မိုးကြိုးသလင်းကျောင်းတော်
Vol. 101 Ch. 1387
လူတစ်ယောက်သည် မိုးကြိုးသလင်းကျောက်များကို အမြဲတစေ မလဲလှယ်နိုင်ပေ။ မိုးကြိုးသလင်းကျောက်ကျောင်းတော် ဖွင့်လှစ်သောနေရာဖြစ်သည့် ဂြိုဟ်ဆယ့်သုံးခုမှ ဂြိုဟ်တစ်ခုစီတွင် ထိုကျောင်းတော် ဖွင့်လှစ်သည့် သုံးရက်တာအတွင်းသာ မိုးကြိုးသလင်းကျောက်များကို လဲလှယ်နိုင်ကြသည်။
ထိုသုံးရက်အတွင်း ကျင့်ကြံသူအများစုသည် တာဝန်ရှိအကြီးအကဲထံမှ မိုးကြိုးသလင်းကျောက်များကို လဲလှယ်နိုင်ဖို့ အသည်းအသန် ရောက်လာတတ်ကြ၏။
အလားတူပင် သူတို့သည် မိုးကြိုးသလင်းကျောက်များ အသုံးပြုကာ ပြန့်ကြဲမိုးကြိုးကလန်ထံမှ ရတနာများဖြင့်လည်း လဲလှယ်နိုင်ကြ၏။
သို့ရာတွင် ပြန့်ကြဲမိုးကြိုးကလန်၌ မိုးကြိုးသလင်းကျောက်များကို လျှို့ဝှက်၍ မလဲလှယ်နိုင်သလို လွှဲပြောင်းပေးခွင့်လည်း မရှိပေ။ သူတို့သည် မိုးကြိုးသလင်းကျောက်ကျောင်းတော်နှင့်သာ အလဲအလှယ် ပြုလုပ်နိုင်ကြသည်။ ထိုသို့ သတ်မှတ်ထားသော်လည်း ပြန့်ကြဲမိုးကြိုးကလန်သည် လူပေါင်းများစွာ ရှိသည့်အတွက်ကြောင့် သူတို့ထံ၌ သည်အချက်ကို ရှောင်လွှဲနိုင်သည့် နည်းလမ်းတစ်ခုရှိသည်မှာ သဘာဝပင်။ သူတို့သည် မိုးကြိုးသလင်းကျောက်နေရာတွင် မိုးကြိုးသလင်းကျောက်နှင့် တန်ဖိုးတူညီသောပစ္စည်းများနှင့် လဲလှယ်ရုံသာ။
သို့ပေမည့် ထိုနည်းလမ်းမှာ အလွန်အန္တရာယ်များလှ၏။ ထို့ကြောင့် အစွမ်းထက်မွန်းစတားအိုကြီးများသာ ထိုကဲ့သို့ လျှို့ဝှက်၍ လုပ်ဝံ့ကြသည်။
မိုးကြိုးသလင်းကျောက်များကို လွှဲပြောင်းပေးခြင်း၊ သို့မဟုတ် လဲလှယ်ခြင်းကို လျှို့ဝှက်၍မလုပ်နိုင်သည့်အချက်က ပြန့်ကြဲမိုးကြိုးကလန်ဝင်များအတွက် အတော်လေး အဆင်မပြေ ဖြစ်နေခဲ့၏။ သို့သော် နှစ်ပေါင်းမရေမတွက်နိုင်အောင် ကုန်လွန်လာသော်လည်း ထိုသတ်မှတ်ချက်မှာ လုံးဝ ပြောင်းလဲမသွားခဲ့ပေ။
