အခန်း ၈၃
Vol. 9 Ch. 83
အခန်း (၈၃) - ဒီဆိုဒ်က ပြန်တိုင်းမှရမယ်
“ကျွန်မဆီလာတာလား”
ချန်ရွှယ်ရူ မျှော်လင့်တကြီး ပြုံးနေတဲ့ မျက်နှာလေးကြောင့် ယန်ချုံး သူမကို စိတ်မပျက်စေရက်တော့ပေ။ ပြီးတော့ သူကိုယ်တိုင်ကလည်း အရင်ကတည်းက သူမဆီမှာ အင်္ကျီလာချုပ်ဖို့ စဉ်းစားထားခဲ့တာပဲလေ။
သူရဲ့ ကိုယ်ပိုင် နေရာလွတ် နယ်မြေထဲမှာ ဂျပန်ကုန်တိုက်ကနေ ယူလာခဲ့တဲ့ အသင့်ဝတ် အင်္ကျီတွေ အများကြီး ပုံနေပြီဖြစ်လို့ အခု ဒီအင်္ကျီကို ချုပ်ဖို့က သိပ်ပြီး အရေးတကြီးတော့ မဟုတ်တော့ပေ။
ယန်ချုံး အနည်းငယ် တုံ့ဆိုင်းသွားပြီးနောက် ပြုံးကာ ပြန်ဖြေလိုက်သည်။
“ဟုတ်တယ်လေ... နှစ်သစ်ကူးဖို့လည်း နီးနေပြီဆိုတော့ ခင်ဗျားဆီမှာ အင်္ကျီနည်းနည်း လာချုပ်မလို့။ ပြီးတော့ ခင်ဗျား ဆေးသောက်ပြီးနောက်ပိုင်း သက်သာရဲ့လား ဆိုတာပါ လာကြည့်တာ”
ချန်ရွှယ်ရူက ပန်းလေး တစ်ပွင့်လို ပြုံးရွှင်သွားသည်။
“တကယ် သက်သာတာပေါ့။ ရှင်ပေးတဲ့ ဆေးက မသက်သာဘဲ နေပါ့မလား။ ကျွန်မ သုံးထုပ်ပဲ သောက်ရသေးတယ်။ အရင်က ရောဂါတွေ အကုန်လုံး ပျောက်သွားပြီ။ ရှင်က တကယ်ကို တော်လွန်းပါတယ်။ ဟိုဆေးရုံကြီးတွေက ဆရာဝန်တွေထက် ဘယ်လောက်တောင် ပိုတော်မှန်း မသိဘူး။ ရှင်သိလား... အရင်က ကျွန်မ စစ်ကျိုချန်မြို့က ဆရာဝန်တွေ အကုန်လုံးဆီ ပြဖူးပေမဲ့ ဘာမှ မထူးခြားခဲ့ဘူး။ ဒါပေမဲ့ ရှင့်ဆီရောက်မှ အခုလို မြန်မြန်ဆန်ဆန် သက်သာသွားတာ”
ယန်ချုံး ခေါင်းညိတ်လိုက်သည်။
“သက်သာရင် တော်သေးတာပေါ့။ မဟုတ်ရင် ခင်ဗျားက ကျွန်တော့်ကို ဆရာဝန်အတု... လူလိမ်လို့ ထင်သွားဦးမယ်”
ချန်ရွှယ်ရူက ပြောလိုက်သည်။
“ရှင်ကသာ ဆရာဝန်အတုဆိုရင် အပြင်က ဆရာဝန်တွေ အကုန်လုံး သေနတ်နဲ့ အပစ်ခံရဖို့ပဲ ရှိတော့တယ်”
ထိုသို့ပြောရင်း သူ့ကို အထဲသို့ အမြန်ခေါ်လိုက်သည်။
