ပြန့်ကြဲမိုးကြိုးအဆင့်သတ်မှတ်ချက်အတွင်းသို့ ဝင်ရောက်ခြင်း
Vol. 101 Ch. 1388
အစိမ်းရောင်မြူများသည် တဝီဝီလှည့်လည်လျက် ယင်းတို့အတွင်းကနေ မိုးကြိုးများ တလက်လက် ထွက်ပေါ်နေသည်။ ထိုအဖြစ်က အတွင်းသို့ ဝင်ရောက်လာသော ကျင့်ကြံသူတိုင်းနီးပါးကို ကြောက်လန့်စေကုန်သည်။
သူတို့သည် အစိမ်းရောင်မြူများအနားသို့ မသွားဝံ့ကြချေ။ လမ်းကြောင်း၏ အလယ်တည့်တည့်နေကသာ ပျံသန်းရန် ရွေးချယ်သည်။
သဟုန်သည် မိုးကြိုးသလင်းကျောင်းတော်သို့ လာရောက်သည်မှာ အခုမှ ပထမဆုံးအကြိမ် မဟုတ်သော်လည်း သူ လမ်းကြောင်းအတွင်း ဝင်ရောက်လာသည့်နောက်တွင် သူသည် ထိတ်လန့်နေဆဲပင်။ သူက သတိထားကာ ရှေ့သို့ ပျံသန်းနေသည်။ ဝမ်လင်းကမူ ပတ်ဝန်းကျင်ရှိ အစိမ်းရောင်မြူများကို ကြည့်နေပြီး တည်ငြိမ်စွာ ရှိသည်။
ထိုမြူသည် အခြားလူများအတွက် ကြောက်မက်ဖွယ်ကောင်းပေလိမ့်မည်။ သို့သော် ဝမ်လင်းအတွက်မူ ဘာမှ ကြောက်နေစရာ မရှိပေ။
“ဒီမြူက အတော်လေး ထူးဆန်းတာပဲ…” ဝမ်လင်းသည် ထိုမြူသည် မြူအစစ်မဟုတ်မှန်း မြင်နိုင်ပေသည်။ သို့သော် မိုးကြိုးများ ဖြစ်နေ၏။ တစ်စုံတစ်ယောက်က အစွမ်းထက်မန္တာန်တစ်ခုကို အသုံးပြုကာ မိုးကြိုးကို သည်နေရာသို့ ယူဆောင်လာခဲ့ပြီး မြူများအဖြစ် ချေမွပစ်ခဲ့တာ ဖြစ်သည်။ ထို့နောက် သူတို့သည် သူတို့၏ကိုယ်ပိုင်နည်းလမ်းကို အသုံးပြုကာ ၎င်းကို အကာအကွယ်မန္တာန်တစ်ခုအဖြစ် လုပ်ဆောင်မှု ပြုစေခြင်းပင်။
“ဒီတော့ မိုးကြိုးကို မြူအဖြစ် ပြောင်းလဲထားတာပေါ့။ ပြန့်ကြဲမိုးကြိုးကလန်က မိုးကြိုးကို ဒီအဆင့်ထိ လေ့လာခဲ့ပြီးပြီးပဲ။ သူတို့ဟာ မိုးကြိုးကို မြူအဖြစ် ပြောင်းလဲခဲ့ပြီး ဒါကို အလိုက်သင့်ဖြစ်စေတဲ့ အရာအဖြစ် ပြောင်းလဲခဲ့ကြတယ်။ ဒီလိုအကာအကွယ်မျိုးဟာ ငါ့လေနဲ့မိုးလောကရဲ့ သက်ရောက်မှုမျိုးနဲ့ ဆင်တူတယ်…”
“အတွေးတစ်ချက်နဲ့ ဒီမိုးကြိုးမြူဟာ လှောင်ချိုင့်တစ်ခုအဖြစ် ကြုံ့ပစ်နိုင်တယ်။ ဒါက တကယ့်ကိုပဲ အံ့အားသင့်ဖွယ်ကောင်းတယ်…” သူက လမ်းကြောင်းလျှောက်လမ်းကို ဖြတ်ကာ လျှောက်လှမ်းလာနေရင်း မြူများကို သေသေချာချာ လေ့လာကြည့်နေသည်။
