အခန်း ၈၂
Vol. 9 Ch. 82
အခန်း (၈၂) - ဂျပန်များကို လုယက်ခြင်း
ဤသည်ကား အချိန်ကာလကို ကျော်လွန်ကာ ဤကမ္ဘာသို့ ရောက်ရှိလာပြီးနောက်ပိုင်း သူ ကြုံတွေ့ရမည့် ပထမဆုံးသော နှစ်သစ်ကူး အခါသမယ ဖြစ်သည့်အပြင် ယွီရှို့နှင့် လက်ထပ်ပြီးနောက်ပိုင်း ပထမဆုံး ဖြတ်သန်းရမည့် နှစ်သစ်ကူး ပွဲတော်လည်း ဖြစ်ပေသည်။
ယန်ချုံးအနေဖြင့် ယွီရှို့အား လှပပြည့်စုံသော နှစ်သစ်ကူးလေး တစ်ခုကို အမှန်တကယ် ပိုင်ဆိုင်စေချင်လှသည်။ သူချစ်ရသော ဇနီးသည်ကို အခြားမည်သူမျှ မပေးစွမ်းနိုင်သည့် အရာခပ်သိမ်းကို ပေးဆောင်လိုသည့် ဆန္ဒများက ရင်ထဲတွင် အပြည့်အမောက်။
မူလ အစီအစဉ် အရဆိုလျှင် ချန်ရွှယ်ရူထံသွားကာ ယွီရှို့၊ ယန်ရှောင်ကျွမ်းနှင့် သူ့အတွက်ပါ တစ်ယောက်လျှင် နှစ်သစ်ကူးဝတ်စုံ အသစ်နှစ်စုံစီ သွားချုပ်ရန် စဉ်းစားထားခဲ့သည်။ သို့သော်လည်း သံမဏိစက်ရုံ ဂိတ်ပေါက်ဝမှ အထွက်တွင်ပင် စနစ်၏ အသံက ခေါင်းထဲ၌ ရုတ်ခြည်း ထွက်ပေါ်လာခဲ့လေသည်။
“ဒင်... အိမ်ရှင်သည် စစ်ဟဲ့ယွမ် ခြံဝင်းကြီးအတွင်းမှ တိရစ္ဆာန်တစ်ကောင်ကို ဖယ်ရှားပေးခဲ့သည့်အတွက် စနစ်၏ အထူးဆုလာဘ်ကို ဖွင့်လှစ်လိုက်ပါပြီ။ ဆုလာဘ်မှာ နေရာလပ် ဖြတ်သန်းသွားလာ နိုင်သော စွမ်းရည်ပင် ဖြစ်ပါသည်”
နေရာလပ် ဖြတ်သန်းသွားလာခြင်း ဟုတ်လား...
ဆိုလိုသည်မှာ သူသည် မည်သည့် နေရာဒေသ ကန့်သတ်ချက်မျှ မရှိတော့ဘဲ သွားလိုရာ အရပ်မျက်နှာဆီသို့ စိတ်အလိုကျ ကူးလူးသွားလာနိုင်ပြီ ဆိုသည့် သဘောများလား။
ထို့ကြောင့် အထည်ဆိုင်ဆီသို့ တိုက်ရိုက် သွား၍ ရမရ စမ်းသပ်ကြည့်ရန် ယန်ချုံး ဟန်ပြင်လိုက်စဉ်မှာပင် တစ်စုံတစ်ခုကို ရုတ်တရက် သတိရသွားကာ လူသူကင်းမဲ့သော လမ်းကြားကျဉ်းလေး တစ်ခုဆီသို့ ခပ်သုတ်သုတ် လျှောက်သွားလိုက်သည်။
