အခန်း ၈၁
Vol. 9 Ch. 81
အခန်း (၈၁) - ရွှီတာ့မောက် ကလေးရအောင် ကူညီပေးခြင်း
“ဘာလဲ... ကျွန်မကိုတောင် လျှို့ဝှက်ထားသေးတာလား”
ယွီရှို့၏ စူးစမ်းလို စိတ်တို့က ပိုမိုပြင်းပြလာခဲ့သည်။
ရွှီတာ့မောက်၏ ရင်တွင်းစကားကို ကြိုတင် ရိပ်မိနေသော ယန်ချုံးသည် စက်ဘီးကို အသာ ရပ်တန့်လိုက်ကာ ချော့မော့ ပြောဆိုလိုက်သည်။
“ရှို့အာ... မင်း အရင် စက်ဘီးစီးပြီး သွားနှင့်လိုက်လေ။ ကိုယ် အစ်ကိုတာ့မောက်နဲ့ အတူတူသွားရင်း စကားနည်းနည်းလောက် ပြောလိုက်ဦးမယ်”
“ကောင်းပြီလေ… ရှင်တို့ ယောက်ျားတွေ လူကွယ်ရာမှာဆိုရင် သေချာပေါက် ကောင်းတဲ့ကိစ္စ လုပ်ကြမှာ မဟုတ်ဘူး။ ဟွန့်…”
ယွီရှို့က နှုတ်ခမ်းလေးစူကာ ပွစိပွစိ ရေရွတ်ရင်း စက်ဘီးလေးဖြင့် ထွက်ခွာသွားလေတော့သည်။ သူမ၏ ကျောပြင်လေး အဝေးသို့ ရောက်သွားသည်နှင့် တစ်ပြိုင်နက် ရွှီတာ့မောက်သည် ယန်ချုံးအနားသို့ ကမန်းကတန်း ကပ်လာခဲ့သည်။
“ချုံးဇီ... ငါတို့ ညီအစ်ကို နှစ်ယောက်ရဲ့ သံယောဇဉ်ကို ထောက်ထားပြီးတော့ ဒီတစ်ခါ မင်း အစ်ကို့ကို ကူညီမှ ဖြစ်မယ်။ မဟုတ်ရင်... မဟုတ်ရင်...”
သူ၏ စကားလုံးများက နှုတ်ခမ်းဖျားတွင် တစ်ဆို့နေပြီး ဆက်ပြောရန် ခက်ခဲနေဟန်ဖြင့် အထစ်ထစ်အငေါ့ငေါ့ ဖြစ်နေရှာသည်။ ယန်ချုံးက ပွင့်လင်းပြတ်သားစွာပင် တဲ့တိုး ဖွင့်ဟ မေးမြန်းလိုက်သည်။
“အစ်ကိုတာ့မောက် ပြောချင်တာက ခင်ဗျားတို့ ရွှီမိသားစုရဲ့ မျိုးဆက်ပြန့်ပွားရေး ကိစ္စမလား”
ရွှီတာ့မောက်၏ မျက်လုံးအစုံမှာ အံ့ဩတကြီး ပြူးကျယ်သွားပြီးနောက် နှုတ်ခမ်းတွင် လက်ညှိုးတင်ကာ အသံတိတ်ရန် အချက်ပြလိုက်သည်။ ထို့နောက် လေသံကို နှိမ့်ကာ ကမန်းကတန်း ဆိုလာ၏။
“ရှူး... တိုးတိုးလုပ်ပါ။ သူများတွေ ကြားသွားပါဦးမယ်။ ငါဘာပြောမလဲဆိုတာ မင်းဘယ်လိုလုပ် သိနေတာလဲ။ ကြည့်ပြီး သိတာလား ဒါမှမဟုတ် ရမ်းတုတ်လိုက်တာလား”
“ကျွန်တော်က ဆရာဝန်ဆိုတာ ခင်ဗျား မေ့နေပြီလား”
ယန်ချုံးက ဆိုရင်း မျက်မှောင်ကို အနည်းငယ် ကျုံ့လိုက်ကာ ဆက်ပြောလေသည်။
“အစ်ကိုတာ့မောက် အမှန်တိုင်းပြောရရင် ဒီကိစ္စက မရီးကို အပြစ်တင်လို့ မရဘူး။ ပြဿနာရဲ့ ဇာစ်မြစ်က ခင်ဗျားဆီမှာရှိတာ”
