← Chapters

အခန်း ၈၉

Vol. 9 Ch. 89

အခန်း ၈၉

Vol. 9 Ch. 89

အခန်း (၈၉) - နှစ်သစ်ကူးအတွက် ရိက္ခာပြဿနာ ပြေလည်သွားခြင်း

နောက်တစ်နေ့ နံနက်စာ သုံးဆောင်နေချိန်တွင် ယန်ရှောင်ကျွမ်းသည် စကားစရန် အကြိမ်ကြိမ် တွန့်ဆုတ်နေခဲ့ပြီးနောက် ရှက်သွေးဖြာနေသော မျက်နှာလေးဖြင့် မေးလေသည်။

“အစ်ကိုကြီး… မမ... ညီမ ဒီနေ့ပဲ အိမ်သစ်ဆီ ပြောင်းနေလိုက်တော့မယ်။ အဆင်ပြေတယ်မလား”

“ဟင်... ဘာဖြစ်လို့ ဒီလောက်တောင် အလောတကြီး ပြောင်းချင်နေရတာလဲ။ အိမ်သစ်က နံရံတွေရော ခြောက်သွားပြီလား”

ယန်ချုံးက ဟင်းရည်သောက်ရင်း ပေါ့ပေါ့ပါးပါးပင် ပြန်မေးလိုက်သည်။

“ခြောက်သွားပါပြီ။ မနေ့ကတည်းက သွားကြည့်ထားတာမို့ နေလို့ ရနေပါပြီ”

ရှောင်ကျွမ်းက ကပျာကယာ တုံ့ပြန်လေသည်။

“တကယ် နေလို့ ရပြီလား”

ယန်ချုံး တစ်ယောက် သံသယ အနည်းငယ် ဝင်သွားသော်ငြား ဘေးနားရှိ ယွီရှို့ထံမှ စားပွဲအောက်ရှိ သူ့ခြေထောက်အား လှမ်းကန်လိုက်သည်ကို ခံလိုက်ရသည်။ ယန်ချုံးလည်း ယွီရှို့ကို တစ်ချက်လှမ်းကြည့် လိုက်ပြီးနောက် ဆက်မမေးဖြစ်တော့ချေ။

နံနက်စာ စားပြီးနောက် အလုပ်သို့သွားရာ လမ်းခုလတ်၌ ယန်ချုံးက မေးသည်။

“အခုနက မင်း ဘာလို့ ငါ့ကို လှမ်းကန်တာလဲ”

“ရှောင်ကျွမ်းက အိမ်သစ်မှာ နေချင်တယ် ဆိုလည်း နေပါစေပေါ့။ အစ်ကိုက ဘာဖြစ်လို့ အဲဒီလောက်တောင် စကားများနေရတာလဲ”

ယွီရှို့က ပြန်အပြစ်တင်သည်။

“အိမ်သစ်က သေချာရော ခြောက်ရဲ့လားလို့ပါ။ အဲလောက်တောင် အရေးတကြီး ပြောင်းနေရအောင် ဒီအိမ်ဟောင်းမှာ နေလို့ မရတော့ဘူးလား”

ထိုအခါ ယွီရှို့၏ မျက်နှာလေးမှာ နီရဲသွားလျက် ခပ်ဟဟ ပြောလိုက်လေသည်။

“ရှင်ပဲ တရားခံလေ... ညသန်းခေါင်ကျမှ ပြန်လာပြီး ဟိုဟာသည်ဟာတွေ လုပ်နေတာ။ သူတို့က အဲဒီမှာနေဖို့ ဘယ်လိုလုပ် သက်သောင့်သက်သာ ရှိတော့မှာလဲ”

ထိုစကားကြားမှပင် ယန်ချုံး တစ်ယောက် အကျိုးအကြောင်းကို ရှင်းလင်းစွာ သဘောပေါက်သွားတော့သည်။ အရာအားလုံးသည် သူ၏ လုပ်ရပ်များကြောင့်သာလျှင် ဖြစ်ပေသည်။

