← Chapters

အခန်း ၈၇

Vol. 9 Ch. 87

အခန်း ၈၇

Vol. 9 Ch. 87

အခန်း (၈၇) - မကောင်းတဲ့ ရည်ရွယ်ချက်တွေ ပိုက်ထားတဲ့ ချန်ရွှယ်ရူ

မှန်ပေသည်။ ကျားတုန်းရွှီ မရှိတော့သည့်နောက် ရှေ့ဆက်၍ ယီကျုံးဟိုင် အိုမင်းမစွမ်း ဖြစ်လာချိန်တွင် မည်သူ့ကို အားကိုးအားထား ပြုရပါမည်နည်း။ ကျောင်းပင် မနေရသေးဘဲ ခိုးတတ်ဝှက်တတ်နေပြီ ဖြစ်သည့် ပန့်ကန့်ကိုပင် အားကိုးရမည်လော။ မည်သူက ယုံကြည်ဝံ့မည်နည်း။

သို့ရာတွင် ယီကျုံးဟိုင်က ၎င်း၏ အိုစာမင်းစာအတွက် မှီခိုရာအဖြစ် မိမိကို ရွေးချယ်လာနိုင်ခြေ ပိုများကြောင်းကိုမူ ယန်ချုံး တွေးမိနေသည်။ မည်သို့ပင် ဆိုစေကာမူ ထိုအဘိုးကြီး ယီကျုံးဟိုင်က သူ့အပေါ် မိမိ မည်မျှအထိ ရွံရှာမုန်းတီး နေသည်ကို သေချာပေါက် သိထားမည်သာ ဖြစ်သည်။

ညစာ စားသောက်ပြီးနောက် ယန်ချုံးက ယွီရှို့ကို လှည့်၍ ပြောလိုက်သည်။

“မင်း အရင်အိပ်နှင့်တော့။ ကိုယ် အပြင်ထွက်ပြီး ကိစ္စလေး နည်းနည်း သွားရှင်းလိုက်ဦးမယ်”

ယွီရှို့မှာလည်း အထွေအထူး ဆက်မမေးတော့ဘဲ ပြောလိုက်ရှာသည်။

“အစ်ကို... ညဘက်ဆိုတော့ မှောင်တယ်။ သတိထားသွားဦးနော်... စောစောလည်း ပြန်လာခဲ့”

ယန်ချုံး ခေါင်းညိတ်ပြလိုက်ပြီး အပြင်သို့ ထွက်လာခဲ့သည်။ အနောက်ဘက်ဆီသို့ သိပ်မဝေးလှသော နေရာအထိ လျှောက်သွားလိုက်ရာ သံမဏိစက်ရုံ ဟူသော စာတန်းကို တံခါးတွင် ရိုက်နှိပ်ထားသည့် ကုန်တင်ကား တစ်စီး တိတ်ဆိတ် ငြိမ်သက်စွာ ရပ်နားထားသည်ကို တွေ့လိုက်ရသည်။

ထိုကားမှာ မနက်ဖြန် ဝက်များ သယ်ယူရန် ဟူသော အကြောင်းပြချက်ဖြင့် နံနက်ပိုင်းကတည်းက သယ်ယူပို့ဆောင်ရေး အဖွဲ့ထံမှ ယန်ချုံး မောင်းထုတ်လာခဲ့သော ကုန်တင်ကားပင် ဖြစ်သည်။ ယနေ့ညတွင်မူ ဂျပန်များထံမှ သူ လုယက်ယူဆောင် လာခဲ့သော အဝတ်အထည်များနှင့် ပိတ်စများကို ချန်ရွှယ်ရူထံ ပို့ဆောင်ရန် ဤကားကို သူ အသုံးပြုရပေမည်။

ခေတ်ပြိုင် ကုန်တင်ကားများမှာ နောင်ခေတ်များမှ လူစီးကားများနှင့် နှိုင်းယှဉ်လျှင် မောင်းနှင်ရာတွင် အနည်းငယ် လက်ဝင်လှသည်။ သို့သော်လည်း ယန်ချုံးကမူ နည်းစနစ်များကို လျင်မြန်စွာ ကျွမ်းကျင် ပိုင်နိုင်နေပြီ ဖြစ်ရာ ယခုအခါတွင် ချန်မန် အရှေ့တံခါး လမ်းမကြီးဆီသို့ ကားကို ကျွမ်းကျင် လိမ္မာစွာ မောင်းနှင်သွားလေတော့သည်။