အကြောင်းမူကား သူရပ်နေခဲ့သည့် နေရာသည် သံမဏိစက်ရုံ၏ ဂိတ်ပေါက်ဝဖြစ်ပြီး လူအများ ဝင်ထွက်သွားလာလျက် ရှိသောကြောင့်ပင်။ ထို့ပြင် ကင်းတဲအတွင်းမှ လုံခြုံရေး အရာရှိများကလည်း စောင့်ကြည့်နေတတ်ရာ သူသာ လေထဲသို့ ရုတ်ခြည်း ပျောက်ကွယ်သွားပါက မျက်မြင်သက်သေများအား အထိတ်တလန့် ဖြစ်သွားစေမည်မှာ အသေအချာပင်။ ထိုသို့သာဆိုလျှင် နောက်တစ်စက္ကန့်မှာပင် သူသည် လူတိုင်း၏ ပါးစပ်ဖျား၌ ရေပန်းစားလှသော သတင်းဆန်းကြီး တစ်ခု ဖြစ်သွားပေလိမ့်မည်။
လမ်းကြားကျဉ်းလေးထဲသို့ ရောက်ရှိသွားသောအခါ ပတ်ဝန်းကျင်၌ လူသူ ကင်းရှင်းနေကြောင်း သေချာစွာ အကဲခတ်လိုက်ပြီးမှ နေရာလပ် ဖြတ်သန်းသွားလာခြင်း စွမ်းရည်ကို အသုံးပြုရန် စိတ်ထဲမှနေ၍ တိတ်တဆိတ် အမိန့်ပေးလိုက်လေသည်။
ချက်ချင်းဆိုသလိုပင် သူ့ခန္ဓာကိုယ်ကြီးမှာ ဝှစ်ခနဲ လွင့်ပါးသွားပြီး စွန်းဝူခုန်း မိုးတိမ်စီးကာ ကျွမ်းထိုးပျံသန်း သွားရသကဲ့သို့ ထူးဆန်းသော ခံစားချက်မျိုးကို ခံစားလိုက်ရသည်။
သို့သော် မြေပြင်ပေါ်သို့ ပြန်လည်ကျရောက် လာချိန်တွင်မူ သူသည် လမ်းကြားလေး တစ်ခုထဲ၌ပင် ရှိနေသေးကြောင်း တွေ့လိုက်ရ၏။ သူပဲ အတွေးလွန်သွားခဲ့လေသလား... ဒီစွမ်းရည်က သူမျှော်လင့်ထားသည့် ပုံစံမျိုး မဟုတ်ဘူးလား။
ထိုသို့သော သံသယပေါင်းစုံဖြင့် လမ်းကြားလေးထဲမှ ထွက်လာခဲ့ရာမှ ယခုရောက်နေသော နေရာသည် လမ်းကြားလေး ဆိုသော်ငြား အမှန်တကယ်တော့ ချန်မင်လမ်းမကြီးပေါ်သို့ ရောက်ရှိနေပြီး အထည်ဆိုင်နှင့် လက်တစ်ကမ်းအကွာမျှသာ ရှိတော့ကြောင်း သူ သတိပြုမိသွားတော့သည်။
ကြည့်ရသည်မှာ ဤစွမ်းရည်သည် အသုံးဝင်ရုံသာမက ဖြတ်သန်းသွားလာ ပြီးနောက် ရောက်ရှိမည့် နေရာကိုပါ အလွန် သေသေချာချာ တွက်ချက် ရွေးချယ်ပေးထားပုံ ရပေသည်။ ထို့ကြောင့်သာ လမ်းသွားလမ်းလာများကို ထိတ်လန့်သွားစေမည့် အဖြစ်မျိုးမှ ရှောင်ရှားနိုင်ခဲ့ခြင်း ဖြစ်သည်။
ယန်ချုံးသည် ဤစွမ်းရည်အပေါ် အထူးပင် ကျေနပ်အားရသွားပြီး သူ၏ စိတ်အာရုံထဲ၌ ရဲတင်းလှသော အကြံတစ်ခု ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။
