← Chapters

ကြောက်မက်ဖို့ကောင်းသော ခန့်မှန်းမိမှု

Vol. 101 Ch. 1386

ကြောက်မက်ဖို့ကောင်းသော ခန့်မှန်းမိမှု

Vol. 101 Ch. 1386

ဝမ်လင်း၏အစွမ်းထက်နတ်ဘုရားအာရုံဖြင့် သူ့အဖို့ ဒီမဟာမိုးကြိုးတံဆိပ်တုံးနည်းလမ်းကို စူးစမ်းရန် အချိန်သိပ်မလိုပေ။ မိုးကြိုးကိုကျင့်ကြံသူများသာ ထိုနည်းလမ်းကို တတ်မြောက်နိုင်မည် ဖြစ်ကာ ၎င်း၏စွမ်းအားသည်လည်း လူတစ်ယောက်၏ခန္ဓာကိုယ်အတွင်း မိုးကြိုးမည်မျှရှိသည့်အပေါ်တွင် မူတည်ပေသည်။ မိုးကြိုးများကို ပိုမိုဖိသိပ်ထားနိုင်လေလေ ယင်းနည်းလမ်းသည် ပိုအစွမ်းထက်လေပင်။

ဥပမာအနေဖြင့် သဟုန်သည် သူ့ခန္ဓာကိုယ်အတွင်း၌ မိုးကြိုးကို ဆယ်ဆဖိသိပ်ထားနိုင်စွမ်း ရှိ၏။ သူကဲ့သို့လူများသည် ပြန့်ကြဲမိုးကြိုးကလန်တွင် မရှားပေ။ သို့သော် ထိုအရာက အတွင်းနယ်မြေရှိ ဟင်္သာပြဒါးဂြိုဟ်ပေါ်တွင် ဆိုပါက သူသည် အစွမ်းထက်ကျင့်ကြံသူများထဲမှ တစ်ယောက်ပင် ဖြစ်လာနိုင်ပေလိမ့်မည်။

သို့ပေမည့် ဒီနည်းလမ်း၏ ယင်းအချက်မှာ ပဓာနမကျသေးပေ။ မဟာမိုးကြိုးတံဆိပ်တုံးနည်းလမ်းကို အမှန်တကယ် အသုံးပြုနိုင်ဖို့အတွက် လူတစ်ယောက်သည် ဒုတိယအဆင့်ကျင့်ကြံခြင်းနယ်ပယ်သို့ ရောက်ရှိရန် လိုအပ်ပေသည်။ ထိုမှသာ ထိုလူသည် လေဟာနယ်မှ မိုးကြိုးကို စုဆောင်းနိုင်ပြီး သူ၏ခန္ဓာကိုယ်အတွင်း၌ မိုးကြိုးကို အဆတစ်ထောင်၊ သို့မဟုတ် အဆတစ်သောင်းလောက် ဖိသိပ်ထားနိုင်မည် ဖြစ်၏။

ရလဒ်အနေဖြင့် ၎င်း၏စွမ်းအားမှာလည်း တုန်လှုပ်ဖွယ်ရာ ကောင်းပေလိမ့်မည်။

ယင်းနည်းလမ်းမှာ မိုးကြိုးကို ထိန်းချုပ်သည့် နည်းလမ်းများထဲမှ တစ်ခု ဖြစ်၏။ နှစ်ပေါင်းသောင်းချီ၍ မိုးကြိုးထိန်းချုပ်သည့် နည်းလမ်းများကို လေ့လာခဲ့ခြင်းကြောင့် ပြန့်ကြဲမိုးကြိုးကလန်သည် နည်းလမ်းများစွာကို ရှာတွေ့ခဲ့ပြီး ဖြစ်၏။ ထို့ကြောင့်လည်း သူတို့သည် တတိယအဆင့်ကျင့်ကြံသူတစ်ယောက် မရှိသည်တောင်မှ ဒီရှေးဟောင်းကြယ်အဖွဲ့အစည်း၏ ကလန်ကြီးများထဲမှ တစ်ခု ဖြစ်နေဆဲ မဟုတ်လား။

ဝမ်လင်းက ကျောက်စိမ်းပြားထံမှ သူ့နတ်ဘုရားအာရုံကို ပြန်ရုတ်သိမ်းလိုက်၏။ သူ့အမူအရာမှာ တည်ငြိမ်နေ၏။ သူက စတင်စဉ်းစားသည်။