“ဒီပြန့်ကြဲမိုးကြိုးကလန်ဟာ အပြင်လူတွေ ဒီကို ဝင်လာလိမ့်မယ်လို့ မျှော်လင့်ထားမှာ မဟုတ်ဘူး။ ခုချိန်မှာ ဒီမိုးကြိုးမြူဟာ အသက်ဝင်နေတဲ့အတွက် ဒီမြူရဲ့ အမြုတေကို တွေ့မြင်ရအောင် ခင်းကျင်းပြထားတာနဲ့ တူတူပဲ။ သူတို့က ဒီလောက် ကြင်နာပြနေမှတော့ ငါလည်း ယဉ်ကျေးနေဖို့ မသင့်ဘူး…” ဝမ်လင်း၏မျက်လုံးသည် လက်ခနဲ ဖြစ်သွား၏။ သူ့နတ်ဘုရားအာရုံသည် မြူအတွင်း ပျံ့နှံ့လာကာ ၎င်းကို စတင်လေ့လာတော့သည်။
သူ့နတ်ဘုရားအာရုံသည် ဒီမိုးကြိုးမြူကို လုံးဝဖိနှိပ်ထားနိုင်သည့်အထိ အစွမ်းထက်ပေသည်။ ထို့ကြောင့် ယင်းမိုးကြိုးမြူသည် ဝမ်လင်း လေ့လာနေသည်ကို မခုခံနိုင်ပေ။ မြူသည် အခုလိုမျိုး ဖွင့်လှစ်မထားပါက သူသည် အများကြီး ပိုသတိထားဖို့ လိုကာ ဒီမန္တာန်၏ အမြုတေကို တွေ့မြင်နိုင်ဖို့လည်း သူ့အတွက် အချိန်အချို့ ယူရပေမည်။
သို့ရာတွင် ခုချိန်၌ ၎င်းမြူမှာ ဝမ်လင်းအတွက် အဆင်သင့်ပနံ့သင့် ဖြစ်နေပေ၏။ သူ့နတ်ဘုရားအာရုံဖြင့် ဒီမြူကို လေ့လာနေရင်း သူက ယင်းမိုးကြိုးမြူဖြစ်ပေါ်ရန် အသုံးပြုထားသော မန္တာန်ကို အလျင်အမြန် ကောက်ချက်ချ ဆင်ခြင်နေသည်။
မိုးကြိုးကို မြူအဖြစ် ပြောင်းလဲထားသော ဤမန္တာန်သည် အလွန်တရာ ရှုပ်ထွေးလှ၏။ ဝမ်လင်းသည်ပင် ထိုမန္တာန်ကို ထူးကဲသည်ဟု အသိအမှတ်ပြုရသည်။
ယခုလိုမျိုး အဖြစ်အပျက်မှာလည်း ပြန့်ကြဲမိုးကြိုးကလန်တွင် ဘယ်တုန်းကမှ မဖြစ်ဖူးခဲ့ပေ။ သူတို့သည် တစ်စုံတစ်ယောက်က မြူအတွင်းသို့ အလွယ်တကူ ဝင်ရောက်ကာ ထိုမိုးကြိုးမြူကို ဖန်တီးထားသော မန္တာန်၏ ရင်းမြစ်ကို ဖြတ်မြင်နိုင်လိမ့်မည်ဟု လုံးဝ တွေးထင်ထားလိမ့်မည် မဟုတ်ပေ။
ထိုကဲ့သို့ ပြုလုပ်သည့်သူမှာ ခေတ်ကာလတစ်လျှောက် ဝမ်လင်းသည် ပထမဆုံးပင်။
ပြန့်ကြဲမိုးကြိုးကလန်သည် တစ်စုံတစ်ယောက်က မိုးကြိုးကန်ကို ချိုးဖျက်ကာ ကလန်ထဲသို့ ဝင်ရောနေလိမ့်မည်ဟု လုံးဝ တွေးထင်ကြလိမ့်မည် မဟုတ်ပေ။ တတိယအဆင့်ကျင့်ကြံသူများကသာ ဒဏ်ရာမရရှိဘဲ ထိုသို့ ဝင်ရောက်နိုင်သည်။ ကျန်သည့် မည်သူကမျှ ထိုကဲ့သို့ မဝင်ရောက်နိုင်ပေ။
