အခန်း ၈၄
Vol. 9 Ch. 84
အခန်း (၈၄) - ဒီဆေးကိုသောက်လိုက်ရင် မင်းတို့နှစ်ယောက်လုံး တစ်မျိုးတစ်ဖုံ ပြောင်းလဲသွားမှာ အာမခံတယ်
ဖန်ကျင်းယိုသည် ချန်ရွှယ်ရူအား အတော်လေး ကြောက်ရွံ့နေဟန် ရှိ၏။ ချန်ရွှယ်ရူ၏ ဟိန်းဟောက် ကြိမ်းမောင်းမှုကို ခံလိုက်ရပြီးနောက် သူသည် တစ်ခွန်းတစ်ပါဒမျှပင် ပြန်မပြောရဲတော့ဘဲ ယန်ချုံးကိုသာ မျက်စောင်းခဲကြည့်ကာ စိတ်ပျက်လက်ပျက်ဖြင့် လှည့်ထွက်သွားလေတော့သည်။
ထိုအခြေအနေတွင် ယန်ချုံးကိုယ်တိုင်လည်း ဆက်၍ အချိန်မဆွဲဝံ့တော့ပေ။
“အစ်မရွှယ်ရူ... ကျွန်တော့်အဝတ်အစားတွေကိုတော့ အစ်မ အဆင်ပြေသလိုသာ ချုပ်ပေးလိုက်ပါတော့။ အထည်တွေကို ဒီနေ့ ညနေကျရင် ကျွန်တော် လာပို့ပေးပါ့မယ်”
ချန်ရွှယ်ရူမှာ စိတ်ပျက်လက်ပျက် ဖြစ်သွားရသော်ငြားလည်း အခြားရွေးချယ်စရာ မရှိသည်မို့လို့ ခေါင်းညိတ် လက်ခံလိုက်ရလေသည်။
ယန်ချုံး တစ်ယောက် အထည်ဆိုင်ထဲမှ ထွက်လာခဲ့ပြီးနောက်မှသာ သူ၏ ကျောပြင်တစ်ခုလုံး အေးစက်နေပြီ ဖြစ်ကြောင်း သတိပြုမိလိုက်သည်။ အတွင်းခံ အင်္ကျီမှာမူ ချွေးတို့ဖြင့် ရွှဲရွှဲစိုနေခဲ့ပြီတည်း။
‘ဒီမိန်းမကတော့ တကယ်ပဲ ပွင့်ပွင့်လင်းလင်းနဲ့ ရဲတင်းလွန်းတာပဲဟေ့...’
သူသည် စုပေါင်း အိမ်ရာဝင်းကြီးဆီသို့ တန်းမပြန်သေးဘဲ ဆေးဆိုင် တစ်ဆိုင်သို့ ဝင်ကာ ဆေးစာရေး၍ ဆေးအချို့ကို ဖော်စပ်ပြီးမှသာ အိမ်သို့ ခြေဦးလှည့်ခဲ့လေသည်။
မည်သို့ပင်ဆိုစေ ရွှီတာ့မောက်အပေါ် ပေးထားခဲ့သော ကတိစကားကိုတော့ တည်မှဖြစ်မည် မဟုတ်ပါလား။ မူလဇာတ်လမ်းထဲတွင် ထိုကောင်သည် လူဆိုးတစ်ယောက် ဖြစ်ကောင်းဖြစ်နိုင်သော်လည်း သူ ဤကမ္ဘာသို့ ကူးပြောင်းရောက်ရှိ လာပြီးချိန်မှစ၍ ရွှီတာ့မောက် တစ်ယောက် မကောင်းမှုလုပ်သည်ကို တစ်ကြိမ်တစ်ခါမျှ မတွေ့ခဲ့ဖူးသေးပေ။
ဆေးထုပ်ကို ဆွဲကာ အိမ်ပြန်ရောက်လာချိန်တွင် မွန်းလွဲပိုင်းသာ ရှိသေးသဖြင့် ခြံဝင်းထဲ၌ လူသူအရိပ်အယောင် သိပ်မတွေ့ရချေ။ အိမ်ရှင်မများမှာလည်း မိမိတို့၏ အခန်းအသီးသီးတွင် ကိုယ်စီအလုပ်ရှုပ် နေကြလေသည်။ ယန်ရှောင်ကျွမ်းက သူပြန်ရောက်လာသည်ကို မြင်သည်နှင့် နှုတ်ခမ်းလေးစူကာ ညည်းတွားလေသည်။
“အစ်ကိုကြီး... ဘာလို့ ဒီလောက်တောင် နောက်ကျမှ ပြန်လာရတာလဲ။ ညီမနဲ့ ယွီရွှေတို့ စားနှင့်လိုက်ပြီနော်။ အစ်ကိုကြီးအတွက် အခုပဲ ဟင်းချက်ပေးလိုက်ပါ့မယ်”