ဝမ်လင်းသည် သဟုန်နှင့်အတူ မိုးကြိုးသလင်းကျောက်ကျောင်းတော်ထံ ဦးတည်သွားနေ၏။ သူတို့နှစ်ယောက်သည် အလင်းတန်းနှစ်ခုအဖြစ် ပြောင်းကာ ကောင်းကင်ကို အလျင်အမြန် ဖြတ်၍ ပျံသန်းလာကြသည်။
မိုးကြိုးသလင်းကျောက်ကျောင်းတော်သည် ဒီဂြိုဟ်၏ အလယ်ဗဟိုချက်ရှိ တောင်ထိပ်ဖျားပေါ်တွင် တည်ရှိလေသည်။ ထိုတောင်ထိပ်မှာ ဤကျင့်ကြံခြင်းဂြိုဟ်၏ အမြင့်ဆုံးနေရာဟုလည်း ဆိုနိုင်၏။ ၎င်းတောင်ကို တစ်နှစ်ပတ်လုံး အစိမ်းရောင်မြူများဖြင့် လွှမ်းခြုံထားသည်။ လူတစ်ယောက်သည် ဤနေရာသို့ ပေါ့ပေါ့ဆဆ ဝင်လာ၍ မရနိုင်ပေ။ အစိမ်းရောင်မြူများကြား ရောက်သွားသည်နှင့် ထိုသူသည် အတွင်းရှိမိုးကြိုးကြောင့် ဒဏ်ရာ ရသွားနိုင်ပေသည်။ ခပ်ပါးပါးရလဒ်ဆို ဒဏ်ရာပြင်းထန်စွာ ရသွားနိုင်ပြီး ပြင်းထန်မည်ဆိုပါက သေဆုံးသည့်အထိ ဖြစ်နိုင်ပေ၏။
ယင်းက တားမြစ်နေရာတစ်ခုပင်။
မိုးကြိုးကျောင်းတော် ဖွင့်လှစ်သည့် သုံးရက်တာအချိန်အတွင်းမှာတော့ အစိမ်းရောင်မြူများသည် အတော်လေးလွင့်ပါးကာ ပြန့်ကြဲမိုးကြိုးကလန်ဝင်များ ဝင်ရောက်နိုင်မည့် လမ်းကြောင်းတစ်ခု ထွက်ပေါ်လာပေလိမ့်မည်။
ကောင်းကင်ဘုံမိုးကြိုးကလန်သည် မိုးကြိုးသလင်းကျောင်းတော်နှင့် အတော်လေး ဝေး၏။ တကယ်တော့ ကောင်းကင်ဘုံမိုးကြိုးကလန်သည် ဒီကျင့်ကြံခြင်းဂြိုဟ်၏ မထင်မရှားအရပ်ဒေသတစ်ခုဟု ဆိုနိုင်၏။
သည်ကြီးမားလှသော ကျင့်ကြံခြင်းဂြိုဟ်နှင့် ယှဉ်ပါက ထိုဒေသသည် ပမွှားသာသာ ဖြစ်နေပေ၏။
ဥပမာအနေဖြင့် ယုဖေမှာ ဘယ်တုန်းကမှ ကီလိုမီတာငါးထောင်ထက် ကျော်၍ မသွားလာခဲ့ဖူးပေ။ ကီလိုမီတာငါးထောင်အတွင်းရှိ လူများက သူ့ကို သိရှိကြသော်လည်း သူ ထိုဧရိယာကနေ ထွက်လာပါက မည်သူကမျှ သူ့ကို သိကြတော့မည် မဟုတ်ပါ။
သဟုန်သည်လည်း အတူတူသာ ဖြစ်၏။
ထို့အတွက်ကြောင့် ဝမ်လင်းက ယုဖေကို သူ ပိုင်စိုးခဲ့ချိန် သူ့ကျင့်ကြံမှုအဆင့် ရုတ်တရက် ပြောင်းလဲလာမှုအပေါ် မစိုးရိမ်ခဲ့တာ ဖြစ်၏။ ဝမ်လင်း မည်သည့်မန္တာန်ကိုမျှ အသုံးမပြုပါက သူတို့ ဒီဂြိုဟ်၏ ဗဟိုချက်သို့ ရောက်ရှိရန် တစ်လနီးပါး ကြာနိုင်၏။
