← Chapters

အခန်း ၈၆

Vol. 9 Ch. 86

အခန်း ၈၆

Vol. 9 Ch. 86

အခန်း (၈၆) - စစ်ဘက်ရာထူး ရသွားတာလား

ယန်ချုံးက နှုတ်ခမ်းထက်တွင် အပြုံးတစ်ခုကို ချိတ်ဆွဲလိုက်ရင်း ဆိုလေသည်။

“အဓိကကတော့ အဘိုးကျိုး ပုံမှန် လေ့ကျင့်ခန်း လုပ်လို့ ခန္ဓာကိုယ်အခံ ကောင်းနေတာကြောင့်ပါ။ ကျွန်တော်ရဲ့ ကုသမှုက အပေါ်ယံ သက်သာစေရုံ... အရေးပေါ် အခြေအနေကို ကုသပေးရုံ သက်သက်လောက်ပါပဲ။ တကယ်တမ်းကျတော့ ကျန်းမာတဲ့ ခန္ဓာကိုယ်ကသာ အဘိုးအတွက် အကောင်းဆုံး အရင်းအနှီးပါပဲ”

ထိုစဉ် ကွင်းဘေးတွင် ရပ်စောင့်နေသော သက်တော်စောင့် ဖြစ်သူက ယန်ချုံးနှင့် ကျိုးရှောင်ပိုင်တို့ကို လှမ်းမြင်သွားရာ ကွင်းထဲတွင် ရှိနေသည့် အဘိုးကျိုးအား အသိပေးလိုက်လေသည်။

အဘိုးကျိုးသည် လက်ထဲရှိ ဘောလုံးကို အခြားသူများထံ ပစ်ပေးလိုက်ပြီးနောက် ပြုံးရွှင်သော မျက်နှာဖြင့် သူတို့ဆီသို့ လျှောက်လှမ်းလာခဲ့သည်။

“ရှောင်ယန်... ရောက်လာပြီလား။ မင်းရော ဘောလုံးကစားရတာ ဝါသနာပါလား။ သွား... အတူတူ ဝင်ကစားကြရအောင်”

အဘိုးကျိုးက ဖိတ်ခေါ်လိုက်လေသည်။

ယန်ချုံးက ရယ်ကျဲကျဲဖြင့် ငြင်းဆန်လိုက်သည်။

“နေပါစေတော့။ ကျွန်တော်က ဘောလုံးကိုတောင် သေချာ ကိုင်တတ်တာ မဟုတ်တော့ အဘိုးကျိုးရှေ့မှာ အရှက်မကွဲပါရစေနဲ့တော့”

ထိုအခါ အဘိုးကျိုးက ဟားတိုက်ရယ်မော လိုက်ရင်း ပြောသည်။

“မင်းက နှိမ့်ချ မနေပါနဲ့ကွာ။ မင်း ဘောလုံးကစားတာ သိပ်ညံ့မှာ မဟုတ်ဘူးဆိုတာ ငါ ရဲရဲကြီး လောင်းရဲတယ်။ ငါ့ကို အရှက်ခွဲမိမှာစိုးလို့ ဆင်ခြေပေးနေတာမလား”

ထိုကဲ့သို့ ပြောပြောဆိုဆိုဖြင့် လက်ဝှေ့ယမ်းပြလိုက်ကာ ဆိုလေသည်။

“သွားရအောင်... အပ်စိုက်ကုကြမယ်။ ဒီနေ့က နောက်ဆုံးရက်ပဲလေ။ ဒီရက်ပိုင်းတွေအတွင်း မင်းကို ဒုက္ခပေးမိသမျှ ဒီနေ့တော့ အဆုံးသတ်ပြီပေါ့ကွာ”

