အခန်း ၈၅
Vol. 9 Ch. 85
အခန်း (၈၅) - ယီကျုံးဟိုင်က အရင်ဆုံး ရင်းနှီးမှု ပြလာခြင်း
နေမွန်းလွဲချိန် အစာအာဟာရ မှီဝဲပြီးသည်နှင့် တစ်ပြိုင်နက် ယန်ချုံးသည် လက်သမားဆရာထံသို့ ခြေဦးလှည့်လိုက်လေသည်။ သူ မှာကြားထားခဲ့သော သစ်သားပရိဘောဂ အချို့မှာ အချောသတ် ပြီးစီးနေပြီ ဖြစ်သည်။ လက်သမားဆရာသည် သူ၏ ဆန္ဒအတိုင်း နက်မှောင်သော အနီရောင်ဆေးကို သုတ်လိမ်းပေးထားရာ ယခုခေတ်ကာလတွင် ခေတ်စားနေလေ့ရှိသော ရဲရဲတောက် အနီရောင်ထက် များစွာ ပို၍ ကျက်သရေရှိကာ လှပတင့်တယ် နေတော့သည်။
ထိုပရိဘောဂများကို ခြံဝင်းအတွင်းသို့ သယ်ဆောင်လာသောအခါ ဝင်းသူဝင်းသားများမှာ ဝိုင်းအုံ ကြည့်ရှုကြလျက် ချီးမွမ်းထောမနာ ပြုကြလေသည်။ ဤပရိဘောဂငယ်များကို အခန်းကျဉ်းလေးအတွင်း နေရာတကျ စီစဉ်လိုက်သောအခါဝယ် ဖြူစင်ဝင်းမွတ်နေသော နံရံများနှင့် အရောင်တင်ထားသော ပရိဘောဂများ အချိုးကျပနံရကာ အခန်းငယ်လေးမှာ အသက်ဝင်လာပြီး နေချင်စဖွယ် အတိ ဖြစ်သွားတော့သည်။ လူတိုင်း၏ နှုတ်ဖျားတွင် ချီးကျူးသံများ ညံနေခဲ့သည်။
အထူးသဖြင့် ဟယ်ယွီရွှေမှာ အားကျမဆုံး ဖြစ်နေပြီး သူမ၏ အခန်းနှင့် အကျယ်အဝန်း တူညီသော်ငြား ဤအခန်းက ပို၍ နေချင်စဖွယ် ကောင်းနေကြောင်း ထုတ်ဖော်ပြောဆို နေရှာသည်။ ထို့နောက် သူမသည် ယန်ရှောင်ကျွမ်း၏ လက်မောင်းကို ဖက်တွယ်ကာ ချွဲနွဲ့ပါတော့သည်။
“ရှောင်ကျွမ်း… ငါလည်း ဒီအခန်းမှာ လာနေလို့ ရမလား။ တို့နှစ်ယောက် အတူတူ အိပ်ရအောင်လေ။ ငါ့ကိုလည်း ခံစားခွင့်ပေးပါဦး။ နင်ရဲ့ ဒီအခန်းနဲ့ ဒီခုတင်အသစ်ကို မြင်ရတော့ ငါ့အခန်းထဲမှာ တစ်စက္ကန့်တောင် ဆက်မနေချင်တော့ဘူး”
ယန်ရှောင်ကျွမ်းမှာ ရင်တွင်း၌ ပီတိဖြာ သွားသော်ငြား ဤသို့ ပြန်လည် တုံ့ပြန်လိုက်သည်။
“ငါကတော့ ဘာမှ သဘောမထားပါဘူးဟာ။ နင်လာရင်လည်း ငါ့အတွက် အဖော်ရတာပေါ့။ ညဘက် စကားပြောဖော် ရှိတာပေါ့။ ဒါပေမဲ့ နင် ငါ့အစ်ကိုကြီးကို မေးကြည့်ရမယ်။ သူ သဘောတူမှ ရမှာ”