ဤအချိန်တွင် ကောင်းကင်ယံ၌ အမှောင်ထုက ကြီးစိုးနေပြီ ဖြစ်သည်။ ပုဂ္ဂလိက ဖွင့်ထားသော အရက်ဆိုင်ငယ်လေး အချို့မှအပ လမ်းဘေးဝဲယာရှိ ဆိုင်ခန်း အားလုံးနီးပါးမှာ ပိတ်သိမ်းသွားကြပြီ ဖြစ်သည်။ လမ်းမထက်တွင် ခြောက်ကပ် တိတ်ဆိတ်နေပြီး နေရာအနှံ့ အမှောင်ထု လွှမ်းခြုံနေကာ မှိန်ပျပျ လမ်းမီးတိုင် အနည်းငယ်သာ လင်းလက်နေသဖြင့် နောင်ခေတ်များမှ ညဘက် မြို့ပြ မြင်ကွင်းများနှင့်ဆိုလျှင် ကွာခြားလှပေသည်။

ချန်ရွှယ်ရူကမူ သူမ၏ ဆိုင်ထဲတွင် ထိုင်နေဆဲ ဖြစ်သည်။ ပျင်းရိပျင်းတွဲဖြင့် ပေသီးခေါက်နေသော်လည်း သူမ၏ စိတ်အာရုံတို့က ထိုအပေါ်တွင် ရှိမနေသည်မှာ သိသာလှသည်။ ယနေ့စာရင်းများကို ဘယ်နှစ်ခေါက်တွက်တွက် အဖြေက ကိုက်ညီမလာခဲ့ပေ။

နောက်ဆုံးတွင် သူမသည် ပေသီးကို ဘေးသို့ချလိုက်ပြီး တံခါးဝဆီသို့ မတ်တတ်ရပ် လျှောက်သွားလိုက်သည်။ ဘယ်ညာသို့ လှည့်ပတ်ကြည့်ရင်း မကျေမချမ်း ရေရွတ်လိုက်သည်။

“အကောင်စုတ်... ညဘက် လာခဲ့မယ်လို့ ပြောထားပြီးတော့ ငါ့ကိုများ လှည့်စားနေတာလား”

ထိုစဉ် နောက်ဖေးခြံဝင်းထဲမှ ဝူမား၏ အသံထွက်ပေါ်လာသည်။

“ရွှယ်ရူ သခင်မလေး... မပြန်သေးဘူးလား။ ရှောင်ခွေက သခင်မလေးကို ပူဆာပြီး ဂျီကျနေပြီ”

ရှောင်ခွေဆိုသည်မှာ ချန်ရွှယ်ရူ၏ သားလေးဖြစ်ပြီး ယခုနှစ်မှ အသက်နှစ်နှစ်သာ ရှိသေးသည်။ ချန်ရွှယ်ရူတွင် အတိတ်က မသာယာခဲ့သော အိမ်ထောင်ရေးတစ်ခု ရှိခဲ့ဖူးသည်။ ထိုကျရှုံးခဲ့ရသော အိမ်ထောင်ရေးကြောင့်ပင် ချန်ရွှယ်ရူသည် သူမ၏ လက်ရှိ ခံစားချက်များအပေါ် အထူး သတိထားကာ ချဉ်းကပ်နေခဲ့ခြင်း ဖြစ်သည်။

ပန်းလေးတစ်ပွင့်နှယ် လှပသော ရုပ်ရည်သွင်ပြင်နှင့် ဆွဲဆောင်မှုရှိသော ခန္ဓာကိုယ်အချိုးအစား ပိုင်ဆိုင်ထားသည့်အပြင် စီးပွားရေးအမြင်မှာလည်း ထက်မြက်လွန်းလှသဖြင့် အထည်ဆိုင်ကို အောင်မြင်စွာ ဦးစီးနိုင်ခဲ့သည်။ သို့ဖြစ်ရာ ပြီးခဲ့သည့် နှစ်များအတွင်း ချန်ရွှယ်ရူအနားတွင် လိုက်လံပိုးပန်းသူများ ပြတ်တောက်သွားသည်ဟူ၍ မရှိခဲ့ပေ။