ပျံသန်းနေရင်း သဟုန်သည် သူ့ဖော်လံဖားပညာရပ်ကို အသုံးပြုကာ ဝမ်လင်းကို လမ်းတလျှောက်လုံး မျက်နှာချိုသွေးကာ ဖားနေ၏။ သို့ပေမည့် သူက စကားလုံးများဖြင့် ဖားနေခြင်းတော့မဟုတ်၊ အလုပ်ကြိုးစားပြကာ ဖားနေခြင်းပင်။ မကြာဆိုသလိုပင် ဝမ်လင်း တစ်ချက်ကြည့်လိုက်သည်နှင့် သူက ဘာလုပ်ပေးရမည်ကို သိနှင့်ပြီး ဖြစ်နေသည်။
လမ်းတစ်လျှောက်တွင် သဟုန်က ဝမ်လင်းကို ကောင်းကောင်း အမှုတော်ထမ်းနေ၏။
ယင်းအချက်မှာ ရှုလီကော သဟုန်ကို မယှဉ်နိုင်သည့်အချက်ပင်။ ဝမ်လင်းက သူ့ကို ဆေးလုံးအနည်းငယ် ထပ်ပေးခဲ့ကာ သဟုန်၏ကျင့်ကြံမှုမှ အမှားအယွင်းအချို့ကိုလည်း ညွှန်ပြပေးခဲ့သည်။
ထို့အတွက်ကြောင့် သဟုန်မှာ ပို၍ တက်ကြွလာခဲ့၏။ ဝမ်လင်း အမိန့်ပေးစရာမလိုဘဲ သူက သူတို့နှင့်တွေ့ကြုံရသော သူများထံမှ ပစ္စည်းများကို မိုးကြိုးသလင်းကျောက်နှင့် လဲလှယ်နိုင်ရန် အတင်းတိုးဝင် လုယူလေ၏။ သူက ထိုပစ္စည်းများကို သူ့အတွက် လုံးဝ မသိမ်းထားဘဲ ဝမ်လင်းထံသို့သာ ကမ်းလှမ်းပေးအပ်၏။
“သခင်…ရှေ့ဝေးဝေးဆို မိုးကြိုးသလင်းကျောက်ကျောင်းတော်ရဲ့ ပိုင်နက်ထဲ ရောက်ပြီ။ ဒါ့ကြောင့် ငါတို့ အဲ့နေရာမှာဆို လုယူလို့ မရနိုင်တော့ဘူး။ ဒီသုံးရက်တာလဲလှယ်မှုအတွင်း မိုးကြိုးသလင်းကျောက်ကျောင်းတော်က ပဋိပက္ခတွေကို တားမြစ်ထားတယ်။ အကျွန်က အရှင်ရဲ့ ကျင်ကြံမှုဟာ ကောင်းကင်ဘုံတုန်လှုပ်စေတဲ့ထိ အစွမ်းထက်တာ သိပါတယ်။ ဒါပေမဲ့ မိုးကြိုးသလင်းကျောင်းတော်က သုံးရက်ပဲ ဖွင့်လှစ်ပေးထားတော့ မလိုအပ်ဘဲ ပြဿနာမဖြစ်အောင် ရှောင်တာ အကောင်းဆုံးပါ…”
သည်ရက်များအတွင်း သဟုန်သည် ဝမ်လင်းကို စီနီယာ အစား သခင် ဟု ပြောင်းခေါ်ခဲ့ပေ၏။