အိမ်တွင်းသို့ ရောက်ရှိသွားသော်လည်း ယန်ချုံးမှာ အပ်စိုက်ရန် အလောတကြီး မပြုလုပ်သေးပေ။ အဘိုးကျိုးမှာ လေ့ကျင့်ခန်း လုပ်ထားသည်မှာ မကြာသေးသဖြင့် တစ်ကိုယ်လုံးတွင် ချွေးများ ရွှဲနစ်ကာ ချွေးပေါက်များ ပွင့်နေသောကြောင့် ယခုကဲ့သို့သော အချိန်သည် အပ်စိုက်ရန် လုံးဝ မသင့်တော်သောကြောင့် ပင်တည်း။

“ရှောင်ယန်... ပြီးခဲ့တဲ့ တစ်ခေါက်က ငါပြောခဲ့တဲ့ ကိစ္စကို သေချာ စဉ်းစားပြီးပြီလား။ ငါတို့ စစ်ဆေးရုံကို တကယ်ပဲ မလာချင်တော့ဘူးလားကွာ။ သေချာလေး ထပ်စဉ်းစားကြည့်ပါဦး။ ငါ့သား ကျိုးကျန့်နန်ကတောင် မင်းကို သေချာ ထပ်စဉ်းစားစေချင်တယ်လို့ ပြောနေတယ်။ သူတို့တပ်မှာ မင်းလို အရည်အချင်းရှိတဲ့ သူမျိုး အရမ်း လိုအပ်နေတယ်တဲ့လေ”

အဘိုးကျိုးက မေးမြန်းလာသည်။

ယန်ချုံးသည် ခေါင်းကို ဖြည်းညင်းစွာ ခါယမ်းရင်း ရှင်းပြလိုက်သည်။

“အဘိုးကျိုး... ဒီလို အခွင့်အရေးမျိုးက ရဖို့ ခဲယဉ်းမှန်း ကျွန်တော်လည်း နားလည်ပါတယ်။ တပ်ထဲက အခြေအနေကလည်း စက်ရုံနဲ့ ယှဉ်လို့ မရလောက်အောင် ကောင်းတာပေါ့။ ဒါပေမဲ့ ကျွန်တော်က တပ်ထဲက စည်းကမ်း သတ်မှတ်ချက်တွေနဲ့ သိပ်ပြီး အသားမကျလှဘူး။ စက်ရုံထဲကလို လွတ်လွတ်လပ်လပ်နေရတဲ့ ပတ်ဝန်းကျင်မျိုးကိုပဲ ပိုသဘောကျလို့ပါ”

“ဒါဆိုရင် အမည်ခံ ရာထူးလောက်ပဲ ယူထားပြီး ဆေးရုံမှာ အချိန်ပြည့် ရုံးထိုင်စရာ မလိုဘူးဆိုရင်ကော... ဘယ်လိုလဲ”

ဤသို့သော အသံတစ်သံသည် အိမ်အပြင်ဘက်မှ ရုတ်ချည်း ထွက်ပေါ်လာသည်။ ထို့နောက် စစ်ဝတ်စုံကို အပြည့်အစုံ ဆင်မြန်းထားသော ကျိုးကျန့်နန်သည် မျက်နှာထက်တွင် အပြုံးတစ်ခုကို ဆင်မြန်းလျက် ဝင်ပေါက်မှ ဝင်ရောက်လာလေသည်။

“ရှောင်ယန်... ဒီလိုဆိုရင် အဆင်ပြေမလား ဆိုတာလေး စဉ်းစားကြည့်ပါဦး။ မင်းက ငါတို့ စစ်ဆေးရုံမှာ အမည်ခံ ရာထူးလေး ယူထားလိုက်။ ဒါပေမဲ့ ပုံမှန်အားဖြင့် ဆေးရုံမှာ ရုံးလာထိုင်စရာ မလိုဘူးလေ။ ဆေးရုံမှာ ကုသရခက်တဲ့ ရောဂါဆန်းတွေ၊ အရေးပေါ် လူနာတွေ ရှိလာတဲ့ အခါမျိုးကျမှပဲ မင်းကို လာကုပေးဖို့ ဖိတ်ခေါ်မယ်။ အဲဒါဆိုရင်ကော... မင်း သဘောကျနိုင်မလား”