ယွီရွှေသည် ကျောင်းပိတ်ရက်များ စတင်ကတည်းက ယန်ချုံးတို့အိမ်တွင် လာရောက် စားသောက်နေခဲ့သည်မှာ အတော်လေး ကြာမြင့်နေခဲ့ပြီ ဖြစ်သည်။ ယန်ချုံးကလည်း ထိုမျှလောက် အစားအသောက်လေးအတွက် ဂရုစိုက်မနေသလို ထိုညီမငယ်လေးကိုလည်း ခင်မင် သဘောကျသည်မို့လို့ မိသားစုဝင်များအနေဖြင့် မည်သို့မျှ ကန့်ကွက်ပြောဆိုခြင်း မရှိကြချေ။ ယန်ချုံးက ခေါင်းညိတ်ပြလိုက်ပြီး ဆေးထုပ်ကို စားပွဲပေါ်တင်လိုက်ရင်း မေးလိုက်သည်။
“အခန်းကိုရော ဘယ်လို ပြင်ဆင်ထားလဲ”
ယန်ရှောင်ကျွမ်းက ဟင်းချက်နေရင်းမှ လှမ်းပြောသည်။
“နံရံတွေကို ဆေးသုတ်ပြီးသွားပြီ။ အခုဆို ခြောက်တောင်ခြောက်လုနီးပါး ဖြစ်နေပြီလေ။ တံခါးအသစ်တွေ၊ ပြတင်းပေါက်အသစ်တွေလည်း တပ်ပြီးပြီ။ တကယ့်ကို လှနေတာပဲ”
“အေးပါကွာ။ နောက်မှပဲ ပရိဘောဂတွေ အဆင်သင့်ဖြစ်ပြီလား သွားကြည့်လိုက်ဦးမယ်။ ရပြီဆိုရင်လည်း တစ်ခါတည်း သယ်လာခဲ့မယ်လေ။ ဒီနှစ် နှစ်ကူးကျရင်တော့ နင့်အတွက် သီးသန့် အခန်းလေး ရပြီပေါ့။ ဒါနဲ့... ရွှီတာ့မောက် ပြန်လာတာများ တွေ့လိုက်မိသေးလား”
ယန်ရှောင်ကျွမ်းက ခဏမျှ စဉ်းစားလိုက်ပြီးနောက် ပြောသည်။
“ပြန်လာတယ်။ ကျွန်မတို့ ထမင်းစားနေတုန်း သူ စက်ဘီးတွန်းပြီး ပြန်လာတာ တွေ့လိုက်တယ်”
ထိုအခါ ယန်ချုံးက ခေါင်းတစ်ချက် ညိတ်လိုက်ပြီး နေရာမှ ထရပ်လိုက်ကာ ဆိုသည်။
“ဒါဆို မင်း ဟင်းသာ ဆက်ချက်နေလိုက်တော့။ ငါ နောက်ဖေးဘက်သွားပြီး ရွှီတာ့မောက်ကို ဆေးသွားပေးလိုက်ဦးမယ်”
ထိုသို့ပြောပြီး စားပွဲပေါ်ရှိ ဆေးထုပ်ကို ဆွဲယူ၍ နောက်ဖေးဘက်သို့ ထွက်လာခဲ့လေသည်။ သို့သော်လည်း ကံမကောင်းစွာဖြင့် ရွှီတာ့မောက်မှာ အိမ်တွင် ရှိမနေခဲ့ပေ။ လုံရှောင်အယ်က အားနာဟန်ဖြင့် ပြောသည်။
“ချုံးလေးရေ... မင်း လာတာ တကယ်ကို အချိန်မတော် ဖြစ်သွားပြီကွယ်။ ရွှီတာ့မောက် ပြန်ရောက်တာကတော့ ဟုတ်ပါတယ်။ ဒါပေမဲ့ အခုနလေးတင် စက်ရုံက လူတွေလာပြီး နယ်ဘက်သွား ရုပ်ရှင်ပြပေးဖို့ လာခေါ်တာနဲ့ ထွက်သွားရပြန်ပြီလေ။ သူသွားတာ သိပ်တောင် မကြာသေးဘူး။ မင်း နည်းနည်းလောက် စောလာရင် မှီသေးတယ်”
“ကိစ္စမရှိပါဘူး။ ကျွန်တော်က သူ့ကို ဆေးပေးစရာရှိလို့ လာခဲ့တာပါ။ သူ မရှိရင်လည်း ဒီမှာပဲ ထားခဲ့လိုက်ပါတော့မယ်”