ဝမ်လင်းတစ်ယောက်သာ ထိုသို့ လုပ်နိုင်၏။ သူ့မူလစိတ်ဝိညာဉ်သည် ဒီကလန်ရှိ ထာဝရမိုးကြိုးနှင့် အဆင့်တူတွင် ရှိနေသည် မဟုတ်လား။
ခုချိန်တွင်မူ သူသည် ပြန့်ကြဲမိုးကြိုးကလန်၏ အရေးကြီးသောနေရာသို့ ရောက်ရှိနေပေပြီ။ သူက မိုးကြိုးမြူကိုလည်း တွေ့မြင်ရ၏။ ယင်းအဖြစ်က သူ့အဖို့ ပြန့်ကြဲမိုးကြိုးကလန်၏ လျှို့ဝှက်မန္တာန်များထဲမှ တစ်ခုဖြစ်သော မြူအသွင်ပြောင်းလဲခြင်းမိုးကြိုးမန္တာန်ကို သင်ယူစေနိုင်ခဲ့ပေသည်။
ပြန့်ကြဲမိုးကြိုးကလန်ကသာ ထိုအဖြစ်ကို သိရှိပါက သူတို့သည် တုန်လှုပ်ကာ ထိတ်လန့်ကုန်လိမ့်မည်။ ဤအဖြစ်က သူတို့ စိတ်ကူးနိုင်သည်ထက် ကျော်လွန်နေသည် မဟုတ်လား။
မြူအတွင်းရှိ လမ်းကြောင်းမှာ သိပ်ရှည်လှခြင်း မရှိပေ။ ဖြတ်ကျော်သွားရန် ဆယ့်ငါးမိနစ်လောက်သာ ကြာ၏။ ဝမ်လင်း၏နတ်ဘုရားအာရုံက သည်မြူကို ဖိနှိပ်ထားသော်လည်း မည်သူကမျှ သတိမပြုမိကြပေ။ တကယ်တော့ ဝမ်လင်း၏မူလစိတ်ဝိညာဉ်မှာ မိုးကြိုးဖြစ်သည်မဟုတ်လား။ ထို့ကြောင့် မိုးကြိုးကိုအသုံးပြုကာ မိုးကြိုးကို နားလည်ရန်ဆင်ခြင်ခြင်းသည် သဲလွန်စကျန်စရာ မရှိပေ။
ဝမ်လင်းသည် မြူများကြားကနေ လှမ်းလျှောက်ထွက်လာသည်နှင့် သူ့နတ်ဘုရားအာရုံကို ပြန်ရုတ်သိမ်းလိုက်သည်။ သူ့မျက်လုံးသည် တလက်လက် တောက်ပ၏။ သူ့မျက်လုံးထဲတွင် စာလုံးတစ်လုံး ခပ်ရေးရေး ပေါ်လာသည်။
ထိုစာလုံးသည် မြူအသွင်ပြောင်းခြင်းမိုးကြိုးမန္တာန်၏ တာအိုအနှစ်သာရ ဖြစ်သည်။
ဝမ်လင်းသည် လမ်းကြောင်းလျှောက်လမ်းကနေ ထွက်လာပြီးနောက် သူ့ရှေ့တွင် မိုးထိမြင့်မားသော တောင်တစ်လုံး ပေါ်လာ၏။ ထိုတောင်ထိပ်တွင် မိုးကြိုးများ ပြည့်ဖုံးနေသော ကျောင်းဆောင်တစ်ခု ရှိကာ ထိုကျောင်းဆောင်၏ ဝင်ပေါက်တွင် စာလုံးကြီးသုံးလုံး ရေးထွင်းထားသည်။
“မိုးကြိုးသလင်းကျောင်းတော်…”
အလင်းတန်းများ ဤဧရိယာတွင် ပြည့်နှက်နေ၏။ လမ်းကြောင်းမှ ထွက်လာကြသော ကျင့်ကြံသူများသည် ထိုကျောင်းတော်ထံ ပျံသန်းနေကြခြင်း ဖြစ်၏။ ဝမ်လင်းနှင့် သဟုန်တို့လည်း ပျံသန်းနေပြီး သိပ်မကြာခင်တွင် သူတို့က ကျောင်းတော်ပြင်ပသို့ ရောက်ရှိလာသည်။