ကျိုးကျန့်နန်က ထပ်မံ ကမ်းလှမ်းလိုက်သည်။

ထိုစကားကို ကြားသည်နှင့် အဘိုးကျိုးက ချက်ချင်းပင် ထောက်ခံလေသည်။

“ကောင်းတယ်... ဒီအကြံ သိပ်ကောင်းတာပဲ။ အချိန်ပြည့် ရုံးထိုင်စရာလည်း မလိုဘူး။ တပ်နဲ့ ဆေးရုံရဲ့ စည်းကမ်းတွေကိုလည်း တသဝေမတိမ်း လိုက်နာစရာ မလိုတော့ဘူးပေါ့။ မင်းလည်း သိပ်ပြီး ပင်ပန်းစရာ မလိုဘဲ မင်းရဲ့ ဆေးပညာကို ပိုပြီး ကောင်းကောင်း အသုံးချခွင့် ရသွားတာပေါ့ကွာ”

ယန်ချုံး၏ ရင်ထဲတွင် အမှန်တကယ်ပင် စိတ်လှုပ်ရှားသွားခဲ့ရသည်။ သူ ခေတ္တမျှ တုံ့ဆိုင်းနေစဉ်မှာပင် ကျိုးကျန့်နန်က ထပ်မံ တိုက်တွန်းလာသည်။

“ညီလေးရယ်... ဒါက ကိုယ့်ဘက်က အကြီးမားဆုံး စေတနာနဲ့ ကမ်းလှမ်းတာပါ။ ငါတို့ဆေးရုံ... တပ်မတော်နဲ့ နိုင်ငံတော်က မင်းလို အရည်အချင်းရှိတဲ့ သူမျိုးကို တကယ် လိုအပ်နေလို့ပါ။ ဒီတစ်ခေါက်တော့ မငြင်းပါနဲ့တော့ကွာ”

စကားက ဤမျှအထိ ရောက်လာခဲ့ပြီ ဖြစ်ရာ ယန်ချုံးအနေဖြင့် ဆက်လက် ငြင်းဆန်ရန်မှာ လုံးဝ မဖြစ်နိုင်တော့ပေ။ သူ ခေတ္တမျှ စဉ်းစားချင့်ချိန်ပြီးနောက် နောက်ဆုံးတွင်တော့ ခေါင်းညိတ်ပြကာ ကတိပေးလိုက်တော့သည်။

“ကောင်းပါပြီ... ဆေးရုံက လိုအပ်လို့ ခေါ်တဲ့ အချိန်တိုင်း ကျွန်တော် ချက်ချင်း လာခဲ့ပါ့မယ်”

သူ သဘောတူ လက်ခံလိုက်သည်နှင့် အဘိုးကျိုး၏ မျက်နှာထက်တွင် အလွန်တရာ ကျေနပ်သွားသော အပြုံးပန်းများ ပွင့်လန်းသွားခဲ့သည်။ ဘေးတွင် ရပ်နေသော ကျိုးရှောင်ပိုင်မှာလည်း စိတ်လှုပ်ရှား ဝမ်းသာစွာဖြင့် လက်ခုပ်တီးလိုက်ရင်း ရွှင်မြူးစွာ ဆိုလေသည်။

“အရမ်းကောင်းတာပဲ အစ်ကိုယန်ရယ်... အခုတော့ ကျွန်မ အစ်ကို့ဆီကနေ ဆေးပညာတွေ ဆက်ပြီး သင်ယူဖို့ အခွင့်အရေး ရသွားပြီပေါ့”