ထိုအခါ ဟယ်ယွီရွှေသည် ယန်ချုံးအနီးသို့ ချက်ချင်း ပြေးသွားကာ သူ၏ လက်မောင်းကို ဆွဲလှုပ် ဖက်တွယ်ရင်း ချွဲနွဲ့ အပူကပ်တော့သည်။ ယန်ချုံးကလည်း သဘာဝကျစွာပင် ငြင်းဆန်မည် မဟုတ်ချေ။ ဤမိန်းမငယ်လေး နှစ်ဦးစလုံးမှာ သူ၏ ရင်တွင်း၌ ညီမအရင်းအချာများသဖွယ် နေရာယူထားပြီးသားဖြစ်ရာ သူတို့နှစ်ဦး အတူတကွ နေထိုင်ကြမည်ဆိုပါက သူ့အနေဖြင့်လည်း များစွာ စိတ်အေးရမည်ဖြစ်သည်။
သို့သော်ငြားလည်း ယခုလတ်တလောတွင် ပြောင်းရွှေ့နေထိုင်၍ မရနိုင်သေးပေ။ အိမ်ကို ဆေးသုတ်ထားသည်မှာ မကြာသေးသဖြင့် လေဝင်လေထွက် ကောင်းကောင်းရရန် လိုအပ်သည့်အပြင် ပရိဘောဂများမှ ဆေးနံ့များ အပြည့်အဝ လွင့်စင်သွားရန် အချိန်ယူရဦးမည် ဖြစ်သည်။
လက်သမားဆရာများကို ကတိကဝတ် ပြုထားသည့်အတိုင်း လုပ်အားခများ ချက်ချင်း ရှင်းလင်းပေးပြီး ပြန်လွှတ်လိုက်ရာ ခြံဝင်းအတွင်း လာရောက် ငေးမောနေကြသော လူအုပ်ကြီးလည်း တဖြည်းဖြည်း လူစုကွဲသွားကြတော့သည်။
နေမွန်းလွဲပိုင်းသို့ ရောက်သောအခါ ကျိုးရှောင်ပိုင်နှင့် စစ်သုံး ဂျစ်ကားလေးမှာ ချိန်းဆိုထားသည့်အတိုင်း ရောက်ရှိလာပြီး ကျိုးလောင်အား ဆက်လက်၍ အပ်စိုက် ကုသပေးရန် ယန်ချုံးကို လာရောက် ခေါ်ဆောင်လေသည်။
ယနေ့သည် ကုသမှု၏ နောက်ဆုံးနေ့ရက်ပင် ဖြစ်သည်။ ဤကာလ အပိုင်းအခြားအတွင်း အပ်စိုက် ကုသမှု ခံယူပြီးနောက် ယန်ချုံး ဖော်စပ်ပေးထားသည့် ဆေးညွှန်းများဖြင့် ခန္ဓာကိုယ်ကို ပြုပြင် ထိန်းသိမ်းနိုင်ခဲ့မှုကြောင့် ကျိုးလောင်မှာ လုံးဝနီးပါး ပြန်လည် ကျန်းမာလာခဲ့ပြီ ဖြစ်ရာ မနက်ဖြန်မှစ၍ ထပ်မံ သွားရောက်ရန် မလိုအပ်တော့ချေ။
သူ အိမ်ပြင်ထွက်၍ ကားပေါ်တက်ရန် ဟန်ပြင်နေစဉ်မှာပင် စက်ရုံမှ အတူတကွ အလုပ်ဆင်းလာကြသော ယီကျုံးဟိုင်နှင့် လျိုဟိုင်ကျုံးတို့ နှစ်ဦးနှင့် မျက်နှာချင်းဆိုင် ဆုံမိလေသည်။ လျိုဟိုင်ကျုံးက ယန်ချုံးအား လှမ်း၍ နှုတ်ဆက်လိုက်သည်။