“သခင်…ဒီကျောင်းတော်မှာ အရှေ့၊အနောက်နဲ့တောင် ဆိုပြီး ဝင်ပေါက်တံခါးသုံးခု ရှိတယ်။ အရှေ့ဘက်ဂိတ်က မိုးကြိုးသလင်းကျောက်တွေကို လဲလှယ်ဖို့ ဖြစ်ပြီး တောင်ဘက်ဂိတ်ကိုတော့ မိုးကြိုးသလင်းကျောက်နဲ့ ကလန်က ရတနာတွေ၊ဆေးလုံးတွေကို လဲလှယ်ဖို့ ဖြစ်တယ်…”
“နောက်ဆုံး အနောက်ဘက်ဂိတ်ကတော့ အစွမ်းထက်ကျင့်ကြံသူတွေသာ အဲ့နေရာကို သွားနိုင်ကြတယ်။ အဲ့နေရာမှာ ကလန်ရဲ့ စမ်းသပ်မှုတွေလည်း ရှိတယ်။ သခင်က စမ်းသပ်ချက်တစ်ခု ပြီးမြောက်တာနဲ့ မိုးကြိုးသလင်းကျောက်အမြောက်အများ ရရှိမှာ ဖြစ်တယ်…” သဟုန်က ဝမ်လင်းသည် အရင်က ဒီမိုးကြိုးသလင်းကျောင်းတော်ထံသို့ မလာဖူးမှန်း သိ၏။ သူ့အတွေးနှင်သူ ဝမ်လင်းကို သံသယဝင်မိတာလည်း ရှိထားသည်။ သို့ပေမည့် ဝမ်လင်း သူ့ကို ပေးသော အကျိုးအမြတ်ကြောင့် သူက မသိသလို ဟန်ဆောင်ထားသည်။
ဝမ်လင်းကလည်း သဟုန်၏မှတ်ဉာဏ်များကနေ ဒီအကြောင်းကို သိထားပေသည်။ သူက ခေါင်းညိတ်ပြကာ ပြောလိုက်သည်။ “ငါ တစ်ယောက်တည်း သွားမယ်။ ငါ ထွက်လာတဲ့အချိန်ကြမှ ငါ မင်းကို လာရှာမယ်…”
သဟုန်က အလျင်အမြန် ခေါင်းညိတ်ပြလိုက်သည်။
ဝမ်လင်းက သဟုန်ကို ဆက်အာရုံစိုက်မနေတော့ဘဲ ထိုခမ်းနားသောကျောင်းတော်ထံမှ သူ့အကြည့်ကို ပြန်ရုတ်သိမ်းလိုက်၏။ သူက အကြည့်တစ်ချက်ဖြင့်ပင် သည်နေရာတွင် ဟင်းလင်းပြင်စွမ်းအား အလုပ်လုပ်သည်ဟု ပြောနိုင်သည်။ အမှန်တော့ ဤနေရာတွင် ဟင်းလင်းပြင်အလွှာလေးခု ရှိနေ၏။
အရှေ့၊တောင်၊ အနောက်ဘက် ဂိတ်များသည် မတူညီသောဟင်းလင်းပြင်များထံ ဦးတည်သည်။ သို့သော် ဝင်ပေါက်မဲ့သော လေးခုမြောက်ဟင်းလင်းပြင်လည်း ရှိ၏။ ဝမ်လင်း၏ နတ်ဘုရားအာရုံက ဖြတ်သန်းသွားရာ သူသည် အတွင်း၌ ကျင့်ကြံနေသော အော်ရာကိုးခုကို ရှင်းလင်းစွာ တွေ့ရှိသည်။
“ဒီပြန့်ကြဲမိုးကြိုးကလန်မှာ အစွမ်းထက်ကျင့်ကြံသူ တော်တော်များတာပဲ။ ဒီအော်ရာကိုးခုထဲမှာ ငါးခုဟာ နိဗ္ဗာနကြိုမြင်ခြင်းအဆင့်၊ သုံးယောက်ကတော့ နိဗ္ဗာနသန့်စင်ခြင်းအဆင့်၊ တစ်ယောက်ကတော့ နိဗ္ဗာနဖြိုခွဲခြင်းအဆင့်ပဲ..."”