ထိုစကားလုံးနှစ်လုံး၏ နောက်ကွယ်ရှိ အဓိပ္ပာယ်မှာ ကွာခြားသည် မဟုတ်လား။ သဟုန်သည် စီနီယာဟူသော ခေါ်ဝေါ်ပုံက သူ့ကို အပြင်လူတစ်ယောက်အလား ခံစားမိစေသည်ဟု ထင်၏။ သူကသာ ဝမ်လင်းကို ရှုလီကော ခေါ်သလို သခင်ဟု ပြောင်းခေါ်ခဲ့ပါက သူတို့သည် မိသားစုတစ်စုကဲ့သို့ ဖြစ်လာပေလိမ့်မည်။
ဝမ်လင်းကလည်း မငြင်းပေ။ သဟုန် သူ့ကို ထိုသို့ခေါ်ဝေါ်သည်အား ခွင့်ပြုထားပေ၏။
မိုးကြိုးသလင်းကျောင်းတော်၏ ပိုင်နက်အတွင်း ဝင်ရောက်လာသည့်နောက် ကျင့်ကြံသူဦးရေသည် တိုးပွားလာသည်။ အလင်းတန်းများ ကောင်းကင်တခွင်တွင် ပျံသန်းနေကြ၏။ သဟုန်က အလွန်အမင်း သတိထားနေသည်။ ဤနေရာမှာ တိုက်ခိုက်ခြင်းကို တားမြစ်ထားသော်လည်း အစွမ်းထက်ကျင့်ကြံသူများနှင့် မျက်နှာချင်းဆိုင် ရှိနေရခြင်းက သူ့ကို စိတ်ပူပန်နေစေ၏။
ကျင့်ကြံသူအချို့ဆို အုပ်စုဖွဲ့၍ လာကြ၏။ ကျင့်ကြံသူဆယ်ယောက်ကျော်သည် ကောင်းကင်ကို မောက်မာသည့်ဟန်ပန်ဖြင့် ဖြတ်သန်းလာနေ၏။ လူအများက သူတို့ကို အလျင်အမြန် ရှောင်ကွင်းသွားကြသည်။
“ဒီပြန့်ကြဲမိုးကြိုးကလန်က လူတွေဟာ အတွင်းနယ်မြေက ကျင့်ကြံသူတွေထက် ပိုသာတာပဲ။ စိတ်ဝိညာဉ်ပုံစံဖြစ်ပေါ်ခြင်းအဆင့်ကျင့်ကြံသူတွေကို တွေ့ရဖို့ဆိုတာ အလွယ်လေးပဲ။ စိတ်ဝိညာဉ်အသွင်ပြောင်းခြင်းအဆင့် ကျင့်ကြံသူတွေတောင် အများအပြား ရှိနေကြတယ်…”
ဝမ်လင်းသည် ရှေ့သို့ ဆက်သွားနေရင်း ဖြတ်ကျော်သွားသော အလင်းတန်းများထံမှ သူ့အကြည့်ကို ပြန်ရုတ်သိမ်းလိုက်သည်။
ထိုအခိုက်တွင် ဝမ်လင်းနှင့်သဟုန်တို့နောက်မှ အစွမ်းထက်အော်ရာတစ်ခု ထွက်ပေါ်လာ၏။ ထိုအော်ရာသည် လှိုင်းတစ်ခုနှင့်တူကာ ကျယ်လောင်စွာ တုန်ဟည်း၏။ သည်ပတ်ဝန်းကျင်ဧရိယာတွင် မိုးကြိုးတို့လည်း ရှိနေပြန်သည်။
ပတ်ဝန်းကျင်ရှိ ကျင့်ကြံသူများ၏ အမူအရာမှာ အနည်းငယ်ပြောင်းလဲသွားကြသည်။ သူတို့အားလုံးသည် လေးစားသည့်အမူအရာများ ထုတ်ဖော်လာသည်။
တာအိုသရဖူနှင့် သက်လတ်ပိုင်းလူတစ်ယောက်သည် လက်နှစ်ဖက် နောက်ပစ်ထား၏။ သူက ဝမ်လင်းကို ကျော်ကာ လျှောက်လှမ်းသွားပြီး လေပြင်းတစ်ခုကို ဖန်တီးသည်။