“ဒီပြန့်ကြဲမိုးကြိုးကလန်မှာ အစွမ်းထက်ဆုံးလူက ပဥ္စမကောင်းကင်ဘုံဒုက္ခအဆင့်ကို ရောက်နေတဲ့ ဘိုးဘေးပဲ။ သူဟာ တတိယအဆင့်နဲ့ ခြေတစ်လှမ်းစာလောက်ပဲ လိုတော့တဲ့သူ။ ဒီခြေတစ်လှမ်းဟာ ကောင်းကင်နဲ့မြေကြီးလောက် ကွာဟချက် ရှိပေမယ့်လည်း သူ့ခွန်အားဟာ မေးခွန်းထုတ်နေစရာ လိုမှာ မဟုတ်ဘူး။ သူသာ ဒီမန္တာန်(မဟာမိုးကြိုးတံဆိပ်တုံး)ကို အသုံးပြုခဲ့ရင် သူ ဘယ်လောက်ပမာဏများ မိုးကြိုးကို သိပ်သည်းနိုင်မလဲ ငါ သိချင်မိတယ်။ သူက တတိယအဆင့်ကျင့်ကြံသူတစ်ယောက်နဲ့တောင် အချိန်တခဏလောက် လက်ရည်ညီတိုက်ခိုက်နိုင်လောက်တယ်…”

စဉ်းစားနေရင်း ဝမ်လင်းသည် ဒီမဟာမိုးကြိုးတံဆိပ်တုံးနည်းလမ်းကို မှတ်သားထားလိုက်၏။ သူ့လက်ဖြင့် ချိပ်ဟန်တစ်ခုကို ဖြစ်စေရာ မိုးကြိုးတုန်ဟည်းသံတို့ မြည်ဟိန်းလျက် မရေမတွက်နိုင်သောမိုးကြိုးတန်းများ ပေါ်လာလေသည်။ ယင်းတို့သည် ငွေရောင်မြွေများအလား။ သူ့လက်ထံ တိုးဝင်လာကြပြီး လက်သီးဆုပ်ခန့်မိုးကြိုးလုံးတစ်လုံး ဖြစ်ပေါ်လာသည်။

ထိုမိုးကြိုးလုံးထံမှ တစီစီအသံများ ထွက်ပေါ်နေ၏။ ၎င်းသည် အဆက်မပြတ် ဖိသိပ်ခြင်း ခံနေရသည်။ ဆယ်ဆ၊အဆတစ်ရာ၊ အဆတစ်ထောင်၊ တစ်သောင်း။ မျက်စိတစ်မှိတ်အတွင်း ထိုမိုးကြိုးလုံးသည် အဆသုံးသောင်းထိ ဖိသိပ်ခြင်း ခံလိုက်ရသည်။

မိုးကြိုးလုံးသည် ပျောက်ကွယ်သွားကာ ဗလာမျက်လုံးဖြင့် မမြင်ရနိုင်တော့ပေ။ သင့်နတ်ဘုရားအာရုံဖြင့်သာ သင်သည် ဝမ်လင်း၏လက်ထဲရှိ အဆသုံးသောင်းဖိသိပ်ထားသော မိုးကြိုးလုံးကို မြင်နိုင်မည် ဖြစ်သည်။

“ဒီခန္ဓာကိုယ်ကို ငါ ပြုပြင်သိမ်းပိုက်ထားတယ် ဆိုပေမယ့် အများဆုံးမှ စိတ်ဝိညာဉ်ပုံစံဖြစ်ပေါ်ခြင်းခွန်အားကိုပဲ ပြသနိုင်လိမ့်မယ်။ ဒါပေမဲ့ ငါ့မူလစိတ်ဝိညာဉ်ဟာ အားကောင်းလှတယ်။ ဒါ့ကြောင့် ဒီဖိသိပ်မှုအဆဟာ ငါ့ အကန့်အသတ် မဟုတ်သေးဘူး။ အပြင်လူတွေကလည်း ငါ့မူလစိတ်ဝိညာဉ်ကို သတိမူမိမှာ မဟုတ်ဘူး။ ဘာကြောင့်လဲဆိုတော့ ငါ့မူလစိတ်ဝိညာဉ်ဟာ ဒီနေရာက မိုးကြိုးနဲ့ တစ်သားတည်းပေါင်းစပ်ထားလို့ပဲ။ ဒီနေရာရဲ့ ထာဝရမိုးကြိုးနဲ့ အဆင့်တူမှာ ရှိနေလို့ပဲ ဖြစ်တယ်။ ပြန့်ကြဲမိုးကြိုးကလန်ရဲ့ ဘိုးဘေး ရောက်လာခဲ့ရင်တောင် သူက ငါ့ထက် ကျင့်ကြံမှုအဆင့်ပိုမြင့်ပေမယ့် မိုးကြိုးထိန်းချုပ်မှုမှာ ငါ့ကို ယှဉ်နိုင်စွမ်း ရှိမှာ မဟုတ်ဘူး။ ဒီတော့ သူတောင် ငါ့မူလစိတ်ဝိညာဉ်ကို သတိပြုမိမှာ မဟုတ်ဘူး…”