ဤရက်ပိုင်းများအတွင်း အဘိုးကျိုးအား အပ်စိုက်ကုသ ပေးနေစဉ် တစ်လျှောက်လုံး ကျိုးရှောင်ပိုင်သည် အမြဲတစေ ဘေးမှနေ၍ အနီးကပ် လေ့လာသင်ယူနေခဲ့ခြင်း ဖြစ်သည်။ ယခုလို သင်ယူခွင့်မျိုး နောင်တွင် ရနိုင်တော့မည် မဟုတ်ဟု တွေးကာ စောစောကပင် သူမမှာ စိတ်မကောင်း ဖြစ်နေခဲ့သေးသည် မဟုတ်ပါလား။

ကျိုးကျန့်နန်မှာလည်း စိတ်အေးသွားသည့်အလား သက်ပြင်းတစ်ချက် ချလိုက်ပြီးနောက် ပြုံးရွှင်စွာဖြင့် ဆိုကာ အလျင်စလိုပင် ပြန်လည် ထွက်ခွာသွားလေတော့သည်။

“ဒါမှပေါ့ကွ။ ကောင်းပြီ ရှောင်ယန်... ဒါဆိုရင် ငါ အထက်ကို အမြန်ဆုံး သတင်းပို့ပြီး လိုအပ်တဲ့ လုပ်ထုံးလုပ်နည်းတွေကို အမြန်ဆုံး ဆောင်ရွက်လိုက်တော့မယ်။ မင်းကတော့ သတင်းကောင်းသာ စောင့်နေပေတော့”

………………………………….

ထို့နောက်တွင်တော့ အဘိုးကျိုးအား အပ်စိုက်ကုသသည့် အလုပ်ကို စတင်လိုက်လေသည်။ ဘေးတွင် ရပ်နေသော ကျိုးရှောင်ပိုင်မှာလည်း အရင်နေ့များကလိုပင် မျက်တောင် မခတ်တမ်း စူးစိုက်ကြည့်ရှုနေပြီး သိလိုသည်များကို မကြာခဏ မေးမြန်းကာ သူမ၏ မှတ်စုစာအုပ်ငယ်လေးထဲတွင် သေသေချာချာ မှတ်တမ်းတင်ထားလေသည်။

နာရီဝက်ခန့် ကြာမြင့်ပြီးနောက်တွင် ယန်ချုံးသည် စိုက်ထားသော ငွေအပ်များကို ဖြည်းညင်းစွာ ပြန်လည် နုတ်ယူလိုက်သည်။ ထို့နောက် အဘိုးကျိုး၏ ခြေလက်များကို အတော်အတန် ကြာအောင် သိုင်းယိုင်းနှိပ်နယ် ပေးပြီးမှသာ နေရာမှထကာ နှုတ်ဆက်လိုက်လေသည်။

အိမ်တံခါးဝသို့ အရောက်တွင် အပြင်မှ ပြန်လည် ဝင်ရောက်လာသော ကျိုးကျန့်နန်နှင့် ကွက်တိပင် ဆုံလေသည်။

“အတော်ပဲ ရှောင်ယန်... ကိစ္စတွေ အကုန်ပြီးသွားပြီကွ။ ရော့... ဒါက မင်းရဲ့ ကတ်ပြားပဲ။ နောက်ဆိုရင် မင်းက တပ်မတော် ဆေးရုံရဲ့ အမည်ခံ ဆရာဝန် ဖြစ်သွားပြီ”

ထိုသို့ဆိုရင်း ကျိုးကျန့်နန်သည် မှတ်ပုံတင် ကတ်ပြားတစ်ခုကို ယန်ချုံး၏ လက်ထဲသို့ ထည့်ပေးလိုက်သည်။ ယန်ချုံးက ထိုကတ်ပြားလေးအား လှန်လျောကြည့်ရှု လိုက်သောအခါ အပေါ်ဘက်တွင် သူ၏ နာမည်ကို ထင်ရှားပီပြင်စွာ ရေးသားထားပြီး ရာထူးနေရာတွင်မူ စစ်ဒေသ ဆေးရုံ၏ အထူးကု ဆရာဝန် ဟု ဖော်ပြထားသည်။ ပို၍ အံ့သြစရာကောင်းသည်မှာ ၎င်း၏ အောက်တွင် စစ်ဘက်ဆိုင်ရာ ရာထူးတစ်ခုပင် ပါရှိနေခြင်း ဖြစ်သည်။