“အေးပါလေ... မိန်းကလေးတွေလည်း အရွယ်ရောက်လာပြီ ဆိုတော့ ကိုယ့်အခန်းလေးနဲ့ကိုယ် သီးသန့်နေတာလည်း ကောင်းပါတယ်”

ယန်ချုံးက လည်ချောင်းဟန့်လျက် ခပ်အက်အက် အသံဖြင့် ပြောလိုက်သည်။

ယွီရှို့မှာမူ ပါးစပ်ကို အုပ်ကာ ခိုးရယ်ရင်း စက်ဘီးလေးကို နင်းကာ ထွက်သွားလေတော့သည်။

……………..

ယန်ချုံးကမူ ယမန်နေ့ညက မောင်းနှင်လာခဲ့သော ကားလေးဖြင့် သံမဏိစက်ရုံဆီသို့ ဦးတည်ထွက်ခွာလာခဲ့သည်။ လမ်းခုလတ်၌ ကားနောက်ခန်းအတွင်းသို့ သတ်ဖြတ်ပြီးသား တောဝက် တစ်ကောင်ကို လက်သိပ်ထိုး ထည့်သွင်းသွားရန်လည်း မမေ့လျော့ခဲ့ချေ။

စက်ရုံသို့ ရောက်ရှိချိန်တွင် အသားများကို အလေးချိန်တွယ်ကာ ငွေစာရင်းဌာန၌ ငွေထုတ်ယူပြီးနောက် ယန်ချုံးသည် လျိုလောင်ပန်ထံသို့ တိုက်ရိုက် သွားရောက်ခဲ့သည်။

“လျိုဌာနမှူး... ကျွန်တော့်မှာ ဂျုံမှုန့်နဲ့ ဆန်ဝယ်လို့ရမဲ့ လမ်းကြောင်းလေး ရှိနေတယ်။ စားဖိုချောင်အတွက်များ လိုအပ်မလား”

ထိုအခါ လျိုလောင်ပန်မှာ အံ့အားသင့်သွားလျက် သူ့အား စိုက်ကြည့်ကာ ပြောလေသည်။

“လိုအပ်မလား ဟုတ်လား။ အဲဒါ မေးနေစရာ လိုသေးလို့လားကွ။ ဘယ်လောက်ရရ အကုန်ယူမှာပေါ့။ ဒါပေမဲ့ မင်းက တော်လိုက်တဲ့သူပဲလေ… ဘယ်ကနေများ ဆန်တွေ၊ ဂျုံတွေ ရလာတဲ့ လမ်းကြောင်းရှိနေတာလဲ။ ဘယ်လောက်တောင် ရနိုင်မှာလဲ”

“အဲဒါတော့ မမေးပါနဲ့။ ဘယ်လိုပဲဖြစ်ဖြစ် ၃ တန်၊ ၅ တန်လောက်တော့ ရအောင် လုပ်ပေးနိုင်ပါတယ်”

ယန်ချုံးက ရယ်ကျဲကျဲဖြင့် ပြန်ဖြေလေသည်။

ထိုစကားကို ကြားလိုက်ရချိန်တွင် လျိုလောင်ပန်မှာ ထိုင်ခုံပေါ်မှ ချက်ချင်း မတ်တတ်ရပ်လိုက်မိလျက် မေးသည်။

“ဘယ်လောက်။ ၃ တန်၊ ၅ တန် တောင် ဟုတ်လား”

ယန်ချုံးက ပြုံး၍ ခေါင်းညိတ်ပြလိုက်သည်။ လျိုလောင်ပန် တစ်ယောက် အလွန်အမင်း စိတ်လှုပ်ရှားသွားသည့်အတွက် မျက်နှာပြင် တစ်ခုလုံး နီရဲလာခဲ့တော့သည်။

“မင်း ငါ့ကို နောက်နေတာတော့ မဟုတ်ဘူးမလား။ တကယ်ပဲ ၃ တန်၊ ၅ တန် ရမှာ သေချာလား”