ဝမ်လင်းသည် ထိုကျောင်းတော်၏ အရှေ့ဘက်ဂိတ်ထံသို့ လျှောက်လှမ်းလာ၏။
ထိုနေရာတွင် ပြန့်ကြဲမိုးကြိုးကလန်ဝင်များစွာ ရှိ၏။ သူတိ့သည် တစ်ကိုယ်တည်း သို့မဟုတ် အုပ်စုဖွဲ့ကာ ရှိနေကြသည်။ ဤနေရာမှာ သက်ဝင်လှုပ်ရှားလှသည်။
အထူးသဖြင့် ဒီအရှေ့ဘက်ဂိတ်တွင် ကျင့်ကြံသူများစွာ ရှိနေ၏။ သူတို့သည် သူတို့၏စိတ်လှုပ်ရှားမှုကို ဖုံးကွယ်ထားကြသည်။ အချိန်အကြာကြီး နေထိုင်အသက်ရှင်သန်ပြီးသော လူများလည်း ရှိနေကာ သူတို့သည် တည်ငြိမ်လျက် သူတို့၏မည်သည့်အတွေးကိုမျှ ထုတ်ဖော်ပြခြင်း မရှိပေ။
ထိုကဲ့သို့ စိတ်ခွန်အားမျိုးမှာ စိတ်နေအကျင့်စရိုက်၊အသက်အရွယ်တို့နှင့် ပတ်သတ်ပေ၏။ ဝမ်လင်းသည် နှစ်ပေါင်းနှစ်ထောင် ကျင့်ကြံခဲ့ပြီး ဖြစ်ကာ အရာတော်တော်များများကို မြင်ဖူးခဲ့ပေပြီ။ သူက အလွန်ဉာဏ်များလှကာ သူ့အကြံအစည်စွမ်းရည်သည် နှစ်သောင်းနှင့်ချီ နေထိုင်ခဲ့သော မွန်းစတားအိုများထက် အားနည်းလိမ့်မည်မဟုတ်။ တစ်ချို့နေရာများမှာဆို သူက ပို၍ပင် သာလောက်၏။
တကယ်တော့ ကျင့်ကြံခြင်းနည်းလမ်းအပြင် အကင်းပါးမှုမှာ ရှင်သန်နိုင်ဖို့အတွက် သော့ချက်တစ်ခု ဖြစ်သည် မဟုတ်လား။
ဝမ်လင်းသည် အရှေ့ဘက်ဂိတ်သို့ အလျင်စလို မဝင်လာပေ။ သူက သေချာလေ့လာရင်း ဖြည်းဖြည်းချင်း လှမ်းလာသည်။ ဝမ်လင်းက မထူးခြားနားဟန်အမူအရာ ရှိကာ အရှေ့ဘက်ဂိတ်ထံ လျှောက်လှမ်းနေ၏။ သူက ဒီနေရာရှိ မည်သူကိုမျှ မသိသလို သူ့ကိုလည်း ဘယ်သူကမျှ မသိပေ။ သူ့မထူးခြားနားဟန်ကိုပါ ထပ်ပေါင်းလိုက်ပါက မည်သူကမျှ သူ့ကို စကားလာပြောတာ မရှိတော့ပေ။
သူ အရှေ့ဘက်ဂိတ်သို့ ဝင်လာချိန်၌ ဝမ်လင်းသည် တစ်စုံတစ်ယောက် ဖန်တီးထားသော ဟင်းလင်းပြင်အတွင်း ဝင်ရောက်လာရသကဲ့သို့ ခံစားရသည်။ သူ့ရှေ့၌ ရွှံ့နွံကဲ့သို့ အရာများ ပြည့်နေသော အနက်ရောင်ကန်တစ်ခု ရှိနေ၏။ ထိုကန်မှာ ပွက်ပွက်ဆူနေသည်။
ထိုကန်ဘေး၌ အဘိုးအိုသုံးယောက် ထိုင်နေကြသည်။ သူတို့၏ကျင့်ကြံမှုအဆင့်မှာ မနိမ့်လှပေ။ သူတို့ထဲမှ တစ်ယောက်က အထည်ဒြပ်ယန်အဆင့်၊ ကျန်နှစ်ယောက်က ပုံရိပ်ယောင်ယင်အဆင့်တွင် ရှိကြ၏။ မိုးကြိုးသည် သူတို့၏ခန္ဓာကိုယ်အတွင်း ရွှေ့လျားနေသည်။