ဝမ်လင်းသည် ဖုန်မှုန့်အရွယ်အစားဖြစ်သွားသည့် မိုးကြိုးကို ကြည့်ကာ စဉ်းစားခန်းဖွင့်နေသည်။

“အဆသုံးသောင်းဖိသိပ်တာဟာ ဒီခန္ဓာကိုယ်ရဲ့ အကန့်အသတ်ပဲ။ ငါသာ အတင်းအကြပ် ထပ်သိပ်သည်းခဲ့ရင် ဒီခန္ဓာကိုယ်ဟာ ချက်ခြင်း ပျက်စီးသွားလိမ့်မယ်…” ဝမ်လင်းသည် သူ့ညာလက်ကို ဝေ့ယမ်းလိုက်ရာ မိုးကြိုးကိုအဆသုံးသောင်းဖိသိပ်ထားရာကနေ ဖြစ်ပေါ်သည့် ဖုန်မှုန့်အရွယ်မိုးကြိုးမှာ တိတ်တဆိတ် ပျောက်ကွယ်သွားတော့သည်။

သဟုန်ဟာ ဒီပြန့်ကြဲမိုးကြိုးကလန်ဝင်တစ်ယောက်ပဲ။ ဒါ့ကြောင့် သူ့ကို လှုပ်ရှားစေတာဟာ ဘာအန္တရာယ်မှ ရှိစေမှာ မဟုတ်ဘူး။ ရှုလီကောကတော့ သူဟာ ကျင့်ကြံသူတစ်ယောက် မဟုတ်ဘူး။ ဒါပေမဲ့ ဓားစိတ်ဝိညာဉ်တစ်ယောက်သာ ဖြစ်တယ်။ ဒါ့ကြောင့် ငါ သူ့ကို ပျော်ခွင့်ပေးထားလိုက်အုံးမယ်…။ ပြန့်ကြဲမိုးကြိုးကလန်ဟာ ကလန်ဝင်မဟုတ်ရင် ဘယ်သူမှ မဝင်ရောက်နိုင်တဲ့ မိုးကြိုးကန်ထဲမှာ တည်ရှိတာ။ ဒါ့ကြောင့် သူတို့ဟာ အပြင်လူတွေဝင်လာမှာကို စောင့်ကြပ်နေကြမှာ မဟုတ်ဘူး…”

“ဒီတော့ ငါ့အနေနဲ့ အရမ်းနှိမ့်ချပြီး နေနေဖို့ မလိုတော့ဘူး…” ဝမ်လင်း၏မျက်လုံးသည် တလက်လက် ဖြစ်နေ၏။ သူက သည်အကြောင်းကို တွေးနေခြင်းအား ရပ်တန့်လိုကု်၏။ ထို့နောက် သူသည် မျက်လုံးမှိတ်ကာ ပြန့်ကြဲမိုးကြိုးကလန်၏ အမှတ်အသားကို စတင်လေ့လာကြည့်တော့သည်။

သည်ပြန့်ကြဲမိုးကြိုးကလန်၏ အမှတ်အသားများသည် ထာဝရမိုးကြိုးတန်း၏ အခွဲတွေဟု ဆိုနိုင်၏။ ယင်းတို့သည် ထိုစွမ်းအားကနေ ဆင့်ကဲဖြစ်လာခြင်းသာ။ ထိုအမှတ်အသားကို လေ့လာခြင်းက ထာဝရမိုးကြိုးတန်းကို သွယ်ဝိုက်စွာ လေ့လာခြင်းပင်။