‘ဗိုလ်’

ထိုစာသားကို မြင်သော် ယန်ချုံး တစ်ယောက် လန့်ဖျပ်သွားရသည်။ သူက ဘယ်လိုလုပ်ပြီး ချက်ချင်းကြီး စစ်အရာရှိ တစ်ယောက် ဖြစ်သွားရတာပါလိမ့်။ ကျိုးကျန့်နန်က သူ၏ မျက်နှာပေါ်ရှိ သံသယကို ရိပ်မိသွားဟန်ဖြင့် ဝင်ရောက် ရှင်းပြလေသည်။

“ငါတို့ စစ်ဒေသ ဆေးရုံက ဆရာဝန်တွေ အားလုံးမှာ စစ်ဘက်ဆိုင်ရာ ရာထူးတွေ အသီးသီး ရှိကြတယ်လေ။ ပုံမှန်ဆိုရင် မင်းလို အထူးကု ဆရာဝန်တစ်ယောက်ရဲ့ စစ်ဘက်ရာထူးက အနည်းဆုံး ဗိုလ်ကြီးအဆင့်မှာ ရှိရမှာ။ ဒါပေမဲ့ မင်းက အခုမှ စဝင်ခါစ ဆိုတော့ ငါ့သဘောနဲ့ငါ တစ်ဆင့် လျှော့ပေးလိုက်တာကွ”

“ဒါဆိုရင် ဒီဓာတ်ပုံက...”

ယန်ချုံးတွင် စဉ်းစားမရသော မေးစရာတစ်ခု ရှိနေသေးသည်။ ကျိုးကျန့်နန်သည် သူ့ထံမှ ဓာတ်ပုံတစ်ပုံတစ်လေမျှ တစ်ခါမှ မတောင်းခံခဲ့ဖူးပါဘဲလျက် ဤကတ်ပြားပေါ်ရှိ ဓာတ်ပုံက မည်သည့်နေရာမှ ရောက်ရှိလာပါသနည်း။

ကျိုးကျန့်နန်က ရယ်သွမ်းသွေးလျက် ဖြေလေသည်။

“မင်းတို့ စက်ရုံကနေ လှမ်းတောင်းလာတာပေါ့ကွ”

ထိုအခါမှသာ ယန်ချုံး တစ်ယောက် ရုတ်ခြည်း သဘောပေါက်သွားတော့သည်။ ကျိုးကျန့်နန်သည် သူ့အား မရရအောင် ခေါ်ယူမည်ဟု စောစောကတည်းက သန္နိဋ္ဌာန် ချထားခဲ့ပုံရကာ သူ သဘောမတူခင်ကတည်းက ဤကိစ္စအရပ်ရပ်ကို တိတ်တဆိတ် စီစဉ်နေခဲ့ခြင်း ဖြစ်ပေမည်။ သူတို့၏ လျှို့ဝှက်ချက် ထိန်းသိမ်းမှုမှာ အလွန်တရာ ပိုင်နိုင်လွန်းလှသဖြင့် ကာယကံရှင် သူကိုယ်တိုင်ပင်လျှင် ယခင်က သတင်း အစအနလေးမျှပင် မရိပ်မိခဲ့ခြင်း ဖြစ်သည်။

ဧရာမ နိုင်ငံတော် ယန္တရားကြီး၏ ရှေ့မှောက်တွင် သာမန် လူတစ်ဦး တစ်ယောက်ချင်းစီဆိုသည်မှာ တကယ်တမ်း၌ ပြောပလောက်သည့် အရာတစ်ခု မဟုတ်ကြောင်း ထင်ရှားလှပေသည်။