ထို့သို့ ဆိုကာ ဆေးထုပ်ကို စားပွဲပေါ်သို့ တင်လိုက်သည်။ ထိုအခါ လုံရှောင်အယ်မှာ အံ့အားသင့်သွားပြီး မေးသည်။
“ဆေး… ဘာဆေးလဲ။ ဘယ်သူသောက်ဖို့လဲ”
“ရွှီတာ့မောက် ကျွန်တော့်ကို ဖော်ခိုင်းထားတဲ့ ဆေးလေ။ သူ ပြန်လာရင် တစ်ရက်ကို တစ်ထုပ်။ မနက်တစ်ကြိမ် ညတစ်ကြိမ် သောက်ခိုင်းလိုက်ပါ”
ထိုစကားကြောင့် လုံရှောင်အယ်မှာ ပို၍ပင် နားမလည်နိုင် ဖြစ်သွားရကာ ဆက်မေးပြန်သည်။
“ဒီဆေးက ရွှီတာ့မောက် သောက်ဖို့… သူ ဘာရောဂါဖြစ်လို့လဲ။ ငါက ဘာလို့ မသိရတာလဲ”
ယန်ချုံးက စကားကို တိတိကျကျ မပြောဘဲ ပြန်ဖြေလိုက်သည်။
“ဘာမှ မဖြစ်ပါဘူး။ ရောဂါ ကြီးကြီးမားမားကြီး မဟုတ်ပါဘူး။ သူ ပြန်လာမှပဲ မေးကြည့်လိုက်ပါတော့”
သူ၏ စိတ်ထဲတွင်မူ တွေးတောနေမိသည်။
‘ကလေးရဖို့ ကိစ္စက လင်မယား နှစ်ယောက်ကြားက ကိစ္စပဲ။ ငါ အများကြီး ဝင်မပြောတာပဲ ကောင်းပါတယ်လေ’
သို့သော်ငြားလည်း ယန်ချုံး၏ ဟိုမရောက်ဒီမရောက် စကားများကြောင့် လုံရှောင်အယ်၏ ရင်ထဲ၌ သံသယတို့ ပိုမို ကြီးထွားလာခဲ့ပြီး မေးပြန်သည်။
“ချုံးလေး... ရွှီတာ့မောက် ငါ့ကို ဖုံးကွယ်ထားတဲ့ ကိစ္စတစ်ခုခုများ ရှိနေလို့လား”
ယန်ချုံးက ခေါင်းကို ခါယမ်းလိုက်ရင်း ပြောသည်။
“မဟုတ်ပါဘူး အစ်မရယ်... အစ်မကလည်း ဘာတွေ လျှောက်တွေးနေတာလဲ။ ဘာမှ မရှိပါဘူး”
ယန်ချုံး တစ်ယောက် လှည့်ထွက်သွားရန် ပြင်လိုက်သော်လည်း လုံရှောင်အယ်က တံခါးဝတွင် ပိတ်ရပ်လိုက်ပြီး ဆိုသည်။
“ချုံးလေး... မင်းတို့နှစ်ယောက် ငါ့ကို ဖုံးကွယ်ထားတဲ့ ကိစ္စရှိနေတာ အသေအချာပဲ။ ဒီနေ့ မင်း အမှန်အတိုင်း မပြောပြရင်တော့ ဒီအခန်းထဲကနေ ထွက်သွားဖို့ မစဉ်းစားနဲ့တော့”
ထိုအခြေအနေတွင် ယန်ချုံးလည်း အခြားရွေးချယ်စရာ မရှိတော့သဖြင့် ပြောလိုက်သည်။
“အစ်မရယ်... အစ်မ အတင်းမေးနေလို့သာ ပြောရတာနော်။ သိပြီးရင်လည်း စိတ်မကောင်း မဖြစ်ပါနဲ့”
“စကားတွေ ရှည်မနေနဲ့... မြန်မြန်သာ ပြောစမ်းပါ။ ရွှီတာ့မောက်မှာ ဘာရှက်စရာ ကိစ္စတွေ ဖုံးကွယ်ထားလို့လဲ”
ယန်ချုံးက သက်ပြင်းတစ်ချက်ကို ခပ်လေးလေး ချလိုက်ကာ ဆိုသည်။
“အစ်မကလည်း ဘာတွေ တွေးနေပြန်တာလဲ။ ရွှီတာ့မောက်ရဲ့ စွမ်းဆောင်ရည်ကို အစ်မ အသိဆုံးပဲလေ။ သူက ဘယ်လို ရှက်စရာ ကိစ္စမျိုးကို သွားလုပ်နိုင်မှာလဲ။ သူများတွေလိုမျိုးရော သူက စွမ်းနိုင်လို့လား”