လျိုလောင်ပန် ဤမျှလောက်အထိ စိတ်လှုပ်ရှားနေရခြင်းမှာ အကြောင်းအရင်း ရှိပေသည်။ လွန်ခဲ့သော နှစ်အနည်းငယ်အတွင်း သဘာဝ ဘေးအန္တရာယ်များကြောင့် နိုင်ငံတစ်ဝန်း၌ ရိက္ခာရှားပါးမှု ပြဿနာကို ရင်ဆိုင်နေကြရပြီး အထူးသဖြင့် ဆန်နှင့် ဂျုံတို့မှာ ပြတ်လပ်လုနီးပါး ဖြစ်နေခဲ့သည်။ နိုင်ငံတော်အစိုးရ အနေဖြင့်လည်း အိမ်ထောင်စုအလိုက် ရိက္ခာများကို တိုင်းတာကာ ခွဲတမ်းစနစ်ဖြင့်သာ ထောက်ပံ့ပေးနေရလေသည်။

ထိုခွဲတမ်းများတွင်ပင် အဆင့်အတန်း အမျိုးမျိုးရှိရာ ပြောင်းဖူးမှုန့်နှင့် အခြားသော ရောနှောမှုန့်များသာ အဓိက ပါဝင်သည်။ အဆင့်မြင့် ရိက္ခာအဖြစ် သတ်မှတ်ထားသည့် ဂျုံမှုန့်မှာမူ လူတစ်ဦးစီအတွက် အလွန်တရာ နည်းပါးသော ပမာဏကိုသာ ရရှိကြသည်။ ထိုသို့ ရရှိသည့် နည်းပါးလှသော ဂျုံမှုန့်ကိုပင် ရိုးရိုးသာမန် ပြည်သူပြည်သားများသည် အခြားသော အဝါရောင် အကြမ်းမှုန့်များဖြင့် လဲလှယ်၍ စားသောက်ကြရရှာသည်။ ထိုသို့ လဲလှယ်ခြင်းမှာ အရသာရှိ၍ မဟုတ်ဘဲ ဝမ်းဝစေရန် ပမာဏပိုမို ရရှိသောကြောင့်သာ ဖြစ်ပေသည်။

နိုင်ငံပိုင် သံမဏိစက်ရုံကြီး ဖြစ်လင့်ကစား အခြေအနေများမှာ ကောင်းမွန်လှသည်တော့ မဟုတ်ပေ။ ဝန်ထမ်းအင်အား တစ်သောင်းကျော်အတွက် ထမင်းဟင်း ဖူလုံရေးမှာ စက်ရုံ၏ အဓိက စိန်ခေါ်မှုကြီး တစ်ရပ် ဖြစ်လာခဲ့သည်။ ဂျုံမှုန့်စစ်စစ်ကို မဆိုထားဘိ။ ပြောင်းမှုန့်ကိုပင် ဝမ်းဝအောင် မစားနိုင်ကြသဖြင့် ရောနှောမှုန့်များကိုသာ ကြိတ်မှိတ် စားသောက်နေကြရသည်။ ဤသို့ ဝမဝလင် စားသောက်နေရခြင်းကြောင့် အလုပ်သမားများ၏ လုပ်ငန်းခွင် စိတ်အားထက်သန်မှုနှင့် ထုတ်လုပ်မှု စွမ်းအားများမှာ အလွန်တရာ ကျဆင်းနေခဲ့လေသည်။