“အာဏာတက်ခြင်းအဆင့်မွန်းစတားအို…”
“သူက ဝူရီတောင်ရဲ့ မိစ္ဆာနက်ဘုရင်ပဲ။ ပြောကြတာက ဒီလူဟာ အာဏာတက်ခြင်းအဆင့် အစောပိုင်းအထွတ်အထိပ်အဆင့်ကို ရောက်နေပြီး အချိန်မရွေး အလယ်အဆင့်ကို ဝင်ရောက်နိုင်တယ်လို့ ဆိုတယ်…”
“ဒီမွန်းစတားအိုဟာ ဝူရီတောင်ကနေ ထွက်လာခဲပါတယ်။ သူက တစ်ခုခုကြီးမားတဲ့ကိစ္စရှိလို့ အခု ထွက်လာတာပဲ ဖြစ်ရမယ်…”
“တကယ်တော့ မိစ္ဆာနက်ဘုရင်ဟာ ပြန့်ကြဲမိုးကြိုးအဆင့်သတ်မှတ်ချက်မှာ အဆင့်(၇၇၆)မှာ ရှိတဲ့သူပဲ။ ဒီတစ်ကြိမ် မိုးကြိုးသလင်းကျောက်တွေ လဲလှယ်ပြီးရင်တော့ သူ နောက်ထပ် နေရာအနည်းငယ်လောက် ထပ်တက်လှမ်းနိုင်လောက်တယ်…”
ပတ်ဝန်းကျင်ရှိ ကျင့်ကြံသူအားလုံးသည် လေးစားသည့်အမူအရာဖြင့် သူတို့လက်နှစ်ဖက်ကို ဆုပ်ကိုင်ကြ၏။ သူတို့အားလုံးသည် ထိုသက်လတ်ပိုင်းလူ ထွက်ခွာသွားသည့်နောက် စကားတစ်ထိုးကုန်ကြသည်။
“သခင်…ဒီလူဟာ ဝူရီတောင်ရဲ့ မိစ္ဆာနက်ဘုရင်ပဲ။ ဝူရီတောင်မှာ ဘုရင်လေးပါး ရှိတယ်။ သူတို့အားလုံးဟာ အာဏာတက်ခြင်းအဆင့်မွန်းစတားအိုတွေ ဖြစ်ကြတယ်…”
သဟုန်သည် ဝမ်လင်းကို ခပ်တိုးတိုးဖြင့် အလျင်အမြန် ရှင်းပြလိုက်သည်။
ဝမ်လင်းက သဟုန်၏မှတ်ဉာဏ်ကို ရှာဖွေခဲ့သော်လည်း သူက အရေးကြီးသည့်အရာများကိုသာ ရှာဖွေခဲ့ခြင်း ဖြစ်၏။
ဝမ်လင်း၏အကြည့်က မိစ္ဆာနက်ဘုရင်ထံ ကျရောက်သွား၏။ ထို့နောက် သူက ခေါင်းအနည်းငယ် ညိတ်ပြလိုက်သည်။ သို့သော် စကားတော့ မဆိုပေ။
မိစ္ဆာနက်ဘုရင်သည် လူအများ၏ ဆွေးနွေးသံများကို လစ်လျူရှုထား၏။ သို့ရာတွင် ဝမ်လင်း၏အကြည့် သူ့ထံသို့ ကျရောက်လာချိန်တွင်မူ သူ့စိတ်မှာ တုန်ယင်သွားသည်။ သူက အဝတ်ဗလာဖြစ်သွားသလို ခံစားလိုက်ရ၏။ ချွေးစေးများပင် ထွက်လာခဲ့သည်။
ကံကောင်းစွာဖြင့် ထိုခံစားချက်သည် ချက်ခြင်း ပျောက်ကွယ်သွားခြင်းပင်။ မိစ္ဆာနက်ဘုရင်သည် လှည့်မကြည့်ဝံ့တော့ဘဲ အလျင်အမြန် ပျံသန်းသွားတော့သည်။