လုံရှောင်အယ် အံ့အားသင့်သွားရပြီး မေးလေသည်။
“ယန်ချုံး... မင်းပြောတဲ့ စကားက ဘာအဓိပ္ပာယ်လဲ။ ရွှီတာ့မောက်ရဲ့ ဘယ်လို စွမ်းဆောင်ရည်ကို ပြောချင်တာလဲ”
“သူက ၆ စက္ကန့်... ၇ စက္ကန့်တောင် အနိုင်နိုင်ရယ်လေ။ ဘယ်မိန်းမကများ သူ့ကို စိတ်ဝင်စားမှာလဲ”
“၆ စက္ကန့်... ၇ စက္ကန့်”
ဘာကို ဆိုလိုမှန်း သဘောပေါက်သွားပြီးနောက်တွင်မူ လုံရှောင်အယ်၏ လှပသော မျက်နှာလေးမှာ ရဲခနဲ ဖြစ်သွားရကာ ရှက်ရမ်းရမ်းကာ အော်လေတော့သည်။
“ချုံးဇီ... မင်း... မင်း ဘာတွေ လျှောက်ပြောနေတာလဲ”
ယန်ချုံးက ဆက်၍ ပြောလိုက်သည်။
“အစ်မရယ်... ရွှီတာ့မောက်က ကျွန်တော့်ကို အကုန် ပြောပြထားပြီးသားပါ။ ရှက်စရာ မလိုပါဘူး။ ကျွန်တော် အစ်မတို့ နှစ်ယောက်စလုံးကို သေချာ စမ်းသပ်ကြည့်ပြီးသွားပြီ။ အစ်မတို့ ကလေး မရတာက အစ်မကြောင့် မဟုတ်ဘူး။ ရွှီတာ့မောက်ရဲ့ ပြဿနာပဲ။ ဒါကြောင့် ကျွန်တော် သူ့အတွက် သီးသန့် ဆေးဖော်ပေးထားတာ။ ဒီဆေးသောက်ရင် ကလေးရနိုင်သလို... နောက်ပြီး...”
“နောက်ပြီး ဘာဖြစ်မလဲ...”
လုံရှောင်အယ်က အလောတကြီး မေးလိုက်မိသည်။
“နောက်ပြီးတော့ အစ်မတို့ရဲ့ လင်မယားဘဝ သာယာမှုကို မြှင့်တင်ပေးနိုင်တယ်။ ရှင်းရှင်းပြောရရင် ရွှီတာ့မောက် ဒီဆေးတွေ သောက်ပြီးသွားရင် အချိန်ပိုကြာလာပြီး ပိုအားကောင်းလာလိမ့်မယ်။ အဲဒီကျရင်လေ...”
သူ စကားပင် မဆုံးလိုက်ရချေ။ လုံရှောင်အယ်၏ မျက်နှာတစ်ခုလုံးမှာ နီရဲတွတ်နေခဲ့ပြီ ဖြစ်သည်။ သူမသည် ယန်ချုံးအား တံခါးပြင်ဘက်သို့ အတင်း တွန်းထုတ်လိုက်ရင်း ဆိုသည်။
“မင်းကို ရိုးသားတယ်လို့ ထင်ထားတာ... ဘာလို့များ ဒီလောက် ရိုင်းစိုင်းတဲ့ စကားတွေ ပြောထွက်ရတာလဲ”
ယန်ချုံး တစ်ယောက် အပြင်ရောက်သွားခါမှ တစ်စုံတစ်ခုကို ရုတ်တရက် သတိရသွားပြီး ပြောလိုက်သည်။
“အို... အစ်မ။ ရွှီတာ့မောက်ကို နောက်တစ်ခု သေချာ မှာပေးလိုက်ဦး။ ဒီဆေးသောက်နေတဲ့ အချိန်အတွင်းမှာ အဲဒီကိစ္စကို လုံးဝ မလုပ်ရဘူးနော်။ လုပ်လိုက်ရင် ဆေးအာနိသင် ပျက်သွားလိမ့်မယ်။ ဆေးသောက်ပြီးသွားရင်တောင် နောက်ထပ် ၄၉ ရက်တိတိ စောင့်ပြီးမှ အတူနေရမယ်။ အဲဒီအချိန်ကျရင်တော့ အစ်မတို့ လုံးဝကို တစ်မျိုးတစ်ဖုံ ပြောင်းလဲသွားတာကို တွေ့ရလိမ့်မယ်”