ရွှီတာ့မောက်သည် သူ့ကို မယုံကြည်နိုင်စွာ စိုက်ကြည့်လာရင်း မေးလိုက်သည်။
“သူ ကလေးမမွေးနိုင်တာ ငါ့ကြောင့်လို့ မင်းပြောချင်တာလား”
ယန်ချုံးက ဖြည်းညင်းစွာ ခေါင်းညိတ်ပြလိုက်သည်။
“ဟုတ်တယ်… ခင်ဗျားတို့ နှစ်ယောက်စလုံးရဲ့ မျက်နှာသွင်ပြင်ကို ကျွန်တော် ကြည့်ဖူးတယ်။ မရီးဘက်က အားလုံးကောင်းတယ်… ပုံမှန်ပဲ။ အစ်ကိုတာ့မောက်... ခင်ဗျားဆီမှာပဲ နည်းနည်း မည်းမှောင်နေတာ။ ကျွန်တော်မေးမယ်… ခင်ဗျားရဲ့ ဟိုနေရာက အရင်က ဒဏ်ရာတစ်ခုခု ရဖူးလား”
ရွှီတာ့မောက်သည် ခေတ္တမျှ ကြောင်အမ်းအမ်း ဖြစ်သွားပြီးနောက် အတိတ်ကို ပြန်လည်စဉ်းစားရင်း ဖြေလာသည်။
“အကြီးအကျယ် ဒဏ်ရာတော့ မရဖူးပါဘူး။ ဒါပေမဲ့... အရင်က ရှာကျူး ဆိုတဲ့ကောင်နဲ့ ရန်ဖြစ်တုန်းက သူ့အကန်ကို ခံလိုက်ရဖူးတယ်။ အဲဒီတုန်းက နာလိုက်တာဆိုတာ ခါးတောင် မဆန့်နိုင်ဘူး။ ဒါပေမဲ့ တစ်ညလောက် အိပ်လိုက်တော့လည်း သက်သာသွားတာပါပဲ။ ဘာလဲ... ငါ့ဟာကို ရှာကျူးဆိုတဲ့ ခွေးကောင်က ကန်လိုက်လို့ ပျက်စီးသွားပြီး ကလေးမရနိုင်တော့တာလို့ မင်းပြောချင်တာလား။ ဒီခွေးမသား ရှာကျူး... ငါတော့ သူ့ကို အသေအကြေ သွားချမှ ရမယ်”
ယန်ချုံး နှုတ်မှ စကားမဟ ရသေးမှီပင် ရွှီတာ့မောက်က ဆက်လက်၍ ငြင်းဆန်လိုက်ပြန်သည်။
“မဖြစ်နိုင်ပါဘူး... ငါ့ဟာက ဘာပြဿနာမှ မရှိပါဘူး။ လုပ်စရာရှိတဲ့ ကိစ္စတွေကို အခုထိ ကောင်းကောင်း လုပ်နိုင်သေးတာပဲ”
“အရည်အသွေးကရော”
ယန်ချုံးက မေးလိုက်သည်။
“အရည်အသွေးက သေချာပေါက် ပြဿနာ မရှိဘူးပေါ့။ ငါနဲ့ မင်း မရီးနဲ့ဆိုရင် တစ်ခါကို အနည်းဆုံး နာရီဝက်ပဲ”
“တကယ်လား”
ယန်ချုံးက စူးစမ်းသလို စိုက်ကြည့်လိုက်သည်။ ထိုစိုက်ကြည့်မှုအောက်တွင် ရွှီတာ့မောက်မှာ ချက်ချင်းပင် အကြောက်အကန် ဖြစ်သွားရှာသည်။ သူ၏ မျက်နှာကြီး နီရဲသွားကာ ရှက်ရွံ့စွာဖြင့် တိုးလျလျ ဝန်ခံလာတော့သည်။
“ညီလေး... မင်း တခြားသူတွေကို မပြောပါနဲ့။ အစ်ကိုက အရင်က အရမ်းစွမ်းတာ။ ဒါပေမဲ့ အခုတော့ ဂဏန်း ရေစက်လို ဖြစ်နေပြီ။ မင်း မရီး ဂဏန်း ခုနစ်လုံးတောင် မရေရသေးဘူး ငါက ပြီးသွားပြီ”