“ဟေ့... ချုံးဇီ အပြင်သွားမလို့လား။ ဒီစစ်ကားက မင်းကို လာကြိုပြန်ပြီပဲ။ ဟုတ်လှချည်လား… အခုဆို နေ့တိုင်း စစ်ကားနဲ့ အကြိုအပို့ လုပ်နေရတော့ မင်း တော်တော်လေး အခြေအနေ ကောင်းနေပြီပဲနော်”
ထိုအခါ ယန်ချုံးက ပြုံးရွှင်စွာဖြင့် ပြန်ပြောသည်။
“အာ့တာ့ယဲ့ ကလည်း နောက်နေပြန်ပါပြီ။ ဒါတွေက သူငယ်ချင်းတွေမို့လို့ပါ။ အာ့တာ့ယဲ့တို့ အခုမှ အလုပ်ဆင်းတာလား”
“ဟုတ်တယ် အခုမှ ဆင်းတာကွ။ တို့လို ပန်းပဲဆရာတွေ၊ စက်ပြင်ဆရာတွေက မင်းတို့လို ဝယ်ယူရေးသမားတွေကို ဘယ်မှီပါ့မလဲ။ မင်းတို့က အလုပ်ချိန် လွတ်လပ်တယ်လေ။ တို့ကတော့ အချိန်ပြည့်တဲ့အထိ အလုပ်ထဲမှာ အောင့်အည်းပြီး နေရတာ”
ယန်ချုံးက ပြုံးရယ်လျက် ဆိုသည်။
“အာ့တာ့ယဲ့ရာ... ကျွန်တော်ကတော့ တစ်နေ့ကုန် တောင်တက်၊ အမဲလိုက်၊ ယုန်တွေ၊ တောကြက်တွေ လိုက်ရှာနေရတာပါ။ တောဝက်တွေနဲ့လည်း ထိပ်တိုက် တွေ့ရသေးတယ်။ ဘယ်ရက်မှာ တောဝက် ဝှေ့တာ ခံရမလဲတောင် မသိပါဘူး။ ဦးကြီးတို့ နှစ်ယောက် အလုပ်ရုံထဲမှာ အေးအေးဆေးဆေး နေရတာလောက် ဘယ်ကောင်းပါ့မလဲ”
လျိုဟိုင်ကျုံးက ဟားဟားပက်ပက် ရယ်မောလိုက်ရင်း ပြောသည်။
“ချုံဇီ... မင်းကတော့ စကားပြော ပိုတတ်လာပြီပဲကွ”
ယန်ချုံး ကားတံခါးကို ဖွင့်၍ ကားပေါ်သို့ တက်ရန် ပြင်လိုက်စဉ် ထိုအချိန်အထိ တစ်ခွန်းမျှ ဝင်ရောက်ပြောဆိုခြင်း မရှိဘဲ နှုတ်ဆိတ်နေခဲ့သော ယီကျုံးဟိုင်ထံမှ အသံထွက်ပေါ်လာလေသည်။
“ချုံဇီ... မင်းကို အကူအညီတစ်ခုလောက် တောင်းလို့ ရမလား”
ဤစကားကြောင့် ယန်ချုံးမှာ အံ့ဩသင့်သွားရသလို ဘေးတွင် ရပ်နေသော လျိုဟိုင်ကျုံးကလည်း ယီကျုံးဟိုင်ကို အံ့အားသင့်စွာ ကြည့်လိုက်မိသည်။
အဘယ်ကြောင့်ဆိုသော် ယီကျုံးဟိုင်သည် ယန်ချုံးအား အမြဲတစေ မျက်စိစပါးမွေး စူးနေတတ်ကြောင်း ခြံဝင်းအတွင်းရှိ လူတိုင်းက အသိပင်ဖြစ်သည်။ ထို့အပြင် ယန်ချုံးသည် ကျားမိသားစုဘက်မှ ဝင်ရောက်ရပ်တည် ကာကွယ်ပေးခဲ့ခြင်းကြောင့် ယီကျုံးဟိုင်နှင့် အကြိမ်ကြိမ် ထိပ်တိုက်တွေ့ခဲ့ဖူးသည်။ အထူးသဖြင့် ပြီးခဲ့သည့် အလှူငွေကောက်ခံသည့် ကိစ္စအပြီးမှ စ၍ သူသည် ယန်ချုံးနှင့် စကားတစ်ခွန်းမျှပင် မဆိုတော့ချေ။