ဤသို့ဆိုလျှင် သူသည် နိုင်ငံခြား တိုင်းပြည်များဆီသို့ရော ဖြတ်သန်းသွားလာ၍ ရနိုင်မည်လား။ ဥပမာဆိုရသော် ဂျပန်၊ အမေရိက စသည့် နိုင်ငံများဆီသို့ပေါ့။
အကယ်၍ ထိုသို့သာဆိုလျှင် အမေရိကနှင့် ဂျပန်တို့တွင် ရှိသမျှသော ပစ္စည်းကောင်း အားလုံးကို သူ၏ လျှို့ဝှက်နယ်မြေ နေရာလွတ်ထဲသို့ ထည့်သွင်းကာ ကိုယ့်နိုင်ငံဆီသို့ ပြန်လည် သယ်ဆောင်လာ၍ ရနိုင်မည် မဟုတ်ပါလား။
ဤမျှ ရဲတင်းလှသော ကိုယ့်အကြံအစည်ကြောင့် ယန်ချုံး ကိုယ်တိုင်ပင် လန့်ဖျပ်သွားရသလို စိတ်ထဲမှလည်း တိတ်တဆိတ် လက်ခမောင်း ခတ်လိုက်မိသည်။
ထိုအတွေး ပေါ်လာသည်နှင့် တစ်ပြိုင်နက် သူ၏ စိတ်အဟုန်ကို မည်သို့မျှ ဖိနှိပ် ထိန်းချုပ်ထား၍ မရတော့ပေ။ မူလက ဒီနေ့ ချန်ရွှယ်ရူ ထံသွား၍ အင်္ကျီချုပ်ရန် စဉ်းစားထားခဲ့သော်လည်း ယခုမူ ထိုအရာများကို ဂရုမစိုက်နိုင်တော့ဘဲ စွမ်းရည်ကို တိုက်ရိုက် အသက်သွင်းကာ ဂျပန်နိုင်ငံဆီသို့ ချက်ချင်းဆိုသလို ကူးပြောင်းသွားလာ လိုက်တော့သည်။
ယခုတစ်ခေါက် ဖြတ်သန်းသွားလာရသည့် အချိန်ကမူ စောစောကထက် သိသိသာသာ ပိုမို ကြာမြင့်နေခဲ့သည်။ ယန်ချုံးသည် သူ၏ ဘေးပတ်ဝန်းကျင်မှ နေရာလပ် စီးဆင်းမှု လှိုင်းများကို အထင်အရှား ခံစားနေရပြီး အမြန်နှုန်းမြင့် ဒုံးပျံကြီး တစ်ခုပေါ်တွင် လိုက်ပါစီးနင်း နေရသကဲ့သို့ ရှိနေ၏။
အချိန် တစ်နာရီကျော်ခန့် ကြာမြင့်သွားပြီးနောက်တွင်တော့ မြေပြင်ပေါ်သို့ ဆင်းသက် ကျရောက်သွားပြီ ဖြစ်ကြောင်း သူ နောက်ဆုံးတွင် ခံစားလိုက်ရသည်။
မျက်လုံးကို ဖွင့်ကြည့်လိုက်သည့်အခါ သူ၏ ဘေးပတ်ဝန်းကျင်ရှိ အဆောက်အအုံများအားလုံး ပုံစံပြောင်းလဲသွားသည်အား အံ့ဩဖွယ်ရာ တွေ့လိုက်ရသည်။ မြင်မြင်သမျှသည် ထင်ရှားလှသော ဂျပန်ရိုးရာ ဗိသုကာလက်ရာ အဆောက်အအုံများချည်းသာ ဖြစ်နေတော့သည်။
လမ်းမပေါ်သို့ လျှောက်သွားလိုက်သောအခါ ကီမိုနို ဝတ်ဆင်ထားသည့် အမျိုးသမီး အများအပြားနှင့်အတူ နှုတ်ခမ်းမွေး စွန်းစွန်းလေးများ ထားရှိတတ်သော ဂျပန် အမျိုးသားများကိုလည်း တွေ့မြင်လိုက်ရလေသည်။
