောပြီးနောက် သူက နောက်လှည့်ကာ သူတို့ရှေ့ရှိ မြင်ကွင်းကို ပါးစပ်အဟောင်းသားဖြင့် ကြည့်နေကြသော ကောင်းကင်ဘုံမိုးကြိုးကလန်ဝင်များထံ လှမ်းအော်ပြောလိုက်လေ၏။
သူ့ဖိအားအောက်တွင် သူက မိုးကြိုးသလင်းကျောက်နှင့် လဲလှယ်နိုင်သောအရာအားလုံးကို စုဆောင်းပြီး ဝမ်လင်းရှိ ကမ်းပေးလိုက်တော့၏။ ဝမ်လင်းက အားလုံးကို သိမ်းဆည်းလိုက်သည်။ ထို့နောက် သူ့မျက်တောင်မှာ မသိမသာလှုပ်ခတ်သွား၏။ သူက သူ့ညာလက်ကို ဝေ့ယမ်းလျက် ဆေးလုံးတစ်လုံးကို ထုတ်ယူလိုက်သည်။
သူက ထိုဆေးလုံး၏ တန်ဖိုးကို မသိပေ။ ယင်းဆေးလုံးကို သူ တိမ်ပင်လယ်ကြယ်အဖွဲ့အစည်းရှိ အဆင့်လေးသားရဲတစ်ကောင်၏ စိတ်ဝိညာဉ်ကနေ သန့်စင်ထားခဲ့တာ ဖြစ်၏။ သို့ပေမည့် သဟုန်ကတော့ ထိုဆေးလုံးကို တွေ့မြင်သည့်အခါ မျက်လုံးပြူးမျက်ဆန်ပြူးဖြင့် အံ့အားတကြီး ပြောလာသည်။ “စိတ်ဝိညာဉ်ဆေးလုံး…ဒီဆေးလုံးက တော်တော်ရှားတဲ့အတွက် အနည်းဆုံး မိုးကြိုးသလင်းကျောက် နှစ်သောင်းနဲ့ လဲလှယ်နိုင်လိမ့်မယ်…”
ဝမ်လင်း၏မျက်လုံးက လက်ခနဲ ဖြစ်သွား၏။ သူက သူ့လက်ကို ဝေ့ယမ်းလိုက်သည်။ ဆေးလုံးသည် သဟုန်၏လက်အတွင်းသို့ ကျရောက်သွားလေ၏။
“ငါ ဒီဆေးလုံးကို မင်းရှိ ပေးလိုက်မယ်။ အခုချိန်ကစပြီး သင်က မိုးကြိုးသလင်းကျောက်တွေနဲ့ လဲလှယ်နိုင်တဲ့ ပစ္စည်းတွေ စုဆောင်းဖို့ ငါ့ကို ကူညီပေး…”
ဝမ်လင်းသည် ညင်သာစွာ ပြောလိုက်၏။ သူက မိုးကြိုးသလင်းကျောက်အတွက် သူ့ကိုယ်ပိုင်ဆေးလုံးများဖြင့် လဲလှယ်မှု ပြုမည် မဟုတ်ပေ။ အကြောင်းမှာ သူက ပြန့်ကြဲမိုးကြိုးကလန်သည် ပိုအစွမ်းထက်အောင် လုပ်ပေးသလို ဖြစ်သွားမည့်အတွက်ပင်။ ထိုအစား သူက ပြန့်ကြဲမိုးကြိုးကလန်ဝင်များထံမှ ရတနာများကိုသာ စုဆောင်းပြီး သူတို့၏ပိုင်ဆိုင်မှုဖြင့်သာ မိုးကြိုးသလင်းကျောက်များကို လဲလှယ်မည် ဖြစ်သည်။
သဟုန်သည် အသက်ဝဝရှုသွင်းလိုက်၏။ သူက ဆေးလုံးကို ကိုင်ထားကာ ချက်ခြင်း ပြောလိုက်သည်။ “စီနီယာ…စိတ်ချနေပါ။ ဂျူနီယာ အကောင်းဆုံး လုပ်ဆောင်ပါ့မယ်…”
ရှုလီကောသည် သဟုန်ကို ရန်လိုစွာ စိုက်ကြည့်၏။ သူက ထိုဆေးလုံးကို ဂရုမစိုက်သော်လည်း ဒီသဟုန်က သူ့အတွက် ကြည့်ရတာ အချိုးမပြေ ဖြစ်နေ၏။
“မင်းက ဒီဘိုးဘိုးရှုနဲ့ ဒီမိစ္ဆာကောင်ရှေ့မှာ မျက်နှာသာရမှုကို ယှဉ်ပြိုင်ဝံ့တယ်ပေါ့။ ကောင်လေး…မင်း သတ္တိသိပ်ရှိနေတာပဲ။ စောင့်နေစမ်းပါ…မင်းရဲ့ဘိုးဘိုးရှုက မင်းကို မှတ်ထားမယ်။ နှစ်ပေါင်းနှစ်ထောင်နီးပါးမှာ ဒီမိစ္ဆာကောင်ရဲ့ မျက်နှာသာရဖို့အတွက် မင်းရဲ့ဘိုးဘိုးရှုနဲ့ လာပြိုင်တဲ့လူမှန်သမျှ ဇာတ်သိမ်းမကောင်းဘူးကွ။ မင်းရဲ့ဘိုးဘိုးရှုက မင်းကို အကြိမ်များစွာ သတ်ပစ်လို့ရတယ်….။ ငါ လျိုကျင်းပြောင်ကို နှိပ်စက်ခဲ့သလိုမျိုး မင်းကို နှိပ်စက်ပြီးမှ အသေသတ်ပစ်မယ်…”
ရှုလီကော၏ မျက်လုံးသည် တလက်လက် ဖြစ်လာ၏။
***