လုံရှောင်အယ်၏ မျက်နှာမှာ သွေးရောင်များ ဖျန်းပက်သွားသကဲ့သို့ နီရဲသွားကာ တံခါးကို ဒိုင်းခနဲ ဆောင့်ပိတ်လိုက်ပြီး အော်ဟစ်လိုက်လေသည်။
“ထွက်သွားတော့... ငါ ဘာမှ ဆက်မကြားချင်တော့ဘူး”
ယန်ချုံးသည် ခေါင်းတစ်ချက် ခါယမ်းလိုက်ပြီး ပြန်လှည့်ထွက်မည် အလုပ်တွင် နောက်ဖေးဆောင်ရှိ လူများအားလုံးမှာ အိမ်အပြင်သို့ ထွက်လာကြကာ သူ့အား ထူးဆန်းသည့် အကြည့်များဖြင့် ဝိုင်းဝန်းကြည့်ရှု နေကြသည်ကို တွေ့လိုက်ရ၏။ ယန်ချုံးမှာ အတော်လေး အနေရခက်သွားကာ ပြောလိုက်လေသည်။
“ရွှီတာ့မောက်ကို ပစ္စည်းလေး လာပေးတာပါ။ ဘာမှ မဟုတ်ပါဘူး... ကျွန်တော် သွားတော့မယ်”
ထို့ကဲ့သို့ ခပ်သုတ်သုတ် ပြောဆိုကာ ထိုနေရာမှ အမြန်ဆုံး ခြေသလုံးအိမ်တိုင် ထွက်ပြေးခဲ့ရတော့သည်။
အခန်းတွင်း၌မူ လုံရှောင်အယ်သည် မျက်နှာနီရဲလျက် စားပွဲပေါ်ရှိ ဆေးထုပ်ကို ကောက်ယူကာ ကြမ်းပြင်ပေါ်သို့ ခပ်ပြင်းပြင်း ပစ်ချလိုက်ရင်း ပြောဆိုလေတော့သည်။
“ရွှီတာ့မောက်... ဝက်ဦးနှောက်ကောင်။ ဒီလို ကိစ္စမျိုးကိုမှ တခြားလူတွေကို အကုန်လိုက် ပြောပြနေရသလား။ ကိုယ်တိုင်ကလည်း ၆ စက္ကန့်လောက်နဲ့... တကယ့်ကို ရှက်စရာကောင်းလိုက်တာ...”
သို့သော်လည်း ခဏအကြာတွင်မူ ကြမ်းပြင်ပေါ်သို့ ကျနေသည့် ဆေးထုပ်ကို ပြန်လည် ငေးကြည့်မိသွားကာ ဆိုပြန်သည်။
‘ဒီ ချုံး ဆိုတဲ့ကောင်က တကယ်ရော အားကိုးလို့ရပါ့မလား... ဒီဆေးက တကယ်ပဲ အလုပ်ဖြစ်ပါ့မလား...’
နောက်ဆုံးတွင်တော့ သူမသည် ထိုဆေးထုပ်ကို ကြမ်းပြင်မှ ပြန်လည်ကောက်ယူ လိုက်လေသည်။
“ဟွန့်... ရွှီတာ့မောက် ပြန်လာမှပဲ သေချာ ကောင်းကောင်းကြီး စစ်မေးရမယ်။ တခြားဆရာဝန်တွေ အများကြီး ရှိနေရက်သားနဲ့... ယန်ချုံးက သာမန် ဝယ်ယူရေး ဝန်ထမ်းပဲကို သူက ဆေးပညာအကြောင်း ဘာများ နားလည်မှာမို့လို့လဲ”
ထိုသို့ နှုတ်မှ ပွစိပွစိ ရေရွတ်နေမိသော်လည်း စိတ်အစဉ်၌မူ တွေးမိပြန်သည်။
‘ကလေး မရတာက တကယ်ပဲ ရွှီတာ့မောက်ရဲ့ ပြဿနာများလား။ တကယ်လို့ ဒီဆေးကို သောက်ပြီးသွားရင် အရင်ကနဲ့ တကယ်ပဲ တစ်မျိုးတစ်ဖုံ ပြောင်းလဲသွားမှာများလား...’
ဤသို့သော တွေးတောမှုတို့ ဝင်ရောက်လာပြန်သဖြင့် သူမ၏ မျက်နှာလေးမှာ ထပ်မံ၍ နီမြန်းသွားရလေတော့သတည်း။