ထိုအခိုက်တွင် သူသည် မှားယွင်းစွာ ဖြတ်သန်းလာမိပြီ ဖြစ်ကြောင်း ယန်ချုံး ရုတ်တရက် သတိပြုမိသွားသည်။ အမှန်တော့ သူသည် ဂျပန်ကို မလာဘဲ အမေရိကသို့သာ သွားသင့်ခဲ့ခြင်း ဖြစ်သည်။
အကြောင်းမူကား ဂျပန်နိုင်ငံနှင့် သူတို့နိုင်ငံကြားတွင် အချိန်ကွာဟချက် သိပ်မရှိသောကြောင့် ယခုကဲ့သို့ ဖြတ်သန်းလာသည့် အချိန်ကာလမှာ ပစ္စည်းများကို လက်စွမ်းပြ လုယက်ရန် လုံးဝ အဆင်မပြေနိုင်သောကြောင့် ဖြစ်သည်။
အကယ်၍ အမေရိကဘက်သို့သာ သွားခဲ့လျှင် ယခုအချိန်ဆိုလျှင် ညဉ့်နက်နေလောက်ပြီ ဖြစ်သည်။ ထိုအရပ်ရှိ ဆိုင်များနှင့် ဂိုဒေါင်များလည်း ပိတ်သိမ်းထားလောက်ပြီ ဖြစ်ရာ ယခုအချိန် သွားရောက်ပါက ပစ္စည်းများကို စိတ်အလိုကျ ရိတ်သိမ်းနိုင်မည် မဟုတ်ပါလား။
သို့သော်လည်း ယခုရောက်ရှိနေပြီ ဖြစ်ရာ လက်ချည်းသက်သက်တော့ ပြန်လှည့် မသွားနိုင်ပေ။
အထူးသဖြင့် ဤဂျပန်များသည် လွန်ခဲ့သော အနှစ်နှစ်ဆယ်ခန့်က သူတို့၏ မြေပေါ်တွင် ကြီးလေးသော ရာဇဝတ်မှုများကို ကျူးလွန်ခဲ့ကြသူများ ဖြစ်သည့်အတွက် သူတို့ကို အနည်းနှင့်အများဆိုသလို အပြစ်ပေးဆုံးမရန်ကား လိုအပ်လှပေသည်။
ဤအကြောင်းကို တွေးမိလိုက်သည်နှင့် ယန်ချုံးသည် ဘယ်ညာသို့ အကဲခတ် လှည့်ကြည့်လိုက်သည်။ သူသည် ဤနေရာရှိ ဘာသာစကားကို နားမလည်သည့်အပြင် ဂျပန်စာများကိုလည်း ဖတ်မတတ်သောကြောင့် သူ၏ ကိုယ်ပိုင် အာရုံခံစားချက်ကိုသာ အားကိုးရတော့သည်။
မကြာမီမှာပင် ခမ်းနားထည်ဝါသော အဆောက်အအုံကြီး တစ်ခုအတွင်းသို့ လူများစွာ ဝင်ထွက်သွားလာနေသည်ကို သူ တွေ့လိုက်ရသည်။ ထွက်လာကြသူများ၏ လက်ထဲတွင်လည်း အိတ်ကြီး အိတ်ငယ်များကို ကိုယ်စီ ကိုင်ဆောင်ထားကြ၏။
ကြည့်ရသည်မှာ ထိုနေရာသည် ဂျပန်မှ ကုန်တိုက်ကြီး တစ်ခု ဖြစ်ဟန်တူသည်။ ဂျပန်လူမျိုးများအားလုံး ဤနေရာသို့ ဈေးလာဝယ်ကြခြင်း ဖြစ်ပေမည်။
ယန်ချုံးသည် အနည်းငယ်မျှ တုံ့ဆိုင်းမနေတော့ဘဲ ခပ်တည်တည်ဖြင့်ပင် လူအုပ်နောက်မှ ကပ်လျက် ဝင်ရောက်သွားလိုက်သည်။