ယခုမူ သူက ရုတ်တရက်ကြီး ယန်ချုံးကို အရင်ဆုံး စကားလာ ပြောရုံမျှသာမက လေသံအရလည်း အကူအညီ တောင်းခံနေသည့် ပုံစံ ပေါက်နေသဖြင့် မြင်ရသူအဖို့ ထူးဆန်းအံ့သြဖွယ် ဖြစ်နေရတော့သည်။ ယန်ချုံး ခေတ္တမျှ ကြောင်အမ်းအမ်း ဖြစ်သွားပြီးနောက်မှ ဤသို့ တုံ့ပြန်လိုက်လေသည်။
“ယီတာ့ယဲ့ ပြောပါဦး”
ယီကျုံးဟိုင်၏ မျက်နှာထက်တွင် စိတ်မသက်မသာ ဖြစ်ဟန်ဖြင့် အောင့်သက်သက် အပြုံးတစ်ခု ပေါ်လွင်လာလျက် ဆိုသည်။
“ဒီလိုပါ ချုံဇီရယ်... မင်းရဲ့ ဦးကြီးကတော် ယီတာ့မားက မကြာခင်ကပဲ နေမကောင်းဖြစ်နေလို့လေ။ အဲဒါကြောင့် သူ့ကို အာဟာရဖြစ်စေမဲ့ အစားအစာကောင်းကောင်းလေးတွေ ဝယ်ကျွေးချင်လို့ပါ။ မင်းဘက်က အဆင်ပြေမလားလို့ ကြည့်ပေးပါဦး။ အဆင်ပြေရင် မင်းဖမ်းမိတဲ့ တောယုန် ဒါမှမဟုတ် တောကြက် တစ်ကောင်လောက် ဦးကြီးကို ရောင်းပေးပါလား။ စိတ်ချပါ… ဈေးနှုန်းကိုတော့ မှောင်ခိုဈေးကွက်ထဲက ဈေးအတိုင်း ပေးပါ့မယ်။ ဦးကြီး မင်းကို မနစ်နာစေရပါဘူး”
ဤစကားကြောင့် လျိုဟိုင်ကျုံးမှာ ပို၍ပင် အံ့အားသင့်သွားရသည်။ သူ၏ စိတ်အစဉ်၌ အတွေးတို့ ချာချာလည်လျက် ရှိသည်။
‘လောင်ယီ တစ်ယောက် ဘာဖြစ်သွားတာလဲ။ ပုံမှန်ဆို ယန်ချုံးကို မြင်ရင် နှာခေါင်းရှုံ့ပြီး တစ်ချက်တောင် လှည့်မကြည့်ချင်တဲ့လူက အခုကျမှ ဘာလို့ သူ့ကို ခေါင်းငုံ့ပြီး အကူအညီ တောင်းနေရတာလဲ။ နေမင်းကြီး အနောက်ဘက်ကများ ထွက်လာတာလား’
ယန်ချုံးသည်လည်း အထူးပင် အံ့ဩသွားမိပြီး ဤမြေခွေးအိုကြီးသည် မည်သို့သော အကြံအစည်များ ရှိနေသနည်းဟု တွေးတောလိုက်မိသည်။ ထို့နောက် ခပ်အေးအေးပင် ပြုံးလိုက်ကာ တိုက်ရိုက်ပင် ငြင်းပယ်လိုက်လေသည်။
“အားနာပါတယ် ဆရာယီ… ဒီနေ့ ကျွန်တော် ဘာတောကောင်မှ မရခဲ့ဘူး။ ဒါကြောင့် ဆရာ့ကို ရောင်းပေးစရာ မရှိပါဘူး”