ယန်ချုံး ရောက်ရှိလာပြီးနောက်ပိုင်း နေ့စဉ်နှင့်အမျှ စားဖိုချောင်သို့ အသားများ လာရောက်ပို့ဆောင် ပေးနိုင်ခဲ့သည့်အတွက်သာ ဝန်ထမ်းများမှာ အသားစားရပြီး စိတ်အား အနည်းငယ် ပြန်လည် တက်ကြွလာခြင်း ဖြစ်သည်။ သို့သော် အဓိကကျသော ရိက္ခာပြဿနာမှာ မပြေလည်သေးဘဲ ဝမ်းဝအောင် မစားနိုင်ကြသေးချေ။ ယခုကဲ့သို့ ယန်ချုံးထံမှ ဂျုံမှုန့်နှင့် ဆန် ၃ တန်၊ ၅ တန်ခန့် ရနိုင်သည် ဟူသော စကားမှာ လျိုလောင်ပန်အတွက် အလွန်တရာ ဝမ်းသာကြည်နူးဖွယ်ရာ သတင်းကောင်းကြီးပင် ဖြစ်နေတော့သည်။ ၃ တန်ဆိုသည့် ပမာဏမှာ ဝန်ထမ်း တစ်ဦးစီအတွက် ဂျုံမှုန့် ၆-၇ လီခန့် ရရှိနိုင်မည် ဖြစ်ရာ ဝန်ထမ်းတစ်ဦးလျှင် ဂျုံမုန့်ပေါင်း ၃-၄ လုံးခန့် ပိုမို စားသုံးနိုင်မည်ဟု ဆိုလိုရင်း ဖြစ်သည်။

“ယူမယ်ကွာ... မဖြစ်မနေကို ယူမယ်”

လျိုလောင်ပန်မှာ စိတ်လှုပ်ရှားလွန်းသဖြင့် အသံများပင် တုန်ယင်နေခဲ့သည်။

“အရမ်းကောင်းတယ် ယန်ချုံးရယ်... မင်းကတော့ ငါတို့ သံမဏိစက်ရုံကြီးရဲ့ ကံကောင်းခြင်း နတ်သားလေးပဲကွာ။ မင်းရောက်လာကတည်းက အသားတွေရတယ်။ အခု ဆန်တွေ၊ ဂျုံတွေပါ ထပ်ရပြီဆိုတော့ ယန်စက်ရုံမှူးသာ ဒီသတင်းသိသွားရင် ဝမ်းသာလွန်းလို့ ရူးတောင်သွားလိမ့်မယ်”

ထို့နောက် လျိုလောင်ပန်က စကားဆက်ကာ ဆိုလေသည်။

“ဒါနဲ့... အခုနက မင်းကို ပြောမလို့ပဲ မေ့သွားတယ်။ အခုနလေးတင်ပဲ စက်ရုံကနေ မင်းရဲ့ လစာအဆင့်ကို တစ်ဆင့်တိုးပေးဖို့ ခွင့်ပြုချက် ရထားတယ်။ ဒါပေမဲ့ အခုတော့ ဒီဆုံးဖြတ်ချက်ကို ပြန်ရုပ်သိမ်းခိုင်းရမလားလို့ ငါ စဉ်းစားနေမိတယ်”

ယန်ချုံးမှာ အံ့အားသင့်သွားလျက် မေးသည်။

“ဘာ... ဘာဖြစ်လို့လဲ။ ကျွန်တော် ဆန်တွေ၊ ဂျုံတွေ ပို့ပေးတာ မကောင်းလို့လား”

“မဟုတ်ဘူးကွ။ မင်းရဲ့ လစာကို တစ်ဆင့်ပဲ တိုးပေးတာက နည်းလွန်းတယ်လို့ ခံစားမိသွားလို့။ မင်းရဲ့ ဒီလောက် ကြီးမားတဲ့ ပံ့ပိုးမှုအတွက်ဆို အနည်းဆုံး နှစ်ဆင့်လောက် တိုးပေးရမှာ။ ငါ အခုပဲ ယန်စက်ရုံမှူးဆီ သွားပြီး မင်းအတွက် နောက်ထပ် တစ်ဆင့် ထပ်တိုးပေးဖို့ တင်ပြလိုက်ဦးမယ်”

ထို့သို့ ဆိုကာ လျိုလောင်ပန် တစ်ယောက် စက်ရုံမှူး၏ ရုံးခန်းဆီသို့ ကတိုက်ကရိုက် ပြေးထွက်သွားလေတော့သည်။

……………………………….