ဝမ်လင်း လေ့လာနေသော မိုးကြိုးအမှတ်အသားမှာ သူ ခန္ဓာပိုင်ဆိုးထားသော ယုဖေ၏ အမှတ်အသား ဖြစ်၏။ ယုဖေသည် သူ့အမှတ်အသားကို ပယ်ဖျက်ပစ်ခဲ့သော်လည်း ၎င်းမှာ သူ့စိတ်ဝိညာဉ်ထဲတွင်မူ ရေးထွင်းထားတာ ဖြစ်၏။ ထို့ကြောင့် ယင်းအမှတ်အသားသည် အပေါ်ယံအရေပြားပေါ်မှ အမှတ်အသားကို ဖယ်ရှားပစ်ရုံဖြင့် ဖျက်စီးနိုင်သည့်အရာ မဟုတ်ပေ။

ဝမ်လင်းက ထိုအမှတ်အသားကို လေ့လာနေရင်း သူသည် ထာဝရမိုးကြိုး၏ ရှေးဆန်မှုနှင့်အစွမ်းထက်မှုကို ခံစားမိသည်။ ထာဝရမိုးကြိုး၏ ဆင့်ပွားအခွဲအမှတ်အသားထဲတွင်ပင် မိုးကြိုး၏ ပြောင်းလဲမှုမျိုးစုံ ပါဝင်နေပေသည်။ ထိုအမှတ်အသားလေးတွင်ပင် မိုးကြိုးအနှစ်သာရ၏ အရိပ်အယောင် ပါနေ၏။

သို့ပေမည့် သူသည် ထိုမိုးကြိုးအနှစ်သာရကို မစုပ်ယူပေ။ ထိုအနှစ်သာရတွင် စိတ်ဆန္ဒတစ်ခု ပါဝင်နေကာ အိပ်ပျော်နေဟန် ပေါ်သည်။ သို့သော် ယင်းအနှစ်သာရမှာ ပြန့်ကြဲမိုးကြိုးကလန်ဝင်တိုင်း အဆက်မပြတ် စုပ်ယူနေသောအရာပင်။

အချိန် ဖြည်းဖြည်းချင်း ကုန်ဆုံးလို့နေ၏။ ဝမ်လင်းသည် ကောင်းကင်ဘုံမိုးကြိုးကလန်၏ ခန်းမထဲတွင် ရှိနေသည်မှာ တစ်လကျော်လာခဲ့ပေပြီ။ သူက ဆက်လက်လေ့လာနေရင်း ထူးဆန်းသောတစ်ချို့အရာကို ခပ်ဝါးဝါး သတိပြုမိလာသည်။

သူက မျက်လုံးဖြည်းဖြည်းချင်း ဖွင့်လာ၏။ သူ့မျက်လုံးထံမှ ပင်ပန်းမှု လှစ်ဟနေသည်။ သို့သော် သူ့မျက်လုံးအတွင်း၌ ထူးဆန်းသောအလင်းတစ်ခု ရှိနေသည်။

“ပြန့်ကြဲမိုးကြိုးကလန်ဝင်တိုင်းဟာ မရေမတွက်နိုင်တဲ့နှစ်တွေကြာအောင် သူတို့ရဲ့ အမှတ်အသားကို ကျင့်ကြံခဲ့ကြတယ်။ အမှတ်အသား ပို နိုးထလာလေလေ သူတို့ဟာ အတိုင်းမသိစွမ်းအားနဲ့ မိုးကြိုးကို ထိန်းချုပ်နိုင်စွမ်းကို ပိုမို ပိုင်ဆိုင်လာကြတယ်။ အမှတ်အသားဟာ သူတို့ရဲ့ကျင့်ကြံမှုကို တိုးတက်နေစေသလို တစ်ချိန်တည်းမှာလည်း သူတို့က သူတို့ရဲ့အသက်အားကို အဆက်မပြတ် ပေးအပ်နေပြီး ထာဝရမိုးကြိုးရှိ မိုးကြိုးအဖြစ် ကမ်းလှမ်းနေကြတာပဲ…”

“ဒါဟာ အပူဇော်ခံမီးတောက်နဲ့ သဘောသဘာဝ တူနေတယ်…” ဝမ်လင်း၏မျက်လုံးသည် တောက်ပသထက် တောက်ပလာ၏။