“မြန်မြန်ဝင်လာခဲ့... ရှင် အင်္ကျီချုပ်မလို့ဆို။ လာကြည့်... ဘယ်လိုအစမျိုး လိုချင်လဲ”
ပြောရင်းဆိုရင်း သူမက ယန်ချုံး၏ လက်ကို ဆွဲကာ ကောင်တာရှေ့အထိ ခေါ်သွားလေသည်။
“လာ ကြည့်ကြည့်... ဒီတစ်ခေါက် ဘယ်လို ဒီဇိုင်းမျိုး လိုချင်လဲ။ ကျွန်မ ထင်တာတော့ ဒီအရောင်က ရှင့်အတွက် တော်တော်လေး လိုက်ဖက်မယ် ထင်တယ်”
ယန်ချုံး ခေါင်းမော့ကြည့်လိုက်ပြီး ဆိုသည်။
“အစ်မရွှယ်ရူ... ကျွန်တော် ခင်ဗျားဆီလာတိုင်း ဒီဒီဇိုင်းတွေ... ဒီအရောင်တွေချည်းပဲနော်။ ရွေးစရာက သိပ်နည်းလွန်းတယ်”
ချန်ရွှယ်ရူ အနည်းငယ် ကြောင်သွားသည်။
“ကျွန်မဆီက အဝတ်စတွေရဲ့ အရောင်နဲ့ ဒီဇိုင်းက နည်းတယ်လို့ ရှင်ပြောတာလား။ ရှင်ကတော့ နောက်နေပြီ။ ဒီစစ်ကျိုချန် တစ်မြို့လုံးမှာ ကျွန်မဆီကလောက် အမျိုးအစားစုံတဲ့ နေရာ မရှိသေးဘူး”
သူမက သက်ပြင်းချလိုက်ပြီး ဆက်ပြောသည်။
“ရှင်လည်း သိတဲ့အတိုင်းပဲ။ အခု နိုင်ငံတော်က အခက်အခဲ ဖြစ်နေတော့ ဘာပစ္စည်းမှ ရှာရ မလွယ်ဘူး။ ကျွန်မဆီကဟာတွေ နည်းနည်း ရိုးရှင်းနေမှန်း ကျွန်မလည်း သိပါတယ်။ ဒါပေမဲ့ တခြားနေရာတွေနဲ့ယှဉ်ရင် တော်တော်လေး ကောင်းနေပါပြီ။ မောင်လေးကပဲ နည်းနည်း သည်းခံပြီး ရွေးလိုက်ပါတော့”
ယန်ချုံး ဘယ်ညာ ကြည့်လိုက်ပြီး တိုးတိုးလေး ပြောလိုက်သည်။
“အစ်မရွှယ်ရူ... ကျွန်တော့်လက်ထဲမှာ အဝတ်စတချို့ ရှိတယ်။ ဒီဇိုင်းရော၊ အရောင်ရော၊ အမျိုးအစားကော အများကြီးပဲ။ ခင်ဗျား လိုချင်လား”
ချန်ရွှယ်ရူက သူ့ကို အံ့သြတကြီး ကြည့်လာသည်။
“ရှင့်လက်ထဲမှာ အဝတ်စတွေ ရှိတယ် ဟုတ်လား။ ရှင်က သံမဏိစက်ရုံက ဝယ်ယူရေး အရာရှိလေ။ အဝတ်စတွေ ဝယ်တဲ့ အပိုင်းကိုပါ တာဝန်ယူရတာလား”
ယန်ချုံးက ပြောလိုက်သည်။