ထိုကာလက သူတို့နိုင်ငံတွင်း၌ သုံးနှစ်တာ သဘာဝ ဘေးအန္တရာယ် ဆိုးကျိုးများ ကျရောက်နေပြီး စီးပွားရေးမှာလည်း အဘက်ဘက်မှ ကျဆင်းနေချိန် ဖြစ်သည်။ သို့သော် ဂျပန်တွင်မူ စစ်ပြီးခေတ် စီးပွားရေး ကျဆင်းမှုကို ကျော်လွန်သွားပြီ ဖြစ်ကာ စီးပွားရေးမှာ အလျင်အမြန် တိုးတက်လျက် ရှိနေလေပြီ။ အထူးသဖြင့် မော်တော်ကားနှင့် ကုန်ထုတ်လုပ်ငန်းများ... ကုန်ပစ္စည်း လက်လီရောင်းချမှု လုပ်ငန်းများသည် အရှိန်အဟုန်ဖြင့် ဖွံ့ဖြိုးတိုးတက်နေကြသည်။
ဤသည်မှာ ကုန်ပစ္စည်းမျိုးစုံ ရောင်းချသော ကုန်တိုက်တစ်ခုဖြစ်ပြီး သူတို့နိုင်ငံမှ ကုန်တိုက်ကြီးများနှင့် ဆင်တူသော်လည်း ကုန်ပစ္စည်း အမျိုးအစားနှင့် အရေအတွက်မှာမူ သူတို့နိုင်ငံထက် အဆပေါင်းများစွာ သာလွန် ပြည့်စုံနေပေသည်။
ယန်ချုံးသည် ကုန်တိုက်အတွင်း၌ ဟိုဟိုဒီဒီ အခေါက်ခေါက် အခါခါ လျှောက်ကြည့်နေမိသည်။ ကုန်တိုက်ထဲတွင် လူများလွန်းလှသောကြောင့် လက်စွမ်းပြရန် အခွင့်အရေး လုံးဝ မရှိခဲ့ပေ။ ထို့ကြောင့် နေရာပြောင်းရန် ထွက်ခွာမည် ပြင်လိုက်စဉ်မှာပင် အရောင်းစာရေး တစ်ယောက်သည် ဘေးဘက်သို့ လျှောက်သွားကာ တံခါးတစ်ချပ်ကို ဖွင့်၍ ဝင်သွားသည်ကို ရုတ်တရက် မြင်လိုက်ရသည်။
တံခါးပွင့်သွားသည့် ထိုတစ်ခဏအတွင်း၌ပင် အခန်းထဲတွင် အမြောက်အမြား စုပုံထားသော ကုန်ပစ္စည်းများကို ယန်ချုံး လှမ်းမြင်လိုက်ရ၏။
ယန်ချုံး ချက်ချင်း သဘောပေါက်သွားသည်။ ထိုအခန်းသည် ကုန်တိုက်၏ ဂိုဒေါင်ဖြစ်ပြီး ကုန်ပစ္စည်းများ သိုလှောင်ထားရာ နေရာပင် ဖြစ်ရမည်။
ဤသည်က တကယ့်ကို သံဖိနပ်ပေါက်မတတ် ရှာနေစရာ မလိုဘဲ အလွယ်တကူ လက်ထဲ ရောက်လာခြင်းပင် မဟုတ်ပါလား။
ယန်ချုံးသည် ချက်ချင်းလိုက်မဝင်ဘဲ ထိုအရောင်းစာရေး အထဲမှ ပြန်ထွက်လာကာ တံခါး ပြန်သော့ခတ် သွားသည်အထိ စိတ်ရှည်လက်ရှည် စောင့်ဆိုင်းနေလိုက်သည်။ ထို့နောက်မှ လူသူကင်းရှင်းသော ထောင့်တစ်နေရာကို ရှာ၍ ဂိုဒေါင်အတွင်းသို့ တိုက်ရိုက် ဖြတ်သန်း ဝင်ရောက်သွားလိုက်တော့သည်။