ထိုအထဲတွင် ဖန်ကျိဟွေးလို နာမည်ကြီး မိသားစုမှ ဆင်းသက်လာသူများ၊ ဖန်ကျင်းယိုလို လူငယ်ရပ်ကွက် အရာရှိများပင် ပါဝင်ခဲ့သော်လည်း သူတို့ထဲမှ မည်သူ တစ်ဦးတစ်ယောက်ကမျှ ချန်ရွှယ်ရူ၏ စိတ်နှလုံးကို မလှုပ်ရှားစေနိုင်ခဲ့ပေ။ သို့ရာတွင် အကြောင်းရင်းကို တိတိပပ မသိရဘဲ ယန်ချုံးက ယွီရှို့ကို ခေါ်ကာ ဤနေရာသို့ အဝတ်အစား လာချုပ်သည့် ပထမဆုံးအကြိမ်ကတည်းကပင် ချန်ရွှယ်ရူ၏ ရင်ထဲ၌ ယန်ချုံးအပေါ် ပြင်းပြသော စိတ်ဝင်စားမှုများ ဖြစ်ပေါ်လာခဲ့သည်။

နောက်ပိုင်းတွင် ပိုမို ရင်းနှီးလာသောအခါ ထိုစိတ်ဝင်စားမှုမှာ လျော့ကျသွားခြင်း မရှိဘဲ ပို၍ပင် ပြင်းထန်လာခဲ့သည်။ အထူးသဖြင့် ဖန်မိသားစုအိမ်တွင် ယန်ချုံးက ကျိုးလောင်ကို ကုသပေးခဲ့ပုံကို မျက်မြင်ကိုယ်တွေ့ တွေ့လိုက်ရချိန် ဖန်လီပိုင်လို မြို့တော်၏ နာမည်ကြီး ဆရာဝန်ပင် မိမိကိုယ်ကို ရှက်ရွံ့သွားခဲ့ရချိန်တွင်တော့ ချန်ရွှယ်ရူ၏ ယုံကြည်ချက်က ပိုမိုခိုင်မာ သွားခဲ့သည်။

ဤယောက်ျားသည်သာလျှင် နှစ်ပေါင်းများစွာ သူမ ရှာဖွေနေခဲ့သော ယောက်ျားစစ် ဖြစ်သည် ဆိုသည့် အချက်ကိုပင်။

ယန်ချုံးတွင် ဇနီးသည်ရှိနေပြီ ဆိုသည်ကို သူမ သေသေချာချာ သိထားသော်ငြား သူမက စိတ်ဓာတ် မကျခဲ့သလို သူမ၏ ခံစားချက်များကိုလည်း ဖုံးကွယ်ထားရန် မကြိုးစားခဲ့ပေ။

‘ချန်ရွှယ်ရူ သဘောကျတဲ့ ယောက်ျားက သူများယောက်ျား ဖြစ်နေတော့ကော ဘာဖြစ်လဲ။ ငါ သဘောကျနေသရွေ့ သူများအပိုင်ကိုလည်း ငါ့အပိုင်ဖြစ်အောင် လုယူပစ်လို့ ရတာပဲလေ။ လုယူလို့ မရဘူးလား... ဒါဆိုလည်း ငါက သူ့လူ ဖြစ်သွားပေးလိုက်မှာပေါ့’

ယနေ့တွင်တော့ ယန်ချုံး လာမည့် အရေးအတွက် ချန်ရွှယ်ရူက သူမကိုယ်သူမ လှပကျော့ရှင်းနေအောင် ပြင်ဆင်ခြယ်သ ထားခဲ့သည်။ မိတ်ကပ်များ လိမ်းကျံကာ ရေမွှေးဆွတ်ထားရုံသာမက ရှန်ဟိုင်းမှ နာမည်ကြီး အပ်ချုပ်ဆရာ မျိုးဆက်များထံ အထူးမှာယူ ချုပ်လုပ်ထားသည့် ချီဖောင်ကိုပါ ဝတ်ဆင်ထားလေသည်။