“ဒီအဝတ်စတွေကို ကျွန်တော် အထူးလမ်းကြောင်းကနေ ရလာတာ သံမဏိစက်ရုံနဲ့တော့ မသက်ဆိုင်ဘူး။ အစ်မရွှယ်ရူ ခင်ဗျား လိုချင်လား။ လိုချင်ရင် ပေးမယ်။ မလိုချင်ရင်လည်း ကျွန်တော် ဘာမှ မပြောခဲ့ဘူးလို့ပဲ သဘောထားလိုက်ပါ”
ချန်ရွှယ်ရူက ချက်ချင်းပင် ဆိုလေသည်။
“လိုချင်တာပေါ့။ သေချာပေါက် လိုချင်တယ်။ အခု ကျွန်မ ပစ္စည်းသွင်းချင်ရင်တောင် ဘိုးဘိုးဘွားဘွားတွေကို တမ်းတပြီး တောင်းပန်နေရသလိုပဲ။ ဘယ်လောက်တောင် အခက်အခဲရှိလဲ မသိဘူး။ အခု အသင့်ရှိနေတာကိုတော့ လိုချင်တာပေါ့။ ဒါပေမယ့် အရင်ဆုံး ကျွန်မကို နမူနာတော့ ပြဦးလေ”
“ရပါတယ်”
ယန်ချုံးက သူ့လက်ကို အိတ်ကပ်ထဲ နှိုက်ကာ စမ်းလိုက်ပြီး ပြန်ထုတ်လာချိန်တွင်တော့ လက်ထဲ၌ အဝတ်စတိုလေး အနည်းငယ် ပါလာခဲ့သည်။
“အစ်မရွှယ်ရူ... ကြည့်ပါဦး။ ဒါက နမူနာတွေပဲ”
ချန်ရွှယ်ရူ တစ်ချက် ကြည့်လိုက်ရုံဖြင့် မျက်လုံးများ အရောင်လက်သွားသည်။
“ဒီလောက် လှတဲ့ အဝတ်စတွေလား”
သူမက လှမ်းယူကာ လက်ဖြင့် စမ်းကြည့်လိုက်ပြီး ပို၍ပင် အံ့အားသင့်သွားသည်။
“ဒီအစတွေကို ရှင် ဘယ်ကနေ ရလာတာလဲ။ ကျွန်မတို့ဆီမှာ ဒီလို အဝတ်စမျိုး လုံးဝ အသွင်းခံတာ မဟုတ်ဘူး။ အရင်က ကျွန်မ ရုရှား သူငယ်ချင်း တစ်ယောက်ဆီမှာ မြင်ဖူးပေမဲ့ သူတောင် အထဲကို သွင်းလာလို့ မရဘူး။ ရှင်က ဘယ်လိုလုပ် ရလာတာလဲ”
ယန်ချုံး ရယ်လိုက်သည်။
“အစ်မ ဘယ်က ရလာလဲ ဆိုတာတော့ မမေးပါနဲ့... ပြောပြလို့ မရဘူး”
ချန်ရွှယ်ရူက သူ့ကို မျက်စောင်းတစ်ချက် ထိုးလိုက်ပြီး နှုတ်ခမ်းစူကာ ပြောသည်။
“အစ်မကိုတောင် လျှို့ဝှက်ထားသေးတယ်ပေါ့။ ကောင်းပြီလေ... မပြောချင်ရင်လည်း မပြောနဲ့ပေါ့။ ကျွန်မ မမေးတော့ဘူး ဟုတ်ပြီလား။ ဒါဆို ရှင့်ဆီမှာ ဒီအဝတ်စတွေ ဘယ်လောက်ရှိလဲ”
ယန်ချုံးက လက်သုံးချောင်း ထောင်ပြလိုက်သည်။
“သုံးရာ...”