‘လောကွတ် စကားထဲမှ ခုနစ်စက္ကန့်သမား ဆိုသည်မှာ ဤသို့သော အခြေအနေမျိုးကို ခေါ်ဆိုလေသလား’
ယန်ချုံး တွေးလိုက်မိသည်။ သူသည် အခြေအနေကို ထိန်းမထားနိုင်တော့ဘဲ ဖူးခနဲ ရယ်ချလိုက်မိတော့သည်။ ရွှီတာ့မောက်မှာ ချက်ချင်းပင် ဒေါသထွက်သွားကာ အော်လိုက်သည်။
“ချုံးဇီ... မင်း... မင်းက အစ်ကို့ကို လှောင်ရယ်နေတာလား”
ယန်ချုံးက ရယ်သံကို အမြန် တိတ်လိုက်ပြီး ပြန်လည် ဖြေရှင်းရသည်။
“အစ်ကိုတာ့မောက်... မဟုတ်ရပါဘူး။ အောင့်မထားနိုင်လို့ပါ။ ခင်ဗျားက တစ်ခါကို စက္ကန့်ပိုင်းလောက်ဆိုတော့ မရီးက မျိုးဥတောင် မကြွေရသေးဘူးလေ။ ဘယ်လိုလုပ် ကိုယ်ဝန်ရနိုင်မှာလဲ။ ပြဿနာက ခင်ဗျားဆီမှာပဲ ရှိနေတာ”
ရွှီတာ့မောက်သည် အကျပ်ရိုက်သွားသော မျက်နှာထားဖြင့် တောင်းပန်စကား ဆိုလာသည်။
“ဒါဆို အစ်ကို့ရောဂါက ကုလို့ရသေးလား။ ညီလေးရာ... အစ်ကိုနဲ့ မင်းနဲ့ ဆက်ဆံရေးက ဒီလောက်ရှိတာ။ မင်း ငါ့ကို မကူညီရင် မကောင်းဘူးနော်။ ကြည့်လေ... ယန်ပုကွေ့လို ကပ်စေးနှဲ အဘိုးကြီးကိုတောင် မင်း ကူညီပေးသေးတာပဲ။ ငါ့ကို မကူညီလို့တော့ မရဘူးနော်”
“တတိယဦးလေး ယန်ပုကွေ့က သူ့သားအတွက် အလုပ်ရှာပေးတာလေ။ ခင်ဗျားက ကလေးယူတာ တူလို့လား”
ရွှီတာ့မောက်မှာ စိတ်လောသွားပြီး အပြင်းအထန် ငြင်းခုံလေသည်။
“ဘယ်လိုလုပ် မတူရမှာလဲ။ ငါ့ကိစ္စက ရွှီမိသားစုရဲ့ မျိုးဆက် ပြန့်ပွားရေးဆိုတဲ့ အရေးကြီး ကိစ္စကြီးကွ။ မင်းသာ ငါ့ကို မကူညီရင် ငါတို့ ရွှီမိသားစုတော့ သွားပြီပဲ”
ယန်ချုံးသည် ခေါင်းကိုသာ တတွင်တွင် ခါရမ်းနေမိသည်။
“ဒီ သားသမီး မထွန်းကားတဲ့ ပြဿနာက ဆရာဝန်တွေအတွက် ခေတ်အဆက်ဆက် အခက်အခဲကြီး တစ်ခုပဲ...”
ရွှီတာ့မောက်၏ နဖူးထက်တွင် ချွေးသီးချွေးပေါက်များ စို့တက်လာခဲ့သည်။
“တကယ်ပဲ နည်းလမ်း မရှိတော့ဘူးလား”
ယန်ချုံး စကားမပြန်ရသေးမှီပင် ရွှီတာ့မောက်သည် ရုတ်တရက် စက်ဘီးကို ရပ်တန့်လိုက်သည်။ သူသည် သွားကို တင်းတင်းကြိတ်ကာ လျှို့ဝှက်သော လေသံဖြင့် ဆိုလာ၏။
“ဒီလိုလုပ်ကွာ ညီလေး မင်း ငါ့ကို ကူညီပါ...”