“ရှောင်လီ... ကားနဲ့ ရှောင်ယန်ကို အိမ်အထိ လိုက်ပို့ပေးလိုက်ဦး”

အချိန် အတော်လေး လွန်ကျူးနေပြီ ဖြစ်၍ ကျိုးကျန့်နန်သည် ကျိုးရှောင်ပိုင်အား ယန်ချုံးကို လိုက်ပို့ခိုင်းခြင်း မပြုတော့ဘဲ မိမိ၏ ယာဉ်မောင်းဖြစ်သူကိုသာ မှာကြားလိုက်လေသည်။

ကားကလေးမှာ စစ်ဟဲ့ယွမ် တံတိုင်းကာ ခြံဝင်း တံခါးဝသို့ ရောက်ရှိသွားသောအခါ ယန်ချုံးက ကားပေါ်မှဆင်းကာ ယာဉ်မောင်းကို နှုတ်ဆက်လိုက်ပြီး ခြံဝင်းအတွင်းသို့ ဝင်ရန် ပြင်လိုက်သည်။ ထိုစဉ် ယာဉ်မောင်းဖြစ်သူ ရှောင်လီကပါ ကားပေါ်မှ ဆင်းလာပြီး လှမ်းခေါ်လိုက်သည်။

“ခဏလေး နေပါဦး ဆရာဝန်ယန်... ဝန်ကြီးကျိုးက ခင်ဗျားအတွက် ပစ္စည်းလေးတွေ ထည့်ပေးလိုက်ပါသေးတယ်”

ထိုသို့ပြောရင်း သူ၏ အိတ်ကပ်ထဲမှ ထူထဲသော စာအိတ် တစ်အိတ်ကို ထုတ်ယူလိုက်လေသည်။

“ဝန်ကြီးကျိုးက ပြောပါတယ်။ ဒါက အဘိုးကျိုးရဲ့ အသက်ကို ကယ်တင် ကုသပေးခဲ့တဲ့အတွက် ခင်ဗျားရသင့်ရထိုက်တဲ့ လုပ်အားခပါတဲ့။ ခင်ဗျား ငြင်းမှာစိုးလို့ ကျွန်တော့်ကို သေချာ ပေးခိုင်းလိုက်တာပါ”

ယန်ချုံးက အလိုက်တသိဖြင့် ဟန်ရေးပြကာ ငြင်းဆန်လိုက်သော်လည်း ရှောင်လီက အတင်းအဓမ္မ ထည့်ပေးလေသည်။

“ဆရာဝန်ယန်ရယ်... မငြင်းပါနဲ့။ ခင်ဗျားသာ လက်မခံရင် ကျွန်တော် ပြန်သွားတဲ့အခါ အထက်လူကြီးရှေ့မှာ မျက်နှာပျက်ရလိမ့်မယ်”

ထိုမျှအထိ အပြောခံရသောအခါ ယန်ချုံးလည်း ငြင်းမရတော့ဘဲ လက်ခံလိုက်ရတော့သည်။ သို့ရာတွင် ကိစ္စက ဤသည်နှင့် မပြီးဆုံးသေးပေ။ ရှောင်လီသည် ကားနောက်ခန်းထဲမှ ဂျုံမှုန့် တစ်အိတ်နှင့် ဆန်တစ်အိတ်ကို ထပ်မံ ထုတ်ယူလိုက်ပြန်ကာ ဆိုလေသည်။

“အကြီးအကဲက သေချာ မှာလိုက်သေးတယ်။ မကြာခင် နှစ်သစ်ကူးတော့မယ်လေ။ အခုချိန်က စားနပ်ရိက္ခာ ရှားပါးနေတဲ့ အချိန်အခါဆိုတော့ ဒီပစ္စည်းလေးတွေကို နှစ်သစ်ကူး လက်ဆောင်အနေနဲ့ ပေးလိုက်တာပါတဲ့”