ချန်ရွှယ်ရူက ဘာမှပင် မစဉ်းစားဘဲ ပြောလေသည်။
“ပေ သုံးရာလား ဒါမှမဟုတ် ကိုက် သုံးရာလား။ ဘယ်လောက်ပဲရှိရှိ ကျွန်မ အကုန်ယူမယ်။ တခြားလူကို ပေးလို့ မရဘူးနော်”
ယန်ချုံးက ဆိုသည်။
“အလိပ် သုံးရာပါ”
ချန်ရွှယ်ရူ အံ့သြလွန်း၍ မျက်လုံးများ ပြူးကျယ်သွားသည်။
“ရှင်က ဘယ်ကနေ ဒီလောက် အများကြီး ရလာတာလဲ”
ထို့နောက် ယန်ချုံး စကားပြန်ပြောမည့်အချိန်ပင် မစောင့်တော့ဘဲ ကမန်းကတန်း ဆက်ပြောသည်။
“ကျွန်မ မမေးတော့ဘူး... မမေးတော့ဘူး”
ထို့နောက် ခက်ခဲနေသည့် မျက်နှာထားဖြင့် ပြောသည်။
“ကိုက် သုံးရာဆိုရင်တော့ ကျွန်မ ယူနိုင်သေးတယ်။ အလိပ် သုံးရာဆိုရင်တော့ ရှင့်ကို ပေးဖို့ ကျွန်မ့လက်ထဲမှာ ပိုက်ဆံ အဲဒီလောက် မရှိဘူး”
ထို့နောက် နှမြောတသစွာဖြင့် ဆက်ပြောသည်။
“နှမြောစရာပဲ။ ဒီလောက်ကောင်းတဲ့ ပစ္စည်းကို အလိပ် သုံးရာ မပြောနဲ့။ အလိပ် သုံးထောင်ဆိုရင်တောင် ရောင်းရဖို့ ပူစရာ မလိုဘူး”
ယန်ချုံးက
“ဒီလိုလုပ်... ကျွန်တော် ခင်ဗျားဆီမှာ အရင်ဆုံး အလိပ် တစ်ရာ ထားခဲ့ပေးမယ်။ ဒီဇိုင်းစုံ၊ အရောင်စုံ နည်းနည်းစီ ထားပေးခဲ့မယ်။ ပြီးတော့ ခင်ဗျား ကျွန်တော့်ကို ပိုက်ဆံ ချက်ချင်း ပေးစရာ မလိုဘူး။ ရောင်းရမှပဲ ပေး...”
ချန်ရွှယ်ရူ ကြောင်သွားကာ ကိုယ့်နားကိုတောင် မယုံနိုင်လောက်အောင် အံ့သြဝမ်းသာ ဖြစ်သွားသည်။
“တကယ်လား။ ရှင်... ရှင်က ကျွန်မ လိမ်ပြီး ပိုက်ဆံ မပေးဘဲ နေမှာကို မကြောက်ဘူးလား”
ယန်ချုံးက ပြုံးရင်း ပြောလိုက်သည်။
“အစ်မရွှယ်ရူရဲ့ စရိုက်ကို ကျွန်တော် ယုံကြည်ပါတယ်။ ခင်ဗျားက အကြွေးမဆပ်ဘဲ လိမ်မဲ့ လူစားမျိုး မဟုတ်ပါဘူး”
စိတ်ထဲတွင်တော့ တွေးနေလေသည်။
‘ငါ့ပစ္စည်းကို လိမ်ယူလို့ ရမဲ့လူ ရှိလို့လား။ ငါသာ သဘောကျရင် မိနစ်ပိုင်း အတွင်းမှာတင် အဲဒီပစ္စည်းတွေကို ဘယ်သူမှ မသိအောင် ပြန်ယူပစ်လို့ ရတယ်။ အပိုဆု အနေနဲ့ ခင်ဗျားရဲ့ ပစ္စည်းတွေကိုပါ အစဖျောက် ပစ်လိုက်ဦးမယ်’