“ထာဝရမိုးကြိုးကို တတိယအဆင့်ကျင့်ကြံသူတစ်ယောက်အဖြစ် ယူဆမယ်ဆိုရင် ပြန့်ကြဲမိုးကြိုးကလန်တစ်ခုလုံးဟာ ဒီထာဝရမိုးကြိုးအတွက် တပည့်တပန်းတွေလို ဖြစ်နေပြီ။ ဒီတပည့်တွေအားလုံးမှာလည်း အမှတ်အသားတွေ ရှိကြတယ်။ သူတို့ဟာ အဆက်မပြတ် ကျင့်ကြံနေပြီး အရာအားလုံးကို ပေးအပ်နေကြတယ်။ ဒါပေမဲ့ သူတို့ ဘယ်လောက်များများ ပေးအပ်နိုင်လဲ ပေါ်မူတည်ပြီး သူတို့ရဲ့ ကျင့်ကြံမှုအဆင့်စွမ်းအားကို ပြန်လည် ရရှိတယ်…”

“ဒါတွေအားလုံးဟာ ဒီကလန်ရဲ့ ပြန့်ကြဲမိုးကြိုးအဆင့်သတ်မှတ်ချက်နဲ့လည်း အလားသဏ္ဍာန်တူနေတယ်…”

ဝမ်လင်းသည် သူက ကောင်းကင်ဘုံတုန်လှုပ်စေမည့် လျှို့ဝှက်ချက်တစ်ခုကို တွေ့ရှိသွားသကဲ့သို့ ခံစားမိလိုက်၏။ သူသည် အသက်ဝဝရှုသွင်းကာ ခပ်တိုးတိုး ရေရွတ်မိသည်။ ဒီရှေးဟောင်းကြယ်အဖွဲ့အစည်းရဲ့ ကလန်တိုင်းမှာ အမှတ်အသားတစ်ခု ရှိကြတယ်။ ဒီအမှတ်အသားဟာ အမြဲတမ်း သူတို့ရဲ့ မျက်ခုံးနှစ်ခုကြားမှာ ရှိနေတာတော့ မဟုတ်ဘူး။ အပြာရောင်ပိုးသားကလန်ဟာ အပြာရောင်ဆံပင်တွေကို ပိုင်ဆိုင်ကြတယ်။ ဒါပေမဲ့ ဒါဟာလည်း အမှတ်အသားတစ်မျိုးပဲ။ ဒါ့အပြင် ဒီရှေးဟောင်းကြယ်အဖွဲ့အစည်းရဲ့ တခြားကလန်အားလုံးဟာ ပြန့်ကြဲမိုးကြိုးကလန်လိုမျိုး ဖြစ်နေခဲ့ရင်…အဲ့ကျရင် ဒီကြယ်အဖွဲ့အစည်းဟာ ဖြစ်နိုင်တာက…ဖြစ်နိုင်တာက…”

ဝမ်လင်း၏မျက်လုံးသူငယ်အိမ် ကျုံ့သွားမိ၏။ ရုတ်တရက် သူက အပေါ်သို့ မော့ကြည့်လိုက်သည်။ သူ့အကြည့်သည် ခန်းမကို ဖြတ်သန်းသွားကာ လောကကို ကြည့်ရှု၏။ သူ့အကြည့်မှာ အလွန်အမင်း သုန်မှုန်နေသည်။

“ဖြစ်နိုင်တာက ဒီရှေးဟောင်းကြယ်အဖွဲ့အစည်းဟာ တစ်စုံတစ်ခုက ဖန်တီးထားတဲ့ လှောင်ပိတ်နေတဲ့နေရာတစ်ခု၊ အံ့မခန်ကျင့်ကြံမှုနဲ့ ဆန်းကြယ်တဲ့တည်ရှိမှုများ ဖြစ်နေမလား။ ဥပမာအနေနဲ့ တာအိုပညာရှင်ရေနဲ့ငါ တိုက်ခိုက်ခဲ့တုန်းကဆို သူ ဖန်တီးလိုက်တဲ့လောကမှာ တပည့်ပေါင်းနှစ်ဘီလီယံ ရှိနေတယ်။ အဲ့လောကမှာဆို ကျင့်ကြံခြင်းဂြိုဟ်တွေပါ ရှိနေတယ်။ ဒီတပည့်တွေအတွက်တော့ တာအိုပညာရှင်ရေဟာ ဖန်တီးရှင်နတ်ဘုရားတစ်ပါးပဲ…”