ယန်ချုံးမှာ သူ့ဆိုလိုရင်းကို သေချာ နားမလည်လိုက်ခင်မှာပင် ရွှီတာ့မောက်က ထပ်မံ၍ တိုးတိုးလေး ကပ်ပြောလိုက်ပြန်သည်။
“ဒီလိုလုပ်... တစ်နေ့နေ့ ညကျရင် အယ်ဇီကို ငါအရက်မူးအောင် တိုက်ထားလိုက်မယ်။ ပြီးရင် မင်းဝင်သွားလိုက်...”
ယန်ချုံး၏ မျက်လုံးအစုံမှာ ပြူးကျယ်သွားရကာ ရွှီတာ့မောက်အား အံ့ဩမှင်တက်စွာ စိုက်ကြည့်မိလေတော့သည်။ ဤရွှီတာ့မောက်သည် တကယ်ကို ဉာဏ်ပြေးလွန်းလှသည်။ ဤမျှ ထူးဆန်း အံ့ဩဖွယ်ကောင်းသော နည်းလမ်းမျိုးကိုပင် ကြံစည်ရဲသေးသည်တကား။ ယန်ချုံး မှင်တက်နေသည်ကို မြင်သောအခါ ရွှီတာ့မောက်က ကမန်းကတန်း ထပ်ဖြည့်ပြောလေသည်။
“ညီလေး... မင်း စိတ်ချပါ။ ဒီကိစ္စကို မင်း မိန်းမ ယွီရှို့ကို လုံးဝ မသိစေရဘူး။ အစ်ကို အပြင်ကနေ ကင်းစောင့်ပေးထားမယ်။ ဘယ်သူ့ကိုမှ အဝင်မခံဘူး။ ဘယ်သူမှ သိမှာ မဟုတ်ဘူး”
ယန်ချုံးမှာ ချွေးပြန်လုမတတ် ဖြစ်သွားရသည်။
“အစ်ကိုတာ့မောက် အဲလိုမဟုတ်...”
“ညီလေး... မင်း စိတ်ချပါ။ အစ်ကိုက မင်းကို အလကား ကူညီခိုင်းမှာ မဟုတ်ပါဘူး။ မင်း မရီး ကိုယ်ဝန်ရသွားအောင် လုပ်ပေးနိုင်ရင် အစ်ကို မင်းကို အားဆေးဖိုး ယွမ် သုံးဆယ် ပေးမယ်... မဟုတ်ဘူး ယွမ် ငါးဆယ်... ယွမ်ငါးဆယ်ဆို ရပြီမလား”
ယန်ချုံး ငြင်းဆန်သွားမည်ကို စိုးရိမ်သဖြင့် ရွှီတာ့မောက်က အလောတကြီး ထပ်မံ ကမ်းလှမ်းလိုက်သည်။
ယန်ချုံးမှာ ချွေးများ မိုးရွာချသကဲ့သို့ တသွင်သွင် ကျဆင်းလာတော့သည်။
“အစ်ကိုကြီး ဒါက ပိုက်ဆံကိစ္စ မဟုတ်ဘူးလေ။ ကျွန်တော် အဲဒီလိုလုပ်လို့ မဖြစ်...”
ရွှီတာ့မောက်က ကြောင်အမ်းအမ်း ဖြစ်သွားပြီး မေးလိုက်သည်။
“ဘာဖြစ်လို့လဲ။ မင်းလည်း မစွမ်းဘူးလား”
ယန်ချုံး ......