ရာသီဥတုက အေးစိမ့်နေသော်လည်း ဤချီဖောင်ကသာ သူမ၏ ခန္ဓာကိုယ် အလှအပကို အထင်းသား ပေါ်လွင်စေနိုင်မည်ကို ချန်ရွှယ်ရူ ကောင်းစွာ သိထားသည်။ ယောက်ျားများကို ဆွဲဆောင်နိုင်သည့် ပထမဆုံးအရာမှာ မိန်းမတစ်ယောက်၏ ရုပ်ရည်သွင်ပြင် ဖြစ်ကြောင်း သူမ သိသည်။ ဒုတိယအရာမှာကား ဂုဏ်ယူဝင့်ကြွားစရာ ကောင်းသော ခန္ဓာကိုယ်အချိုးအစားနှင့် ယောက်ျားများကို ကိုယ့်ကိုကိုယ် မထိန်းချုပ်နိုင်အောင် ဖမ်းစားနိုင်စွမ်းရှိသည့် ကိုယ်ဟန် အမူအရာများပင် ဖြစ်သည်။

တိုက်ဆိုင်စွာပင် ထိုအချက် နှစ်ချက်စလုံးကို သူမ ပိုင်ဆိုင်ထားသည်။ ယနေ့ညတွင်တော့ ယန်ချုံးကို မရရအောင် အပိုင်သိမ်းရပေမည်။

ဝူမား၏ ခေါ်သံကို ကြားလိုက်ရသဖြင့် ချန်ရွှယ်ရူက နောက်ဖေးတံခါးဝဆီသို့ ပြန်လျှောက်သွားကာ ပြောလိုက်သည်။

“ဝူမား... သူ့ကို သေချာလေး ချော့သိပ်ပြီး အရင် အိပ်ခိုင်းလိုက်ပါ။ ငါ့ဘက်မှာ အလုပ်လုပ်စရာ အရေးကြီးကိစ္စလေး ရှိနေသေးလို့”

ဝူမားက သက်ပြင်း တချချဖြင့် ပြန်ဖြေသည်။

“ဟုတ်ကဲ့ပါ သခင်မလေး”

သို့သော်လည်း တိုးတိုးလေး ရေရွတ်လိုက်သေးသည်။

“ဘယ်လို အရေးကြီး ကိစ္စမို့လို့ ဒီလောက်တောင် လှနေအောင် ပြင်ဆင်ထားရတာလဲ။ ချီဖောင်တောင် လဲဝတ်ထားသေးတယ်”

ချန်ရွှယ်ရူက ထိုစကားများကို ဂရုမစိုက်အားဘဲ အရှေ့ဘက်ရှိ မီးလင်းဖိုရှေ့သို့ ပြန်လာထိုင် လိုက်သည်။ ထိုအချိန်၌ပင် အပြင်ဘက်မှ ကားအင်ဂျင်သံကို ကြားလိုက်ရပြီး ကားတစ်စီး ရောက်လာသည့်ဟန် ရှိသည်။

ချန်ရွှယ်ရူ ချက်ချင်း ထခုန်လိုက်ပြီး ဆိုင်တံခါးဝဆီသို့ ခပ်သုတ်သုတ် လျှောက်သွားလိုက်ရာ ညအမှောင်ထဲမှ အနက်ရောင် ကုန်တင်ကားတစ်စီး သူမ ရှိရာဘက်သို့ မောင်းနှင်လာသည်ကို တွေ့လိုက်ရသည်။ သိပ်မကြာမီမှာပင် ကုန်တင်ကားက အနီးသို့ ရောက်ရှိလာပြီး ဆိုင်တံခါးရှေ့တွင် ရပ်တန့်သွားသည်။

ကားတံခါး ပွင့်လာပြီး ယန်ချုံးက အပေါ်မှ ခုန်ဆင်းလာကာ မေးလိုက်သည်။

“အစ်မရွှယ်ရူ လူတွေကော...”