ဝမ်လင်းသည် သူ ပို၍ ခန့်မှန်းမိလေလေ သူ့စိတ်နှလုံး၌ အေးစက်မှုကို ပိုခံစားလာရလေပင်။ သို့သော် သူ့အကြည့်ကမူ အမှန်တရားကို ဝန်းရံထားသော မြူလွှာ၊ ကောင်းကင်နှင့်မြေကြီးတို့ကို ထွင်းဖောက်မြင်နိုင်စွမ်း မရှိသေးပေ။

“ဒါတွေအားလုံးဟာ ငါ့ထင်မြင်ယူဆချက် သပ်သပ်ပဲ။ ငါ အခုတွေးမိသလိုမျိုး မဟုတ်တာလည်း ဖြစ်နိုင်တာပဲ။ ဒါပေမဲ့ ဒီအတိုင်းဆိုရင် ချိပ်ပိတ်နယ်မြေအစီအရင်ဟာ ချိပ်ပိတ်နယ်မြေအရှင် ပြောခဲ့သလိုမျိုး မဟုတ်တော့ဘူး။ ဒီအစီအရင်ကို ချခင်းထားတာဟာ အတွင်းနယ်မြေကလူတွေကို ပိတ်လှောင်ဖို့အတွက်လောက်ပဲ မဖြစ်နိုင်တော့ဘူး။ ဒီလောက် မရိုးရှင်းတော့ဘူး…”

“ဒါ့အပြင် ငွေရောင်အမျိုးသမီး ပြောခဲ့တာလည်း ရှိသေးတယ်။ သူမက အပူဇော်ခံမီးတောက်ဟာ အဆိပ်၊ လှည့်ဖြားမှုလို့ ဆိုခဲ့တယ်။ ဒါ့အပြင် တာအိုသခင်အိပ်မက်ပြာကလည်း ဒီကြယ်အဖွဲ့အစည်းရဲ့ အုပ်စိုးသူဟာ အတွင်းနယ်မြေရဲ့ ဟိန်းအော်သံတစ်ချက်နဲ့တင် ဒဏ်ရာအပြင်းအထန် ရပြီး ထွက်ပြေးခဲ့ရတယ်လို့လည်း ပြောခဲ့ဖူးသေးတယ်။ ဒီအချက်တွေဟာ ချိတ်ဆက်ပတ်သတ်နေမလား။ အတွင်းနယ်မြေနဲ့ ပြင်ပနယ်မြေ(ရှေးဟောင်းကြယ်အဖွဲ့အစည်း)မှာ ဘယ်လိုမျိုး လျှို့ဝှက်ချက်တွေ ရှိနေတာလဲ…”

“ဒါ့အပြင် ဒီကိစ္စရပ်အားလုံးမှာ ရှေးဟောင်းကောင်းကင်ဘုံနယ်မြေဟာ ဘယ်အခန်းကနေ ပါဝင်နေခဲ့တာလဲ…” ဝမ်လင်းသည် ထိုအကြောင်းကို ပို၍ တွေးမိလေလေ သူက ပို၍ ထိတ်လန့်မှုကို ခံစားလာရလေ ဖြစ်သည်။ သူ့စိတ်ထဲတွင်လည်း ဖြစ်တောင့်ဖြစ်ခဲ တုန်ယင်မှု မြင့်တက်လာခဲ့၏။

သူက အသက်ခပ်ပြင်းပြင်းရှုသွင်းရှုထုတ်လုပ်ကာ ပြန်တည်ငြိမ်စေလိုက်၏။ သူက သူ့ထင်မြင်ချက်များကို သူ့စိတ်နှလုံးအတွင်းနက်ပိုင်းတွင် မြှုပ်နှံ့ထားလိုက်သည်။

“ငါ့ထင်မြင်ချက်တွေဟာ မှန်မှန်၊မှားမှား…ငါက အပူဇော်ခံမီးတောက်ကို သတိမထားဘဲ ကျင့်ကြံလို့ မဖြစ်ဘူး…” ဝမ်လင်း၏မျက်လုံးသည် တလက်လက် ဖြစ်နေ၏။ သူ့မျက်လုံးထဲတွင် ပြတ်သားမှုတို့ ပြည့်နှက်နေသည်။