ဝမ်လင်းက သဟုန်၏မှတ်ဉာဏ်များမှ တစ်ဆင့် မိုးကြိုသလင်းကျောက်များ မည်သို့ လဲလှယ်ရမည်ကို သိထားပြီးပင်။ အချိန်ဖြုန်းမနေတော့ဘဲ သူက သူ့နှဖူးထက်ရှိ အမှတ်အသားကို ထိကာ သူ့သိုလှောင်နေရာလွတ်ကို ဖွင့်လှစ်လိုက်သည်။ မိုးကြိုးသလင်းကျောက်နှင့် လဲလှယ်နိုင်သော ပစ္စည်းများစွာ ထိုရေကန်ထံ ပျံသန်းသွားပြီး ရွှံ့နွံ၏ ဝါးမြိုခြင်း ခံလိုက်ရသည်။
ထိုစဉ် ဤနေရာတွင် ထိုင်နေသော အဘိုးအိုသုံးယောက်က မျက်လုံးဖွင့်လာကာ ဝမ်လင်းကို သေချာ ကြည့်ကြသည်။ သူတို့၏မျက်လုံးထဲ၌ ထူးဆန်းသောအလင်းတစ်ခု ပေါ်ထွက်လာသည်။
သူတို့သုံးယောက်သည် ဤနေရာတွင် ခတ္တခဏတာဝန်ရှိသူများ ဖြစ်ကြ၏။ သူတို့က မိုးကြိုးသလင်းကျောက်များအတွက် ပစ္စည်းများကို တစ်ကြိမ်တည်း လဲလှယ်သည့်သူမျိုးကို သိပ်မတွေ့ဖူးပေ။ ယခုအဖြစ်က သူတို့၏အာရုံကို စွဲဆောင်သွားသည်။
ဝမ်လင်း၏ကျင့်ကြံမှုအဆင့်မှာ သူဆန္ဒရှိသလို ပြောင်းလဲနိုင်၏။ သည်အခိုက်တွင် သူက ထိုအဘိုးအိုသုံးယောက်၏ ရှေ့တွင် အာဏာတက်ခြင်းအဆင့်ကျင့်ကြံသူတစ်ယောက်အဖြစ် ရှိနေ၏။
အရာအာလုံးကို လဲလှယ်ကာ အနက်ရောင်ကန်က ဝါးမြိုပြီးသည့်နောက် ဝမ်လင်းက ကျောက်စိမ်းပြားတစ်ခုကို တည်ငြိမ်စွာ ထုတ်ယူလိုက်သည်။ ၎င်သည် ပြန့်ကြဲမိုးကြိုးအဆင့်သတ်မှတ်ချက် ကျောက်စိမ်းပြား ဖြစ်သည်။
သူက ကျောက်စိမ်းပြားကို ထိုအနက်ရောင်ရေကန်ထံ လှမ်းပစ်လိုက်သည်။ ခပ်အုပ်အုပ်အသံများ ရေကန်ထံမှ ထွက်ပေါ်လာသည်။ သိပ်မကြာခင်တွင် ကျောက်စိမ်းပြားသည် ရေကန်ထံမှ ပျံသန်းထွက်လာကာ ဝမ်လင်းလက်ထဲ ပြန်ရောက်ရှိလာ၏။
တစ်ချိန်တည်းမှာ ကလန်သားအားလုံး၏ ပြန့်ကြဲမိုးကြိုးအဆင့်သတ်မှတ်ချက်ကျောက်စိမ်းပြားထံမှ လှိုင်းဂယက်တစ်ခုကို ပေးစွမ်း၏။ ဆိုလိုသည်မှာ ယင်းကျောက်စိမ်းပြားအတွင်း မှတ်တမ်းတင်ထားသော အဆင့်များ အပြောင်းအလဲ ရှိလာသည် ဟူ၏။
မိုးကြိုးသလင်းကျောင်းတောင် ဖွင့်လှစ်သည့် သုံးရက်တာအချိန်အတွင်း နှစ်တိုင်းမှာ အဆင့်သတ်မှတ်ချက်ပြောင်းလဲမှုများ ဖြစ်သည်သာ။ သို့ပေမည့် အဆင့်ရှစ်ရာ၏ ထိပ်ဆုံးမှ လူများ၏ နာမည်များကမူ ပြောင်းလဲတာ ရှားသည်။