ချန်ရွှယ်ရူ ကြောင်အ သွားပြီး ပြန်မေးလိုက်သည်။

“ဘာလူတွေလဲ”

ယန်ချုံးက သူမကို ထူးဆန်းသည့် အကြည့်ဖြင့် တစ်ချက်ကြည့်လိုက်ပြီး ပြောသည်။

“အလုပ်သမားတွေလေ။ ဒီတစ်ကားလုံးက အထည်စတွေချည်းပဲ။ အလုပ်သမားတွေကို ချခိုင်းရမှာ မဟုတ်ရင် ခင်ဗျားဘာသာခင်ဗျား ချမလို့လား”

ထိုသို့ပြောရင်း သူမ ဝတ်ထားသည့် ချီဖောင်ကိုလည်း စပ်စုသည့် အကြည့်ဖြင့် ကြည့်ကာ စိတ်ထဲမှ တွေးလိုက်မိသည်။

‘ချန်ရွှယ်ရူက တကယ်ကိုပဲ ကျန့်ရန်မန်အောက်က အမျိုးသမီးငယ် ထဲက နံပါတ်တစ် အလှပိုင်ရှင်ပါလား။ ဒီရုပ်ရည်၊ ဒီခန္ဓာကိုယ် ပြီးတော့ ဒီဆွဲဆောင်မှုတွေက တကယ်ကို ပြိုင်စံရှားပဲ...’

ထိုအခါမှပင် ယနေ့ည ယန်ချုံး ဤနေရာသို့ လာရခြင်းမှာ သူမထံသို့ အထည်များ လာပို့ခြင်း ဖြစ်ကြောင်းကို ချန်ရွှယ်ရူ သတိရသွားတော့သည်။ မိမိကိုယ်ကိုသာ အပြစ်တင်ရပေမည်။ ကိလေသာ အာရုံများက ခေါင်းထဲ စိုးမိုးနေပြီး ဤကောင်လေးကို မည်သို့အပိုင်သိမ်းရမည် ဆိုသည့် အကြောင်းကိုသာ တွေးနေခဲ့မိသဖြင့် အရေးကြီးသော ကိစ္စရပ်ကိုပင် ခေါင်းထဲမှ လွင့်စင်ပျောက်ကွယ် သွားသည်အထိ မေ့လျော့နေခဲ့ခြင်း ဖြစ်သည်။

ချန်ရွှယ်ရူတစ်ယောက် ရှက်လွန်းသဖြင့် မျက်နှာလေး နီရဲသွားသော်လည်း အကင်းပါးစွာဖြင့် ချက်ချင်းပင် ပြန်ပြောလိုက်သည်။

“အလုပ်သမားကတော့ ရှိတာပေါ့။ ဒါပေမဲ့ မရောက်လာကြသေးဘူးလေ။ ပြီးတော့ မင်းက ပစ္စည်းတွေ သယ်မလာနိုင်ခဲ့ရင် ငါလူခေါ်ထားတာ အလကားဖြစ်သွားမှာပေါ့”

ပြောရင်းဆိုရင်းဖြင့် ကားအနောက်ဘက်သို့ လျှောက်သွားလိုက်ပြီး ဆိုသည်။

“အရင်ဆုံး ငါ့ကို ကြည့်ခွင့်ပေးပါဦး။ မင်း ငါ့ဆီကို အထည် ဘယ်လောက်တောင် သယ်လာလဲ ဆိုတာ။ မင်းဆီမှာ အထည်လိပ် သုံးရာလောက် အစစ်အမှန် ရှိတယ်ဆိုတာကို ငါမယုံဘူး...”

စကားပင် ဆုံးအောင် မပြောရသေးမှီမှာပင် သူမ ရုတ်တရက် မျက်လုံးပြူးသွားခဲ့သည်။ လှပသော ဆီးသီးပုံစံ မျက်လုံးအစုံမှာ ဝိုင်းစက်သွားပြီး ပန်းရောင်သန်းနေသော နှုတ်ခမ်းအစုံမှာလည်း တော်တော်နှင့် ပိတ်မရတော့ဘဲ ရေရွတ်လိုက်မိသည်။

“ဒါ... မင်းဆီမှာ တကယ်ပဲ အထည်တွေ ဒီလောက် အများကြီး ရှိနေတာလား”