ဝမ်လင်းသည် သူဟုန်နှင့်အတူ မိုးကြိုးသလင်းကျောင်းတော်ထံ နီးကပ်လာနေ၏။ သူက တည်ငြိမ်စွာသာ ရှိနေသည်။ ကျောင်းတော်နှင့် ပိုနီးကပ်လာသည့်အခါ သူက တောင်ကို ဝန်းရံထားသော အစိမ်းရောင်မြူများကို တွေ့မြင်ရသည်။ ထိုမြူများကြား၌ ပေတစ်ရာခန့်ကျယ်ပြောသော လမ်းကြောင်းတစ်ခု ပွင့်ဟလို့နေ၏။
ထိုနေရာတွင် မထူးခြားနားဟန်အမူအရာဖြင့် အနီရောင်ဝတ်စုံဝတ် ကျင့်ကြံသူနှစ်ယောက် ရှိလို့နေသည်။ သူတို့သည် အသက်လေးဆယ်ခန့် ရှိပေမည်။ သို့သော် သူတို့သည် နှစ်ပေါင်းထောင်ချီ ကျင့်ကြံခဲ့သော မွန်းစတားအိုများသာ။ သူတို့က ပထမအဆင့်ကျင့်ကြံမှုနယ်ပယ်ကို ကျော်လွန်ကာ ပုံရိပ်ယောင်ယင်အဆင့်သို့ ရောက်ရှိနေကြပေပြီ။
သူတို့နှစ်ယောက်သည် ရောက်လာကြသော ကျင့်ကြံသူများကို အေးစက်စက် ကြည့်နေသည်။ သူတို့အကြည့်ခံလိုက်ရသော မည်သည့်ကျင့်ကြံသူမဆို တုန်ယင်သွားကာ ကြောက်ရွှံ့မှုနှင့်လေးစားမှုကို ပြသရသည်။
မိစ္ဆာနက်ဘုရင်သည်ပင် အလွန်အမင်း လေးစားသမှု ပြသရသည်။
သဟုန်ကမူ ပြောနေစရာပင် လိုမည် မဟုတ်ပါ။ ဝမ်လင်းက ထိုနှစ်ယောက်သည် လမ်းကြောင်းကို စောင့်ကြပ်ရန် တာဝန်ယူထားသူများဖြစ်မှန်း သိလိုက်၏။ ထိုအခိုက်တွင် ကျင့်ကြံသူများစွာသည် လမ်းကြောင်းကိုဖြတ်ကာ အတွင်းနက်ပိုင်းသို့ ပျံသန်းနေလေပြီ။
ဒီနားပတ်လည်တွင် ကျင့်ကြံသူ အတော်လေးများ၏။ တစ်ထောင်ထက်ပင် နည်းလမ်းမည့် မဟုတ်ပါ။ သို့ပေမည့် မည်သည့်ဆူသံညံသံမှ ရှိမနေဘဲ သူတို့သည် လမ်းကြောင်းအတိုင်း တိတ်တဆိတ်သာ ဝင်ရောက်သွားကြသည်။
ဝမ်လင်း၏အမူအရာသည် အနည်းငယ်မျှ ပြောင်းလဲသွား၏။ သူက ဘေးတစ်ဖက်သို့ ကြည့်လိုက်သည်။ ခဏအကြာတွင် တိမ်များတဝီဝီလှည့်ပတ်ကာ မိုးကြိုးတုန်ဟည်းသံတို့ အတွင်းမှ ထွက်ပေါ်လာ၏။ အဆုံးမဲ့မိုးကြိုးများသည် ကောင်းကင်နှင့်မြေကြီးကို ချိတ်ဆက်နေသလား မှတ်ထင်ရသည်။