‘ခင်ဗျားမှ မစွမ်းတာ.... ခင်ဗျား တစ်ဆွေမျိုးလုံး မစွမ်းတာ။ မိမိကိုယ်ကို တစ်ညကို တစ်ချီတည်းနှင့် မိုးလင်းသည့်တိုင် စွမ်းဆောင်နိုင်သူဟု ဂုဏ်ယူထားသော ငါက မစွမ်းစရာလား’
ယန်ချုံးမှာ ခေါင်းများပင် ကြီးသွားရပြီး အလျင်အမြန် တားဆီးလိုက်ရသည်။
“ရပ် ရပ်... အစ်ကိုတာ့မောက်။ ကျွန်တော် ဆိုလိုတာက အဲဒီ သဘော မဟုတ်ဘူး။ ကျွန်တော်ပြောချင်တာက... ကျွန်တော် ထပ်ပြီး ကြိုးစားကြည့်ပေးမယ်။ ခင်ဗျားရဲ့ ရောဂါကို ကုပေးနိုင်လောက်ပါတယ်။ ခင်ဗျားနဲ့ မရီး ကလေးရအောင် ကျွန်တော် ကူညီပေးနိုင်မှာပါလို့”
ရွှီတာ့မောက်မှာ အံ့ဩသွားပြီးနောက် သူ၏ မျက်နှာထက်တွင် အတိုင်းမသိ ဝမ်းသာအားရ ဖြစ်မှုတို့ လွှမ်းခြုံသွားလေသည်။
“တကယ်လား။ မင်း တကယ် လုပ်နိုင်တာလား”
ယန်ချုံးက ယုံကြည်မှု ရှိစွာ ခေါင်းညိတ် ပြလိုက်သည်။
“ကျွန်တော် ကြိုးစားကြည့်ပါ့မယ်။ အဆင်ပြေနိုင်ပါတယ်။ ဒါပေမဲ့ တရုတ်တိုင်းရင်းဆေးတွေ အများကြီး သောက်ရလိမ့်မယ်။ ဆေးကတော့ နည်းနည်း ခါးမယ်နော်...”
ရွှီတာ့မောက်က ချက်ချင်းပင် ပြတ်သားစွာ တုံ့ပြန်လာသည်။
“ငါသိပါတယ်။ တရုတ်ဆေးဆိုတော့ ခါးမှာပေါ့။ ဒါပေမဲ့ ဘယ်လောက်ပဲ ခါးခါး ကလေး မရှိတဲ့ ဘဝလောက်တော့ မခါးနိုင်ပါဘူး။ မင်း စိတ်ချပါ။ ဘယ်လောက် ခါးခါး ငါသောက်နိုင်တယ်”
“ဒါဆိုလည်း ရပြီ။ ဪ ဒါနဲ့... ကျွန်တော်တို့ မြန်မြန်သွားရအောင် အချိန်သိပ်မရှိတော့ဘူး။ မသွားရင် နောက်ကျတော့မယ်”
ယန်ချုံးက သတိပေးလိုက်သည်။
ထိုအခါမှသာ ရွှီတာ့မောက်သည် စက်ဘီးပေါ်သို့ အမြန်တက်ကာ ယန်ချုံးကို တင်လျက် သံမဏိစက်ရုံဘက်သို့ ခပ်သုတ်သုတ် ထွက်ခွာသွားလေတော့သည်။
………………………………..
‘မျှော်လင့်ချက် ရောင်ခြည်’
ယန်ချုံး၏ မျှော်လင့်ချက် စကားတစ်ခွန်းကြောင့် ရွှီတာ့မောက်၏ တစ်ဘဝလုံးစာ မှောင်မိုက်နေသော ကမ္ဘာငယ်လေးထဲသို့ နေရောင်ခြည်များ ရုတ်တရက် ဖြာကျလာသကဲ့သို့ ခံစားလိုက်ရသည်။ စက်ဘီးနင်းရသည်မှာလည်း အင်အားများ အပြည့်အဝ စီးဆင်းနေပြီး စက်ဘီး ဘီးများမှာ မီးဘီးကြီးများအလား တဝီဝီ လည်ပတ်နေတော့သည်။ လမ်းတစ်လျှောက် ဘေးနားမှ ဖြတ်သွားသူများကိုလည်း ရံဖန်ရံခါ နှုတ်ဆက်သွားကာ သူ၏ ဟန်ပန်မှာ မကြာမီ ဖခင်တစ်ယောက် အဖြစ် ရာထူးတိုးတော့မည့်သူပမာ ပျော်ရွှင်မြူးတူး နေလေသည်။