ချန်ရွှယ်ရူ ချက်ချင်းပင် ဝမ်းသာသွားသည်။
“လူဆိုးလေး... ရှင်က အစ်မအပေါ် ကောင်းမှန်း ကျွန်မ သိပြီးသားပါ။ အခွင့်အရေးကောင်း ရှိရင် အစ်မကို သတိရတယ်ပေါ့လေ”
ထိုသို့ပြောရင်း သူမ၏ မျက်ဝန်းလှလှလေးများက အရောင်လက်သွားကာ ယန်ချုံး၏ လက်တစ်ဖက်ကို ကိုင်လိုက်သည်။
“စိတ်ချပါ။ အစ်မကလည်း ရှင့်အပေါ် မကောင်း မလုပ်ပါဘူး”
ယန်ချုံးက လက်ကို အမြန် ပြန်ရုတ်လိုက်ပြီး မေးလိုက်သည်။
“အစ်မရွှယ်ရူ... ပြီးခဲ့တဲ့ အကြိမ်က ကျွန်တော့်မိန်းမနဲ့ ညီမလေးအတွက် အင်္ကျီချုပ်တုန်းက ဆိုဒ်တွေ ရှိသေးတယ်မလား”
ချန်ရွှယ်ရူက ခေါင်းတစ်ဆက်ဆက် ညိတ်သည်။
“ရှိတယ်... ရှိတာပေါ့။ ကျွန်မ အကုန် သိမ်းထားတယ်။ သူတို့ လာစရာ မလိုဘဲ ချုပ်လို့ရတယ်”
ထိုသို့ပြောရင်း ယန်ချုံးကို ခြေဆုံးခေါင်းဆုံး အကဲခတ် ကြည့်လိုက်ပြီး ပြောသည်။
“ဒါပေမဲ့ ရှင်က အခုတလော နည်းနည်း ဝလာသလိုပဲ။ ဒီဆိုဒ်က ပြန်တိုင်းမှ ရမယ်”
ယန်ချုံး ကြောင်သွားပြီး မိမိကိုယ်ကို ငုံ့ကြည့်ကာ အံ့သြစွာဖြင့် မေးလေသည်။
“ကျွန်တော် ဝလာလို့လား။ ကျွန်တော်တော့ မသိပါလား”
စကားပင် မဆုံးသေး... သူ့ကျောဘက်တွင် နူးညံ့မှု တစ်ခုကို ခံစားလိုက်ရပြီး နူးညံ့အိစက်နေသော ခန္ဓာကိုယ်တစ်ခုက နောက်ကျောမှနေ၍ ကပ်လာသည်ကို သတိထားမိလိုက်သည်။
ထို့နောက် အရိုးမရှိသလို နူးညံ့လှသော လက်ကလေး နှစ်ဖက်က နောက်ဘက်မှနေ၍ သိုင်းဖက်လာကာ သူ၏ ရင်ဘတ်ကို ညင်သာစွာ ပွတ်သပ်ရင်း ချိုသာသော အသံလေးဖြင့် ပြောသည်။
“ဘယ်လိုလုပ် မဝရမှာလဲ။ ဒီဗိုက်ပေါ်က အသားတွေတောင် ပိုများလာပြီကို”
ယန်ချုံး မိမိကိုယ်ကို အနည်းငယ် မထိန်းချုပ်နိုင်တော့ပေ။ သူ ခေါင်းမော့ကာ အသက်ကို ပြင်းပြင်းတစ်ချက် ရှူသွင်းလိုက်ပြီး ဆိုသည်။
“အစ်မရွှယ်ရူ...”
ထိုအချိန်မှာပင် နောက်ဘက်မှ အသံတစ်သံ ရုတ်တရက် ထွက်ပေါ်လာသည်။
“ရွှယ်ရူ... နေ့လယ်ရောက်နေပြီ ထမင်းမစားသေးဘူးလား။ ဒီနေ့ ရွှီဟယ်ကျန်း ဆီမှာ...”