မိုးကြိုးတုန်ဟည်းသံများ ချက်ခြင်း ရောက်ရှိလာကာ ပတ်ဝန်းကျင်ရှိ ကျင့်ကြံသူများ၏ စိတ်ကို တုန်လှုပ်စေသည်။ လမ်းကြောင်းဘေးရှိ အနီရောင်ဝတ်စုံဖြင့်ကျင့်ကြံသူနှစ်ယောက်၏ အမူအရာပင် လေးနက်လာကြသည်။
လေဟာနယ်အတွင်းမှ ရယ်သံတစ်ခု ထွက်ပေါ်လာ၏။ တိမ်ထုသည် ကျုံ့သွားကာ အဘိုးအိုတစ်ယောက် လှမ်းလျှောက်ထွက်လာ၏။
ထိုအဘိုးအိုသည် ဆံပင်များ ဖြူဖွေးနေသည်။ သို့သော် သူ့မျက်လုံးကမူ အစွမ်းထက်သောအားတစ်ခု ပါဝင်နေသည်။ သူက ခြေတစ်လှမ်းလှမ်းလိုက်ရာ ဟင်းလင်းပြင်နှင့်အချိန်ကို ဖြတ်ကျော်လာဟန် ထင်ရလေသည်။
“နိဗ္ဗာနကြိုမြင်ခြင်းအဆင့်ကျင့်ကြံသူ…” ဝမ်လင်းက တည်ငြိမ်နေဆဲပင်။ သူက မသိမသာ ပြုံးလိုက်မိသည်။
ထိုအဘိုးအို ပေါ်လာသည်နှင့် လမ်းကြောင်အပြင်မှ ကျင့်ကြံသူများသည် ကြောက်လန့်ကုန်သည်။ သူတို့က စကားပင် မပြောဝံ့ကြတော့ပေ။ ထို့နောက် သူတို့လက်နှစ်ဖက်ကို ဆုပ်ကာ ထိုသူ့ကို တလေးတစား နှုတ်ဆက်လိုက်ကြသည်။
“စီနီယာ…ကျိုးထျန်ကို နှုတ်ဆက်ပါတယ်…”
အနီရောင်ဝတ်စုံဖြင့် ကျင့်ကြံသူနှစ်ယောက်ပင် လေးစားမှု ပြသသည်။ သူတို့သည် လက်နှစ်ဖက်ကို ခပ်သွက်သွက် ဆုပ်ကိုင်ကာ တလေးတစား ပြောလိုက်သည်။ “ဂျူနီယာက စီနီယာ ကျိုးထျန်ကို နှုတ်ဆက်ပါတယ်။ စီနီယာက ပြန့်ကြဲမိုးကြိုးအဆင့်သတ်မှတ်ချက် ထိပ်ဆုံးဆယ်နေရာထဲ ဝင်ရောက်ဖို့ ရည်ရွယ်ထားတာပဲ ဖြစ်ရမယ်…”
အဘိုးအိုသည် လက်နှစ်ဖက်ဆုပ်ကာ ရယ်မော၍ ပြောလိုက်သည်။ “ငါ ထိပ်ဆုံးဆယ်နေရာထဲ မဝင်နိုင်ပါဘူး။ ဒါပေမဲ့ ထိပ်ဆုံးသုံးဆယ်ထဲ ဝင်နိုင်ရင်ကိုဘဲ ငါ ပျော်ပါပြီ…” ထိုသို့ပြောပြီးနောက် သူက ဆေးလုံးနှစ်လုံးကို ထိုအနီရောင်ဝတ်စုံဖြင့် ကျင့်ကြံသူနှစ်ယောက်ထံ တောက်ထုတ်လိုက်သည်။ ထို့နောက် သူသည် လမ်းကြောင်းအတွင်းသို့ လှမ်းဝင်လာ၏။ သူ ရှေ့ဆက်လျှောက်လာရင်း ကျင့်ကြံသူအားလုံးသည် သူ့ကို လမ်းဖယ်ပေးကြသည်။