ထိုအချိန်၌ ယန်စက်ရုံမှူးနှင့် ဒုစက်ရုံမှူး လီဟွိုင်တယ် တို့မှာ နှစ်သစ်ကူး ပွဲတော်အတွက် ဆွေးနွေးတိုင်ပင် နေကြသည်။ နှစ်သစ်ကူး ကာလများတွင် စက်ရုံကို ပိတ်လေ့ မရှိသကဲ့သို့ အလုပ်သမားများလည်း အနားမယူကြပေ။ ယခင်နှစ်များကမူ အလုပ်သမားများ စိတ်ချမ်းသာစေရန်အတွက် စက်ရုံမှ အခမဲ့ စားသောက်ပွဲများ ကျင်းပပေးလေ့ရှိသည်။ သို့သော် ဤနောက်ပိုင်းနှစ်များတွင် ရိက္ခာရှားပါးလွန်းလှသဖြင့် ထိုသို့ ကျင်းပပေးရန်မှာ အလွန်တရာ ခက်ခဲနေခဲ့သည်။

ယန်စက်ရုံမှူးက လီဟွိုင်တယ်ဘက်သို့ လှည့်ကာ မေးသည်။

“ဟွိုင်တယ်... မင်းမှာ ရိက္ခာကုမ္ပဏီဘက်က သိတဲ့သူ ရှိတယ်ဆို။ တစ်နည်းနည်းနဲ့ အကူအညီများ တောင်းကြည့်ပါလားကွာ။ နှစ်ကူးရင် အလုပ်သမားတွေကို ဝဝလင်လင် ကျွေးနိုင်ဖို့ ဆန်တွေ၊ ဂျုံတွေ နည်းနည်းပါးပါး ရအောင် လုပ်ပေးပါလား”

လီဟွိုင်တယ်က ခေါင်းယမ်းရင်း ညည်းတွားလိုက်သည်။

“ယန်စက်ရုံမှူးရယ်... ကျွန်တော့်မှာ သိတဲ့သူရှိတာ အမှန်ပါပဲ။ သူက ကျွန်တော့်ဇနီးဘက်က ဝမ်းကွဲအစ်ကိုပါ။ အရင်နှစ်တွေက ဆိုရင်တော့ ပြဿနာမရှိပေမဲ့ အခုတော့ အခြေအနေက မပေးတော့ဘူးလေ။ သူတို့ဆီက အလုပ်သမားတွေတောင် အငတ်ခံနေရတာ ဘယ်သူက လာလျှံနေတဲ့ ရိက္ခာတွေ ထုတ်ပေးနိုင်ပါ့မလဲ”

ထိုစဉ် ရုံးခန်း တံခါးခေါက်သံနှင့်အတူ ဟိုလီခွေနှင့် လျိုလောင်ပန်တို့ နှစ်ဦး အပြေးအလွှား ဝင်ရောက်လာကြသည်။ သူတို့နှစ်ဦးစလုံး၏ မျက်နှာအထက်တွင် အတိုင်းမသိ ဝမ်းသာပီတိ ဖြစ်နေသော အမူအရာများ အထင်းသား ပေါ်လွင်နေပေသည်။

“လီဒုစက်ရုံမှူးလည်း ရှိနေတာပဲ။ ယန်စက်ရုံမှူး... နှစ်ကူး စားသောက်ပွဲအတွက် ရိက္ခာပြဿနာတော့ ပြေလည်သွားပါပြီ။ ယန်ချုံးဆိုတဲ့ ကောင်လေးမှာ ဂျုံမှုန့်နဲ့ ဆန် ရနိုင်မဲ့ လမ်းကြောင်း ရှိနေပါတယ်တဲ့”

ဟိုလီခွေက ရွှင်လန်းတက်ကြွသော အသံဖြင့် သတင်းကောင်းပါး လိုက်လေတော့သည်။

All Chapters