ယန်ချုံးက စိတ်ထဲမှ တိတ်တဆိတ် တွေးလိုက်မိသည်။

‘ဒီစားနပ်ရိက္ခာတွေက တခြားလူတွေအတွက်သာ ရှားပါးခက်ခဲတဲ့ အရာ ဖြစ်နေတာ... ငါ့အတွက်ကတော့ တကယ်ကို ဘာမှ မဟုတ်တဲ့ ကိစ္စပါပဲ။ ငါရဲ့ ကိုယ်ပိုင် လျို့ဝှက်နယ်မြေ သိုလှောင်ရုံလေးထဲမှာ စားစရာတွေက အပုံလိုက် အောတိုက် ရှိနေသေးတာပဲဟာကို’

သို့သော်ငြားလည်း ထိုစကားကို သူ အပြင်ထုတ်ပြောမည် မဟုတ်သည်မှာ သေချာလှသည်။ သူက ရှောင်လီ ပေးလာသော ပစ္စည်းများကို လက်နှစ်ဖက်ဖြင့် သေချာစွာ လှမ်းယူလိုက်ပြီး အကြိမ်ကြိမ် အခါခါ ကျေးဇူးတင်စကား ဆိုလိုက်မှသာ ရှောင်လီလည်း ကားမောင်း၍ ပြန်လည် ထွက်ခွာသွားလေတော့သည်။

ယန်ချုံးသည် ဆန်နှင့် ဂျုံအိတ်များကို ပခုံးပေါ် ထမ်းတင်လိုက်ပြီး ခြံဝင်းထဲသို့ ဝင်လာခဲ့ရာ ခြံဝင်းထဲရှိ လူအများမှာ အလွန်တရာ အားကျမနာလို ဖြစ်သွားကြရသည်။ အထူးသဖြင့် စန်းတာ့ယဲ့ ယန်ပုကွေ့က စုပ်သပ်လိုက်ရင်း ညည်းတွားလေသည်။

“ကျွတ်... ကျွတ်... တကယ်ပါပဲလေ။ သူ့နာမည်နဲ့ လိုက်အောင် ချုံးဇီက အရည်အချင်းရှိတာပဲကွ။ ဝယ်လိုက်ရင် ဆန်တွေ ဂျုံဖြူတွေချည်း တစ်အိတ်လုံးပဲ။ ငါတို့များကျတော့ ပြောင်းဖူးမှုန့်ကိုတောင် ဂျုံကြမ်းနဲ့ ရောပြီး စားနေရတဲ့ ဘဝပါလား”

ယန်ချုံးက ပြုံးပြုံးကြီးဖြင့် တုံ့ပြန်လိုက်သည်။

“စန်းတာ့ယဲ့ကတော့ နောက်နေပြန်ပါပြီ။ ဒါက ကျွန်တော် နှစ်သစ်ကူးမှာ အဆင်မပြေ ဖြစ်မှာစိုးလို့ တခြားလူက ပေးလိုက်တာပါ။ မဟုတ်ရင် ကျွန်တော့်မှာ ဒီလောက်အများကြီး ဝယ်စားနိုင်ဖို့ ပိုက်ဆံ ဘယ်ရှိပါ့မလဲ”

ထိုသို့ပြောရင်း စကားစပ်မိ၍ အမှတ်တမဲ့ မေးလိုက်သည်။

“ဒါနဲ့ ကျဲချန်နဲ့ သူ့ရည်းစားကိစ္စကော အခု ဘယ်လိုနေလဲ ဘကြီး”