ရက်အတော်အတန်ကြာပြီးနောက် သဟုန်က ရှုလီကောထက် အရင်ပြန်ရောက်လာ၏။ သူ ကလန်သို့ ပြန်ရောက်လာသည်နှင့် သူ့အမူအရာမှာ စိတ်လှုပ်ရှားမှု၊လေးစားသမှုအပြည့်ပုံစံသို့ ချက်ခြင်း ပြောင်းလဲသွား၏။ သူက ဝမ်လင်း တံခါးပိတ်ကျင့်ကြံနေသည်ဟု ကြားသည့်အခါ ချက်ခြင်း ခန်းမရှေ့ ရောက်လာပြီး လူတိုင်းကို ထွက်သွားခိုင်းတော့၏။ သူကိုယ်တိုင် ခန်းမရှေ့တွင် မားမားရပ်ကာ သတိအပြည့်နှင့် နေရာယူကာ ရပ်နေတော့သည်။ သူ့ပုံစံက သူ့သခင်ကို သစ္စာရှိစွာ စောင့်ကြပ်ပေးမည့် နောက်လိုက်တစ်ယောက်အလား။

အာဏာတက်ခြင်းအဆင့် ကျင့်ကြံသူတစ်ယောက် ရောက်လာခဲ့လျှင်ပင် ထိုသူသည် ခန်းမအတွင်း ဝင်ရန် သူ့ခန္ဓာကိုယ်ကို နင်းဖြတ်သွားမှ ရမည့်ပုံစံမျိုးပင်။

သူက နေရာယူပြီး သိပ်မကြာခင်မှာပင် သူ့စိတ်ထဲတွင် ဝမ်လင်း၏အသံ ပဲ့တင်ထပ်လာ၏။ သူက ချက်ခြင်းပင် လှည့်ကြည့်လိုက်၏။ အရင်ဆုံး သူ့ဝတ်စုံကို ဖုတ်ဖတ်ခါလိုက်ပြီး သေသေသပ်သပ်ဖြစ်အောင် လုပ်၏။ ထို့နောက် သူက ခန်းမအတွင်းသို့ ပြုံးချိုသည့်ဟန်ပန်အပြည့်ဖြင့် ဝင်ရောက်လာတော့သည်။

သူ ဝင်ရောက်လာသည်နှင့် သူက ဝမ်လင်းကို မမြင်ရခင်မှာပင် စိတ်လှုပ်ရှားစွာ ပြောလိုက်၏။ “ဂျူနီယာ သဟုန်က စီနီယာ့အတွက် မိုးကြိုးသလင်းကျောက်တွေနဲ့ လဲလှယ်နိုင်မယ့် ပစ္စည်းအများကြီး စုဆောင်းလာခဲ့ပါတယ်…”

ထိုသို့ပြောပြီးနောက် သူသည် ခန်းမအတွင်း ရောက်လာခါ သူ့အမှတ်အသားကို ထိလိုက်၏။ သူ ပြီးခဲ့သောလအတွင်း စုဆောင်းခဲ့သမျှ ပစ္စည်းများ ပျံသန်းထွက်လာကာ တောင်အသေးစားပမာဏလောက်ထိ စုပုံသွား၏။

သူက အသက်ခပ်ဝဝရှုသွင်းကာ စိတ်လှုပ်ရှားဟန်ဖြင့် ပြောလိုက်၏။ “ဒီကောင်လေးက စီနီယာ့ကို မမြင်ရတာ ရက်သတ္တပတ်အတော်ကြာခဲ့ပါပြီ။ အခု စီနီယာကို မြင်ရတော့မှ အကျွန်ဟာ လန်းဆန်းမှုကို ခံစားမိတော့တယ်။ စီနီယာ ကျင့်ကြံနေတဲ့ လေထုကို ရှုသွင်းရုံနဲ့တင် ကျွန်တော့် ကျင့်ကြံမှုအဆင့် တိုးတက်လာသလား မှတ်ရပါတယ်။ စီနီယာ့နောက်ကို အချိန်ပြည့် မလိုက်ပေးနိုင်တဲ့ ကိုကိုယ်ကိုတောင် မုန်းမိပါတယ်။ ဒါပေမဲ့လည်း စီနီယာ ခိုင်းတာကို လုပ်ဆောင်ရတာဟာ ဒီက သဟုန်အတွက်တော့ ဂုဏ်ယူစရာကြီးပါ…”

ဝမ်လင်းသည် သဟုန်ကို ပုံမှန်အတိုင်းသာ ကြည့်လိုက်၏။ သူက သူ့လက်ကို ဝေ့ယမ်းကာ မိုးကြိုးသလင်းကျောက်နှင့် လဲလှယ်နိုင်သောအရာများကို သိမ်းဆည်းလိုက်၏။