ပွင့်လင်းစွာ အငြင်းခံလိုက်ရသော်ငြား ယီကျုံးဟိုင်၏ မျက်နှာထက်မှ အပြုံးမှာ ပျက်ယွင်း မသွားဘဲ ဟန်ဆောင်ပြုံးလျက်ပင် ဆက်လက် ပြောဆိုလေသည်။
“ကိစ္စမရှိပါဘူး။ မရှိရင်လည်း ရပါတယ်။ စိတ်ထဲ မှတ်ထားပေးရင် ရပါပြီ။ နောက်ရက် ရလာတဲ့အခါမှ ယူပေးလည်း မနောက်ကျပါဘူး”
ယန်ချုံးက ခေါင်းညိတ် ပြလိုက်ပြီးနောက် ကားတံခါးကို ဖွင့်၍ ဝင်ထိုင်ကာ ထွက်ခွာသွားတော့သည်။ ထိုအချိန်မှသာ လျိုဟိုင်ကျုံးသည် သူ၏ သိချင်စိတ်ကို မထိန်းနိုင်တော့ဘဲ ဤသို့ မေးမြန်းလိုက်သည်။
“လောက်ယီ... မင်းက ဘာဖြစ်လို့ မင်း မိန်းမအတွက် တောကြက်နဲ့ တောယုန်တွေ ဝယ်ပေးဖို့ ရုတ်တရက် သတိရသွားတာလဲ။ ပြီးတော့ မင်းက ယန်ချုံးနဲ့ အဆင်မပြေဘူး မဟုတ်လား။ ဘာလို့ သူ့ဆီက ပစ္စည်းသွားဝယ်ရတာလဲ”
ယီကျုံးဟိုင်က သူ့အား အေးစက်စက် မျက်ဝန်းများဖြင့် တစ်ချက် ဝေ့ကြည့်လိုက်ပြီး ဆိုသည်။
“ငါ ဘာလုပ်လုပ် မင်းကို လာခွင့်တောင်းပြီး အစီရင်ခံနေရဦးမှာလား”
“……”
လျိုဟိုင်ကျုံးမှာ စကားဆို့အသွားပြီး တစ်ခွန်းမျှ ပြန်လည် မချေပနိုင်တော့ချေ။ ယီကျုံးဟိုင်ကမူ လက်နှစ်ဖက်ကို နောက်ပစ်ကာဖြင့် ခြံဝင်းထဲသို့ ဝင်ရောက်သွားလေသည်။ လျိုဟိုင်ကျုံးသည် ထိုနေရာတွင်ပင် ရပ်လျက် ကျောခိုင်းသွားသော ယီကျုံးဟိုင်အား ကြည့်ရင်း မျက်မှောင်ကျုံ့ကာ နှာခေါင်းရှုံ့လိုက်သည်။
“ဟွန်း မြေခွေးအိုကြီး… မင်းရဲ့ စိတ္တဇနာ အကြံအစည်ကို ဘယ်သူက မသိဘဲ နေမလဲ။ ကျားတုန်းရွှီ သေသွားတာကို မြင်တော့ နောက်ထပ် မွေးစားပြီး အိုစာမင်းစာ လုပ်ကျွေးမဲ့သူကို ရှာနေတာမလား။ ဒါပေမဲ့ မင်းရဲ့ အတွက်အချက်က အလွန် လွန်လွန်းသွားပြီ။ ယန်ချုံးက မင်းကို လုပ်ကျွေးပြုစုလိမ့်မယ်လို့ ငါတော့ မယုံဘူး။ အိပ်မက် မက်နေလိုက်…”
ဟိုအဝေးသို့ မောင်းနှင်နေသော စစ်သုံး ဂျစ်ကားပေါ်တွင် လိုက်ပါလာသည့် ယန်ချုံးသည်လည်း စောစောက ယီကျုံးဟိုင်၏ ထူးဆန်းလှသော အပြုအမူကို စဉ်းစားခန်း ဝင်နေမိသည်။