ယန်ပုကွေ့က သက်ပြင်းချကာ ဖြေလေသည်။

“အဆင်ပြေပါတယ်ကွာ။ ကျဲချန်က နောက်ထပ် အကြိမ်အနည်းငယ်လောက် သွားရှာတော့မှပဲ ယွီလိက သူ့ကို ပြန်တွေ့ဖို့ သဘောတူလိုက်တာလေ။ ဒါပေမဲ့ စေ့စပ်မဲ့ ကိစ္စကတော့ လောလောဆယ် မဖြစ်နိုင်သေးဘူးပေါ့။ ဟိုဘက်က ထပ်စဉ်းစားဦးမယ်လို့ ပြောထားတယ်ကွ”

ယန်ချုံးက နှစ်သိမ့်ပေးသည့်ဟန်ဖြင့် ပြောလိုက်သည်။

“ကိစ္စမရှိပါဘူး။ အချိန်ကြာလာရင် သူ့ဘာသာ သိလာမှာပါ။ အခု ကျဲချန်က နိုင်ငံပိုင် စက်ရုံက အလုပ်သမား ဖြစ်နေပြီလေ။ ပြီးတော့ ဘကြီးရဲ့ မူလတန်း ကျောင်းဆရာ အလုပ်နဲ့ပါ ပေါင်းလိုက်ရင် မိသားစုထဲမှာ လူနှစ်ယောက်က သံပန်းကန်လုံး ခိုင်မာတဲ့ အလုပ်တွေ ကိုင်ထားနိုင်တာပဲ။ ဒီလို အခြေအနေမျိုးက ဘယ်မိသားစုတိုင်းမှာမှ ရှိတာ မဟုတ်ဘူးလေ။ ဒီမင်္ဂလာကိစ္စက သေချာပေါက် လွဲမှာ မဟုတ်ပါဘူး”

ယန်ပုကွေ့ မျက်နှာမှာ ပြုံးရွှင်သွားပြီး ချီးကျူးလေသည်။

“မင်းရဲ့ အတိတ်နိမိတ်ကောင်းတဲ့ စကားတွေအတွက် ကျေးဇူးပါပဲကွာ။ တကယ် အောင်မြင်သွားတဲ့ နေ့ကျရင် မင်းကို မင်္ဂလာသကြားလုံး သေချာပေါက် ကျွေးပါ့မယ်။ ချုံးဇီ... အမှန်တိုင်း ပြောရရင်လေ စန်းတာ့ယဲ့က မင်းရဲ့ ကျေးဇူးကို အမြဲ ရင်ထဲမှာ မှတ်ထားတာပါ။ မင်းက လူကလည်း ရိုးသားသလို အလုပ်ကိုလည်း တကယ် ကြိုးကြိုးစားစား လုပ်တယ်”

ထိုသို့ပြောရင်း အလယ်ခြံဝင်းဘက်သို့ မျက်လုံးရွှေ့ ကြည့်လိုက်ကာ တီးတိုးအသံဖြင့် ဆက်ပြောလေသည်။

“ဟို လောင်ယီနဲ့တော့ ကွာပါ့ကွာ။ သူက တစ်နေ့တစ်နေ့ ပါးစပ်က တစ်မျိုး စိတ်က တစ်မျိုးနဲ့။ ပါးစပ်ကတော့ တရားမျှတအောင် လုပ်ပေးမယ်လို့သာ ပြောနေပေမဲ့ သူက ကျားမိသားစုဘက်ကို လိုက်နေတယ်ဆိုတာ အရူးတောင် သိတယ်လေ။ အဲဒါက ကျားတုန်းရွှီကို သူ အသက်ကြီးလာတဲ့အခါ လုပ်ကျွေးပြုစုစေချင်လို့ မဟုတ်ဘူးလား။ အခုတော့ ကောင်းရော... ကျားတုန်းရွှီလည်း သေသွားပြီဆိုတော့ သူ့ကို လုပ်ကျွေးပြုစုဖို့ ဘယ်သူ့ကို သွားအားကိုးမလဲ။ ပန့်ကန့်ကို အားကိုးရမလား”

All Chapters