စကားပင် မဆုံးသေးပင် ထိုလူက ကြောင်အသွားပြီး မေးလိုက်သည်။
“မင်း ဒါ ဘာလုပ်နေတာလဲ”
ဒီလူ ရောက်လာတာ တကယ်ကို အချိန်အခါ မသင့်တာပဲ။
ချန်ရွှယ်ရူလည်း လက်ကို လွှတ်ပေးလိုက်ပြီး လှည့်ကြည့်လိုက်ရသည်။ တကယ်တော့ မကြည့်ဘဲနှင့်ပင် ရပ်ကွက်ရုံးက ဖန်ကျင်းယို ရောက်လာမှန်း သူမ သိနေပြီးသား ဖြစ်သည်။
ဒီဖန်ကျင်းယိုက အခုတလော ပျားတစ်ကောင်လိုပဲ တစ်နေ့လုံး သူမအနားမှာ ကပ်တွယ်နေတတ်လို့ တော်တော်လေး စိတ်အနှောင့်အယှက် ဖြစ်စရာကောင်းလှသည်။
သူမက ပျင်းရိပျင်းတွဲ လေသံဖြင့် ပြောလိုက်သည်။
“ကျွန်မ ဘာလုပ်နေရမှာလဲ။ ဧည့်သည်အတွက် အင်္ကျီချုပ်ဖို့ ဆိုဒ်တိုင်းပေးနေတာပေါ့”
ပြောရင်းဆိုရင်း ဟန်ဆောင်ပန်ဆောင်ဖြင့် ဘေးဘက်ရှိ ကောင်တာဆီသို့ လျှောက်သွားကာ ဘောပင်ကို ယူ၍ စာအုပ်ထဲတွင် ဂဏန်း အနည်းငယ်ကို မှတ်လိုက်လေသည်။
ဖန်ကျင်းယိုက သူမကို သံသယ မျက်လုံးဖြင့် ကြည့်လိုက်ပြီးနောက် လှည့်လာသော ယန်ချုံးကို ကြည့်ကာ မေးလိုက်သည်။
“မင်းတို့ တကယ်ပဲ အင်္ကျီချုပ်ဖို့ ဆိုဒ်တိုင်းနေကြတာလား”
ချန်ရွှယ်ရူက သူ့ကို မျက်စောင်းတစ်ချက် ထိုးလိုက်ပြီး ပြောသည်။
“ဟုတ်တာ မဟုတ်တာ ရှင်နဲ့ ဘာဆိုင်လို့လဲ”
ဖန်ကျင်းယိုမှာ စကားပိတ်သွားပြီး ဘာမှ ပြန်မပြောနိုင်တော့ပေ။ အထူးသဖြင့် ယန်ချုံး၏ ရင်ဘတ်ရှိ အင်္ကျီကြယ်သီး အနည်းငယ် ပွင့်နေသည်ကို မြင်လိုက်ရသောအခါ ဒေါသထွက်လွန်း၍ မျက်နှာကြီး စိမ်းကားသွားတော့သည်။
ချန်ရွှယ်ရူ၏ မျက်နှာ အမူအရာကို ပြန်ကြည့်လိုက်ရာ စောစောက ဘာတွေဖြစ်ခဲ့သလဲ ဆိုတာကို လူမိုက်တောင် တွေးကြည့်လို့ ရနိုင်သည်။
သူက ယန်ချုံးကို ကြမ်းတမ်းစွာ စိုက်ကြည့်လိုက်ပြီး မေးသည်။
“မင်းက ဘယ်ရပ်ကွက်ကလဲ။ ဒီကို ဘာလာလုပ်တာလဲ”
ယန်ချုံးက သူ့ကို အံ့သြစွာဖြင့် ကြည့်လိုက်ပြီး စိတ်ထဲတွင် တွေးလိုက်သည်။
‘မင်းက ဘာကောင်မို့လို့ ငါ့ကို လာစစ်မေးနေရတာလဲ’
ချန်ရွှယ်ရူက အရင်ဆုံး ငြင်းဆန်လိုက်ပြီး ဖန်ကျင်းယိုကို ဆွဲဖယ်လိုက်သည်။
“ဖန်ကျင်းယို... ဒါက ငါ့ဆီ အင်္ကျီလာချုပ်တဲ့ ဧည့်သည်လေ။ ရှင်က ဘာတွေ လာရှုပ်နေတာလဲ။ အခုချက်ချင်း ထွက်သွားစမ်း...”