တောကြက်နှင့် တောယုန်များကို ကူညီဝယ်ယူပေးရန် ဟူသော အကြောင်းပြချက်မှာ ယုတ္တိမတန်လှပေ။ ယီကျုံးဟိုင်အနေဖြင့် မိမိ၏ ဇနီး ယီတာမားအတွက် တကယ်တမ်း စေတနာထား တွေးပူပေးနေခြင်း ဖြစ်သည်ဟူသော အချက်ကို ယန်ချုံး လုံးဝ ယုံကြည်ခြင်း မရှိပါ။ ဆန့်ကျင်ဘက်အားဖြင့် ဤသည်မှာ ယီကျုံးဟိုင်က မိမိထံသို့ အရင်ဆုံး လာရောက် မျက်နှာလုပ်ကာ မိတ်ဆွေဖွဲ့ရန် ကြိုးပမ်းခြင်းသာ ဖြစ်သည်ဟု သူ ခံစားသိမြင်နေသည်။
သို့ဆိုလျှင် ဤအဘိုးအိုသည် မိမိအား အမြဲတစေ မျက်စိစပါးမွေး စူးနေခဲ့သည် မဟုတ်လော။ အဘယ်ကြောင့် ရုတ်တရက်ကြီး ဤမျှအထိ နှိမ့်ချလာရသနည်း။ မိမိက ငြင်းပယ်လိုက်သည်ကိုပင် ဒေါသမထွက်ဘဲ ပြုံးပြုံးကြီး ဟန်ဆောင်နိုင်သေးသည်။ ကျားတုန်းရွှီ သေဆုံးသွားမှုကြောင့် ဖြစ်ပေါ်လာသည့် ဂယက်များလော။
ဤအဘိုးအိုသည် နောက်ထပ် ကျားတုန်းရွှီ တစ်ယောက်ကို ရှာဖွေပြီး မိမိအား သူ၏ အိုစာမင်းစာအဖြစ် လုပ်ကျွေးပြုစုစေချင်၍ တကယ်ပင် ဖြစ်နိုင်ပါ့မလား။ ယန်ချုံး၏ အသိဉာဏ်မှာ ထိုမျှအထိ ကလေး မဆန်လှပေ။ ယီကျုံးဟိုင်သည်လည်း မိမိအပေါ် အနည်းငယ် ကောင်းပြလိုက်ရုံဖြင့် မိမိက ကျားတုန်းရွှီကဲ့သို့ ဖြစ်လာလိမ့်မည်ဟု ဤမျှ ရိုးရှင်းစွာ တွေးတောမည့်သူ မဟုတ်ချေ။ ဤအဘိုးအိုတွင် ပိုမိုနက်ရှိုင်းသော နောက်ကွယ်က အကြောင်းရင်းတစ်ခု သေချာပေါက် ရှိနေရပေမည်။
ထိုစဉ် ယန်ချုံး၏ အသိအာရုံထဲတွင် ရုတ်တရက် သတိရလိုက်မိသည့် အချက်တစ်ခု ရှိလာသည်။ အခုနက ယီကျုံးဟိုင်သည် ဟန်ဆောင်ပြုံးကာ မိမိနှင့် စကားပြောနေစဉ်အတွင်း သူ၏ မျက်ဝန်းများမှာ လှုပ်ရှားတုန်ယင် နေခဲ့ပြီး မိမိ၏ အကြည့်ကို အမြဲတစေ ရှောင်လွှဲနေခဲ့သည်။ ထိုအမူအရာမှာ မိမိကို အလွန်အမင်း ထိတ်လန့်ကြောက်ရွံ့နေသည့် ပုံစံမျိုး ပေါက်နေသည်။