ယန်ချုံးသည် စက်ရုံသို့ရောက်၍ နာမည်စာရင်း သွင်းပြီးသည်နှင့် စက်ရုံထဲမှ ပြန်လည်ထွက်ခွာ လာခဲ့သည်။ ယနေ့အတွက်မူ တောင်ပေါ်တက်၍ အမဲလိုက်ရန် မလိုအပ်တော့ပေ။ သူ၏ ကိုယ်ပိုင် နေရာလွတ် လျှို့ဝှက်နယ်မြေ စနစ်ထဲတွင် သိုလှောင်ထားသော ပစ္စည်းများက နွေဦးပွဲတော်ကို အေးအေးဆေးဆေး ဖြတ်သန်းရန်ပင် လုံလောက်နေပြီ ဖြစ်သည်။
ထို့အပြင် လျှို့ဝှက်နယ်မြေထဲတွင် မွေးမြူထားသော ယုန်ပေါက်လေးများမှာလည်း တဖြည်းဖြည်း ကြီးပြင်းလာခဲ့ပြီး ရက်အနည်းငယ်အတွင်း ခြံထဲမှ ထုတ်ရောင်းနိုင်တော့မည် ဖြစ်သည်။ ထိုနေရာရှိ ယုန်များ၏ မျိုးပွားနှုန်းမှာလည်း အံ့မခန်းပင်။ ပြင်ပကမ္ဘာတွင် တစ်လလျှင် တစ်သားပေါက်သော်လည်း လျှို့ဝှက်နယ်မြေထဲတွင်မူ တစ်ပတ်ပင် အချိန် မယူရပေ။ တောကြက်များ ဆိုလျှင်လည်း ကြက်ပေါက်လေးများ အကောင်ပေါက်ရန် နှစ်ဆယ့်တစ်ရက်ပင် စောင့်စရာ မလိုဘဲ လေးငါးရက်ဆိုလျှင်ပင် တောင်ပံခတ်ကာ ဟိုဒီ ပျံသန်းနိုင်နေပြီ ဖြစ်သည်။
တောဝက်များလည်း ရှိသေးသည်။ ထိုအကောင်များသည် တောကြက်၊ တောယုန်များထက် မျိုးပွားနှုန်း အနည်းငယ် နှေးကွေးသော်ငြား ယခင်က ကောက်ရခဲ့သော တောဝက်ပေါက်လေးများမှာ အချိန်တိုအတွင်းမှာပင် ကီလို တစ်ရာကျော် အရွယ်အထိ ကြီးထွားလာခဲ့ပြီ ဖြစ်သည်။ မကြာမီ သတ်ဖြတ်ကာ ငွေအဖြစ် ပြောင်းလဲနိုင်တော့မည်ဟု သူ ခန့်မှန်းမိသည်။ ယန်ချုံးသည် တောဝက်မ နှစ်ကောင်နှင့် မျိုးစပ်ရန် ဝက်ထီးတစ်ကောင်ကို ချန်ထားခဲ့ရာ ယခုအခါ ထိုတောဝက်မ နှစ်ကောင်မှာ ဗိုက်အလွန်ကြီးနေပြီး မကြာမီ သားပေါက်တော့မည့် အရိပ်အယောင်များ ပြသနေလေပြီ။
စင်စစ်အားဖြင့် နှစ်သစ်ကူးပြီးနောက် ယန်ချုံးသည် အိမ်တွင် ဘာမှ မလုပ်ဘဲ ထိုင်နေလျှင်ပင် သံမဏိစက်ရုံ ကန်တင်း၏ အသား လိုအပ်ချက်ကို အလွယ်တကူ ဖြည့်ဆည်းပေးနိုင်မည် ဖြစ်သည်။ ထို့ပြင် အဆမတန် ပွားများလာသော တောကြက်နှင့် တောယုန်များကို မည်သည့် နေရာတွင် သွားရောင်းရမည်ကိုပင် ခေါင်းခဲရမည့် အနေအထားသို့ ရောက်ရှိနေပြီ ဖြစ်သည်။
သို့သော် ယန်ချုံးသည် ယခု လောလောဆယ်တွင် ထိုကိစ္စများကို ခေါင်းထဲ မထည့်ချင်သေးပေ။ သူ၏ စိတ်အာရုံထဲတွင် လွှမ်းမိုးနေသည်မှာ မကြာမီ ရောက်ရှိလာတော့မည့် နှစ်သစ်ကူး ပွဲတော်အကြောင်းပင် ဖြစ်တော့သည်။