အထဲသို့ ရောက်ရှိသွားပြီးနောက် ယန်ချုံး၏ မျက်လုံးများမှာ အရောင်တလက်လက် တောက်ပသွားရသည်။ ဂိုဒေါင်အတွင်းပိုင်းမှာ အလွန်တရာ ကျယ်ဝန်းလှပြီး အခန်းပေါင်း အတော်များများပင် ပါဝင်သည်။ ယခုအချိန်၌တော့ ဤဂိုဒေါင်ကြီးထဲတွင် ကုန်ပစ္စည်းများ အပြည့်အမောက် စုပုံလျက် ရှိနေလေသည်။
အများဆုံး တွေ့ရသည်မှာ အထည်အလိပ်များနှင့် အဝတ်အထည်များ ဖြစ်သည်။ ထို့နောက် နေ့စဉ်သုံး ပစ္စည်းအမျိုးမျိုး၊ ဆပ်ပြာနှင့် အလှကုန် ပစ္စည်းများ၊ ထို့အပြင် အီလက်ထရောနစ် ပစ္စည်းအချို့ကိုပင် တွေ့မြင်ရသေးသည်။ ဤအီလက်ထရောနစ် ပစ္စည်းများသည် နောင်ခေတ်ကာလများ၏ နည်းပညာများနှင့် နှိုင်းယှဉ်၍ မရနိုင်သော်ငြား ဤခေတ်ကာလ၌တော့ အလွန်ကို ဆွဲဆောင်မှု ရှိလှသော ပစ္စည်း အသစ်အဆန်းများပင် ဖြစ်ပေသည်။
ယန်ချုံးသည် အချိန်ဖြုန်း မနေတော့ဘဲ သူ၏ လက်စွမ်းပြ လှုပ်ရှားမှုများကို ချက်ချင်း စတင်လိုက်တော့သည်။
သူသည် အရင်ဦးဆုံး အထည်အလိပ်များနှင့် အင်္ကျီများကို သူ၏ နေရာလွတ် နယ်မြေထဲသို့ သိမ်းကျုံး ထည့်သွင်းလိုက်ပြီးနောက် နေ့စဉ်သုံး ပစ္စည်းများကို ဆက်ယူသည်။ အီလက်ထရောနစ် ပစ္စည်းများမှာမူ ယခုအချိန်တွင် သိပ်အသုံးမဝင်လှသောကြောင့် ရေဒီယိုနှင့် အသံဖမ်းစက် အနည်းငယ်ကိုသာ ရွေးချယ်ယူဆောင်လိုက်သည်။
ယန်ချုံးသည် ဤနေရာ၌ အချိန်အကြာကြီး နေမနေခဲ့ပေ။ မည်သို့ပင်ဖြစ်စေ ရှေ့တွင်က ကုန်တိုက်ကြီး ရှိပြီး လူသွားလူလာ အလွန်များပြားလှရာ အကယ်၍ တစ်ယောက်ယောက် ဝင်လာပြီး ပက်ပင်းတိုးသွားပါက အဆင်မပြေနိုင်ဘူး မဟုတ်လား။
ထို့အပြင် ဤဂိုဒေါင်ထဲမှ ပစ္စည်းများသည် သူ့အတွက် သိပ်ပြီး ဆွဲဆောင်မှု မရှိလှပေ။ သူ ပို၍ လိုချင်တောင့်တသည်မှာ ဆန်၊ ဂျုံ၊ ဆီ စသည့် အခြေခံ စားနပ်ရိက္ခာများသာ ဖြစ်သည်။ ဤစားသောက်ကုန်များကမှ သူတို့နိုင်ငံ၏ လက်ရှိ အကျပ်အတည်း အခြေအနေနှင့် ပို၍ ကိုက်ညီမည် ဖြစ်သည်။