သို့ဆိုလျှင် ဤအဘိုးအိုက တစ်ခုခုကိုများ ရိပ်မိသွားလေသလား။ လုံးဝ မဖြစ်နိုင်ချေ။ မိမိ၏ လှုပ်ရှားမှုများမှာ အပြစ်အနာအဆာ ကင်းစင်ပြီး အပ်ကျမတ်ကျ ရှိလှသဖြင့် မည်သည့် သဲလွန်စ သို့မဟုတ် သက်သေကိုမျှ ချန်ထားခဲ့ခြင်း မရှိပေ။ ဖြစ်နိုင်ခြေ အရှိဆုံးမှာ ဤအဘိုးအိုသည် မကောင်းမှုများ ကျူးလွန်ထားသဖြင့် ကိုယ်ဖိန်းရှိန်ကာ စိတ်မလုံဘဲ နောက်ထပ် အလှည့်ကျမည့်သူမှာ မိမိကိုယ်တိုင် ဖြစ်လာမည်ကို ထိတ်လန့် ကြောက်ရွံ့နေခြင်းသာ ဖြစ်တန်ရာသည်။
ယန်ချုံး တစ်ယောက် စိတ်ကူးပေါက်ရာ လျှောက်တွေးနေစဉ်မှာပင် သူတို့ စီးနင်းလာသော ကားလေးမှာ စစ်ဌာနချုပ် ဝင်းအတွင်းသို့ ချဉ်းနင်း ဝင်ရောက်လာခဲ့ပြီ ဖြစ်သည်။ အဝေးမှ လှမ်းကြည့်လိုက်သည်နှင့် ဝင်းအတွင်းရှိ ဘတ်စကတ်ဘောကွင်းထဲတွင် ကျိုးလောင် တစ်ယောက် လူငယ်များနှင့်အတူ ဘတ်စကတ်ဘော ကစားနေသည်ကို မျက်ဝါးထင်ထင် တွေ့မြင်လိုက်ရလေသည်။
ဤအဘိုးအိုမှာ အသက် ခြောက်ဆယ်၊ ခုနစ်ဆယ်ခန့် ရှိနေပြီ ဖြစ်ပြီး ဆံကေသာများပင် ဖြူဖွေးနေပြီ ဖြစ်သော်ငြား ကွင်းထဲရှိ သူ၏ လှုပ်ရှားမှုများမှာ ဖျတ်လတ် တက်ကြွနေပြီး ဘေးနားရှိ လူငယ်များနှင့် တစ်ပြေးညီပင် ဖြစ်သည်။ ဘောလုံးကို ပုတ်၍ ပြေးထွက်ခြင်း၊ သုံးလှမ်းတက်၍ ဘတ်စကတ်ဘောခြင်းထဲသို့ သွင်းခြင်း အစရှိသော သူ၏ သွက်လက်လှပသည့် လှုပ်ရှားမှုများကြောင့် ကွင်းဘေးရှိ လူများထံမှ အားပေး ချီးကျူးသံများ ဆက်တိုက်ဆိုသလို ထွက်ပေါ်နေတော့သည်။
လွန်ခဲ့သော ရက်အနည်းငယ်ခန့်ကမှ ပြင်းထန်သော ရောဂါဝေဒနာကို ခံစားခဲ့ရပြီး အသက်အန္တရာယ်နှင့်ပင် နီးကပ်ခဲ့ရသော အဘိုးအိုတစ်ဦး ဖြစ်ခဲ့သည်ဟု မည်သူမျှ ထင်မှတ်နိုင်စရာ အကြောင်းမရှိတော့ပေ။
“အစ်ကိုယန်… အစ်ကို့ကြောင့်သာ အဘိုး သက်သာသွားရတာပါ။ အဘိုး အခုလို စိတ်ရွှင်လန်း တက်ကြွနေတာကို ကြည့်ပါဦး”
ကျိုးရှောင်ပိုင်က သူ၏ ဘေးတွင် ယှဉ်ရပ်လျက် ရင်တွင်းမှ လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်စကား ဆိုလိုက်ပါတော့သည်။