ယန်ချုံးက ရယ်မောလိုက်ပြီး ပြောလေသည်။

“ဒီဟာတွေက အလိပ်တစ်ရာပဲ ရှိသေးတာ။ ကျန်တာတွေ သယ်မလာရသေးဘူး။ အရင်ဆုံး အလိပ်တစ်ရာ သယ်လာပြီး စမ်းကြည့်မယ်လို့ ပြောထားတယ် မဟုတ်ဘူးလား။ ပြီးတော့ အများကြီး သယ်လာရင်လည်း ခင်ဗျားဆီမှာ ထားစရာနေရာ မရှိဘူးလေ... ဟုတ်တယ်မလား”

ချန်ရွှယ်ရူက အံ့သြတကြီးဖြင့် ခေါင်းကို တဆတ်ဆတ် ညိတ်လိုက်ပြီး ဆိုသည်။

“ဟုတ်တယ်… မှန်တယ်”

ထို့နောက် သူမက အမြန် လှည့်ထွက်သွားပြီး ပြောသည်။

“ငါ အလုပ်သမား သွားရှာခိုင်းလိုက်ဦးမယ်...”

မှန်ပေသည်။ ထိုအပြုအမူက အလုပ်သမား မခေါ်ရသေးဘူး ဆိုသည့် သဘောပင် မဟုတ်ပါလော။

ယန်ချုံးက ချန်ရွှယ်ရူ၏ ကျောပြင်ကို ဆွံ့အစွာ ကြည့်လိုက်ပြီး မေးသည်။

“အခု ချက်ချင်းကြီး ကုန်ချဖို့ လူခေါ်လို့ ရနိုင်ပါ့မလား... သေချာလို့လား”

ချန်ရွှယ်ရူမှာ ရှက်ကိုးရှက်ကန်းဖြင့် ရယ်ပြလိုက်ရသည်။ ဟုတ်ပေသည်။ ယခုကဲ့သို့ မိုးချုပ်နေပြီ ဖြစ်သော အချိန်တွင် ကုန်ချမည့် အလုပ်သမားများကို ဘယ်သွားရှာရမည်နည်း။

ယန်ချုံး ခေါင်းခါလိုက်သည်။ ထို့နောက် ဝတ်ထားသော အပေါ်အင်္ကျီကို ချွတ်ကာ ချန်ရွှယ်ရူထံသို့ လှမ်းပစ်ပေးလိုက်ပြီး ဆိုသည်။

“ကျွန်တော်ပဲ လုပ်လိုက်ပါ့မယ်”

ချန်ရွှယ်ရူက “မင်း လုပ်နိုင်ပါ့မလား” ဆိုပြီး မေးရန် ပြင်လိုက်သော်လည်း စကားလုံးများက ပါးစပ်ဖျားရောက်မှ မျက်လုံးတစ်ချက် ဝေ့လိုက်ကာ ပြန်မျိုချ လိုက်သည်။ ထို့နောက် အင်္ကျီကို ပိုက်ကာ မီးလင်းဖိုဘေးတွင် စိတ်အေးလက်အေး ဝင်ထိုင်လိုက်သည်။ ကားစင်ပေါ်သို့ ခုန်တက်ကာ အထဲမှ အထည်လိပ်များကို တစ်လိပ်ပြီး တစ်လိပ် မြေပြင်ပေါ်သို့ လှမ်းပစ်ချနေသော ယန်ချုံးကိုသာ ငေးကြည့်နေလိုက်တော့သည်။

ထို့နောက်တွင်တော့ ယန်ချုံးက ကားပေါ်မှ ပြန်ခုန်ဆင်းလာပြီး လက်နှစ်ဖက်ဖြင့် အထည်လိပ် အချို့ကို ညှပ်ကိုင်ကာ ဆိုင်ထဲသို့ ဝင်လာခဲ့သည်။

“ဘယ်မှာ ထားရမလဲ”

ငေးကြည့်နေမိသော ချန်ရွှယ်ရူလည်း အသိဝင်လာပြီး အနောက်ဘက် ခြံဝင်းဆီသို့ ကမန်းကတန်း လက်ညှိုးထိုးပြကာ ပြောလိုက်သည်။

“အဲဒီမှာ…”

All Chapters