ထို့ကြောင့် သူသည် ကုန်တိုက်ဂိုဒေါင်ထဲမှ အမြန် ပြန်ထွက်လာခဲ့သည်။ ဤအတွေ့အကြုံကို ရရှိသွားပြီးနောက်တွင်မူ သူသည် လမ်းပေါ်၌ ဂျပန်များ၏ ဆန်နှင့်ဆီ ရောင်းချသော ဆိုင်များကို မျက်စိရှင်ရှင်ဖြင့် စတင် ရှာဖွေတော့သည်။
ပစ်မှတ်များကို တွေ့ရှိသွားပြီးနောက်တွင်တော့ သူသည် ပေါ်ပေါ်ထင်ထင်ပင် စတင် ဖောက်ထွင်း လုယက်တော့သည်။
ဂျုံမှုန့်၊ ဆန်၊ ဆီ၊ ခေါက်ဆွဲခြောက်၊ စည်သွပ်ဘူး စသည်ဖြင့် မျက်စိရှေ့ရှိသမျှ စားနပ်ရိက္ခာ အကုန်အစင်ကို သိမ်းကျုံးယူငင်ကာ အရာအားလုံးကို သူ၏ နေရာလွတ် နယ်မြေထဲသို့ တစ်ပြုံတစ်ခေါင်းတည်း ပစ်ထည့်လိုက်လေသည်။ ထို့နောက် တစ်ဆိုင်ပြီးသည်နှင့် နောက်တစ်ဆိုင်သို့ ချက်ချင်း ကူးပြောင်းကာ အနည်းငယ်မျှပင် တုံ့ဆိုင်း မနေခဲ့ပေ။
စားသောက်ကုန်ဆိုင် သုံးဆိုင်၏ ဂိုဒေါင်များကို ဆက်တိုက် ဖောက်ထွင်း လုယက်ပြီးသည့် နောက်မှသာ ယန်ချုံး လက်စသတ်လိုက်တော့သည်။ ထိုအချိန်ရောက်မှသာ လုံးဝ စိတ်ကျေနပ်သွားကာ စစ်ကျိုချန်ဆီသို့ ပြန်လည် ဖြတ်သန်းလာခဲ့လေသည်။
ထိုဆိုင်များမှ အရောင်းစာရေးများနှင့် ဆိုင်ပိုင်ရှင်များသည် ဂိုဒေါင်ကို ဖွင့်ကြည့်ပြီးနောက် အကြောင်သား ဖြစ်သွားကြမည့်... စိတ်ပျက်အားငယ်သွားကြမည့် မျက်နှာ အမူအရာများကို သူက ကြိုတင် မြင်ယောင်ကြည့်၍ ရနေသည်။
စစ်ကျိုချန်သို့ ပြန်ရောက်လာပြီးနောက် ဤဘက်တွင် နေ့လယ်ပင် ရောက်နေပြီ ဖြစ်ကြောင်း သူ သတိထားမိလိုက်သည်။ ကြည့်ရသည်မှာ သူ၏ ဤဂျပန်ခရီးစဉ်သည် အချိန် သုံးနာရီကျော်ခန့် ကြာမြင့်သွားခဲ့ပုံရသည်။
စနစ်က သူ့ကို ပြန်ပို့ပေးလိုက်သည့် နေရာမှာကား ချန်ရွှယ်ရူ၏ အထည်ဆိုင်ဘေးရှိ လမ်းကြားလေးထဲ၌ပင် ဖြစ်သည်။ ယန်ချုံးသည် လမ်းကြားလေးထဲမှ ထွက်လာသည်နှင့် ဆိုင်ထဲမှ အပြင်သို့ ကွက်တိ ထွက်လာသော ချန်ရွှယ်ရူနှင့် ချက်ချင်းဆိုသလိုပင် ပက်ပင်းတိုးတော့သည်။
“ယန်ချုံး... ရှင် ဘယ်လိုရောက်လာတာလဲ။ ကျွန်မကို လာရှာတာလား”
ချန်ရွှယ်ရူက အံ့ဩဝမ်းသာစွာဖြင့် မေးလိုက်သည်။