ထိုအနီရောင်ဝတ်စုံဖြင့် ကျင့်ကြံသူနှစ်ယောက်သည် သူတို့လက်ထဲရှိ ဆေးလုံးကို ကြည့်ကာ ပျော်သွားကြ၏။ သူတို့သည် ထိုအဘိုးအို၏နောက်ကျောဘက်သို့ ကျေးဇူးတင်ဟန် ကြည့်လိုက်သည်။
ဝမ်လင်းကလည်း ထိုအဘိုးအိုပျောက်ကွယ်သွားသော နေရာသို့ ကြည့်လိုက်၏။
အဘိုးအိုထွက်သွားသည့်နောက် ပတ်ဝန်းကျင်ရှိ ကျင့်ကြံသူများသည် စကားအချီအချ ပြောကုန်ကြသည်။
“နောက်ဆုံးနေ့ဆိုရင်တော့ ဒုတိယအဆင့်ကျင့်ကြံသူအချို့လည်း ရောက်လာတတ်တာပဲ။ စီနီယာကျိုးထျန်က ပထမဆုံးနေ့မှာတင် ရောက်လာလိမ့်မယ်လို့ ငါ မထင်ထားမိဘူး…”
“ငါရော စီနီယာကျိုးထန်လိုမျိုး စွမ်းအားမျိုး ရဖို့အတွက် ဘယ်အချိန်ကျမှ ငါ့ကလန်အမှတ်အသားဟာ နိုးထမလဲ သိချင်မိတယ်။ ဖြစ်နိုင်တာက ငါ့အတွက် အဲ့လိုစွမ်းအားမျိုး ရဖို့ဆိုတာ မဖြစ်နိုင်လောက်ဘူး။
“ဒါက မဖြစ်နိုင်တာတော့ မဟုတ်ဘူး။ ပြောကြတာက စီနီယာကျိုးထျန်ဟာ သူ ငယ်ရွယ်စဉ်အချိန်တုန်းက ကံကောင်းမှုတစ်ခုနဲ့ ကြုံခဲ့ရတယ်တဲ့။ ဘဝဆိုတာ နိမ့်လိုက်၊မြင့်လိုက်ပါပဲ။ ငါတို့လည်း တစ်နေ့ကျ ကံကောင်းမှု ရကောင်းရလာနိုင်ပါတယ်လေ…”
သူတို့သည် ခပ်တိုးတိုး ပြောနေကြစဉ် ဝမ်လင်းနှင့်သဟုန်တို့သည် ဥမင်လမ်းကြောင်းအတိုင်း လျှောက်လှမ်းလာ၏။ အနီရောင်ဝတ်စုံနှင့်လူနှစ်ယောက်သည် ဝမ်လင်းကို ကြည့်ကြ၏။ သူတို့သည် ဘာမှ မတွေ့သည်မှာ သဘာဝပင်။ သူတို့က ဝမ်လင်းတို့နှစ်ယောက်ကို ဖြတ်သန်းခွင့်ပြုလိုက်သည်။ သူတို့အမြင်၌ ဝမ်လင်းနှင်သဟုန်တို့မှာ ပမွှားများသာ။
ဝမ်လင်း အစိမ်းရောင်မြူများကြား ဝင်ရောက်လာနေရင်း သူ့မျက်လုံးသည် လက်ခနဲ ဖြစ်သွား၏။ ပထမဆုံးအကြိမ်အဖြစ် ဝမ်လင်းသည် ပြန့်ကြဲမိုးကြိုးကလန်၏ အရေးကြီးသောဧရိယာအတွင်းသို့ ဝင်ရောက်လာခဲ့သည်။ ထိုအစိမ်းရောင်မြူများကြား ဝင်ရောက်လာသည့်နောက် သူက သူ့ဘေးပတ်လည်သို့ ကြည့်သည်။ သူ့မျက်လုံးထံမှ ထူးဆန်းသောအလင်းတစ်ခု ဖြစ်ပေါ်သည်။
“ဒီမြူတွေ…”
***