သို့ပေမည့် ဤအခိုက်အတန့်တွင် ပြန့်ကြဲမိုးကြိုးကလန်အဆင့်သတ်မှတ်ချက် ကျောက်စိမ်းပြားသည် ပြင်းထန်သောလှိုင်းဂယက်တစ်ခုကို ပေးစွမ်းလာသည်။ ဆိုလိုသည်က လူသစ်တစ်ဦး အဆင့်သတ်မှတ်ချက်အတွင်း ဝင်ရောက်လာသည် ဟူ၏။
ပြန့်ကြဲမိုးကြိုးကလန်ရှိ ကျင့်ကြံသူတိုင်းနီးပါးက သူတို့၏ကျောက်စိမ်းပြားကို ထုတ်ယူကာ သေချာ ကြည့်လိုက်ကြသည်။
ပထမနေရာမှ အရှင်ထင်းရှုး ဖြစ်နေဆဲ၌င်။ သို့သော် သူ ပိုင်ဆိုင်သော မိုးကြိုးသလင်းပမာဏမှာ (၁,၉၀၀,၀၀၇,၀၀၀) အရေအတွက်ကနေ (၂,၄၀၀,၀၀၉,၀၀၀) သို့ ပြောင်းလဲသွားခဲ့ပေပြီ။
ပြန့်ကြဲမိုးကြိုးကလန်ရှိ ကျင့်ကြံသူများ အဆင့်စာရင်းကို ကြည့်နေရင်း အနည်းငယ်အကင်းပါးသူများက အဆင့်သတ်မှတ်ချက်အောက်ဆုံးကို ကြည့်လိုက်ရာ သူတို့က အဆင့်သတ်မှတ်ချက်အတွင်း အသစ်ဝင်ရောက်လာသူကို တွေ့မြင်လိုက်ရသည်။
အဆင့်(၇၉၉)၊ယုဖေ၊ မိုးကြိုးသလင်းကျောက်ပေါင်း(၄၆၄၀၀၀)။ အဆင့်ရှစ်ရာရှိ လူထက် မိုးကြိုးသလင်းပေါင်း (၈၀၀)ပိုများ။
“ယုဖေလား…။ သူက ဘယ်ဂြိုဟ်ကနေ လာတာလည်း ငါ သိချင်မိတယ်။ သူက ပြန့်ကြဲမိုးကြိုးအဆင့်သတ်မှတ်ချက်တွေထဲ ချက်ခြင်း ဝင်ရောက်လာခဲ့တာပဲ…”
“ဒီလူဟာ ကျော်ကြားတဲ့သူတော့ မဟုတ်ဘူး။ ဒါပေမဲ့ ကလန်မှာ လူတွေအများကြီး ရှိနေတာ မဟုတ်လား။ ဒါ့ကြောင့် အားလုံးကို သိနိုင်ဖို့ဆိုတာ မဖြစ်နိုင်ဘူး။ သူဟာ အဆင့်သတ်မှတ်ချက်ထဲ ဝင်လာနိုင်မှတော့ လျော့တွက်လို့တော့ မရဘူးပဲ။ သူက အဆင့်သတ်မှတ်ချက် အောက်ဆုံးမှာပဲ ရှိနေသေးပေမဲ့ ဒီစာရင်းထဲ ဝင်လာနိုင်တယ်ဆိုမှတော့ သူ့မှာ အရည်အချင်းအချို့ ရှိနေရမယ်…”
“ယုဖေဆိုတဲ့ နာမည်က မှတ်မိဖို့ လွယ်သွားပဲ။ ဒါပေမဲ့ အဆင့်သတ်မှတ်ချက်တွေ အများဆုံး ပြောင်းလဲတာဟာ သုံးရက်အတွင်းမှာပဲ။ ဒီလူဟာ သုံးရက်အတွင်း ဘယ်အဆင့်ထိ ရောက်မလဲတော့ ငါ မသိဘူး…”
ချက်ခြင်းပင် လေ့ကျင့်ရေးဂြိုဟ်ဆယ့်သုံးခုမှ လူများသည် အခုအကြောင်းအရာကို ပြောဆိုကုန်ကြ၏။ တကယ်တော့ အဆင့်သတ်မှတ်ချက်တွင် လူရှစ်ရာသာ ရှိသည် မဟုတ်လော။ ထို့ကြောင့် သင်သည် အဆင့်သတ်မှတ်ချက်အတွင်း ဝင်နိုင်သည်နှင့် ကျော်ကြားသူ ဖြစ်လာပေမည်။
ယုဖေ၏ အမည်ကို ပြန့်ကြဲမိုးကြိုးကလန်မှ လူအများသည် မှတ်မှတ်ထင်ထင် ရှိသွားကြပေပြီ။
***