“မဆိုးပါဘူး။ ဒါက မင်းအတွက် ဆုချီးမြှင့်တာ…” ဝမ်လင်းသည် သူ့လက်ချောင်းကို တောက်ထုတ်လိုက်ရာ ဆေးလုံးတစ်လုံး သဟုန်၏လက်ထဲသို့ ကျရောက်သွားလေ၏။

ခေါင်းကြီးကောင်လေးသည် ခေါင်းငုံ့ထားသည်။ သူက စိတ်လှုပ်ရှားမှုကို ဖုံးကွယ်မထားဘဲ ခပ်သွက်သွက် ပြောလိုက်၏။ “ဒီကောင်လေးက စီနီယာ့အတွက် လုပ်ဆောင်ပေးရတာ ဂုဏ်ယူစရာပါ။ စီနီယာဟာ နေလိုလလို တောက်ပတဲ့သူပါ။ ဆုလဒ်မရှိရင်လည်း ဒီကောင်လေးက စီနီယာ စိတ်ကျေနပ်အောင် ကူညီပေးမှာပါ…”

“စီနီယာ…မိုးကြိုးသလင်းကျောက်တွေ လဲလှယ်နိုင်ဖို့ နောက်ထပ် ရက်အနည်းငယ် လိုသေးတယ်။ မိုးကြိုးသလင်းကျောင်းတော်က မကြာခင် ဖွင့်လှစ်တော့မှာ။ ငါတို့ အခု အချို့အဝက်ကို လဲလှယ်ဖို့အတွက် ထွက်ခွာသင့်လား…”

ဝမ်လင်းသည် အနည်းငယ် စဉ်းစား၏။ ထို့နောက် သူက သဟုန်ကို အပြုံးမမည်သောအပြုံးဖြင့် ကြည့်ကာ ခေါင်းညိတ်ပြလိုက်၏။

သဟုန်သည် ဝမ်လင်း၏ သဘောတူညီမှုကို တွေ့မြင်သည့်အခါ သူ စိတ်ပိုလှုပ်ရှားလာ၏။ သူက ရှုလီကောထက် အရင်ပြန်လာရန် ရွေးချယ်ခဲ့ခြင်းမှာ သူ တစ်ယောက်တည်းရှိချိန် သူ့ ဖော်လံဖားပညာရပ်ကို အသုံးချရန်အတွက် ဖြစ်၏။ သူက ဝမ်လင်းကို မိုးကြိုးသလင်းကျောင်းတော်ရှိ ခေါ်သွားရန်လည်း ဆုံးဖြတ်ထားခဲ့သည်။ ထိုမှသာ ရှုလီကော ပြန်ရောက်လာချိန်၌ ဝမ်လင်းကို ရှာမတွေ့နိုင်မည် ဖြစ်သည်။

“ဟက်…ဟက်…။ ငါ သဟုန်ဟာ မင်းနဲ့ စစ်ပွဲစတင်တော့မယ်။ ငါ မင်းကို မနိုင်ဘူးဆိုတာ မယုံဘူး။ စီနီယာက ငါ့ကို လက်ခံနေသ၍ မိုးကြိုးသလင်းကျောက်နဲ့ လဲလှယ်နိုင်တဲ့ ပစ္စည်းတွေဆိုတာ ဘာဟုတ်သေးမှာလဲ။ ငါသာ စီနီယာနဲ့အတူ ရှိနေရရင် ငါ နောက်ထပ် အကျိုးအမြတ်အများကြီး ထပ်ရနိုင်သေးတယ်။ ခု ကြည့်ရသလောက် စီနီယာက ပြန့်ကြဲမိုးကြိုးအဆင့်သတ်မှတ်ချက်ထဲ ဝင်ရောက်ဖို့ ရည်ရွယ်နေတဲ့ပုံပဲ။ စီနီယာ မြင့်မားလာတာနဲ့ ငါ့နာမည်ပါ ကျော်ကြားလာမယ့် နေ့ဟာ တစ်နေ့နေ့တော့ ရောက်လာမှာပါ။ ပြန့်ကြဲမိုးကြိုးကလန်မှာတောင့် ငါ သဟုန်အတွက် နေရာတစ်နေရာစာ ရနိုင်တာတောင် ဖြစ်နိုင်သေးတယ်…”

သဟုန်သည် ရည်မှန်းချက် ရှိပေ၏။ ထိုအချက်သည် သူနှင့် ရှုလီကောအကြား ကြီးမားသောကွာခြားချက်ပင်။

***

All Chapters